← Chapters

ငါးသန်း

Vol. 2 Ch. 22

ငါးသန်း

Vol. 2 Ch. 22

ကျောက်ဝမ်မန့်တစ်ယောက် သူမကိုယ်သူမနှိမ့်ချကာ ရှောင်လင်းယွီကိုတောင်းပန်ခဲ့သည်။

လူတိုင်းကလည်း ကျောက်ဝမ်မန့်၏တောင်းပန်စကားကို ရှောင်လင်းယွီလက်ခံလိုက်သင့်သည်ဟု တွေးနေကြသည်။ ပြောရလျှင် ကျောက်ဝမ်မန့်သည် ချမ်းသာသည့်မမလေးတစ်ယောက်ဖြစ်ကာ ရှောင်လင်းယွီသည်တော့ ဘာမှမဟုတ်သည့်ဝန်ထမ်းငယ်လေးတစ်ယောက်သာဖြစ်ပေသည်။

ကျောက်ဝမ်မန့်က ရှောင်လင်းယွီကိုဆေးခပ်ခဲ့သည်ဆိုလျှင်တောင် ကျောက်ဝမ်မန့်ကြောင့်သာ ရှောင်လင်းယွီသည် ယန်စစ်မင်နှင့်တွေ့ဆုံခွင့်ရသွားခြင်းပင်။ ပြောရလျှင် ရှောင်လင်းယွီအနေနှင့် ကျောက်ဝမ်မန့်ကို ဦးတိုက်ပြီးတောင် ကျေးဇူးတင်နေသင့်သည်။ ယန်စစ်မင်သာမရှိလျှင် ရှောင်လင်းယွီဆိုသည်မှာ ဘာမှမဟုတ်ပေ။ သူမတွင် ကျောက်ဝမ်မန့်ကိုပါးရိုက်ကာ တောင်းပန်ခိုင်းနိုင်မည့် ယုံကြည်ချက်လည်းရှိနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ရှောင်လင်းယွီကတော့ တောင်းပန်စကားကိုလက်ခံပေးမည့်မပုံမပေါ်နေပေ။ သူမမျက်လုံးများက အုံ့မှိုင်းနေပြီး ဘာအသံမှထွက်မလာပေ။ အခြေအနေက ရုတ်တရက်ကြီး မမျှော်လင့်ထားစွာ တိတ်ဆိတ်လို့နေသည်။

ကျောက်ဝမ်မန့်သည်တော့ အောက်နှုတ်ခမ်းကို ခပ်သာသာကိုက်ကာ သူမ၏ငုံ့ထားသည့်မျက်နှာထက်တွင်တော့ မုန်းတီးရိပ်များအပြည့်ပင်။

သူမဘဝတွင် ဘယ်သူ့ကိုမှ မတောင်းပန်ခဲ့ဖူးပေ။ သို့သော်လည်း ယနေ့တွင်တော့ သူမအရှက်ကွဲရကာ လူလည်ခေါင်တွင် ပါးလည်းအရိုက်ခံခဲ့ရသည်။

ထိုအချိန်တွင်ပဲ ကျောက်ဟွေ့ချင်က ချောင်းအသာဟန့်လာသည်။ ကျောက်ဝမ်မန့်လည်း အချက်ပြသည်ကိုသိလိုက်တာကြောင့် နှုတ်ခမ်းကိုကိုက်ပြီး သူမဆန္ဒနှင့်ဆန့်ကျင်စွာ တောင်းပန်စကားကို ထပ်ဆိုလိုက်ပြန်သည်။ “တောင်းပန်ပါတယ်၊ မစ္စရှောင်!”

