← Chapters

အလဲထိုးမယ်

Vol. 2 Ch. 19

အလဲထိုးမယ်

Vol. 2 Ch. 19

ရှောင်လင်းယွီထံမှ မေးခွန်းအထုတ်ခံလိုက်ရသည်နှင့် လင်းရှန်းယွီ၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ လင်းရှန်းယွီ၏အသံက အားပျော့သွားကာ အစောကတင် သူထုတ်လွှတ်ခဲ့သည့် အင်အားကြီးလှသည့်အရှိန်အဝါသည်လည်း ပျောက်ကွယ်လို့သွားသည်။ “ဒါ..ဒါပေမယ့် အဲ့ဒါအမှန်တရားပဲလေ။ ငါ ဟိုတယ်မှာ ထမင်းသွားစားရင်း နင့်..နင့်ကို ယောက်ျားတစ်ယောက်နဲ့တွေ့ခဲ့တာ။ အဲ့ဒါကြောင့် နင်ဘာဆက်လုပ်မလဲကြည့်ချင်လို့ နေနေတာ။”

ရှောင်လင်းယွီက ဟာသတစ်ခုကိုကြားလိုက်ရသလိုမျိုး ရယ်လိုက်ကာ၊ “လင်းရှန်းယွီ၊ နင်ကိုယ်ဘာပြောလိုက်တယ်ဆိုတာကိုရော သိရဲ့လား? Marriottဟိုတယ်က ကြယ်ငါးပွင့်ဟိုတယ်ကြီးနော်။ သူ့ဆီမှာအနိမ့်ဆုံးသုံးရမယ့်ပမာဏကတောင် နည်းနည်းနောနောမဟုတ်ဘူး။ နင်က အခုနင့်ရဲ့လက်ရှိလစာလေးနဲ့ အဲ့ဒီမှာညစာသွားစားတယ်လို့ပြောနေတာလား?”

လင်းရှန်းယွီ၏မျက်နှာမှာ နီရဲသွားကာ ချက်ချင်းပင် ပြန်ခံပြောတော့သည်။ “နင်တောင် တတ်နိုင်မှတော့ ဘာလို့ငါမတတ်နိုင်ရမှာလဲ? ထမင်းတစ်နပ်ကို ယွမ်၁ထောင်လောက်ပဲလေ၊ မနေ့ညက ငါ့ကိုယ်ငါပြုစုတဲ့အနေနဲ့ သွားစားဖို့ဆုံးဖြတ်လိုက်ရုံပဲ!” လင်းရှန်းယွီ၏လစာမှာ ယွမ်ထောင်ဂဏန်းသာရှိသော်လည်း အသိအသာကိုပင် မနေ့ညက ညစာအတွက် သူမပိုက်ဆံထုတ်ဖို့ မလိုအပ်ခဲ့ပေ။

ရှောင်လင်းယွီက ခေါင်းအသာယမ်းလိုက်ပြီး၊ “လင်းရှန်းယွီ၊ နင်ကဉာဏ်ကောင်းတဲ့လူပါ။ ဘာလို့ ငတုံးလိုလုပ်နေရတာလဲ? မန်နေဂျာလီက ငါ့ကိုဖိတ်ခဲ့တဲ့လူပါလို့ ငါပြောပြီးပြီလေ၊ ဒီတော့ ညစာအတွက် ငါအကုန်အကျခံစရာမလိုဘူး။ နင်ကျတော့ရော? ပြီးတော့ နင်သာ မှန်ကန်တဲ့လူဆိုရင် ငါ့ကိုယောက်ျားတစ်ယောက်သယ်သွားတဲ့အချိန် ဘာလို့ငါ့ကိုကယ်ဖို့ ရှေ့ထွက်မလာရတာလဲ? နင်သူ့ကိုတားလို့ရသလို ငါ့ကိုကယ်ပေးဖို့ ချန်းယန်ကို ခေါ်လိုက်လဲရတာပဲ။” ရှောင်လင်းယွီက ပြောတာကိုခဏရပ်လိုက်ပြီး ကျောက်ဝမ်မန့်နှင့်ချန်းယန်တို့ကို ကြည့်လိုက်သည်။ “ဒါပေမယ့် နင်တစ်ခုမှမလုပ်ခဲ့ဘူးလေ။ နင်က ထောင့်မှာပုန်းပြီး ဒီလိုပုံတွေပဲရအောင်ရိုက်ယူခဲ့တယ်။ ပြီးတော့ နင်ကုမ္ပဏီကိုရောက်ပြီဆိုတာနဲ့ လူတိုင်းကို ပုံတွေလိုက်ပြခဲ့တာပဲမဟုတ်ဘူးလား?”

