လင်းရှန်းယွီ၏လျော်ကြေး
Vol. 2 Ch. 23
ရှောင်လင်းယွီက ယွမ်၅သန်းတောင်တောင်းဆိုလိုက်တာကြောင့် အားလုံးကြောင်အကာ အသံတိတ်သွားတော့သည်။ သူ့ရဲ့တောင်းဆိုချက်က အရမ်းမများလွန်းဘူးလား?
ဒီတော့ ရှောင်လင်းယွီ ခေါင်းဆက်တိုက်ယမ်းနေတာ ပေးတဲ့လျော်ကြေးက မများလို့ပေါ့? ဒီတော့ သူပြောနေတဲ့ တရားမျှတမှုတွေအမှန်တရားတွေဆိုတာ အမှိုက်လိုစကားတွေပဲပေါ့?
“ရှောင်လင်းယွီ၊ နင်ရူးသွားပြီလား?” လင်းရှန်းယွီ ထပ်ပြီးသည်းမခံနိုင်တော့ပေ။ သူမက ချက်ချင်းပင် လူတွေနောက်ကနေ ခုန်ထွက်လာပြီး ဝေဖန်တော့သည်။ “နင်ကများ ယွမ်၅သန်းတောင်တောင်းရဲတယ်ပေါ့?”
“လင်းရှန်းယန်၊ နင်နားပင်းနေလား? ဥက္ကဌပြောတာနင်မကြားဘူးလား? အချစ်ရယ်၊ ဂုဏ်သတင်းရယ်၊ ဖြူစင်မှုရယ်ဆိုတာ ငွေနဲ့ဝယ်လို့မရနိုင်ဘူးလို့ သူလည်းလက်ခံတယ်လေ။ ဒီတော့ပြောရရင် ဒါတွေက အဖိုးဖြတ်မရအောင်တန်ဖိုးကြီးတာပေါ့။” ရှောင်လင်းယွီ ခဏရပ်လိုက်ကာ ဝက်ခေါင်းဖြစ်နေသည့် ကျောက်ဝမ်မန့်နှင့် စိတ်အခြေအနေကို မနည်းထိန်းချုပ်နေရသည့် ချန်းယန်တို့ကိုကြည့်လိုက်ကာ၊ “မစ္စကျောက်က ငါ့ချစ်သူကိုခိုးသွားတယ်။ ငါ့ရဲ့ဖြူစင်မှုနဲ့ဂုဏ်သတင်းကိုလည်း ဖျက်ဆီးခဲ့တယ်။ ဒီတော့ ငါးသန်းဆိုတာ တကယ်ရောများလို့လား? ဟွေ့ချင်အုပ်စုလို လုပ်ငန်းအကြီးကြီးတစ်ခုနဲ့ယှဉ်လိုက်ရဲ့ ဒီပမာဏက အဲ့လောက်မြင့်သေးလို့လား?”
ရှောင်လင်းယွီတစ်ယောက် ထပ်ပြီး လူတိုင်းကို နှုတ်ပိတ်သွားအောင်လုပ်လိုက်ပြန်သည်။ သူမပြောတာကို သဘောတူတဲ့သူရော သဘောမတူတဲ့သူပါ ဘာဆိုဘာမှမပြောရဲကြပေ။
လင်းရှန်းယွီကအရင်ဆုံးအသိစိတ်ပြန်ဝင်လာကာ မနာလိုမှုများပြည့်နေသည့်လေသံဖြင့် ပြောလာသည်။ “ဒါ.. ဒါတော်တော်ရယ်စရာကောင်းတာပဲ။ ယွမ်၅သန်းမပြောနဲ့ ယွမ်၅သိန်းကတောင် နင့်မွေးရပ်မြေကိုပြန်ပြီး လှလှပပဘန်ဂလိုတစ်လုံးဆောက်ဖို့အထိလုံလောက်နေပြီ! နင့်လို တောသူမက ဒီအခြေအနေကိုဗန်းပြပြီး အခွင့်ကောင်းတော်တော်ယူနေတာပဲ!”