နောက်ဆုံးတွင်တော့ ရှောင်လင်းယွီ စကားပြန်ပြောလာခဲ့သည်။ သူမက ခပ်မဲ့မဲ့ပြုံးကာ မေးလိုက်သည်။ “ရှင်တကယ်ပဲ အမှားကိုနားလည်သွားတာလား? ဒါမှမဟုတ် မစ္စကျောက်က ရိုးရိုးရှင်းရှင်းတောင်းပန်စကားလေးတစ်ခွန်းနဲ့ ရှင်ကျွန်မအပေါ်လုပ်ခဲ့တာတွေကို ပယ်ဖျက်နိုင်မယ်လို့ထင်နေတာလား? ‘တောင်းပန်ပါတယ်’ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကျွန်မရှင့်ကိုခွင့်လွှတ်ပေးဖို့များ မျှော်လင့်နေတာလား? စိတ်တော့မကောင်းပါဘူး၊ ရှင့်ရဲ့တောင်းပန်စကားက ကျွန်မအပေါ်ဘာမှမသက်ရောက်သွားဘူး။”

ရှောင်လင်းယွီ၏စကားများကြောင့် ကျောက်ဝမ်မန့် ချက်ချင်းပင်ပေါက်ကွဲသွားတော့သည်။ သူမစိတ်အတိုင်းအော်ဟစ်ပစ်တော့မည့်အချိန်တွင်ပဲ သူမအဖေက အပြုံးနှင့်ကြားဖြတ်လိုက်ကာ၊ “မစ္စရှောင်၊ ဒီလိုဆိုရင်ရော ငါမင်းကိုလျော်ကြေးအနေနဲ့ ယွမ်ငါးသိန်းပေးမယ်လေ။ ဒါက မန့်အာဘက်က တောင်းပန်တဲ့သဘောပေါ့။ မင်းဘယ်လိုသဘောရလဲ?”

တောင်းပန်စကားက သိပ်ပြီးအရာမထင်ဘူးဆိုမှတော့ လျော်ကြေးငွေလေးပါ ထပ်ဖြည့်ပေးလိုက်ရုံပေါ့။ ဒီလောက်ဆို ရှောင်လင်းယွီကို စိတ်လှုပ်ရှားသွားစေလောက်ပါတယ်။

ကျောက်ဟွေ့ချင်စိတ်ထဲက အထင်သေးစွာရယ်နေမိသည်။ ရှောင်လင်းယွီသည် သိုက်တူးသမားဖြစ်သည်ဟု သူတထစ်ချယုံကြည်နေသည်။ ဒါကြောင့်ပဲ တောင်းပန်သည့်အနေနှင့် လျော်ကြေးငွေ ငါးသိန်းကိုကမ်းလှမ်းကာ ကစားပွဲကိုအပြတ်ဖြတ်ချင်နေခဲ့သည်။

ဒါက တကယ်ကိုအမြတ်ကြီးကြီးပင်။ ရှောင်လင်းယွီကို ဝန်ထမ်းငယ်လေးတစ်ယောက်အတွက် ထိုငါးသိန်းမှာ သူမဆယ်နှစ်လုပ်ခလစာထက်ပင် ပိုများနေပြီဖြစ်သည်။

ရှောင်လင်းယွီသည် ကျေးလက်ဒေသကလာခဲ့ခြင်းဖြစ်သည်။ ဤမျှငွေပမာဏနှင့်ဆိုလျှင် ရှောင်လင်းယွီတစ်ယောက် အိမ်ပြန်ကာ သူမမိသားစုကို ကောင်းကောင်းမွန်မွန်ပံ့ပိုးပေးနိုင်ပေပြီ။ ဒီတော့ ရှောင်လင်းယွီအနေနှင့် သူ့ကိုငြင်းဆန်နိုင်စရာအကြောင်းကိုမရှိပေ။

ရှောင်လင်းယွီ ငွေကိုလက်ခံပြီး ကျောက်ဝမ်မန့်၏တောင်းပန်မှုကိုလက်ခံလိုက်သ၍ ဟွေ့ချင်အုပ်စုကိုလည်း ကယ်တင်ပြီးသားဖြစ်သွားပေမည်။

ကျောက်ဟွေ့ချင်၏စိတ်ထဲတွင် တွက်ချက်မှုများဖြင့်ပြည့်နှက်နေကာ ရှောင်လင်းယွီတစ်ယောက် သေချာပေါက် ငွေကိုလက်ခံလိုက်လိမ့်မည်ဟု သေချာနေသည်။

