← Chapters

သွေး

Vol. 2 Ch. 29

သွေး

Vol. 2 Ch. 29

ထူးဆန်းသည့်တိတ်ဆိတ်မှုကြီးက အစားထိုးဝင်ရောက်လို့လာသည်။

လူတိုင်းက သူတို့ ဂြိုဟ်သားတစ်ယောက်ကိုတွေ့နေရသလိုမျိုး မယုံကြည်နိုင်သည့်အကြည့်များဖြင့် ရှောင်လင်းယွီကို ကြည့်နေကြသည်။

အရင်ကတော့ ဒါတွေအားလုံး ချန်းယန်အတွက် ရှောင်လင်းယွီလုပ်ပေးနေခြင်းဖြစ်သည်ဟု သူတို့ထင်ခဲ့မိကြသည်။ သို့ပေမယ့် အခုချိန်မှာတော့ ရှောင်လင်းယွီက သူမကိုမကောင်းကြံခဲ့သည့်လူများ ခုန်ချစေရန်အလို့ငှာ တွင်းကြီးကြီးတူးပေးနေခြင်းသာဖြစ်သည်။

မိန်းမတစ်ယောက်၏ရန်ငြှိုးထက် ပိုပြီးကြောက်စရာကောင်းတာဟူ၍မရှိတော့ပေ။ သူတို့သာ အမုန်းတရားနှင့်ရန်ငြှိုးရှိသွားပြီဆိုလျှင် လက်စားချေဖို့အတွက် ကမ္ဘာကြီးကိုပင် ဖျက်ဆီးကြမည့်သူများဖြစ်သည်။

ကျောက်ဟွေ့ချင် မုန်းတီးမှုအပြည့်ဖြင့် ရှောင်လင်းယွီကိုစိုက်ကြည့်လိုက်ပြီး တုန်ရီနေသည့်လက်ညှိုးဖြင့် ထိုးကာ ဒေါသတကြီးအော်ဟစ်တော့သည်။ “ရှောင်လင်းယွီ၊ မင်းက ငါတွေ့ဖူးသမျှထဲမှာ အဆိပ်အပြင်းဆုံးမိန်းမပဲ။ မင်းကိုသစ္စာဖောက်သွားတာ ချန်းယန်လေ။ မင်းလက်စားချေချင်ရင် သူ့ကိုပဲချေရမှာပေါ့။ ဘာလို့ ငါတို့ကျောက်မိသားစုတစ်ခုလုံးကိုပါ ဆွဲသွင်းရတာလဲ? မင်းဝဋ်ပြန်လည်မှာမကြောက်ဘူးလား?”

ရှောင်လင်းယွီကတော့ ကျောက်ဟွေ့ချင်၏လောင်ကျွမ်းတော့မတတ်ဒေါသတရားများကြောင့် နည်းနည်းလေးမျှတုန်လှုပ်မသွားခဲ့ပေ။ “ကျွန်မ သူ့ကိုလက်စားမချေဘူးလို့ဘယ်သူပြောလဲ? ချန်းယန်က အခုဆို ရှင့်ရဲ့သားမက်ဖြစ်နေပြီဆိုတာ မေ့သွားတာလား? သူက ရှင်နဲ့အနီးစပ်ဆုံးပတ်သတ်နေတဲ့ ကျောက်မိသားစုဝင်ဖြစ်နေပြီ! ဒါကသာ ကျောက်မိသားစုပြိုလဲသွားရင် သူ့ရဲ့အာဏာပါတခါတည်းဆုံးရှုံးသွားစေဖို့ အသေချာဆုံးနည်းလမ်းပဲ။”

လူအုပ်ကြီးမှာ ထိုထက်ပိုပြီးပါးစပ်အဟောင်းသားမဖြစ်ဘဲမနေနိုင်တော့ပေ။ ရှောင်လင်းယွီ၏ရက်စက်လွန်းသည့်နည်းလမ်းကြောင့် သူတို့ထိတ်လန့်နေမိကြသည်။ ချန်းယန်ကို ကျောက်ဝမ်မန့်နဲ့လက်ထပ်ခိုင်းတာ ဒီအခြေအနေအတွက်ကြိုတင်ပြင်ဆင်ထားချင်တာကြောင့်ပေါ့။

လက်ရှိတွင် ကျောက်ဟွေ့ချင်၏စကားကိုထောက်ခံကြသည့်လူအနည်းငယ်ရှိလာသည်။ ရှောင်လင်းယွီက သူတို့တွေဖူးသမျှထဲမှာ အဆိပ်အပြင်းဆုံးမိန်းမပဲ။