လင်းရှန်းယွီက ရှောင်လင်းယွီ၏နောက်ခံကိုဆွဲထုတ်လာကာ လောဘကြီးသည်ဟု တခါတည်းသမုတ်လိုက်သည်။
ရှောင်လင်းယွီ၏မျက်နှာမှာ ချက်ချင်းပင်မည်းမှောင်သွားပြီး ကျယ်လောင်သောအသံဖြင့်၊ “လင်းရှန်းယွီ၊ အခုလိုထွက်လာပြီး ငါ့ကိုသတိပေးတဲ့အတွက် ကျေးဇူးပဲ။ နင်လည်း ငါ့ကို စိတ်ထိခိုက်စေမှုနဲ့ ဂုဏ်သတင်းပျက်စီးစေမှုအတွက် လျော်ကြေးပေးရဦးမှာပဲ။ ဒါပေမယ့်… နင့်ရဲ့နောက်ခံကလည်း ငါနဲ့အတူတူပဲဆိုတော့ နင့်ကိုအများကြီးမတောင်းတော့ပါဘူး။ ယွမ်၅သောင်းဆိုလုံလောက်ပြီ!”
လင်းရှန်းယွီ စိတ်ရှုပ်သွားကာ ပင့်သက်ရှိုက်မိပြီး၊ “ယွမ် ၅သောင်း?!”
ရှောင်လင်းယွီ ခေါင်းညိတ်ပြလိုက်သည်။ “အဟုတ်ပဲ။ ယွမ်၅သောင်း။ နင်က ငါ့နောက်ကိုတိုးတိုးတိတ်တိတ်လိုက်လာပြီး ငါ့ခွင့်ပြုချက်မပါဘဲ ငါ့ပုံတွေကိုရိုက်ခဲ့တယ်လေ။ ပြီးတော့ အဲ့ပုံတွေကိုတခြားသူတွေဆီဖြန့်ပစ်သေးတယ်။ ဒါက လူ့အခွင့်အရေးကိုချိုးဖောက်ပြီး မဟုတ်မမှန်သတင်းတွေလွှင့်တာပဲ။ နင် ငါ့ကိုလျော်ကြေးမပေးလဲကိစ္စတော့မရှိပါဘူး။ ငါတို့တွေ တရားရုံးမှာတွေ့ကြရုံပေါ့။ အဲ့ဒီအချိန်ကျ တရားသူကြီးကနင့်ကို ဘယ်လောက်ဒဏ်ကြေးပေးခိုင်းမလဲဆိုတာ ကြည့်ရတာပေါ့။ နင့်ဘာသာရွေးနိုင်ပါတယ်။”
လင်းရှန်းယွီ တုန်လှုပ်ခြောက်ခြားသွားတော့သည်။ သူမပါးစပ်ကိုဖွင့်ဟလိုက်သော်လည်း ဘာစကားတစ်ခွန်းမှထွက်မလာနိုင်ခဲ့ပေ။ နောက်ဆုံးမှာတော့ ကျောက်ဟွေ့ချင်ဘက်လှည့်သွားကာ အမြန်ရှေ့တိုးသွားပြီး သူ့အင်္ကျီလက်ကိုလှမ်းဆွဲလိုက်သည်။ ထို့နောက် တုန်ရီကာအက်ကွဲနေသည့်အသံဖြင့်၊ “ဥက္ကဌ၊ ရှင်ကျွန်မကိုကူညီမှရမယ်။ ရှောင်လင်းယွီနောက်လိုက်ခဲ့တယ်ဆိုတာလည်း မမလေးညွှန်ကြားထားတဲ့အတိုင်းလုပ်ခဲ့ရုံပဲ။ ပြီးတော့ ဓာတ်ပုံတွေကို ကုမ္ပဏီအုပ်စုဖွဲ့စကားပြောခန်းထဲဖြန့်ခဲ့တာလည်း မမလေးကလုပ်ခိုင်းခဲ့တာ။ ဥက္ကဌ၊ ကျွန်မကိုကူညီပါနော်!”
