ဒုတိယအခြေအနေ
Vol. 2 Ch. 24
ရှောင်လင်းယွီ ရုတ်တရက်သတိပြန်ပေးလိုက်တာကြောင့် ကျောက်ဟွေ့ချင်တစ်ယောက် အံတင်းတင်းကြိတ်လွန်း၍ သွားတောင်သွေးထွက်တော့မလိုပင်။ “မစ္စရှောင်၊ မင်းရဲ့ယွမ်၅သန်းကို ငါမမေ့ပါဘူး!” ထိုသို့ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ကျိန်ဆဲနေလေသည်။ ‘ယွမ်၅သန်း!!! တကယ်ကိုရူးနေတာပဲ။ အဲ့ငါးသန်းနဲ့နင်ပြီးသေလိုက်ရမှာ!’
ကျောက်ဟွေ့ချင်၏ ရှောင်လင်းယွီအပေါ်ထားသည့် မကျေနပ်ချက်အမုန်းတရားတို့မှာ ပိုလို့ပင်ကြီးထွားလာခဲ့သည်။ ထိုယွမ်၅သန်းကို ရှောင်လင်းယွီရရှိပြီးနောက် သခင်လေးယန်က သူမအပေါ်စိတ်မဝင်စားတော့ဖို့ကိုလည်း တိတ်တဆိတ်ဆုတောင်းနေလေသည်။ ‘ရှောင်လင်းယွီ၊ မင်းစောင့်နေဦးပေါ့။ ငါ့အချိန်ကျလာရင် အခုငါ့ကိုအာခံခဲ့တာတွေအတွက် ကောင်းကောင်းကြီးပညာပြန်ပေးပြမယ်။’
ထိုအတွေးများကိုတော့ ကျောက်ဟွေ့ချင် သူ့စိတ်၏အနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်လို့ထားသည်။ သူဘာတွေတွေးနေမှန်း ရှောင်လင်းယွီမပြောနှင့် ဘယ်သူတစ်ဦးတစ်ယောက်မှသိလိမ့်မည်မဟုတ်ပေ။ ဒါ့အပြင် သူမသိသွားလို့လဲ ဘာမှပြောင်းလဲသွားမည်မဟုတ်။ ကျောက်ဟွေ့ချင်နှင့် သူသမီးတို့သည် ငွေရှိခြင်းကြောင့် လူတွေကိုလျှောက်ပတ်အနိုင်ကျင့်နေခဲ့ကြသည်။ ဒါဆို သူတို့မှာသာငွေတွေမရှိတော့ရင် ဘာဖြစ်လာမလဲ?
ကျောက်ဟွေ့ချင်ခေါင်းညိတ်လိုက်ကာ သူ့အတွင်းရေးမှူးကိုကြည့်လိုက်သည်။ “အတွင်းရေးမှူးလင်း!”
အတွင်းရေးမှူးလင်းလည်း ချက်ချင်းပင်နားလည်ကာ သူမအိတ်ထဲမှ ချက်လက်မှတ်စာရွက်အလွတ်တစ်ခုကိုထပ်ထုတ်လိုက်ပြီး နံပါတ်တချို့ကိုရေးကာ ကျောက်ဟွေ့ချင်ကိုပေးလိုက်သည်။
ကျောက်ဟွေ့ချင်တစ်ယောက် သူ့ဒေါသများကိုမြိုသိပ်ရင်း ချက်လက်မှတ်ပေါ်တွင် သူ့နာမည်ကိုလက်မှတ်ထိုးပေးလိုက်သည်။
ကျောက်ဟွေ့ချင်သည် ယွမ်သန်းရာချီအောင်ချမ်းသာသူဖြစ်တာကြောင့် ၅သန်းဆိုသည့်ပမာဏမှာ သူ့တတ်နိုင်လေသည်။
ထို့နောက် အတွင်းရေးမှူးလင်းက ရှောင်လင်းယွီကို ချက်လက်မှတ်အားကမ်းပေးလိုက်သည်။
ရှောင်လင်းယွီက ချက်ချင်းမဆိုင်းပင်လှမ်းယူလိုက်ပြီး အပြုံးလေးဖြင့်၊ “တကယ်ကိုပဲ ချမ်းသာတာအရမ်းကောင်းတာပဲ! ငွေသာရှိရင်ကိစ္စတွေအများကြီးလုပ်နိုင်တယ်လေ၊ ဟုတ်တယ်မလား?”
