ကုမ္ပဏီကို ကာကွယ်မယ်
Vol. 2 Ch. 27
ချူးကွမ်းမင်သည် သူလုပ်ထားသည့်လက်ထပ်မှတ်ပုံတင်အား ဘာကြောင့် သခင်လေးယန်ဘေးက အမျိုးသမီးထံပေးလိုက်ရလဲဆိုသည်ကို အခုထိနားမလည်နိုင်သေးပေ။ သို့သော်လည်း သူ့နေရာသူသိကာ မမေးသင့်တာကိုမမေးခဲ့ပေ။ ဒါ့အပြင် ဥက္ကဌဖြစ်သည့်ကျောက်ဟွေ့ချင်အပါအဝင် ဟွေ့ချင်အုပ်စုမှဝန်ထမ်းအားလုံး ဤနေရာတွင် စုဝေးနေကြသည်ကိုလည်း သူသတိထားမိပြီးဖြစ်သည်။
ချူးကွမ်းမင်ထွက်သွားမည့်အစား သူ့လက်အောက်ငယ်သားကိုသာ ပစ္စည်းများသိမ်းပြီး ရုံးကိုပြန်ခိုင်းလိုက်သည်။ သူကတော့ ပြဇာတ်တစ်ပုဒ်မြင်ရရေးအတွက် ဆက်ပြီးနေခဲ့ဦးမည်ပင်။ ဘာပဲဖြစ်ဖြစ် သခင်လေးယန်တောင်ပါဝင်နေသည်ဆိုမှတော့ ဒီပြဇာတ်က သေချာပေါက် ကောင်းပေလိမ့်မည်။
လက်ထပ်မှတ်ပုံတင်များကို ရှောင်လင်းယွီစစ်ဆေးပြီးသည်နှင့် ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့ကို ပေးလိုက်သည်။
ထိုအချိန်မှာပဲ ကျောက်ဟွေ့ချင်က မည်းမှောင်နေသည့်မျက်နှာဖြင့်မေးလာခဲ့သည်။ “မစ္စရှောင်၊ မင်းအခုရော ကျေနပ်ပြီလား?”
“ဒါပေါ့။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။
“ဒါဆို မင်းလည်း မင်းပေးထားတဲ့ကတိကိုဖြည့်ဆည်းပေးနိုင်မလား?” ကျောက်ဟွေ့ချင်တစ်ယောက် ရှောင်လင်းယွီကိုကြည့်ကာ အံကြိတ်ပြီးပြောလိုက်သည်။ သို့သော်လည်း သူ့အကြည့်က တကယ်တော့ ယန်စစ်မင်ဆီမှာပင်။ ရှောင်လင်းယွီကို အာဏာလွှဲပေးထားသော်လည်း တကယ့်ချုပ်ကိုင်သူမှာ ယန်စစ်မင်သာဖြစ်ကြောင်း အားလုံးလဲသိကြပေသည်။
ယန်စစ်မင်ဆိုသည်က အချိန်မရွေး သူ့စကားသူ ပြန်ရုတ်သိမ်းနိုင်သူဖြစ်သည်။
“ရတာပေါ့။” ရှောင်လင်းယွီချက်ချင်းပြန်ဖြေကာ ယန်စစ်မင်ကို မျက်စိတ်တစ်ဖက်မှိတ်ပြီးပြုံးပြလိုက်သည်။ “သခင်လေးယန်၊ ဥက္ကဌကျောက်က ကျွန်မပြောတဲ့အခြေအနေနှစ်ရပ်လုံးကို ဖြည့်ဆည်းပေးပြီးသွားပြီဆိုတော့ ယန်လုပ်ငန်းစုနဲ့ဟွေ့ချင်အုပ်စုကြားပူးပေါင်းမှုရပ်ဆိုင်းထားတာကို ပြန်ရုတ်သိမ်းပေးလို့ရမလား?”