သို့သော်လည်း ဤတစ်ခေါက် ကျောက်ဟွေ့ချင်၏တွက်ချက်မှုက မှားယွင်းလို့သွားခဲ့သည်။

ကျေးလက်ဒေသကလာသည့် ဝန်ထမ်းငယ်လေးတစ်ယောက်အတွက် ယွမ်ငါးသိန်းဆိုသည်မှာ အလွန်များပြားသော်လည်း ရှောင်လင်းယွီအတွက်တော့ ငွေမလိုအပ်ပေ။ သူမအဓိကလိုအပ်နေသည်က တရားမျှတမှုနှင့် အမှန်တရားသာဖြစ်ပေသည်။

ရှောင်လင်းယွီ ခေါင်းယမ်းလိုက်ကာ စကားပြန်ပြောတော့မည့်အချိန်တွင်ပဲ ကျောက်ဟွေ့ချင်က ထပ်ပြီး၊ “ဒါဆိုလည်း ယွမ်၁သန်း!” ရှောင်လင်းယွီက ငွေပမာဏကိုနည်းသည်ဟု ထင်နေခြင်းဖြစ်လောက်မည်ဟု ကျောက်ဟွေ့ချင်ထင်မိတာကြောင့် ချက်ချင်းပင် ၂ဆတိုးပေးလိုက်သည်။

တခြားသောဝန်ထမ်းများသည်တော့ နီရဲနေသောမျက်လုံးများဖြင့် ရှောင်လင်းယွီကိုကြည့်နေကြလေပြီ။ သူတို့အားလုံး မနာလိုဖြစ်နေကြခြင်းပင်။ သူတို့၏တစ်လစာလစာမှာ ယွမ်၇ထောင်သာဖြစ်သည်။ ယွမ်၁သန်းရဖို့ဆိုလျှင် နှစ်ပေါင်း၂၀လောက် မစားမသောက်၊မသုံးမစွဲပဲနဲ့စုမှသာရပေလိမ့်မည်။

သို့ပေမည့် ရှောင်လင်းယွီကတော့ ခေါင်းဆက်ယမ်းနေတုန်းပင်။

ကျောက်ဟွေ့ချင်၏မျက်နှာမှာ မဲမှောင်သွားတော့သည်။

သို့သော်လည်း အခြေအနေကို ထိန်းညှိဖို့အတွက် အံကိုတင်းတင်းကြိတ်ကာ မပြောချင်သည့်စကားကို ဆက်ပြောလိုက်သည်။ “ဒါဆို မစ္စရှောင်ကပဲ ဈေးသက်မှတ်ကြည့်ပါ!”

‘ဒီအပျက်မ! ဘယ်လိုတောင်လောဘကြီးရတာလဲ?’

ရှောင်လင်းယွီ ထပ်ပြီးခေါင်းယမ်းလိုက်ပြန်ကာ၊ “ကျောက်ဟွေ့ချင်၊ အရာရာတိုင်းကို ငွေနဲ့ဝယ်လို့ရမယ်လို့များရှင်ထင်နေလား? အချစ်၊ ဖြူစင်မှုနဲ့ ဂုဏ်သတင်း အဲ့ဒါတွေအားလုံးကို ကြေးတစ်ခုသတ်မှတ်လို့ရရောလား?”

ဖအေရောသမီးရောအတူတူတွေပဲ။

ကျောက်ဝမ်မန့်၏တစ်ကိုယ်ကောင်းဆန်ကာ သွေးအေးသည့်စရိုက်တွေအားလုံးက ကျောက်ဟွေ့ချင်တွင်သာ တာဝန်ရှိပေသည်။

ကျောက်ဟွေ့ချင် အလွန်ဒေါသထွက်သွားကာ မျက်နှာတစ်ခုလုံးပြာနှမ်းလို့နေလေသည်။ ရှောင်လင်းယွီက သူ့ကိုအခုဆို ဥက္ကဌလို့မခေါ်တော့ဘဲ နာမည်တောင်တပ်ခေါ်နေလေပြီ။ သို့ပေမယ့် ကျောက်ဟွေ့ချင်သည် အလွန်သည်းခံထားကာ ခက်ခက်ခဲခဲပြုံးလိုက်ပြီး၊ “မစ္စရှောင် တကယ်ကိုအဲ့လိုသဘောမျိုးမဟုတ်ရပါဘူး။”

