← Chapters

လက်ထပ်မှတ်ပုံတင်ခြင်း

Vol. 2 Ch. 26

လက်ထပ်မှတ်ပုံတင်ခြင်း

Vol. 2 Ch. 26

ကျောက်ဟွေ့ချင် စိုးရိမ်တကြီးမေးလိုက်သည်။ “မစ္စရှောင်၊ ငါမင်းတောင်းဆိုတဲ့အခြေအနေနှစ်ရပ်လုံးကို သဘောတူပြီးသွားပြီ။ ဒီတော့ ယန်လုပ်ငန်းစုနှင့်ဟွေ့ချင်အုပ်စုကြားပူးပေါင်းမှုအကြောင်း သခင်လေးယန်ကိုမေးပေးလို့ရမလား?”

ရှောင်လင်းယွီ အသာပြုံးလိုက်ကာ၊ “ဥက္ကဌ ဘာတွေဒီလောက်စိုးရိမ်နေတာလဲ?” ထို့နောက် ဆက်မပြောသေးဘဲ ကျောက်ဟွေ့ချင်ကို ဒွိဟဖြစ်စေသည့်အပြုံးမျိုးပြုံးပြလိုက်ကာ၊ “ရှင် ကျွန်မကို ယွမ်၅သန်းပေးပြီး ချန်းယန်နဲ့ကျောက်ဝမ်မန့်တို့ကို လက်ထပ်ပေးမယ်လို့ သဘောတူခဲ့တာမှန်ပါတယ်။ ဒါပေမယ့် လက်တွေ့ကမှယုံကြည်ရမှာလေ။ သူတို့နှစ်ယောက်လက်ထပ်တာ ကျွန်မမျက်လုံးနဲ့ကိုယ်တိုင်တွေ့ချင်တယ်။ ကျွန်မပြောချင်တာကိုနားလည်ရဲ့လား?”

ကျောက်ဟွေ့ချင်၏မျက်လုံးများကျဉ်းမြောင်းသွားကာ ဒေါသတကြီးဆိုလိုက်သည်။ “ရှောင်လင်းယွီ၊ မင်းငါ့ကိုအရမ်းတွန်းအားမပေးနဲ့!”

“ဒါတွန်းအားပေးတာလား? ဥက္ကဌပဲ သူတို့လက်ထပ်ဖို့ကိစ္စကို သဘောတူထားပြီးပြီလေ၊ ဒီတော့ သူတို့ရဲ့မင်္ဂလာပွဲကိုမြင်ချင်တယ်ဆိုတဲ့တောင်းဆိုချက်က ဘာများမှားသွားလို့လဲ? ပြီးတော့ ကျွန်မနောက်ကွယ်ကျမှ ရှင့်စကားတွေကိုရုတ်သိမ်းသွားရင်ဘယ်လိုလုပ်မလဲ? ဥက္ကဌ အချိန်ကရပ်မနေဘူးနော်။ ရှင်နှောင့်နှေးနေလေ ဟွေ့ချင်အုပ်စုရဲ့ငွေတွေလည်း ပိုပြီးဆုံးရှုံးရလေပဲ။ ဒါပေါ့ ကျွန်မကတော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ရှင်လည်း ကျွန်မလိုလျစ်လျူရှုထားနိုင်ပါ့မလားဆိုတာတော့ မသေချာဘူးနော်။”

ကျောက်ဟွေ့ချင် မခံမရပ်နိုင်ဖြစ်မှုများကိုဖိနှိပ်ရင်းသဘောတူလိုက်သည်။ “ကောင်းပြီ၊ ပြီးကျရင် သူတို့လက်ထပ်မှတ်ပုံတင်ဖို့အတွက် မြို့ပြရေးရာဌာနကို ပို့ပေးလိုက်မယ်။ ဒီလိုဆို မင်းကျေနပ်ပြီလား?”

‘ရှောင်လင်းယွီက သူတို့နှစ်ယောက်ရဲ့လက်ထပ်မှတ်ပုံတင်ကိုတွေ့ချင်တယ်ဆိုမှတော့… ရတယ်လေ ငါလည်း သူ့အတွက်တစ်ခုလုပ်ပြီး ပြပေးရတာပေါ့! သူ့လိုကောင်မလေးတစ်ယောက်က လက်ထပ်မှတ်ပုံတင်အစစ်လား အတုလားဆိုတာ ဘယ်လိုလုပ်ခွဲနိုင်မှာလဲ?’