ကျောက်ဟွေ့ချင်က ပြန်မဖြေဘဲ တင်းမာသောလေသံဖြင့်သာ ပြန်မေးလာခဲ့သည်။ “မစ္စရှောင်၊ အခု ငါတို့ မင်းလိုချင်တဲ့ဒုတိယအချက်အကြောင်းပြောသင့်ပြီမဟုတ်လား?”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တာပေါ့!”
လူတိုင်းက ရှောင်လင်းယွီပြောလာမည့် ဒုတိယအချက်ကိုကြားနိုင်ရန် နားများကို ထောင်နိုင်သလောက်ထောင်ထားကြသည်။ ယွမ်၅သန်းတောင်းတာထက်တောင် ပိုဆိုးတာမရှိလောက်တော့ဘူးမလား?
ဒေါသတရား၊ နာကျင်မှုနှင့် စိတ်ပျက်မှုတို့အပြည့်ဖြစ်နေသည့် ချန်းယန်ကို ရှောင်လင်းယွီကြည့်လိုက်သည်။ ထို့နောက် ပါးရိုက်ခံထားရ၍ ဝက်ခေါင်းလိုယောင်ယမ်းနေသော ကျောက်ဝမ်မန့်ကိုတစ်လှည့်ပြန်ကြည့်လိုက်သည်။ ကျောက်ဝမ်မန့်တစ်ယောက် ဆံပင်များရှုပ်ပွနေကာ အင်္ကျီသည်လည်း မသပ်မရပ်ပင်။
သူမ၏အကြည့်များကြောင့် ဆိုးဝါးသည့်ခံစားချက်များ ကျောက်ဟွေ့ချင်ရလိုက်သည်။ သူ့မျက်လုံးများမဲမှောင်လာကာ ရှောင်လင်းယွီကို သတိပေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
ယန်စစ်မင်သည်လည်း ရှောင်လင်းယွီ၏မျက်လုံးများထဲမှာ ကောက်ကျစ်သည့်အရိပ်အယောင်များကိုမြင်တွေ့လိုက်ရတာကြောင့် သူ့မျက်ခုံးများပင့်မိသွားသည်။
သူသည်လည်း အရမ်းသိချင်လာတော့သည်။ ‘သူပြောမယ့်ဒုတိယအချက်က ဘာများဖြစ်မလဲ?’
ရုတ်တရက်ရှောင်လင်းယွီက၊ “ဥက္ကဌ၊ ကျွန်မကြားတာတော့ ချန်းယန်နဲ့မစ္စကျောက်တို့ရဲ့စေ့စပ်ပွဲက အစောကတည်းက ရက်သတ်မှတ်ပြီးသားဆို။ ဘာတဲ့… နောက်လဝက်နေရင်စေ့စပ်ပွဲလုပ်မှာဆိုလား၊ ကျွန်မပြောတာဟုတ်လား?”
လက်ရှိတွင် ချန်းယန်အပေါ်မျှော်လင့်ချက်များအားလုံးကုန်ဆုံးနေပြီဖြစ်သည့် ကျောက်ဟွေ့ချင်အတွက် ထိုစေ့စပ်ပွဲကိုသဘောတူစရာအကြောင်းမရှိတော့ပေ။
ကျောက်ဟွေ့ချင်က ရှောင်လင်းယွီကိုကြည့်လိုက်ပြီး၊ “အဲ့လိုကိစ္စမျိုးမရှိဘူး။”
ထို့နောက် သူက သိချင်စွာနှင့်၊ “မစ္စရှောင်၊ သူတို့စေ့စပ်တော့မယ့်အကြောင်း မင်းဘယ်လိုလုပ်သိတာလဲ?”