ကျောက်ဟွေ့ချင်သည် ဒေါသတွေကိုမနည်းမြိုသိပ်နေခဲ့ရသူဖြစ်သည်။ ရှောင်လင်းယွီအပေါ် သူ့ဒေါသတွေကို မဖွင့်ထုတ်နိုင်သော်လည်း လင်းရှန်းယွီက သူ့ရှေ့သို့ ကိုယ်တိုင်ကိုယ်ကျရောက်လာမှတော့ ရှောင်လင်းယွီနေရာတွင်အစားထိုးလိုက်တော့မည်ပင်။
ကျောက်ဟွေ့ချင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ “မင်း-မင်းကဘယ်သူမို့လို့လဲ? စကားကိုဒီလိုပြီးပြီးရောပြောလို့ရရောလား? မင်းစကားအတွက် မင်းတာဝန်ယူရင်ယူ ..မဟုတ်ရင်တော့…”
ကျောက်ဟွေ့ချင်တစ်ယောက် လင်းရှန်းယွီကို ဥပဒေနှင့်ကိုင်ပေါက်ဖို့ကြံလိုက်သော်လည်း သူမပြောနိုင်ခင် လင်းရှန်းယွီက ဖြတ်ပြောလာခဲ့သည်။ သူမက ဖုန်းကိုထုတ်လိုက်ကာ၊ “ဥက္ကဌ၊ ကျွန်မမှာ သက်သေရှိတယ်။ ကျွန်မနဲ့မမလေးပြောခဲ့တဲ့စကားတွေအားလုံးကို အသံဖမ်းထားတယ်။ အွန်လိုင်းပေါ်မှာပို့ထားတဲ့စာတွေအားလုံးကိုလည်း မှတ်တမ်းယူထားတယ်။ ရှင်တစ်ချက်လောက်ကြည့်ဦးမလား?”
လင်းရှန်းယွီ အမှန်ပင်ကြောက်ရွံ့နေခဲ့တာကြောင့် နောက်ပြန်မဆုတ်တော့ပေ။ ဒါကြောင့်ပဲ ကျောက်ဟွေ့ချင်ကို ခြိမ်းခြောက်နေရဲခြင်းဖြစ်သည်။ မဟုတ်ပါက ကျောက်ဝမ်မန့်က သူမကိုအမိန့်ပေးခဲ့သည်အား ဘယ်တော့မှ ဝန်ခံလိုက်မည်မဟုတ်ပေ။
ကျောက်ဟွေ့ချင်သည် သူ့ဘဝတစ်ဝက်တာတည်ဆောက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံး ကောင်မလေးနှစ်ယောက်လက်ထဲကျရောက်သွားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှမတွေးခဲ့မိဖူးပေ။ ဒေါသထွက်လွန်း၍ သူ့မျက်နှာအရောင်သည်ပင်ပြောင်းလဲလို့လာသည်။ အဆုံးမှာတော့ တရှူးရှူးတရှဲရှဲဒေါသထွက်နေရင်းဖြင့်ပင်၊ “ကောင်းပြီ၊ ငါမင်းအတွက် ယွမ်၅သောင်းပေး,ပေးမယ်!”
ထိုတော့မှ လင်းရှန်းယွီတစ်ယောက် စိတ်အေးသွားကာ ဖုန်းကိုပြန်ချလိုက်သည်။
“နေဦး!” ကျောက်ဟွေ့ချင်အော်လိုက်လေသည်။ “မင်းမှတ်တမ်းတွေကို အခုချက်ချင်းဖျက်! မဟုတ်ရင် မင်း ဒါတွေကိုသုံးပြီး အနာဂါတ်မှာ ငါတို့ကိုထပ်ပြီးခြိမ်းခြောက်လာဦးမှာပဲ!” ကျောက်ဟွေ့ချင် သူ့မျက်နှာသာဆက်ပြီးဂရုမစိုက်နိုင်တော့ပေ။
သို့သော်လည်း လင်းရှန်းယွီက တုံးအမနေပေ။ သူမကခေါင်းယမ်းလိုက်ပြီး၊ “ဥက္ကဌ၊ ရှင် ရှောင်လင်းယွီကိုပိုက်ဆံလွှဲပေးပြီးမှပဲ ဒီသက်သေတွေကိုဖျက်ပေးနိုင်မယ်။”
ကျောက်ဟွေ့ချင်မျက်လုံးများကျဉ်းမြောင်းသွားသော်လည်း ဘာမှမတတ်နိုင်ပေ။ “ကောင်းပြီ!”
ထို့နောက် သူ့အတွင်းရေးမှူးကိုကြည့်လိုက်ပြီး၊ “အတွင်းရေးမှူးလင်း၊ သူ့အတွက် ယွမ်၅သောင်းချက်လက်မှတ်ရေးပေးလိုက်!”
“ဟုတ်ကဲ့!”