ကျောက်ဟွေ့ချင်က လက်ထပ်မှတ်ပုံတင်အတုပြုလုပ်ကာ ရှောင်လင်းယွီကို အရူးလုပ်ဖို့ကြံနေခြင်းဖြစ်သည်။ သခင်လေးယန်တောင်မှ လက်ထပ်မှတ်ပုံတင်အတုဖြစ်ကြောင်း သိနိုင်ဖို့အထိ အတွေ့အကြုံရှိလောက်မည်ဟု ကျောက်ဟွေ့ချင်မထင်မိပေ။

စိတ်ထဲမှ သူတို့နှစ်ယောက်ကို ပြောဆိုနေပြီးနောက် ကျောက်ဟွေ့ချင်၏အကြည့်က သူ့အတွင်းရေးမှူးထံ ဒိုင်းခနဲရောက်ရှိသွားသည်။ အတွင်းရေးမှူးလင်းသည်လည်း သူဆိုလိုချင်သည့်အဓိပ္ပါယ်ကိုတန်းသဘောပေါက်သွားတာကြောင့် ချက်ချင်းပင် သူမဖုန်းကိုထုတ်ကာ စာပို့လိုက်သည်။

ချန်းယန်နှင့်ကျောက်ဝမ်မန့်သည်တော့ ထိုစကားဝိုင်းနဲ့ခပ်ဝေးဝေးရှောင်နေခဲ့သည်။ သူတို့သာဝင်ပါလိုက်လျှင် ဟွေ့ချင်အုပ်စုအတွက် ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်လာပေလိမ့်မည်။ ဤကိစ္စက သူတို့၏အသက်သွေးကြောနှင့်ဆက်စပ်နေတာကြောင့် အမြန်ဆုံးဆောင်ရွက်လေအကောင်းဆုံးပင်။ ဒီစုံတွဲမှာ အတော်လေးထူးဆန်းလှသည်။ မကြာသေးခင်ကတင် နှစ်ယောက်သား အချင်းချင်းအပြစ်တင်ဝေဖန်နေကြပြီး အခုချိန်မှာတော့ လက်ထပ်မှတ်ပုံတင်ကို မတရားလိုချင်နေကြပြန်သည်။

“နေဦး။” ရုတ်တရက် သခင်လေးယန်ကတားလာသည်။ ထိုစကားတစ်ခွန်းနှင့် ကျောက်ဟွေ့ချင်၊ ကျောက်ဝမ်မန့်နှင့် ချန်းယန်တို့အားလုံး တောင့်ခဲသွားကာ လူတိုင်းလဲ စိုးရိမ်သွားာကြသည်။ သခင်လေးယန်က သူတို့ကိုဘာလို့ရပ်ခိုင်းမှန်း နားမလည်ကြပေ။ ဒီရူးလောက်စရာအခြေအနေကြီးကို ဆက်မကြည့်နိုင်တော့လို့ ရပ်ခိုင်းဖို့ဆုံးဖြတ်လိုက်တာများဖြစ်နိုင်မလား?

ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့ စိတ်လှုပ်ရှားစွာဖြင့် သခင်လေးယန်ကိုကြည့်လိုက်ကြသည်။

“မင်းတို့နှစ်ယောက် မြို့ပြရေးရာဌာနကိုသွားဖို့မလိုဘူး။”

သခင်လေးယန်ထိုစကားပြောလိုက်သည်နှင့် နှစ်ယောက်လုံး၏မျက်နှာများဖြူဖျော့သွားကာ ထိတ်လန့်သွားကြသည်။

“သခင်လေးယန်… ဘာဖြစ်လို့လဲ…” ကျောက်ဟွေ့ချင် သတိတကြီးဖြင့် မေးလိုက်သည်။ ‘သူ ရှောင်လင်းယွီရဲ့နည်းလမ်းတွေကို ဝင်တားတော့မလို့လား?’

ထိုအချိန်တွင် ယန်စစ်မင်က၊ “ငါတို့ မြို့ပြရေးရာဌာနကို ဒီကိုလာခိုင်းလို့ရတယ်လေ!”

ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းပင် ဖုန်းကိုထုတ်ကာ ဆက်လိုက်သည်။ “အခုချက်ချင်း ဟွေ့ချင်အုပ်စုကိုလာခဲ့ပေးပါ။ တခါတည်းလက်ထပ်မှတ်ပုံတင်လဲယူခဲ့ဦး။ ခင်ဗျားမှတ်ပုံတင်ပေးရမယ့် စုံတွဲရှိတယ်။”

ရှိနေသည့်လူတိုင်း ကြောင်အသွားကြတော့သည်။ သခင်လေးယန်က သခင်လေးယန်ဖြစ်နေတာ အကြောင်းတော့ရှိတာပဲ။ သူ့နည်းလမ်းတွေက လူတွေဘယ်တော့မှ မထင်မှတ်ထားတဲ့ပုံစံနဲ့ပေါ်ပေါ်လာတာပဲ။

ကျောက်ဝမ်မန့်နှင့်ချန်းယန်လည်း အံ့ဩသွားခဲ့သည်။ သူတို့ထဲကတစ်ယောက်က အမူအရာမဲ့နေသော်လည်း သူမမျက်လုံးထဲတွင်တော့ ပျော်ရွှင်မှုအရိပ်အယောင်များရှိနေသည်။ ကျန်တစ်ယောက်သည်တော့ သူ့မျက်နှာပေါ်တွင်ပင် ပျော်ရွှင်နေမှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။

မိန်းမတစ်ယောက်က သူ အောင်မြင်မှုနှင့်ကြွယ်ဝမှုများရရှိအောင် တိုက်ပွဲဝင်ပေးနေပြီး သူကတော့ ချမ်းသာကြွယ်ဝကာလှပသည့် နောက်မိန်းမတစ်ယောက်နှင့်လက်ထပ်ရတော့မည်။ ဒီနေရာမှာ ချန်းယန်ကသာ အောင်နိုင်သူအစစ်အမှန်ပဲ!

တခြားလူတွေကတော့ ထိုလူတကယ်ကိုဆန်ကုန်မြေလေးအမှိုက်ဖြစ်နေသည့်အတွက် လှောင်ရယ်နေကြသည်။

ထိုအချိန် တစ်စုံတစ်ယောက်ကတော့ မပျော်နိုင်ခဲ့ပေ။ ကျောက်ဟွေ့ချင်စိတ်ထဲ ဒေါသတရားများဆူပွက်နေသော်လည်း ဖိနှိပ်ထားရုံသာတတ်နိုင်ပေသည်။ ယန်စစ်မင်က သူလက်ထပ်မှတ်ပုံတင်အတုပြုလုပ်ကာ လှည့်စားမည့်အစီအစဉ်ကို ဝင်ဖျက်သွားခဲ့သည်။

သူ့လက်များကိုတင်းတင်းဆုပ်ထားမိတာကြောင့် လက်ပြန်သွေးကြောများမှာ ဖောင်းထွက်နေကာ အချိန်မရွေးပေါက်ကွဲထွက်တော့မလိုပင်ခံစားရသည်။ ဒါက တွေးကြည့်ရုံနဲ့တော်တော်ကြောက်ဖို့ကောင်းတာပဲ။

ကျောက်ဟွေ့ချင်၏ဒေါသကိုလျစ်လျူရှုထားရင်း ယန်စစ်မင်ကတော့ သူ့ဖုန်းကိုပြန်သိမ်းကာ ရှောင်လင်းယွီဘက်လှည့်သွားပြီး၊ “ကိုယ့်ရဲ့ဗျောက်အိုးလေး၊ မင်းဘယ်လိုသဘောရလဲ? ဒီလိုဆိုပိုပြီး စိတ်ချရတယ်မလား?”

ရှောင်လင်းယွီက ဤကိစ္စကို ချန်းယန်ကိုချစ်နေသေးတာကြောင့် လုပ်ခြင်းမဟုတ်ဘဲ တခြားအကြောင်းအရင်းတစ်ခုခုရှိမည်ဟု ယန်စစ်မင်ယုံကြည်သည်။ သူမတွင် သေချာပေါက် အစီအစဉ်တစ်ခုရှိရမည်၊ ယန်စစ်မင်ကလည်း ထိုအစီအစဉ်ပေါ်ပေါက်လာသည်ကိုမြင်တွေ့ရရန် အလွန်စိတ်လှုပ်ရှားလို့နေသည်။

ရှောင်လင်းယွီလည်း စိတ်ရင်းဖြင့် ရိုးသားစွာကျေးဇူးတင်စကားဆိုလိုက်သည်။ “ကျေးဇူးတင်ပါတယ် သခင်လေးယန်!” သူမ၏မျက်လုံးများကတော့ ချန်းယန်ကို အသာဝေ့ကြည့်လိုက်သည်။