ကျောက်ဟွေ့ချင်၏မျက်နှာမှာ သွေးမရှိတော့သလိုဖြူစွတ်သွားလိုက် တဖန်ဒေါသကြောင့် ပြန်ရဲတက်လာလိုက်နှင့် ပြင်းထန်လွန်းသည့်စိတ်အခြေအနေဖိအားများကြောင့် သူ့ခန္ဓာကိုယ်မှာ ဆက်ပြီးတောင့်မခံထားနိုင်တော့ဘဲ ပြိုလဲသွားတော့သည်။

အတွင်းရေးမှူးလင်းက သူ့ကိုဘေးကတွဲထားခြင်းကြောင့်သာမဟုတ်လျှင် သေချာပေါက် ကြမ်းပြင်ပေါ်လဲကျသွားလောက်ပြီပင်။

“ဥက္ကဌ သတိထားပါဦး!”အတွင်းရေးမှူးလင်းက စိုးရိမ်တကြီးအော်ဟစ်လိုက်ကာ တချိန်တည်းမှာပဲ သူမသူဌေးအတွက် ဝင်ပြောပေးလာသည်။ “မစ္စရှောင်၊ မင်းလက်စားချေချင်တယ်ဆိုလည်း မင်းအပေါ်အမှားလုပ်ခဲ့တဲ့သူတွေအပေါ်ပဲ လက်စားချေသင့်တယ်။ ချန်းယန်က သူ့ရည်ရွယ်ချက်ပြည့်ဖို့အတွက် မင်းကိုသစ္စာဖောက်ခဲ့တယ်ဆိုမှတော့ သူ့ကိုပဲပစ်မှတ်ထားပေါ့။ ဘာလို့ အပြစ်မဲ့တဲ့လူတွေကိုပါ ဆွဲထည့်ရတာလဲ?”

ရှောင်လင်းယွီ ပြုံးလိုက်သည်။ “အတွင်းရေးမှူးလင်း၊ ရှင်ပြောတာ အရမ်းမှန်တာပဲ။ ကျွန်မလည်း ကျွန်မအပေါ်မှားခဲ့တဲ့လူတွေအပေါ်ပဲ အတိအကျကိုပစ်မှတ်ထားနေတာပါ။”

“ကျောက်ဝမ်မန့်သာ တောက်ပတဲ့အနာဂါတ်နဲ့ငွေကြေးဂုဏ်ဒြပ်တွေပေးပါ့မယ်ဆိုပြီး ချန်းယန်ကို မဆွဲဆောင်ခဲ့ရင် ချန်းယန်က ကျွန်မကိုသစ္စာဖောက်ပါ့မလား? ပြီးတော့ ကျောက်ဝမ်မန့်က ဒီပစ္စည်းဥစ္စာတွေကိုသုံးပြီး ဘယ်လိုလုပ်ချန်းယန်ကိုဆွဲဆောင်နိုင်တာလဲ? ဘာလို့ဆို သူက မိသားစုကောင်းမှာမွေးခဲ့ပြီး သူ့ကိုအဆုံးမရှိအလိုလိုက်ဖြည့်ဆည်းပေးမယ့် အဖေတစ်ယောက်ရှိနေတာကြောင့်ပဲမဟုတ်ဘူးလား?”

“ဒါပေမယ့် အဆင်ပြေပါတယ်။ ချန်းယန်က ကျွန်မတို့ရဲ့ဆယ်စုနှစ်တစ်ခုစာဆက်ဆံရေးကို သစ္စာဖောက်ပြီး အဲ့ဒီဂုဏ်ဒြပ်တွေကိုရွေးချယ်လိုက်ကတည်းက ကျွန်မရှုံးတာကို ကျွန်မဝန်ခံတယ်။ ကျွန်မကလည်း မဖြစ်သင့်တော့တဲ့ဆက်ဆံရေးတစ်ခုကို ဘယ်တုန်းကမှ ဖိအားပေးဖို့စိတ်မဝင်စားဘူး။

ဒါပေမယ့် ကျောက်ဝမ်မန့်က ကျွန်မကိုအလွတ်မပေးချင်ဘူးလေ။ သူက ကျွန်မကိုဖျက်ဆီးပစ်ချင်နေတာ။ သူက ယုတ်မာရက်စက်လွန်းတဲ့နည်းလမ်းနဲ့ ကျွန်မကိုဆေးခပ်ပြီး ကျွန်မဂုဏ်သိက္ခာကိုဖျက်ဆီးပစ်ချင်တာလေ။ ဒီကိစ္စကြောင့် ကျွန်မရဲ့စိတ်ထဲမှာ အမာရွတ်အကြီးကြီးထင်ကျန်သွားပြီ။”