“ရှင်ကိုယ်တိုင်ပဲပြောခဲ့တာလေ။ အချစ်ရယ်၊ ဖြူစင်မှုရယ်၊ ဂုဏ်သတင်းရယ်ဆိုတာ ငွေနဲ့ပေးဝယ်လို့မရဘူး။ ရှင့်သမီးက ကျွန်မရည်းစားကိုခိုးတယ်၊ ကျွန်မကိုဆေးခပ်တယ်၊ ကျွန်မဂုဏ်သတင်းကိုဖျက်ဆီးပြီး နှာဘူးတစ်ယောက်ဆီ လက်ဆောင်ပစ္စည်းတစ်ခုလို ထိုးပေးခဲ့တယ်။ ဒါတွေအားလုံးကိုသာငွေကြေးနဲ့ဈေးသတ်မှတ်လို့ရမယ်ဆိုရင် ရှင်ကျွန်မကို လျော်ကြေးဘယ်လောက်လောက်ပေးသင့်တယ်လို့ထင်လဲ?”

ကျောက်ဟွေ့ချင် ဦးနှောက်တစ်ခုလုံးထုံကျင်သွားကာ ဒယိမ်းဒယိုင်ဖြစ်လို့သွားသည်။ သူ့သမီးက ရှောင်လင်းယွီကို ဒီလောက်အထိဆိုးဆိုးရွားရွားလုပ်ထားလိမ့်မည်ဟု သူမတွေးခဲ့မိသလို အဆိုးဆုံးကတော့ သူ့ခြေရာလက်ရာတွေကို မဖျောက်နိုင်ဘဲ သက်သေပင်ချန်ထားခဲ့သေးသည်။

ကျောက်ဟွေ့ချင် သူ့ကိုယ်သူတည်ငြိမ်အောင်ပြန်ထိန်းလိုက်ပြီးနောက် ကျောက်ဝမ်မန့်ကိုထပ်ပြီး ပါးရိုက်လိုက်ပြန်သည်။

“အသုံးကိုမကျဘူး!”

ကျောက်ဝမ်မန့်၏မျက်နှာမှာ ဆေးခြယ်ထားသည့်အတိုင်း ပိုလို့ပင်နီရဲကာခရမ်းရောင်ပင်သမ်းလာခဲ့သည်။ သူမခေါင်းမှာ ဝက်ခေါင်းသဖွယ်ယောင်နေတာကြောင့် ကြောက်စရာကောင်းနေတော့သည်။ သူမ၏ပုံမှန်ငယ်ရွယ်လှပသည့်သခင်မလေးပုံစံမှာ လုံးဝပျောက်ကွယ်သွားတော့သည်။

ထိုသို့ဆိုလျှင်ပင် ကျောက်ဝမ်မန့်တစ်ယောက် အသံတစ်သံပင်မထွက်လာရဲပေ။

ကျောက်ဟွေ့ချင်က ရှောင်လင်းယွီဘက်ပြန်လှည့်သွားကာ၊ “ဒီလိုဆိုရင် မစ္စရှောင်၊ ငါတို့မန့်အာကိုခွင့်လွှတ်ပေးဖို့အတွက် တကယ်ပဲဘာလုပ်ပေးစေချင်တာလဲ?” ထို့နောက် ကျောက်ဟွေ့ချင်သည် ယန်စစ်မင်ဘက်သို့လှည့်လိုက်ကာ သတိပေးသလိုအသံမျိုးဖြင့်၊ “သခင်လေးယန်၊ မင်းတကယ်ပဲ ဒီမိန်းမ မင်းရဲ့အာဏာကိုအလွဲသုံးစားလုပ်နေတာကို လွှတ်ထားပေးလိုက်တော့မှာလား?”