“နင်ဘယ်လိုသိတာလဲ?” လင်းရှန်းယွီ မသိလိုက်စွာဖြင့် ထိုစကားများ နှုတ်မှထွက်သွားမိခဲ့သည်။ သူမမျက်လုံးပြူးသွားကာ ချက်ချင်းပင် သူမစကားတွေကို ပြန်ရုတ်သိမ်းဖို့လုပ်လေသည်။ “ငါ…ငါပြောချင်တာက… နင်လိမ်နေတာပဲ!”

သို့ပေမယ့် သူမ၏အဖာအထေးစကားမှာ အားနည်းလှကာ အစောကသူမပြောလိုက်သည်ကိုလည်း လူတိုင်းကြားပြီးဖြစ်သည်။ အများစုမှာ အမှန်တရားကြောင့် ထိတ်လန့်သွားလေသည်။ တကယ်တော့ လင်းရှန်းယွီက ဦးဦးဖျားဖျား ထိုပုံတွေကိုရလာနိုင်သည့်အပေါ် သူတို့အံ့ဩမိခဲ့ကြသော်လည်း ကိုယ်တိုင်ရိုက်ခဲ့သည်ဟုတော့ မထင်ခဲ့မိပေ။

“လင်းရှန်းယွီ၊ အခုရော ငါ့ကိုဘာလို့တောင်းပန်ဖို့လိုလဲဆိုတာ သိပြီလား? နင်အတိတ်တုန်းက ငါ့ကိုလုပ်ခဲ့တဲ့ကိစ္စတွေကို ငါထည့်မပြောသေးဘူးနော်။ ဒါပေမယ့် နင်က ငါ့နာမည်နဲ့ငါ့ကိုဖျက်ဆီးဖို့အတွက် တခြားလူတွေနဲ့ပူးပေါင်းခဲ့တယ်။ ဒါကိုတော့ ငါဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး!”

ရှောင်လင်းယွီ၏မျက်လုံးများက ချန်းယန်နှင့်ကျောက်ဝမ်မန့်ဘက်သို့ရောက်သွားပြန်သည်။ ထို့နောက် ကျောက်ဝမ်မန့်ဘက်တွင် အကြည့်ရပ်သွားကာ၊ “မစ္စကျောက်၊ ရှင် ချန်းယန်ကိုကြိုက်တယ် ဒါကြောင့် သူ့ကိုဆွဲဆောင်ခဲ့တယ်။ သူ့ရဲ့ဆယ်နှစ်တာတွဲခဲ့တဲ့ချစ်သူကို သစ္စာဖောက်သွားအောင် ရှင်စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် ကျွန်မမှာ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမယ့် ရှင်ကျွန်မကို စကားနဲ့ပြောလိုက်ရုံပဲလေ။ ကျွန်မဘက်က လိုလိုလားလားနဲ့တောင် ချန်းယန်ကို ရှင့်ဆီလွှဲပေးလိုက်လို့ရတယ်။ တကယ်တော့ ရှင်သာဆန္ဒရှိရင် ကျွန်မ Zမြို့ကနေတောင် ထွက်သွားပေးနိုင်တယ်။ ရှင်လည်း ချန်းယန်နဲ့နှစ်ယောက်တည်းပျော်ပျော်ကြီးနေနိုင်တယ်။ ကျွန်မလည်း ဂရုစိုက်နေမှာမဟုတ်ဘူး”

ရှောင်လင်းယွီ အမုန်တရားများဖြင့်စကားကိုမဆက်ခင် ခဏမျှရပ်သွားခဲ့သည်။ “ဒီတော့ ကျောက်ဝမ်မန့်၊ ရှင်ဘာလို့ ဒီလိုရက်စက်တဲ့လမ်းကြောင်းကိုရွေးချယ်ရတာလဲ? ရှင် ကျွန်မရည်းစားကိုခိုးပြီးတာတောင် ဘာလို့ကျွန်မကို အလွတ်မပေးရတာလဲ? ကျွန်မဘဝရော ဂုဏ်သိက္ခာကိုပါ ဘာလို့သေချာပေါက်ပျက်စီးစေချင်နေရတာလဲ? ဘာလို့ ဒီလိုတွေလုပ်ရတာလဲ? ဘာကြောင့်ဆိုတာ ပြောပြပေးလို့ရမလား?”

ထိုမေးခွန်းက ရှောင်လင်းယွီ၏ဘဝနှစ်ခုလုံးတွင် စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည့်အရာပင်။ ကျောက်ဝမ်မန့်၏အတွေးကို သူမဘယ်လိုမှနားမလည်နိုင်ခဲ့ပေ။ သူမ ချန်းယန်နားကပ်နိုင်ခဲ့ပြီပဲ။ နှစ်ယောက်သား တိတ်တိတ်လေးတောင် စေ့စပ်လိုက်ကြပြီးပြီလေ။ ဘာလို့ ကျောက်ဝမ်မန့်က သူ့ကိုအလွတ်မပေးနိုင်ရတာလဲ?