ထို့နောက် ရှောင်လင်းယွီက ယန်စစ်မင်၏လက်ကိုဆွဲကာ လက်ဖဝါးထက်တွင် စာလုံးတချို့ရေးပေးလိုက်သည်။ ထိုအဖြစ်ကို ဘယ်သူမှမသိလိုက်ပေ။
ယန်စစ်မင်ပြုံးလိုက်ပြီး “သေချာပေါက်ရတာပေါ့!” ထို့နောက် သူ့ဖုန်းကိုထုတ်ကာ “ဟွေ့ချင်အုပ်စုနဲ့ပူးပေါင်းမှုဆက်လုပ်မယ်။” ဟုပြောလိုက်သည်။
ယန်စစ်မင် ထိုစကားပြောလိုက်သည်နှင့် ကျောက်ဟွေ့ချင်၏တင်းကြပ်နေသာနှလုံးသားမှာ ချက်ချင်းပင်သက်သာရာရသွားပြီး သက်ပြင်းအသာခိုးချလိုက်မိသည်။ ထို့နောက် ယန်စစ်မင်ကို အလွန်ကျေးဇူးတင်စွာဖြင့်၊ “ကျေးဇူးတင်ပါတယ်။ သခင်လေးယန်။ သခင်လေးယန်ရဲ့ကြင်နာမှုအတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။”
ယန်စစ်မင် မျက်ခုံးကိုအသာပင့်လိုက်ကာ အပြုံးတုတစ်ခုကိုချိတ်ဆွဲရင်း၊ “ဒါနဲ့ ဥက္ကဌကျောက်… ခင်ဗျားရဲ့အဖိုးတန်သမီးလေးက ကျွန်တော့်ကိုဘယ်လိုမျိုးအာခံခဲ့တယ်ဆိုတာကို မသိချင်ဘူးလား?”
ကျောက်ဟွေ့ချင်ကြောင်အသွားကာ စိတ်လည်းရှုပ်မိသွားသည်။ သူက ကျောက်ဝမ်မန့်ကို စူးစူးရဲရဲတစ်ချက်စိုက်ကြည့်လိုက်ပြီး မနည်းဖျစ်ညှစ်ပြုံးလိုက်ကာ၊ “သခင်လေးယန်၊ ကျွန်တော့်သမီး မိုက်မဲပြီး မင်းကိုအာခံမိတာပါ။ အားလုံး ကိုယ့်သမီးကိုယ်သေချာမသင်ပြခဲ့မိတဲ့ ကျွန်တော့်အပြစ်တွေချည်းပါပဲ။ သူ့ကို ကျောက်မိသားစုစည်းမျဉ်းတွေကို သေချာလိုက်နာတတ်အောင် ပြန်သင်ပေးလိုက်ပါမယ်။ နောက်ဆို သူပိုပြီး လူကောင်းတစ်ယောက်ဖြစ်လာမှာပါ။”
သခင်လေးယန်ကတော့ လှောင်ပြုံးသာပြုံးလိုက်သည်။ “ဥက္ကဌကျောက် ပြန်သင်ပြနေဖို့မလိုတော့ပါဘူး။ ကျွန်တော့်တွေ့သလောက်တော့ ခင်ဗျားတို့ကျောက်မိသားစုရဲ့စည်းမျဉ်းတွေကို သေချာသင်ပြထားပြီးနေပါပြီ။”
ကျောက်ဟွေ့ချင်မျက်မှောင်ကြုတ်မိသွားသည်။ ယန်စစ်မင် တကယ်ပဲဘာကိုဆိုလိုချင်နေလဲ သူမသိတော့ပေ။
ထိုအချိန်မှာပဲ ရှောင်လင်းယွီက အေးစက်စက်အပြုံးတစ်ပွင့်ဖြင့်၊ “ဥက္ကဌ၊ မစ္စကျောက်က သခင်လေးယန်ကို အမျိုးသားပြည့်တန်ဆာလို့ခေါ်ခဲ့တာလေ။”
