← Chapters

ကျောက်ဝမ်မန့်၏ရူးသွပ်မှု

Vol. 2 Ch. 28

ကျောက်ဝမ်မန့်၏ရူးသွပ်မှု

Vol. 2 Ch. 28

ချန်းယန်သည်လည်း ဟွေ့ချင်အုပ်စုကို သခင်လေးယန်က သူ့လုပ်ငန်းစုလက်အောက်သို့ သိမ်းယူတော့မည်ဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် ခေါင်းတည့်တည့်မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူက အခုတင်ပဲ ကျောက်ဝမ်မန့်ကိုလက်ထပ်ခဲ့ပေမယ့် နာရီပင်မခြားဘဲ အရာရာတိုင်းကို ဆုံးရှုံးရတော့မလိုဖြစ်နေပေပြီ။ ဒါပေါ့ ဒီအတိုင်းဘာမှမလုပ်ဘဲ မထားနိုင်ပေ။

ယန်စစ်မင်က ရှောင်လင်းယွီကိုပေးထားသည့် ကတိအားတည်ကာ ဟွေ့ချင်အုပ်စုနှင့်ပူးပေါင်းမှုရပ်ဆိုင်းထားသည်အား ရုတ်သိမ်းပေးခဲ့သည်။ ဒါပေမယ့် တချိန်တည်းမှာပဲ…

ယန်စစ်မင် တကယ်ကလိမ်ကကျစ်ကျတာပဲ!

ယန်စစ်မင်ကို ချန်းယန် အလွန်ဒေါသထွက်သွားသော်လည်း သူလုပ်နိုင်တာဘာမှမရှိပေ။

ထိုအချိန်မှာပဲ ကျောက်ဟွေ့ချင်၏အကြည့်ကိုတွေ့လိုက်တာကြောင့် နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ချန်းယန်တစ်ယောက် ရှောင်လင်းယွီအနားသို့ လျှောက်သွားလိုက်သည်။ သူက ရှောင်လင်းယွီ၏လက်ကို လှမ်းကိုင်လိုက်ချင်သော်လည်း ယန်စစ်မင်က ချက်ချင်းပင် သူ့ကိုသရော်သည့်အကြည့်ဖြင့် ကြည့်လာခဲ့သည်။ ထိုအကြည့်ကြောင့် ချန်းယန်၏မျက်နှာမှာ လောင်ကျွမ်းသွားမလိုခံစားလိုက်ရသည်။ သူ ရှက်လည်းရှက်သလို ကြောက်လည်းကြောက်သွားခဲ့သည်။ ထိုကြောင့် သူ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်ကာ မျက်လုံးထဲတွင်တော့ အပြစ်ရှိစိတ်အရိပ်အယောင်တချို့ဖြတ်ပြေးသွားလေသည်။

ချန်းယန်က အလွန်ချစ်မြတ်နိုးမှု၊ နာကျင်မှုနှင့် တောင်းဆိုလိုစိတ်များပါဝင်သည့် အကြည့်ဖြင့် ရှောင်လင်းယွီကို ကြည့်လိုက်သည်။ “ယွီအာ၊ ကိုယ်တို့ကိုသက်ညှာပေးဖို့ သခင်လေးယန်ကို ပြောကြည့်ပေးလို့ရမလား? ကိုယ့်…ကိုယ့်တစ်ဘဝလုံး မင်းကိုကျေးဇူးတင်နေမှာပါ။”

ရှောင်လင်းယွီက သူ့ကိုကူညီကာ ဟွေ့ချင်အုပ်စုနှင့်ပူးပေါင်းမှုရပ်ဆိုင်းခြင်းကို ရုတ်သိမ်းရန် သခင်လေးယန်ကိုပြောပေးခဲ့တာကြောင့် သူမ အခုထိ သူ့ကိုချစ်နေသေးသည်ဟု ယုံကြည်နေခဲ့သည်။ ရှောင်လင်းယွီက ချန်းယန်ကိုချစ်ကာ ယန်စစ်မင်ကလည်း ရှောင်လင်းယွီကိုစွဲလမ်းနေသည်။ ထိုကွင်းစက်ကိုကြည့်လိုက်ခြင်းဖြင့် ချန်းယန်၏တောင်းဆိုချက်ကို ယန်စစ်မင်ကနားထောင်ပေးလိမ့်မည်ဟု ဆိုလိုသွားသည်။