ကျောက်ဝမ်မန့် ရယ်လိုက်သည်။ “ဘာလို့ဆို ချန်းယန်က ငါနဲ့အတူရှိနေတာတောင်မှ နင့်ကိုချစ်နေတုန်းမလို့လေ။ ဒီတော့ နင့်ကိုဖျက်ဆီးပစ်မှရမှာပေါ့။ ငါကျောက်ဝမ်မန့်ဆိုတာ သူ့နှလုံးသားထဲက တစ်ဦးတည်းသောမိန်းမပဲဖြစ်ရမယ်။”

ထိုအခိုက်အတန့်တွင် ဂုဏ်မောက်လှသည့်အမျိုးသမီးတစ်ယောက်၏ရှားပါးလှသော ခါးသီးသည့်အပြုံးတစ်ပွင့်ဖြစ်ပေါ်လာခဲ့သည်။ “ချန်းယန်က ငါ့ကိုကြိုက်ပါတယ်၊ ငါ့ကိုပဲလက်ထပ်ပါမယ်လို့ပြောပေမယ့် သူ့နှလုံးသားထဲမှာတော့ နင်ပဲရှိတယ်ဆိုတာ ငါသိတယ်။ ငါတို့အတူအိပ်ကြတဲ့အချိန်တိုင်း သူကနင့်နာမည်ကိုပဲခေါ်တယ်လေ။ ဘယ်လိုလုပ် ငါ့လူက တခြားမိန်းမတစ်ယောက်ကို ချစ်နေတာ ခွင့်ပြုနိုင်ပါ့မလဲ? ဒါကြောင့် သူ့နှလုံးသားထဲကနင့်ကိုဖယ်ထုတ်ပစ်ဖို့ နည်းလမ်းရှာရတော့တာပေါ့။”

ထိုအချက်ကိုအရောက် သူမက ရှောင်လင်းယွီကို ထေ့ငေါ့သည့်အမူအရာဖြင့်ကြည့်လာကာ၊ “ငါချန်းယန်ဆီကကြားတာတော့ နင်တို့နှစ်ယောက် ဆယ်နှစ်လောက်ချစ်ခဲ့တာတောင် လက်ကိုင်တဲ့အဆင့်ထက်ပိုပြီး မတက်ခဲ့ကြဘူးဆို။ နင်တို့အတူအိပ်ဖို့အသာထား နမ်းတောင်မနမ်းခဲ့ကြဘူးလို့ပြောတယ်။ ဘာလို့ဆို နင်က မင်္ဂလာဦးညအတွက် ဖြူစင်မှုကိုထိန်းသိမ်းထားချင်တယ်ဆိုတဲ့အကြောင်းပြချက်ကြောင့်တဲ့။”

ထိုစကားကြောင့် ရှောင်လင်းယွီ တစ်ခုခုကိုနားလည်သွားလေသည်။

“ဒီတော့ ချန်းယန် ငါ့အပေါ် ဘယ်တော့မှစိတ်ပြန်မလည်တော့အောင် ငါ့သန့်စင်မှုကိုဖျက်ဆီးပစ်ဖို့ နင်စီစဉ်ခဲ့တယ်ပေါ့?”

ကျောက်ဝမ်မန့်ကလည်း မငြင်းလာပေ။ “အမှန်ပဲ!”

ရှောင်လင်းယွီတစ်ကိုယ်လုံး ဒေါသတရားတို့လွှမ်းခြုံသွားကာ ရှေ့သို့လျှောက်သွားပြီး ကျောက်ဝမ်မန့်ကို အားပြင်းပြင်းနှင့် ပါးနှစ်ချက်ဆင့်ရိုက်လိုက်တော့သည်။ “ကျောက်ဝမ်မန့်၊ နင်မကောင်းတဲ့စုန်းမ! နင်က ဒီလိုဘာမဟုတ်တဲ့အကြောင်းပြချက်ကြောင့်နဲ့ ငါ့ကိုဖျက်ဆီးချင်တာပေါ့”