ကျောက်ဟွေ့ချင်၏စိတ်အခြေအနေမှာ လုံးဝထိုးကျသွားတော့သည်။ ယန်စစ်မင် ဒီလောက်ဒေါသထွက်သွားတော့ အံ့ဩစရာမရှိတော့ပါဘူး။ အစကတော့ ယန်စစ်မင် ဒီလိုတွေလုပ်နေရခြင်းက ရှောင်လင်းယွီကြောင့်သာဖြစ်မည်ဟု ကျောက်ဟွေ့ချင်ထင်ထားခဲ့ခြင်းဖြစ်သည်။ တကယ်တမ်း ဒီပြဿနာတွေအားလုံးရဲ့အစက သူ့ရဲ့ချစ်လှစွာသောသမီးလေးဖြစ်နေမယ်လို့မထင်ထားခဲ့ပေ။
လောလောဆယ်တော့ ကျောက်ဝမ်မန့်ပါးစပ်ကိုသာ အပ်နဲ့သွားချုပ်ထားချင်စိတ်များ တဖွားဖွားဖြစ်နေတော့သည်။ ဘာပြောသင့်တယ်ဘာမပြောသင့်ဘူးဆိုတာကိုတောင် မထိန်းချုပ်နိုင်မှတော့ သူ့ပါးစပ်ပေါက်ကို ထားနေစရာလိုဦးမတဲ့လား?
ကျောက်ဟွေ့ချင် ချက်ချင်းပင်ဦးညွှတ်လိုက်တော့သည်။ “ကျွန်တော်တောင်းပန်ပါတယ် သခင်လေးယန်။ အားလုံး သူ့ကိုသေချာမသင်ပြမိတဲ့ကျွန်တော့်အမှားတွေပါ။ ဒီတစ်ခေါက်ကိစ္စကို သင်ခန်းစာယူပြီး သူ့ကိုသေသေချာချာပြန်သင်ပေးလိုက်ပါ့မယ်!” ပြောရင်းဖြင့် ကျောက်ဟွေ့ချင်က ကျောက်ဝမ်မန့်ကိုစိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။ “မြန်မြန်လေး သခင်လေးယန်ကို မတောင်းပန်လိုက်လေ!”
ကျောက်ဝမ်မန့်လည်း ခေါင်းကိုအမြန်ငုံ့ကာ ယန်စစ်မင်ကိုထပ်ပြီးတောင်းပန်လိုက်သည်။ “သခင်လေးယန်၊ ကျွန်မတောင်းပန်ပါတယ်!”
“ဒီလိုလေးတောင်းပန်လိုက်ရုံနဲ့ ကိစ္စတွေအားလုံးပြေလည်သွားမယ်လို့များထင်နေတာလား?”
ကျောက်ဝမ်မန့်ထိတ်လန့်သွားကာ စိုးရိမ်တကြီးမေးလိုက်သည်။ “ဒါဆို သခင်လေးယန် ကျွန်မကိုဘာလုပ်စေချင်ပါလဲ?”
“ငါဆိုတဲ့ ယန်သခင်လေးကို အာခံမိတဲ့ဘယ်သူမဆို အဆုံးသတ်မကောင်းမှန်း Zမြို့တစ်မြို့လုံးသိကြတာပဲ။ သူတို့အတွက် ပြစ်ဒဏ်က ဘယ်တုန်းကမှ ခပ်ပေါ့ပေါ့မဖြစ်ခဲ့ဘူး။ ဘာလဲ၊ မင်းတို့ မကြားဖူးဘူးလား?”
ကျောက်ဟွေ့ချင်၏နှလုံးသားမှာ ဒုန်းဒုန်းပြုတ်ကျသွားတော့သည်။ သူဘာမှပြန်ပြောနိုင်စွမ်းမရှိသေးခင်မှာပဲ ယန်စစ်မင်က သူ့ဖုန်းကိုထုတ်လိုက်ပြန်ကာ လွှမ်းမိုးမှုအပြည့်ဖြင့်အမိန့်ပေးလိုက်သည်။ “ဟွေ့ချင်အုပ်စုကိုသိမ်းပိုက်ဖို့ပြင်လိုက်။ တစ်နာရီအတွင်း အားလုံးအပြီးသတ်ရအောင်လုပ်! ဘာအကြောင်းပြချက်မှမလိုချင်ဘူး!”