“ကျောက်ဟွေ့ချင်သာ သူ့သမီးကို ဒီလောက်မောက်မာနိုင်တဲ့အထိ အရမ်းအလိုမလိုက်ခဲ့ဘူးဆိုရင် ကျောက်ဝမ်မန့်ကလည်း ဒီလိုကိစ္စမျိုးအထိလုပ်ရဲစရာအကြောင်းမရှိဘူးလေ။

ကျွန်မသာ စိတ်ပိုင်ဆိုင်ရာသန်မာမှုမရှိတဲ့မိန်းကလေးဆိုရင် ဒီလိုအသရေဖျက်စွပ်စွဲခံရတဲ့အခြေအနေကြီးကို တောင့်ခံနိုင်မယ်ထင်နေလား?

ဒီတော့ အတွင်းရေးမှူးလင်းကို မေးပါရစေ။ ကျွန်မ အပြစ်မဲ့တဲ့သူတစ်ယောက်ယောက်ကိုများ ပါဝင်ပတ်သတ်စေမိလို့လား?”

အတွင်းရေးမှူးလင်းလည်း ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

ရှောင်လင်းယွီမှန်သည်။

ကျောက်ဝမ်မန့်သည် ရှောင်လင်းယွီထံမှ ချန်းယန်ကိုသာ ခိုးယူခဲ့မည်ဆိုလျှင် ကိစ္စတွေက ဒီလောက်အထိပြင်းထန်လာစရာအကြောင်းမရှိပေ။ ရှောင်လင်းယွီကလည်း သူမချစ်သူကိုသူမ မထိန်းသိမ်းထားနိုင်သည့်အတွက် အရှုံးကိုလက်ခံသွားမည်ဖြစ်သည်။

ဒါ့အပြင် ချန်းယန်နှင့်ရှောင်လင်းယွီသည် ၁၀စုနှစ်တစ်ခုကြာ တွဲခဲ့ကြသော်လည်း လက်မထပ်ကြရသေးပေ။ သူတို့အနေနှင့် တခြားအချစ်တစ်ခုကိုရွေးချယ်ပိုင်ခွင့် ကိုယ်စီရှိကြပေသည်။

သို့သော်လည်း ကျောက်ဝမ်မန့်က နောက်ဆုံးစည်းကိုဖြတ်ခဲ့သည်။ သူမက အလွန်နှလုံးသားကင်းမဲ့ကာ သူမနှလုံးသားမှာ မည်းနက်နေသည်။ ကျောက်ဝမ်မန့်သည် ရှောင်လင်းယွီထံမှ ချန်းယန်ကို ခိုးယူခဲ့သည်။ သူမထိုမျှနှင့်ရပ်လိုက်သင့်သော်လည်း ထိုသို့မလုပ်ခဲ့ပေ။

ရှောင်လင်းယွီနေရာမှာ ခံစားရမည့်ဘယ်သူမဆို သေချာပေါက် အလွန်ဒေါသထွက်ကြပေလိမ့်မည်။ ဒါကြောင့် သူတို့ကို ရှောင်လင်းယွီလိုမျိုး တူညီသည့်အခွင့်အရေးပေးလာမည်ဆိုလျှင် လက်စားမချေကြတော့ဘူးလား? ဘယ်ဖြစ်နိုင်မလဲ။

ဒီတော့ အကျဉ်းချုပ်ရလျှင် ကျောက်မိသားစုသည် ဟွေ့ချင်အုပ်စုနှင့်အရာရာတိုင်းကို ဆုံးရှုံးခဲ့ရသည့်အတွက် သူတို့ကိုယ်တိုင်ကိုသာ အပြစ်တင်ကြရမည်။

ရှောင်လင်းယွီက နှုတ်ဆိတ်နေသည့် အတွင်းရေးမှူးလင်းကိုကြည့်လိုက်သည်။ “ချန်းယန်နဲ့မစ္စကျောက်က အချစ်စစ်နဲ့ချစ်ကြတာမဟုတ်ဘူးလား? ဒါကြောင့် ကျွန်မလည်း သူတို့ကိုကောင်းချီးပေးပြီး နှစ်ယောက်သာမခွဲခွာရအောင်ပါလုပ်ပေးလိုက်တယ်လေ။ သူတို့ကြွယ်ဝမှုကို အတူမျှဝေနိုင်မှတော့ ခက်ခဲမှုကိုလည်း အတူတူရင်ဆိုင်ဖြတ်ကျော်ကြရမှာပေါ့! အတွင်းရေးမှူးလင်းရော ဘယ်လိုထင်လဲ?”