နှစ်ချက်မျှရိုက်ရုံဖြင့် ရှောင်လင်းယွီ၏ဒေါသကို ပြေပျောက်မသွားစေပေ။ ကျောက်ဝမ်မန့်လုပ်ခဲ့သည့် အကျိုးဆက်ကြောင့် ရှောင်ထုန်၏ဘဝသည်လည်း အဆုံးသတ်သွားရသည်။ ရှောင်လင်းယွီတစ်ယောက် သူမအတိတ်ဘဝအတွက် စိတ်ပျက်အားလျော့မှုနှင့် နာကျင်မှုတို့ကို ခံစားနေရသည်။ ရှောင်ထုန်၏သေဆုံးမှုအတွက် ကျောက်ဝမ်မန့်ကို ပြန်ပေးဆပ်စေချင်သည်။

ရှောင်လင်းယွီက ကျောက်ဝမ်မန့်၏ခြေသလုံးကိုကန်လိုက်ကာ ရူးသွပ်သွားသလိုမျိုး သူမအိတ်နှင့်ပါ အဆက်မပြတ်ရိုက်နှက်တော့သည်။

လူအုပ်ကြီးကတော့ ပြောင်းလဲသွားသည့်အခြေအနေကြောင့် မှင်သက်လို့နေကြသည်။

ချောင်ပိတ်ခံရသည့်ယုန်လည်း ပြန်တိုက်တတ်ပေသည်။

ရှောင်လင်းယွီသည် အမြဲတမ်းနူးညံ့ကာ အားနည်းသည့်ပုံစံဖြစ်သည်။ ဒါကြောင့် ဘယ်သူမှ သူမကို သတိမထားခဲ့ပေ။ ဒါကြောင့် အခုလိုပြောင်းလဲသွားပုံက အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

ကျောက်ဝမ်မန့်သည် ဤသို့အခြေအနေကို မမျှော်လင့်ထားခဲ့ပေ။ သူမကိုယ်သူမကာကွယ်နိုင်ခင်မှာပဲ ပြင်းထန်သည့် ပါးရိုက်ကရောက်ရှိလာသည်။ ထိုသို့နှစ်ချက်အရိုက်ခံရပြီးနောက် အကန်ပါခံလိုက်ရသည်။ သူမနာလို့မအော်နိုင်ခင်မှာပဲ သူမခေါင်းထက်သို့ ရိုက်ပုတ်ဒဏ်များကပါ ထပ်မံကျရောက်လာပြန်သည်။

ကျောက်ဝမ်မန့် သူမခေါင်းကိုသူမကာလိုက်ရင်း အော်ဟစ်လိုက်သည်။ “ရှောင်လင်းယွီ၊ နင်စိတ်လွတ်သွားပြီလား?”

ရှောင်လင်းယွီက ရိုက်နှက်နေသည်ကို မရပ်တန့်လိုက်ပေ။ “ဟုတ်တယ်၊ ငါစိတ်လွတ်သွားပြီ။ အကုန်နင့်ကျေးဇူးတွေကြောင့်ပဲလေ!”

ထို့နောက် သူမက ကျောက်ဝမ်မန့်၏ဆံပင်ရှည်များကို ဆွဲလိုက်ပြန်သည်။

ရှောင်လင်းယွီက သူမဆံပင်တွေကို ခပ်တင်းတင်းဆုပ်ကာ ဆောင့်ဆွဲထားတာကြောင့် ကျောက်ဝမ်မန့်ဘာမှမလုပ်နိုင်ခဲ့ပေ။ သူမရုန်းကန်ဖို့ကြိုးစားသော်လည်း ဒေါသအလွန်ထွက်နေသည့် ရှောင်လင်းယွီ၏ပြိုင်ဘက်မဖြစ်နိုင်ခဲ့ပေ။

ကျောက်ဝမ်မန့်၏အော်သံက အခန်းတစ်ခုလုံးပဲ့တင်ထပ်နေကာ အော်ဟစ်ဆဲဆိုနေသံများပါ ပါဝင်နေသည်။ “ရှောင်လင်းယွီ၊ မိန်းမပျက်မ ငါ့ကိုလွှတ်စမ်း! လာကြပါဦး၊ ဒီခွေးမကို မြန်မြန်ဆွဲထုတ်သွားကြပါ!”

လူအုပ်ကြီးက တုန်လှုပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် ယောက်ျားလေးတချို့က တုံ့ဆိုင်းနေကြပြီးနောက် ကျောက်ဝမ်မန့်ကိုကူညီရန် လှုပ်ရှားလိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ကျောက်ဝမ်မန့်က သူတို့ဥက္ကဌ၏သမီးဖြစ်နေသေးသည်လေ။

သူတို့လှုပ်ရှားလိုက်သည်နှင့် ရုတ်တရက် ချောင်းဟန့်သံကပေါ်လာကာ ထိုလူများလဲ အချင်းချင်းကြည့်လိုက်ကြပြီး ချက်ချင်းပင် နောက်ပြန်ဆုတ်သွားကြတော့သည်။

***

All Chapters