ချန်းယန်တင်မကဘဲ ကျောက်ဟွေ့ချင်နှင့် ကျောက်ဝမ်မန့်တို့သည်လည်း ထိုအတိုင်းပင် ယုံကြည်နေကြသည်။

ချန်းယန်၏မျက်လုံးထဲမှာ အချစ်စိတ်တို့က မည်မျှနက်ရှိုင်းလှမှန်း ကျောက်ဝမ်မန့်မြင်တွေ့နေရသည်။ သူမလက်ကို တင်းတင်းဆုပ်ထားတာကြောင့် လက်သည်းရှည်များက သူမ၏လက်ဖဝါးကိုထိုးခွဲကာ သွေးများပင်ထွက်လာခဲ့သည်။ သူမမျက်လုံးထဲတွင် မုန်းတီးစိတ်များလျှံထွက်နေသည်။ တခါက သူမခြေထောက်အောက်မှာ နင်းချေခဲ့သည့်မိန်းမသည် အခုတော့ သူမတို့၏အသက်ကိုကယ်တင်မည့်သူဖြစ်လာခဲ့သည်။ ဒါ့အပြင် သူမအစွမ်းရှိသမျှပုံအပ်ကာဆွဲဆောင်ထားခဲ့သည့်အမျိုးသားသည်လည်း အခုထိ ရှောင်လင်းယွီကို မမေ့နိုင်သေးပေ။

ကျောက်ဝမ်မန့်၏နှလုံးသားထဲမှာ အမုန်းတရားမှာ ဖော်ပြ၍ပင်မတတ်နိုင်တော့ပေ။

သို့ပေမယ့် လောလောဆယ်တွင် သူမလုပ်နိုင်တာဘာမှမရှိပေ။ သူမကိုယ်တိုင်နှင့် ကျောက်မိသားစုတစ်ခုလုံး၏ကံကြမ္မာမှာ ရှောင်လင်းယွီ၏လက်ထဲတွင် ရှိနေလေသည်။

ထို့ကြောင့် ကျေက်ဝမ်မန့်ဘာမှမလုပ်နိုင်ဘဲ သူမ၏အသစ်စက်စက်ခင်ပွန်းက သူ့ရည်းစားဟောင်းကို ခယနေသည်အားမြင်ရတာတောင်မှ သူမဒေါသကို မြိုသိပ်နေရုံသာတတ်နိုင်တော့သည်။

ထိုအချိန်တွင် လူတိုင်းက ချန်းယန်၊ ရှောင်လင်းယွီနှင့် ယန်စစ်မင်တို့ကိုသာ အာရုံစိုက်ထားကြသည်။

လေထုက အလွန်တိတ်ဆိတ်ကာ နေရခက်လှသည်။

ချန်းယန်ကို ရှောင်လင်းယွီကြည့်လိုက်သည်။ ချန်းယန်၏အပြုအမူများက သူမကိုရွံရှာလာစေခဲ့သည်။

အတိတ်ဘဝတွင် ရှောင်လင်းယွီသည် ချန်းယန်ကို အလွန်နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ကာ သူပြောသမျှကို ယုံကြည်ခဲ့သည်။

သူမ ရှောင်ထုန်ကိုမွေးပြီးနောက် သူမ၏ကောလိပ်ကျောင်းနေဖက်ဟောင်းနှင့်သာ မတွေ့ခဲ့ပါက အဖြစ်မှန်များကို မတော်တဆတွေ့ရှိခဲ့ရမည်မဟုတ်ဘဲ သူမ၏လက်ကျန်ဘဝတစ်လျှောက်လုံး အမှောင်ထဲတွင်သာ ပိတ်မိနေခဲ့လိမ့်မည်။

ထို့ကြောင့် အတိတ်ဘဝက ချန်းယန်ကို ဘယ်လောက်ပဲချစ်ခဲ့ချစ်ခဲ့ ထိုအချစ်တွေအားလုံး လွင့်ပြယ်သွားပေပြီ။ ဒါ့အပြင် ယခုအချိန်တွင် သူမလည်း ဘဝအသစ်တွင်ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်တာကြောင့် အမှန်တရားကို ရှင်းရှင်းလင်းလင်းပိုသိမြင်လာခဲ့သည်။

ဒီတော့ သူမက ဘာအတွက်ကြောင့် ချန်းယန်အတွက်နှင့် ယန်စစ်မင်ကို တောင်းဆိုပေးရမှာလဲ?