ထိုအမိန့်ကိုကြားလိုက်သည်နှင့် ကျောက်ဟွေ့ချင်အပါအဝင် လူတိုင်းထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
ချူးကွမ်းမင်ပင်လျှင် ချွင်းချက်မဟုတ်ပေ။ ‘ငါမထွက်သွားမိတာ ကျေးဇူးတင်ရမယ်။ တကယ်ကိုပြဇာတ်ကောင်းတစ်ပုဒ်ကိုကြည့်လိုက်ရတာပဲ!’
ထို့နောက် ချူးကွမ်းမင်က ကျောက်ဝမ်မန့်ကို စိတ်ပျက်ရွံရှာသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ‘ဒီမစ္စကျောက်က သခင်လေးယန်ကို အမျိုးသားပြည့်တန်ဆာလို့ခေါ်ရဲတဲ့အထိ တော်တော်ရဲတင်းတာပဲ။ သခင်လေးယန် ဒီလောက်အထိပြန်လည်တိုက်ခိုက်တာ မထူးဆန်းတော့ပါဘူး။ Zမြို့မှာ သခင်လေးယန်ကို အာခံရင် ဆိုးဆိုးရွားရွားဒဏ်ပြန်ခံရမယ်ဆိုတာ ဘယ်သူကများမသိကြလို့လဲ?’
ဒီလိုနှင့်ပင် နာမည်ကြီးလုပ်ငန်းကြီးတစ်ခုမှ ရုတ်တရက် နေ့တွင်းချင်းမှာပဲ ပိုင်ရှင်ပြောင်းသွားတော့သည်။
ချူးကွမ်းမင် သက်ပြင်းသာချမိတော့သည်။ ‘ကျောက်ဟွေ့ချင်ကတော့ ဒီလိုပရမ်းပတာသမီးမျိုးရထားတာ တကယ်ကိုကံထူးတာပဲ။’ သို့ပေမယ့် သူနားမလည်နိုင်သည့်အပိုင်းရှိနေတုန်းပင်။ ‘ဒါပေမယ့် ဒီကိစ္စတွေနဲ့ မစ္စကျောက် အဲ့လူကိုလက်ထပ်တာနဲ့ ဘာများဆိုင်နေလို့လဲ?’
ကျောက်ဟွေ့ချင်တစ်ယောက် မျက်စံလည်သွားကာ ခန္ဓာကိုယ်က ယိုင်ကျသွားတာကြောင့် အတွင်းရေးမှူးလင်းက အမြန်ဝင်တွဲပေးလိုက်ရသည်။ မဟုတ်ပါက သူ ကြမ်းပြင်ပေါ်ပြုတ်ကျသွားလောက်ပြီပင်။
“ဥက္ကဌ အဆင်ပြေရဲ့လား?” အတွင်းရေးမှူးလင်းက စိုးရိမ်တကြီးမေးလိုက်သည်။
ကျောက်ဟွေ့ချင်သည်တော့ သူ့အတွင်းရေးမှူးကို လျစ်လျူရှုကာ ယိုင်ထိုးနေလျက်နှင့်ပင် ယန်စစ်မင်အနားသို့ရောက်အောင်သွားလိုက်ပြီး ထိတ်လန့်တုန်လှုပ်မှုအပြည့်ဖြင့် မေးလိုက်သည်။ “သခင်လေးယန်၊ မင်း…မင်းပဲ ဟွေ့ချင်အုပ်စုကို လွှတ်ပေးပါမယ်လို့ပြောခဲ့တယ်မဟုတ်ဘူးလား?”