အတွင်းရေးမှူးလင်းလည်း ကျောက်ဝမ်မန့်၏လက်ကိုလွှတ်ကာ သူမအိတ်ကိုဖွင့်လိုက်သည်။ ထို့နောက် ဘောပင်နှင့်ချက်လက်မှတ်စာအုပ်ကိုထုတ်ယူကာ အလျင်အမြန်ချရေးလိုက်ပြီးနောက် ကျောက်ဟွေ့ချင်ထံ ဘေးပင်နှင့်ချက်လက်မှတ်ကို ကမ်းပေးလိုက်သည်။
ချက်လက်မှတ်တွင် ကျောက်ဟွေ့ချင်လက်မှတ်ထိုးလိုက်ပြီးနောက် အတွင်းရေးမှူးလင်းထံ ချက်လက်မှတ်ကို ပြန်ပေးလိုက်လေသည်။
အတွင်းရေးမှူးလင်းက ချက်လက်မှတ်ကိုပြန်ယူလိုက်ပြီး တစ်ဖန် လင်းရှန်းယွီကိုပေးလိုက်သည်။ သူမ လင်းရှန်းယွီကို ချက်လက်မှတ်ကိုပေးစဉ် မကျေနပ်သံအပြည့်ပြောလိုက်သည်။ “မစ္စလင်း၊ ဒါယွမ်၅သောင်းပါ။ ယူလိုက်ပါဦး!”
လင်းရှန်းယွီတစ်ယောက် အတွင်းရေးမှူးလင်းထံမှချက်လက်မှတ်ကိုယူလိုက်ပြီးနောက် လက်များက တုန်ရီနေကာ မယုံကြည်နိုင်မှုများဖြင့် ကြည့်နေမိသည်။ ယွမ်၅သောင်းဆိုတာ သူမအတွက်ဆို အများကြီးပဲလေ။
ဒါပေမယ့်…
အတွင်းရေးမှူးလင်းက သတိပေးလာသည်။ “မစ္စလင်း၊ မင်းချက်လက်မှတ်ကိုယူပြီးပြီဆိုမှတော့ မင်းဖုန်းထဲကဟာတွေကို ဖျက်လိုက်ပါတော့။” ထို့နောက် အတွင်းရေးမှူးလင်းက လင်းရှန်းယွီ၏ဖုန်းကို ဆွဲယူဖို့လုပ်လိုက်သည်။
လင်းရှန်းယွီက လျင်လျင်မြန်မြန်ပင်တုံ့ပြန်နိုင်ခဲ့ကာ အတွင်းရေးမှူးလင်းလက်ကို ရှောင်လိုက်သည်။ ထိုအတွက်ကြောင့် အတွင်းရေးမှူးလင်း၏အမူအရာမှာ အေးစက်သွားပြီး၊ “မစ္စလင်း၊ ငါတို့ကတိပေးထားတယ်လေ။ မင်းအခုမှ ကိုယ့်စကားကိုပြန်ရုတ်သိမ်းချင်နေတာလား?”
လင်းရှန်းယွီ၏မျက်နှာသည် စိုးရိမ်စိတ်လှုပ်ရှားမှုတို့ကြောင့် နီရဲလို့နေသည်။ “ဒီချက်လက်မှတ်က အစစ်ဟုတ်မဟုတ် ကျွန်မဘယ်လိုလုပ်သိမှာလဲ?”
အတွင်းရေးမှူးလင်းက အထင်သေးစွာနှာခေါင်းရှုံ့လိုက်ပြီး၊ “ဒါဆိုလည်း မစ္စရှောင်ကို ပေးလိုက်လေ၊ ဒီလိုဆို ချက်လက်မှတ်က အစစ်ဟုတ်မဟုတ် သိလာမှာပေါ့!”