ဒါကြောင့်…

ရှောင်လင်းယွီ၏နှုတ်ခမ်းထက်တွင် အပြုံးရိပ်ရိပ်ရှိနေကာ ထိုအပြုံးထဲတွင်တော့ အထင်သေးစက်ဆုပ်မှုများပြည့်နေကြောင်း မြင်သာလှသည်။

ရှောင်လင်းယွီတစ်ယောက် ချန်းယန်ကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် မေးလိုက်သည်။ “ချန်းယန်၊ ကျွန်မရှင့်ကိုယ်စားတောင်းပန်ပေးလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီးများတွေးလိုက်တာလဲ? အဲ့လိုလုပ်ပေးရအောင် ရှင်ကဘာမို့လို့လဲ?”

လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသားပင်။ ရှောင်လင်းယွီက သူ့ရည်းစားဟောင်းကို ဒီလောက်ရက်ရက်စက်စက်ပုံစံဖြင့် စွန့်ပစ်လိုက်လိမ့်မည်ဟု ဘယ်သူမှမမျှော်လင့်ထားခဲ့ပေ။

မကြာသေးခင်လေးကတင် သူမက ချန်းယန်ကို ချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် ယန်ကောဟုပင်ခေါ်နေခဲ့သေးသည်မဟုတ်လား။ အခုကျ တခါတည်း စားပွဲလှန်လိုက်သလိုမျိုး မုန်းတီးရွံရှာမှုများပြည့်နေသည့်ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။

ချန်းယန်သည်လည်း ရှောင်လင်းယွီကြောင့် အံ့ဩသွားခဲ့သည်။ ထိတ်လန့်မှုများက မျက်လုံးထဲတွင်ထင်ဟက်နေကာ ရှောင်လင်းယွီကိုကြည့်နေခဲ့သည်။ သူမ ဒီလောက်အထိ အကြင်နာမဲ့လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ထိုအချိန်တွင်ပဲ တချိန်လုံးနှုတ်ဆိတ်နေခဲ့သည့် ကျောက်ဝမ်မန့်က ပေါက်ကွဲလာခဲ့သည်။ ဒေါသတွေကို တလျှောက်လုံးဖိနှိပ်ထားခဲ့ရတာကြောင့် သူမ၏ပေါက်ကွဲမှုက မီးတောင်တစ်ခုလိုပင်။ အရာအားလုံးကိုဖျက်ဆီးသွားတော့မည်အတိုင်းပင်။

သူမက ရှောင်လင်းယွီကို လက်ညှိုးထိုးကာ ဒေါသတကြီးအော်ဟစ်သောင်းကျန်းတော့သည်။ “ရှောင်လင်းယွီ၊ ဒီခွေးမ၊ ဘယ်လိုအတုအယောင်တွေလာလုပ်နေတာလဲ? နင်ပဲ အစောကတင် ငါ့ယောက်ျားကို ယန်ကောဆိုပြီးပျားရည်စိမ်ထားတဲ့အသံမျိုးနဲ့ခေါ်နေခဲ့တာမဟုတ်ဘူးလား? အခုကျ ဘာလို့ သူ့ကိုမကူညီပေးရတာလဲ?”

“ငါသိနေတယ်၊ နင်က ငါတို့ကိုအရုပ်တွေလို ကစားနေတာပဲ။ ချန်းယန် နင့်ကိုသစ္စာဖောက်သွားတဲ့အတွက် နင် လက်စားပြန်ချေနေတာမဟုတ်လား? ဒါကြောင့်ပဲ သခင်လေးယန်ကို နင်အသုံးချနေတာ။ ဟွေ့ချင်အုပ်စုကို သိမ်းပိုက်လိုက်ဖို့ သခင်လေးယန်ကိုပြောခဲ့တာလဲ နင်ပဲမဟုတ်လား? ဒီလိုဆို ချန်းယန်က ရွေးချယ်စရာမရှိတော့ဘဲ နင့်ကိုတောင်းပန်ခယလာရတော့မယ်၊ နင်ကလည်း ဒီအခွင့်အရေးကို အမိအရယူပြီး သူ့ကိုပြန်ဆွဲထားမှာမဟုတ်လား!”