ကျောက်ဟွေ့ချင်သည် ယန်စစ်မင်ကို အကျိုးအကြောင်းမသင့်စွာပြုမူနေသည်ဟုပင် ထုတ်ပြောမိတော့မတတ်ပင်။ သူကမှ သူတို့ကိုအနိုင်ကျင့်နေတဲ့အဓိကလူပဲ။

ယန်စစ်မင်၏မျက်နှာမှာ မဲမှောင်သွားလေသည်။ “ခင်ဗျား ကျွန်တော့်ကိုမေးခွန်းထုတ်နေတာလား?” သူက ပြောရင်းဖြင့် ရှောင်လင်းယွီ၏ဆံနွယ်များကို လက်ဖျားတို့ဖြင့်နှစ်ချက်မျှလိမ်ကာ နမ်းရှိုက်လိုက်သည်။ ထိုသို့မထိတထိကလူနေခြင်းက ရှောင်လင်းယွီကို အတော်လေးစိတ်အနှောက်အယှက်ဖြစ်စေလေသည်။ ထိုသို့ပြုမူပြီးကာမှ ယန်စစ်မင်က ကျောက်ဟွေ့ချင်ကို ပြန်အာရုံစိုက်သွားသည်။ “ဟွေ့ချင်အုပ်စုရဲ့ကံကြမ္မာကို ကျွန်တော့်ရဲ့ဗျောက်အိုးလေးဆီ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ပြီးသွားပြီ! ဒါက မပြောင်းလဲဘူး!”

ကျောက်ဟွေ့ချင်၏မျက်နှာမှာ ဖြူဖျော့သွားကာ မကောင်းသည့်ခံစားချက်များရလာတော့သည်။

ထို့နောက် ယန်စစ်မင်က၊ “ကိုယ့်ရဲ့ဗျောက်အိုးလေး၊ မင်းသာ ကိုယ့်မိန်းကလေးဖြစ်ပါမယ်လို့ ကတိပေးလိုက်သ၍ ၁သန်းလောက်ကိုမပြောနဲ့ ကိုယ်မင်းကို ၁၀သန်းတောင်ပေးနိုင်တယ်။ ဘယ်လိုလဲ?”

ရှောင်လင်းယွီ မျက်လုံးကိုသာအသာလှန်လိုက်မိတော့သည်။ “သခင်လေးယန်၊ ဒီကိစ္စနှစ်ခုက တခြားစီပဲလေ။ ဥက္ကဌက ကျွန်မရဲ့စိတ်ကိုထိခိုက်စေတဲ့အတွက်ရယ် ဂုဏ်သတင်းပျက်စီးစေတဲ့အတွက်ရယ် လျော်ကြးပေးမှာ။”

‘ဒါပေမယ့် ရှင်ကတော့ ငွေနဲ့ကျွန်မခန္ဓာကိုယ်ကို ဝယ်ဖို့လုပ်နေတာလဲ၊ ဒီနှစ်ခုတူနိုင်ပါ့မလား?’ ထိုစကားများကိုတော့ ရှောင်လင်းယွီ ပါးစပ်ကထုတ်မပြောသော်လည်း ယန်စစ်မင် နားလည်နိုင်မည်ဟု သူမယုံကြည်သည်။

မျှော်လင့်ထားသလိုပင် ယန်စစ်မင်က ဖိအားပေးမလာခဲ့ပေ။

ရှောင်လင်းယွီက ကျောချမ်းစရာအပြုံးဖြင့် ကျောက်ဟွေ့ချင်ကိုကြည့်လိုက်ပြီး၊ “ဥက္ကဌ၊ ကျွန်မရှင့်သမီးကို ခွင့်လွှတ်ပေးလို့ရပါတယ်။ ဒါပေမယ့် အခြေအနေ၂ရပ်တော့ရှိမယ်!”

ကျောက်ဟွေ့ချင် စိတ်သက်သာရာရသွားကာ အလျင်စလိုပင်ခေါင်းညိတ်လိုက်သည်။ “ရတာပေါ့၊ ရတာပေါ့၊ ဟွေ့ချင်အုပ်စုကိုသာကယ်တင်နိုင်သ၍ တောင်းဆိုချက် ၂ခုမပြောနဲ့ အခု၂၀ဆိုရင်တောင် ငါသဘောတူတယ်!”

ရှောင်လင်းယွီ ခေါင်းအသာညိတ်လိုက်ပြီး၊ “ပထမတစ်ချက်ကတော့ ကျွန်မရဲ့စိတ်ထိခိုက်စေမှုနဲ့ ဂုဏ်သတင်းပျက်စီးစေတဲ့အတွက် လျော်ကြေး ယွမ်၅သန်းပေးဖို့ပဲ။”

***

All Chapters