ကျောက်ဟွေ့ချင်က စေ့စပ်ပွဲကိစ္စကိုငြင်းလိုက်သော်လည်း ချန်းယန်ရော ကျောက်ဝမ်မန့်ပါ ဘာမှပြောမလာပေ။ ထိုအချစ်ငှက်နှစ်ကောင် တစ်ယောက်ကိုတစ်ယောက် ပြန်ကန်ထွက်နေကြပြီမှန်း မပြောဘဲ နားလည်နေကြသည်။
ယန်လုပ်ငန်းစုက ဟွေ့ချင်အုပ်စုနှင့်ပူးပေါင်းမှု ဖျက်သိမ်းလိုကြောင်း ချန်းယန်ကြားလိုက်သည်နှင့် ချက်ချင်းမဆိုင်းပင် ကျောက်ဝမ်မန့်ကိုစွန့်ပစ်လိုက်သည်။ ထိုလူက တကယ်ကိုအလွန်အမင်းအရှက်မဲ့လှသည်ပင်။
အခုတော့ ဟွေ့ချင်အုပ်စုကိုကယ်တင်နိုင်သွားပေပြီ။ ချန်းယန်သည်လည်း နောင်တရမိသည်။ သူ့ပိုင်မုန့်ကိုပြန်ရနိုင်ရေးအတွက် ကျောက်ဝမ်မန့်နှင့်ဆက်ဆံရေးကို ပြန်လည်အဖက်ဆယ်လိုခဲ့သည်။
ချန်းယန်သာ အစောပိုင်းက ရှေ့ထွက်ပြီး ကျောက်ဝမ်မန့်ကိုကာကွယ်ပေးခဲ့ပါက ကျောက်ဝမ်မန့်၏သူ့အပေါ် အစွဲလမ်းကြီးသည့်အချစ်မျိုးနှင့်ဆို သေချာပေါက် သူ့အတွက် အခွင့်အရေးရှိနေဦးမည်ပင်။ သို့သော်လည်း သူက ရှေ့ထွက်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် ကျောက်ဟွေ့ချင်က သူတို့စေ့စပ်ပွဲအကြောင်းကို ငြင်းဆိုလိုက်ချိန်တွင် ချန်းယန် မကျေနပ်သော်လည်း ဘာမှမပြောနိုင်ခဲ့ပေ။ သူက လိပ်လိုမျိုးအခွံထဲတွင် ပုန်းနေလေသည်။
“ဒါဆို အမှန်မဟုတ်ဘူးပေါ့?” ရှောင်လင်းယွီက အပြုံးဖျော့ဖျော့ဖြင့် ကျောက်ဟွေ့ချင်ကိုကြည့်လိုက်သည်။ “ဒါဆို ဘာလို့ မစ္စကျောက်ရဲ့ရုံးခန်းထဲမှာ သူတို့စေ့စပ်ပွဲဖိတ်စာကို ကျွန်မမြင်ခဲ့ရတာပါလိမ့်? ဖိတ်စာထဲမှာ သူတို့နာမည်တွေနဲ့ စေ့စပ်ပွဲရပ်တွေကို သေချာရှင်းရှင်းလင်းလင်းကို ရေးထားတာပါ။”
“ဘာ?” ကျောက်ဟွေ့ချင် နည်းနည်းအံ့ဩသွားခဲ့သည်။ ထို့နောက် ရှောင်လင်းယွီကို ပြန်လှည့်မကြည့်လာခင် ကျောက်ဝမ်မန့်ကို စူးစူးရှရှစိုက်ကြည့်လိုက်သည်။ “အဲ့တော့ကောဘာဖြစ်လဲ? သူတို့စေ့စပ်ရသေးတာမှမဟုတ်တာ၊ ဒီတော့ စေ့စပ်ပွဲကိုလည်း ဖျက်သိမ်းလိုက်ပြီ။ သတို့သမီးရဲ့အဖေအနေနဲ့ ဒီစေ့စပ်ပွဲကို တရားဝင်ဖျက်သိမ်းတယ်။”
ချန်းယန်ကြောင့်သာမဟုတ်ပါက ရှောင်လင်းယွီက အခုလိုလက်စားချေလာလိမ့်မည်မဟုတ်ပေ။ ရှောင်လင်းယွီသာ လက်စားမချေလိုပါက ယန်စစ်မင်လည်းဝင်ပါလာစရာအကြောင်းမရှိပေ။ ယန်စစ်မင်သာဝင်ပါမလာခဲ့လျှင် ဟွေ့ချင်အုပ်စုလည်း အခုလိုမျိုးအန္တရာယ်ကြားထဲရောက်သွားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဤကိစ္စတွေသာပြီးသွားပါက အရင်ဆုံး ချန်းယန်နှင့်ထိပ်တိုက်ရှင်းပစ်ဖို့ ကျောက်ဟွေ့ချင်တွေးထားလေသည်။