ရှိနေသည့်လူတိုင်းကတော့ ချန်းယန်အတွက် သခင်လေးယန်ကို ရှောင်လင်းယွီ ကျေးဇူးတင်နေခြင်းဖြစ်သည်ဟု တွေးကြလေသည်။

ချန်းယန်သည်လည်း ထိုသို့တွေးမိကာ ရင်ထဲအရမ်းခံစားမိသွားခဲ့သည်။

ခဏကြာပြီးနောက် မြို့ပြရေးရာဌာန၏ဒါရိုက်တာက သူ့လက်အောက်ငယ်သားတစ်ယောက်နှင့်အတူ အလောတကြီးရောက်ချလာခဲ့သည်။ သူက ရောက်ရောက်ချင်း နဖူးကချွေးကိုတောင်မှ သုတ်လိုက်ရသေးသည်။ ဒါက သူအလျင်စလိုလာခဲ့ရ၍ မောပြီးချွေးထွက်တာလား ဒါမှမဟုတ် ရုတ်တရက်ကြီး ယန်စစ်မင်ထံမှအခေါ်ခံလိုက်ရတာကြောင့် ကြောက်လန့်သွား၍ချွေးထွက်တာလားကိုတော့ ဘယ်သူမှမသိပေ။

ဒါရိုက်တာချူးကွမ်းမင်က ယန်စစ်မင်ဘေးသို့အပြေးလာလိုက်ကာ လေးစားမှုအပြည့်ဖြင့်နှုတ်ဆက်လိုက်သည်။

“သခင်လေးယန်၊ ကျွန်တော်တောင်းပန်ပါတယ်။ လမ်းမှာ ကားပိတ်နေတာနဲ့နည်းနည်းနောက်ကျသွားတာပါ။”

ထို့နောက် ယန်စစ်မင်ဘေးတွင်ရှိနေသည့်အမျိုးသမီးကို သူသတိထားမိသွားကာ စိတ်ရှုပ်သွားရပြီး၊ ‘သခင်လေးယန်က ဒီအမျိုးသမီးနဲ့လက်ထပ်ချင်နေတာလား? ဒါပေမယ့် သခင်လေးယန်တစ်ယောက်ယောက်ကို ချစ်မိသွားပြီဆိုတဲ့သတင်းလဲ မကြားထားပါဘူး!’

သခင်လေးယန်က ခေါင်းညိတ်လိုက်ပြီး၊ “ခေါင်းဆောင်ချူး၊ ခင်ဗျားအချိန်ကိုက်ရလာတာပါ။ ခင်ဗျားကိုအလုပ်ရှုပ်စေမိပြီ ကျေးဇူးပါပဲ။”

ချူးကွမ်းမင်က ချင်ချင်းပင်ခေါင်းယမ်းကာ မြှောက်ပင့်လိုက်သည်။ “သခင်လေးယန်၊ ကျွန်တော်က ကျွန်တော့်တာဝန်ကိုလုပ်နေတာပါ။” ထို့နောက် ရှောင်လင်းယွီကိုကြည့်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့် “သခင်လေးယန်၊ မင်းက…” တကယ်ပဲ ဘယ်သူကလက်ထပ်ချင်တာလဲ?

သခင်လေးယန်က ခေါင်းယမ်းလိုက်ကာ ကျောက်ဝမ်မန့်နှင့်ချန်းယန်တို့ကိုကြည့်လိုက်ပြီး၊ “ခင်ဗျားကို သူတို့အတွက်လက်ထပ်မှတ်ပုံတင်လုပ်ပေးဖို့ ခေါ်လိုက်တာ။”

ချူးကွမ်းမင်လည်း ချန်းယန်နှင့် မျက်နှာတစ်ခုလုံးယောင်ကိုင်းနေသည့်ကျောက်ဝမ်မန့်တို့ကိုကြည့်လိုက်ကာ အနည်းငယ်စိတ်ရှုပ်သွားတာကြောင့် မရေမရာဖြင့် ပြန်မေးလိုက်သည်။ “သူတို့ကဘယ်သူတွေလဲ?”

“ကောင်မလေးက ဥက္ကဌကျောက်ရဲ့သမီး၊ ဒီဘက်ကတော့ သူ့သားမက်ဖြစ်လာမယ့်သူပဲ!”