“ခွေးမ၊ ငါနင့်ကိုပြောလိုက်မယ်။ ချန်းယန်နဲ့ငါကလက်ထပ်ပြီးသွားပြီ။ ငါတို့ဘယ်တော့မှ ကွာရှင်းမှာမဟုတ်ဘူး။ အိပ်မက်မက်မနေနဲ့။ နင် ငါတို့နှစ်ယောက်ကြား ဘယ်တော့မှ ဝင်နိုင်မှာမဟုတ်ဘူး!”

“နင့်အတွက် ဘယ်ဟာပိုကောင်းမလဲဆိုတာသိရင် လိမ်လိမ်မာမာနဲ့ ငါ့ယောက်ျားကို အခုချက်ချင်းပြန်တောင်းပန်ပြီး သခင်လေးယန်ကိုလည်း ဟွေ့ချင်အုပ်စုကို အလွတ်ပေးဖို့ တောင်းဆိုလိုက်။ ဒီလိုဆို ငါက သဘောထားကြီးကြီးနဲ့ အနာဂါတ်မှာ နင့်ကိုငါ့ယောက်ျားနဲ့တွေ့ခွင့်ပေးရတာပေါ့…”

လူအုပ်ကြီးမှာ အံ့ဩမှုအပြည့်ဖြင့် ကျောက်ဝမ်မန့်ကို ကြည့်နေမိကြသည်။ ‘ဒီမိန်းမရူးသွားတာလား? ဒါ သူ့ရဲ့ တစ်ယောက်ယောက်ကို တောင်းဆိုတဲ့နည်းလမ်းလား?’

“ပါးစပ်ပိတ်စမ်း!” ကျောက်ဟွေ့ချင် ဒေါသတကြီးအော်လိုက်ကာ ကျောက်ဝမ်မန့်ကို ထပ်ပြီး ခပ်ပြင်းပြင်းပါးချလိုက်ပြန်သည်။ သူ့တစ်ကိုယ်လုံးသည်လည်း ဒေါသထွက်လွန်း၍ တုန်ရီနေခဲ့သည်။ သူ့သမီးဘာလို့များ ဒီလောက်တောင် မိုက်မဲရလဲဆိုတာ သူနားမလည်နိုင်တော့ပေ။

အခုချိန်မှာ သူတို့က ရှောင်လင်းယွီ၏သနားကြင်နာမှုကို လိုအပ်နေတာဖြစ်သည်။ သူမ ရှောင်လင်းယွီကို ‘ခွေးမ’လို့ခေါ်နေတဲ့အချိန် သခင်လေးယန်ရဲ့အမူအရာက ဘယ်လောက်တောင်မဲမှောင်နေလဲဆို သူမမြင်နိုင်ဘူးလား?

သူက ဝင်ကူညီနေတာမဟုတ်ဘဲ ကိစ္စတွေကိုပိုဆိုးအောင်လုပ်နေတာပဲ!

ကျောက်ဝမ်မန့်တစ်ယောက် သူမအဖေထံမှ ပါးရိုက်ခံလိုက်ရသည်နှင့် သူမခေါင်းပေါ်သို့ ရေခဲရေတစ်ပုံးလောင်းချခံလိုက်ရသလိုမျိုး ခံစားလိုက်ရကာ ချက်ချင်းပင် အသိစိတ်ပြန်ဝင်လာခဲ့သည်။ သူမ၏အမူအရာကိုမမြင်နိုင်လောက်သည်အထိ သူမမျက်နှာမှာ ယောင်ကိုင်းနေသော်လည်း သူမ၏မျက်လုံးများတွင်တော့ ကြောက်ရွံ့မှုများပေါ်လွင်နေခဲ့သည်။ သူမအမှားလုပ်မိပြီမှန်း သူမကိုယ်တိုင်လည်း သတိထားမိသွားပုံပင်။ ဒါကြောင့် မြန်မြန်ပဲ ခေါင်းကိုပြန်ငုံ့ကာ ပါးစပ်ပိတ်သွားတော့သည်။

ကျောက်ဝမ်မန့်ကို ပါးရိုက်ပြီးသည်နှင့် ရှောင်လင်းယွီကိုတောင်းပန်ရန် ကျောက်ဟွေ့ချင်ပြင်လိုက်သည်။ “ရှောင်…”