ရုတ်တရက် ရှောင်လင်းယွီက လက်ခုပ်တီးကာ ခပ်ကျယ်ကျယ်ရယ်မောလာသည်။ “ဥက္ကဌ၊ မစ္စကျောက်က တကယ်ကိုရှင့်သမီးပဲ။ မစ္စကျောက်က ချန်းယန်ကိုကြိုက်လို့ ကျွန်မဆီကနေ ဆွဲထုတ်သွားတယ်။ ပြီးတော့ သူ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ကျွန်မကိုဒီလိုမျိုးယုတ်မာတဲ့အကြံအစည်နဲ့အကွက်ချခဲ့တယ်။ ဒါပေမယ့် အခုတော့ ကိစ္စတွေကအစီအစဉ်အတိုင်းမဖြစ်တော့ဘဲ အမှန်တရားကဘူးပေါ်သလိုပေါ်လာခဲ့ပြီ။ ရှင်တို့ခက်ခက်ခဲခဲအစီအစဉ်တွေဆွဲတိုက်ခိုက်ခဲ့တဲ့ကိစ္စကို ဒီလိုမျိုးစွန့်ပစ်လိုက်တော့မယ်ပေါ့။ တကယ်ကို ချီးကျူးဖို့ကောင်းပါတယ်။”
ရှောင်လင်းယွီက တမင် ထိုလူများကိုရန်စနေခဲ့သည်။ သူမချန်းယန်ကိုကောင်းကောင်းသိခဲ့ကာ ဆယ်နှစ်တာလုံး ချစ်မိခဲ့သည်။ သို့သော်လည်း သူမဆယ်နှစ်တာချစ်ခဲ့ရသူက တကယ်တမ်း အလွန်တစ်ကိုယ်ကောင်းဆန်ကာ လောဘကြီးသည့်လူမှန်းကိုတော့ မသိခဲ့ပေ။
ကျောက်ဝမ်မန့်က သခင်လေးယန်ကိုရန်စမိကာ ဟွေ့ချင်အုပ်စုကို ပြဿနာထဲဆွဲထည့်မိသွားသည်နှင့် ချန်းယန်က ချက်ချင်းပင် ကျောက်ဝမ်မန့်ကို သစ္စာဖောက်သွားလေသည်။ ဘယ်လောက်တောင် အသည်းနှလုံးမရှိတဲ့ယောက်ျားလဲ။
သို့ပေမယ့် ချန်းယန်အပေါ် ဘယ်လိုအမုန်းတရားမှမခံစားမိတော့မှန်း ရှောင်လင်းယွီသိလိုက်ရသည်။ မုန်းဖို့ဆိုလျှင် အရင်ဆုံးအချစ်ရှိဖို့လိုအပ်သည်။ သို့သော်လည်း ယခုအချိန်တွင် ချန်းယန်သည် သူမအတွက် သူစိမ်းတစ်ယောက်သာသာဖြစ်သည်။
အမုန်းတရားမရှိတော့ဘူးဆိုလျှင်တောင် ဒေါသကတော့ဖြစ်နေတုန်းပင်။ သူမ၏အတိတ်ဘဝတွင် ချန်းယန်နှင့် ကျောက်ဝမ်မန့်တို့သည် သူမတွင်ရှိသည့်အရာမှန်သမျှကို ဖျက်ဆီးပစ်ခဲ့သည်မဟုတ်လား။
ရှောင်လင်းယွီ၏ထေ့ငေါ့စကားများကြောင့် ထွက်လာသည့်ဒေါသများကို ကျောက်ဟွေ့ချင် မနည်းမြိုသိပ်နေရသည်။ စိတ်ထဲတွင် အော်ဟစ်နေသော်လည်း အပြင်မှာတော့ ထုတ်ဖော်နိုင်ခြင်းမရှိပေ။ ထိုသို့မြိုသိပ်ရလွန်းတာကြောင့် သူ့မျက်နှာပင် ခရမ်းရောင်သမ်းလာသည်အထိပင်။
နောက်ဆုံး အံတင်းတင်းကြိတ်ကာ မေးလိုက်သည်။ “မစ္စရှောင်၊ မင်းအဓိပ္ပါယ်မရှိတာတွေလှည့်ပတ်ပြောမနေပါနဲ့တော့။ မင်းလိုချင်တာဘာလဲဆိုတာ တည့်ပြောစမ်းပါ။”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်ကာ လိုရင်းကိုတည့်ပြောလိုက်တော့သည်။ “ကျွန်မလိုချင်တဲ့ဒုတိယအချက်က တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ ချန်းယန်နဲ့ မစ္စကျောက်တို့ကို စီစဉ်ထားတဲ့အတိုင်း စေ့စပ်ပေးလိုက်ပါ! တကယ်တော့ တစ်ခါတည်းလက်ထပ်ပေးလိုက်ရင်ပိုကောင်းမယ်!”