ရှောင်လင်းယွီတွင် ယန်စစ်မင်နောက်ခံရှိသည့်အတွက် အတွင်းရေးမှူးလင်းအနေနှင့် သူတို့ကို မလှည့်စားရဲပေ။
လင်းရှန်းယွီ တွန့်ဆုတ်နေမိသည်။ သူမမျက်လုံးတွေကို အဆုံးစွန်ထိပြူးကာ ချက်လက်မှတ်ကိုကြည့်နေပြီး ၎င်းကို ပေးလိုက်ဖို့ အလွန်တုံ့ဆိုင်းနေသည်။ သူမအခုလေးတင် ဒီချက်လက်မှတ်ကိုရရှိခဲ့သော်လည်း ပေးပစ်ရတော့မည်။ ဘယ်လိုမှလက်မခံချင်ပေ။ ဒါက သူမရဲ့နှစ်စဉ်လစာထက်တောင်များတဲ့ ယွမ်၅သောင်းတောင်မှလေ။ ဒီငွေတွေနဲ့သာဆို သူမတွက် ဇိမ်ခံပစ္စည်းတွေအများကြီးဝယ်နိုင်တယ်။
လူအုပ်ကြီးကတော့ အစကတည်းက သူမအပိုင်မဟုတ်သည့် ချက်လက်မှတ်ကို တင်းတင်းဆုပ်ကိုင်ထားသည့် လင်းရှန်းယွီကို အထင်သေးစွာကြည့်နေကြသည်။ သူမအပြုအမူက အတော်လေးရှက်စရာကောင်းလှသည်။
ဘေးလူများ၏အကြည့်ကိုအာရုံခံလိုက်မိတာကြောင့် လင်းရှန်းယွီမျက်နှာမှာ လောင်ကျွမ်းတော့မလိုခံစားလိုက်ရသည်။ ဒါကြောင့် ချက်လက်မှတ်ကို ကိုင်ကာ ရှောင်လင်းယွီထံလျှောက်သွားခဲ့သည်။ ထိုချက်လက်မှတ်ဖြင့် ရှောင်လင်းယွီ၏မျက်နှာကို တခါတည်းပစ်ပေါက်လိုက်ချင်သည့်စိတ်ကမတရားပင်။
သို့သော်လည်း သူမ သခင်လေးယန်နားသို့နီးကပ်လာသည်နှင့် သူမခြေထောက်တွေက ပျော့ခွေလာကာ စိတ်ကိုတည်ငြိမ်အောင် မနည်းတင်းထားရသည်။ ရှောင်လင်းယွီရှေ့တွင် သူမ၏အားနည်းသောပုံစံကိုမပြချင်ပေ!
“ဒီမှာ ယွမ်၅သောင်း!” လင်းရှန်းယွီ ချက်လက်မှတ်ကိုတင်းတင်းဆုပ်ကိုင်ထားရင်းဖြင့် လက်ကမ်းပေးလိုက်သည်။
ရှောင်လင်းယွီက ချက်လက်မှတ်ကိုသာမာန်ကာလျှံကာလှမ်းယူလိုက်တာကြောင့် လင်းရှန်းယွီခမျာ နှလုံးသားထဲမှသွေးစိမ်းရှင်ရှင်ထွက်နေတော့သည်။ ရှောင်လင်းယွီက ချက်လက်မှတ်ကိုကြည့်ကာ ပြုံးလိုက်ပြီး၊ “ကောင်းပြီ၊ အခု ငါတို့ကျေသွားပြီ။”
လင်းရှန်းယွီတစ်ခုခုမေးချင်သော်လည်း ရှောင်လင်းယွီကအရင် သူမကိုတားလိုက်ကာ၊ “နင်ဘာမေးချင်လည်း ငါသိတယ်။ ငါနင့်ကိုထပ်ပြီးစိတ်ဒုက္ခမပေးတော့ပါဘူး။”
ဒီတော့ လင်းရှန်းယွီစိတ်သက်သာရာရစွာ သက်ပြင်းမောချနိုင်သွားတော့သည်။
ရှောင်လင်းယွီက သူမကိုတစ်ချက်စိုက်ကြည့်ပြီး၊ “နောက်တစ်ခါဆိုရင်တော့ ကိုယ့်ကိစ္စမဟုတ်ဘဲ ဝင်မပါမိစေနဲ့ပေါ့!”
ထိုသို့ပြောပြီးနောက် ရှောင်လင်းယွီ၏အာရုံက ကျောက်ဟွေ့ချင်ထံတဖန်ပြန်လည်ရောက်ရှိသွားလေသည်။ “ဥက္ကဌ၊ ကျွန်မရှင့်ဆီက ယွမ်၅သန်းကို စောင့်နေတုန်းနော်… ဒါပြီးရင် ကျွန်မတို့ ဒုတိယအခြေအနေအတွက်ကိုလည်း ဆွေးနွေးကြရဦးမယ်။”
***