ယန်စစ်မင် ရယ်လိုက်ပြီး၊ “ကျောက်ဟွေ့ချင် ကျွန်တော် အဲ့လိုစကားမျိုး ဘယ်တုန်းကများပြောခဲ့ဖူးလို့လဲ?”
ကျောက်ဟွေ့ချင်၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ သူက ရှောင်လင်းယွီကိုကြည့်လိုက်ပြီး၊ “သခင်လေးယန်၊ မင်းပဲ ဟွေ့ချင်အုပ်စုရဲ့ကံကြမ္မာကို ရှောင်လင်းယွီကိုဆုံးဖြတ်ခွင့်ပေးမယ်ဆို။ ကျွန်တော် သူတောင်းဆိုတဲ့အချက်နှစ်ချက်လုံးကိုလည်း ဖြည့်ဆည်းပေးပြီးသွားပြီ။ သူကလည်း ဟွေ့ချင်အုပ်စုဒေဝါလီမခံရအောင် ကာကွယ်ပေးမယ်လို့ ကတိပေးထားတယ်။ ဒါကို မင်းဘယ်လိုများ…” ငါ့ကို ဒီလိုလုပ်နိုင်ရတာလဲ?
ယန်စစ်မင် မြေခွေးတစ်ကောင်လိုပြုံးလိုက်ပြီး၊ “ကျောက်ဟွေ့ချင်၊ ခင်ဗျားပြောတာမှန်ပါတယ်။ ကျွန်တော့်ရဲ့ဗျောက်အိုးလေးက ဟွေ့ချင်အုပ်စုကို ဒေဝါလီမခံရအောင် ကယ်ပေးခဲ့တာပဲလေ၊ မဟုတ်လို့လား? ဒါပေါ့ ကျွန်တော်လည်း သူ့ကိုကျေးဇူးတင်ရမယ်၊ သူ့ကြောင့်မလို့ လုပ်ငန်းကြီးတစ်ခုကို သိမ်းပိုက်ဖို့လုပ်နိုင်ခဲ့တာလေ။”
ယန်စစ်မင်က တစ်ဖက်သို့လှည့်ကာ ရှောင်လင်းယွီ၏ပုခုံးကိုဖက်လိုက်သည်။ သူက သူမဆံနွယ်များကိုနမ်းရင်းဖြင့်ပင် ဆက်ပြောလာခဲ့သည်။ “ပြီးတော့… ယန်လုပ်ငန်းစုရဲ့လက်အောက်မှာဆို ဟွေ့ချင်အုပ်စုအတွက်လည်း ပိုပြီးကောင်းလာမှာလေ။ ဒီတော့ ကျွန်တော့်ကတိကိုကျွန်တော် တည်ပေးခဲ့တာပဲမဟုတ်ဘူးလား? ဟွေ့ချင်အုပ်စုမှာ ပိုပြီးတောက်ပတဲ့အနာဂါတ်တစ်ခုပါရှိလာပြီ။ ကွာခြားသွားတာဆိုလို့ ပိုင်ရှင်မတူတော့ရုံလေးပဲ။ အခုဆို ကုမ္ပဏီက ကျောက်မိသားစုပိုင်မဟုတ်တော့ဘူး။”
“မဖြစ်ဘူး… မဖြစ်ရဘူး….” ကျောက်ဟွေ့ချင် ဘယ်လိုမှလက်မခံနိုင်ပေ။ သူ့အကြည့်များက ယန်စစ်မင်နှင့်အနီးကပ်ဆုံးဖြစ်နေသည့် ရှောင်လင်းယွီထံရောက်သွားသည်နှင့် ချက်ချင်းပင် တောင်းပန်ခယတော့သည်။ “မစ္စရှောင်၊ ငါတောင်းဆိုပါတယ်။ ငါတို့ကိုကူညီပေးပါ။”
ထို့နောက် ကျောက်ဟွေ့ချင်၏အကြည့်တို့က ချန်းယန်ထံသို့ပြောင်းသွားခဲ့သည်။
***