“ဘာပြောတယ်?”
ယန်စစ်မင်အပါအဝင် လူတိုင်းအံ့ဩသွားကြသည်။ ရှောင်လင်းယွီ၏ဒုတိယတောင်းဆိုချက်မှာ ထိုအခြေအနေဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူ့ဗျောက်အိုးလေးက ဟွေ့ချင်အုပ်စုပျက်စီးရေးအတွက် ပြောလိမ့်မည်ဟုသာ သူထင်ထားခဲ့ခြင်းဖြစ်သည်။
ယန်စစ်မင် မျက်ခုံးပင့်လိုက်သော်လည်း သူ့ဗျောက်အိုးလေးက တစ်ခုခုတော့စီစဉ်နေတာဖြစ်မည်ဟု ယုံကြည်ကာ ပိုလို့ပင်သိချင်စိတ်ပြင်းပြလာတော့သည်။
တခြားလူများသည်လည်း ရှောင်လင်းယွီ၏ဒုတိယတောင်းဆိုချက်ကြောင့် စိတ်ရှုပ်ထွေးသွားကြသည်။
သေချာပေါက် ချန်းယန်သည် ရှောင်လင်းယွီ၏ချစ်သူဖြစ်သော်လည်း သူမကိုသစ္စာဖောက်ခဲ့သည်။ ဒါကြောင့် လက်တွေ့ကျကျပြောရလျှင် ရှောင်လင်းယွီအနေနှင့် ချန်းယန်ကို တစ်စစီစုတ်ဖြဲပစ်ချင်သည်အထိ အလွန်မုန်းတီးနေသင့်သည်မဟုတ်လား။
ကျောက်ဝမ်မန့်က သူ့ကိုချမ်းသာကြွယ်ဝသည့်ဘဝကို ပေးနိုင်သည့်အတွက် ချန်းယန်သည် ရှောင်လင်းယွီကိုသစ္စာဖောက်ကာ ကျောက်ဝမ်မန့်ကို ရွေးချယ်ခဲ့သည်။
ဥက္ကဌက ရှောင်လင်းယွီ၏ပထမတောင်းဆိုချက်ကို ဖြည့်ဆည်းပေးခဲ့တာကြောင့် ဟွေ့ချင်အုပ်စုကို ကယ်တင်ထားနိုင်ပြီဖြစ်သည်။ ဒါကြောင့် ကျောက်ဝမ်မန့်၏ခင်ပွန်းဖြစ်လာလျှင် သေချာပေါက် ဘဝတစ်လျှောက်လုံး ကြွယ်ဝစွာနေနိုင်ပေလိမ့်ဦးမည်။
ရှောင်လင်းယွီက ချန်းယန်ကို ကျောက်ဝမ်မန့်နှင့်အတူရှိနိုင်အောင် တွန်းပို့ပေးနေလေသည်။ တစ်နည်းပြောရလျှင် ချန်းယန် အလိုကျ ကြွယ်ဝချမ်းသာသည့်ဘဝကို ရရှိစေလိမ့်မည်။
‘ဒီလိုဆို ချန်းယန်က သူ့ကိုဒီလောက်ကိစ္စတွေအများကြီးလုပ်ထားတာတောင်မှ ရှောင်လင်းယွီက ချန်းယန်ကို ဂရုစိုက်နေသေးတာလို့ မဆိုလိုသွားဘူးလား?’
***