ထိုသို့မိတ်ဆက်ပေးလာမှပဲ သူ့နောက်တွင်ရပ်နေသည့် ကျောက်ဟွေ့ချင်ကို ချူးကွမ်းမင်သတိထားမိသွားကာ အံ့ဩသွားတော့သည်။

“ဟမ်?” ချူးကွမ်းမင် တကယ်ကိုစိတ်ရှုပ်သွားလေသည်။

‘သခင်လေးယန်က ဘယ်တုန်းကစပြီး တခြားလူလက်ထပ်တဲ့အရေးကို စိတ်ဝင်စားသွားတာလဲ? ပြီးတော့ သူကိုယ်တိုင်တောင် ငါ့ကိုလာခဲ့ဖို့ခေါ်လိုက်သေးတယ်? ဘာဖြစ်လို့လဲ?’

ယန်စစ်မင် စိတ်အလိုမကျစွာဖြင့် ချောင်းဟန့်လိုက်ကာ၊ “အချိန်ဖြုန်းမနေနဲ့တော့! ခင်ဗျားအချိန်ဆွဲနေလေ ဟွေ့ချင်အုပ်စုလည်းပိုပြီးဆုံးရှုံးရလေပဲ။”

ချူးကွမ်းမင်တစ်ယောက် ပိုလို့တောင်စိတ်ရှုပ်ထွေးသွားရသည်။ ဥက္ကဌသမီးလက်ထပ်တာက ဘယ်လိုကနေဘယ်လို ဟွေ့ချင်အုပ်စုရဲ့စီးပွားရေးအဆုံးသတ်တာနဲ့ သက်ဆိုင်သွားပြန်တာလဲ?

ဒါပေါ့ စိတ်ထဲမှာဘယ်လောက်ပဲရှုပ်ထွေးနေနေ ချူးကွမ်းမင်တစ်ယောက် သူ့သံသယများကို ထုတ်မမေးရဲပါပေ။

သူက သူ့လက်အောက်ငယ်သားကို အမြန်ဆွဲပြီး လက်ထပ်မှတ်ပုံတင်လုပ်ရန်လိုအပ်သည်များကို အမြန်ဆုံးပြင်ဆင်လိုက်ကြသည်။ ကျောက်ဝမ်မန့်၏မျက်နှာမှာ ဝက်ခေါင်းလိုဖြစ်နေသော်လည်း မင်္ဂလာဓာတ်ပုံသည်တော့ ကောင်းမွန်စွာရရှိလာသည်။ ဓာတ်ပုံပြင်သည့်ပညာကတော့ တကယ်ကိုအံ့မခမ်းပင်။

ခဏလေးအတွင်းမှာပဲ နှစ်ယောက်သား၏အသစ်စက်စက် လက်ထပ်မှတ်ပုံတင်စာအုပ်မှာရရှိလာတော့သည်။ “သခင်လေးယန်၊ ပြီးသွားပါပြီ!” ချူးကွမ်းမင်က လက်ထပ်မှတ်ပုံတင်နှစ်ခုကို ယန်စစ်မင်အားပေးလိုက်သည်။

သခင်လေးယန်ကတော့ ဘာမှမပြောလာသော်လည်း ရှောင်လင်းယွီကတော့ ထိုလက်ထပ်မှတ်ပုံတင်အသစ်နှစ်ခုကိုမြင်လိုက်သည်နှင့် ပြုံးလာခဲ့သည်။

သူမ ထိုစာအုပ်နှစ်အုပ်ကိုလှမ်းယူဖို့လုပ်လိုက်သော်လည်း ချူးကွမ်းမင်က ရှောင်လိုက်ကာ သူမကို သံသဖြင့်ကြည့်လာခဲ့သည်။

ချက်ချင်းဆိုသလို သခင်လေးယန်၏မျက်နှာမှာ မဲမှောင်သွားပြီး၊ “သူ့ကိုပေးလိုက်!”

ချူးကွမ်းမင်ထိတ်လန့်သွားကာ ချက်ချင်းပင် ရှောင်လင်းယွီကို ရိုသေမှုအပြည့်ဖြင့် လက်ထပ်မှတ်ပုံတင်အားကမ်းပေးလိုက်တော့သည်။

ရှောင်လင်းယွီလည်း လက်ထပ်မှတ်ပုံတင်ကိုယူကာ ဖွင့်ကြည့်လိုက်ချိန် အထဲမှ အသစ်စက်စက်စုံတွဲ၏လှပလှသည့် မင်္ဂလာဓာတ်ပုံကိုမြင်လိုက်ရသည်နှင့် သူမ၏အမူအရာက ပိုတောက်ပလာတော့သည်။

***

All Chapters