“မစ္စကျောက်ပြောတာ မှန်ပါတယ်။” ကျောက်ဟွေ့ချင်ဘာမှမပြောနိုင်သေးခင် ရှောင်လင်းယွီက သူ့စကားကိုဝင်ဖြတ်လိုက်သည်။

ကျောက်ဟွေ့ချင် မျက်မှောင်ကြုတ်သွားကာ နားမလည်နိုင်သည့်အမူအရာဖြင့် ရှောင်လင်းယွီကိုကြည့်လိုက်သည်။ သူမဘာကိုပြောချင်မှန်း သူနားမလည်နိုင်ခဲ့ပေ။

ရှောင်လင်းယွီကလည်း သူနားလည်သွားစေရန် သေချာပြန်ပြောလာပေးလေသည်။ သူမကပြုံးလိုက်ပြီး၊ “ဟွေ့ချင်အုပ်စုကိုသိမ်းဖို့ သခင်လေးယန်ကိုပြောလိုက်တာ ကျွန်မပဲလေ။”

သူမ၏အပြုံးမှာ အလွန်ဆွဲဆောင်မှုရှိလှသည်။

“ဒါ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

လူတိုင်းသည်လည်း မယုံကြည်နိုင်ဖြစ်သွားလေသည်။ ရှောင်လင်းယွီက တစ်နေ့တည်းမှာပဲ သူတို့ကိုအမျိုးမျိုးအံ့ဩအောင်လုပ်နေခဲ့သော်လည်း အခေါက်တိုင်းမအံ့ဩမိဘဲ မနေနိုင်ခဲ့ပေ။ ‘ဒါ သူတို့သိထားတဲ့ရှောင်လင်းယွီနဲ့ တစ်ယောက်တည်းရောဟုတ်သေးရဲ့လား? ဘာလို့ ဒီလောက်တောင် အများကြီးပြောင်းလဲသွားရတာလဲ!’

ကျောက်ဟွေ့ချင်နှင့်ချန်းယန်သည်လည်း မယုံကြည်နိုင်စွာ မျက်လုံးများပြူးကုန်ကြသည်။ ခေါင်းငုံ့ထားသည့် ကျောက်ဝမ်မန့်သည်လည်း ချက်ချင်းပင် ပြန်မော့လာကာ သူမ၏နီရဲကာ ယောင်ရမ်းနေသည့်မျက်လုံးမှာ ပြူးကျယ်နေခဲ့သည်။

ကျောက်ဟွေ့ချင်၏အမြင်အာရုံတို့ မဲမှောင်သွားကာ တစ်ကိုယ်လုံးတုန်ရီနေခဲ့သည်။

သူက ရှောင်လင်းယွီကိုလက်ညှိုးထိုးလိုက်ပြီး၊ “ဒါ…ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းပဲကတိပေးခဲ့တယ်မဟုတ်ဘူးလား…”

ရှောင်လင်းယွီတစ်ယောက် အချိုသာဆုံးအပြုံးဖြင့်ပြုံးပြလိုက်ကာ၊ “ပြီးတော့ ကျွန်မကတိကိုကျွန်မ တည်ပေးခဲ့တယ်လေ။ ကျွန်မကတိပေးထားတာက ဟွေ့ချင်အုပ်စုနဲ့ယန်လုပ်ငန်းစုတို့ကြားက ပူးပေါင်းမှုရပ်ဆိုင်းတာကို ရုတ်သိမ်းပေးဖို့လေ၊ ကျွန်မရပ်ပေးခဲ့တာပဲ။ ဟွေ့ချင်အုပ်စုလည်း ဆက်ပြီးလည်ပတ်နေနိုင်တယ်လေ မဟုတ်ဘူးလား?”

ထို့နောက် ချက်ချင်းပင် သူမအမူအရာကအေးစက်သွားကာ၊ “ဒါပေမယ့် ကုမ္ပဏီကိုလက်လွှဲတာကတော့ မတူတဲ့ကိစ္စဖြစ်သွားပြီလေ… ဟွေ့ချင်အုပ်စုက ကျောက်မိသားစုပိုင်မဟုတ်တော့ဘူး။ သခင်လေးယန်ရဲ့ပိုင်ဆိုင်မှုထဲကတစ်ခု ဖြစ်သွားပြီ!”

***

All Chapters