အတွင်းရေးမှူးလင်းခမျာ ဘာများပြောနိုင်တော့မည်နည်း?

သူမ ဘာကိုမျှမပြောနိုင်တော့ပေ။ ရှောင်လင်းယွီပြောသွားသမျှက အမှန်တရားတွေချည်းသာဖြစ်နေသည်။

ရှောင်လင်းယွီအတွက် ချန်းယန်အပေါ် အကြီးမားဆုံးလက်စားချေမှုမှာ ကျောက်ဝမ်မန့်ကို အရာအားလုံးဆုံးရှုံးသွားအောင်လုပ်ရန်ပင်ဖြစ်သည်။

ငွေမရှိ၊ အာဏာမရှိ၊ နောက်ခံတောင့်သည့်ချစ်သူတစ်ယောက်မရှိလျှင် သူ့အနာဂါတ်အတွက် ရည်မှန်းချက်ကြီးလွန်းသည့်လူငယ်တစ်ယောက်အတွက် အဆိုးရွားဆုံးကပ်ဘေးတစ်ခုဖြစ်သွားတာပဲ။ ဒါ့အပြင် သူ့ကိုဒီလိုကြုံတွေ့အောင်လုပ်ခဲ့သူက တစ်ခါက သူ့ကိုစွဲစွဲလမ်းလမ်းချစ်ခဲ့ဖူးသည့် မိန်းမတစ်ယောက်ဖြစ်နေပြန်သည်။

အမှန်တရားကို ချန်းယန်လက်မခံနိုင်ခဲ့ပေ။ ရှောင်လင်းယွီက သူ့အပေါ် ဤမျှရက်ရက်စက်စက်ပြုမူလိမ့်မည်ဟု သူမယုံကြည်ပေ။ သူ့မျက်နှာက ဖြူဖျော့နေကာ နောက်သို့ယိုင်သွားပြီး လဲကျတော့မတတ်ဖြစ်သွားသည်။

သူဘယ်လောက်နာကျင်နေလဲ သူ့မျက်နှာတွင်အတိုင်းသာပေါ်နေခဲ့သည်။

ရှောင်လင်းယွီက သူ့ကိုသစ္စာဖောက်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ချန်းယန်တစ်ယောက် အလွန်စိတ်ပျက်နေသည့်အကြည့်များဖြင့် ရှောင်လင်းယွီကိုကြည့်ကာ မယုံကြည်နိုင်စွာဖြင့် ခေါင်းကိုသာယမ်းနေမိသည်။ “ယွီအာ၊ မင်းကိုယ့်ကိုနောက်နေတာမဟုတ်လား? ဘယ်လိုလုပ် မင်းကိုယ့်ကို ဒီလောက်အထိမုန်းနေနိုင်မှာလဲ? ပြီးတော့ ဒီလိုနည်းလမ်းမျိုးကိုသုံးပြီး ကိုယ့်ကို လက်စားချေနိုင်မှာတဲ့လဲ? ကိုယ် ကျောက်ဝမ်မန့်နဲ့တွဲမိတာ မှားသွားမှန်း ကိုယ်ဝန်ခံပါတယ်။

ဒါပေမယ့် မင်းက ကိုယ်အချစ်ရဆုံးမိန်းကလေးဖြစ်နေတုန်းပဲလေ။ ကိုယ် ကျောက်ဝမ်မန့်နဲ့လက်ထပ်ပြီး ဥက္ကဌအသစ်ဖြစ်လာတာနဲ့ ဒီကုမ္ပဏီတစ်ခုလုံးလည်း ကိုယ့်လက်ထဲရောက်လာပြီ။ တစ်နေ့ ဒီကုမ္ပဏီကိုအပြည့်အဝထိန်းချုပ်နိုင်တာနဲ့ ကိုယ် ကျောက်ဝမ်မန့်နဲ့ကွာရှင်းပြီး မင်းနဲ့လက်ထပ်မှာပါ။ ဒီလိုဆို ကိုယ်တို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်အတူရှိနိုင်ပြီလေ။

ကိုယ်က ကိုယ်တို့နှစ်ယောက်ရဲ့အနာဂါတ်အတွက် တွေးခဲ့တာပါ။ ယွီအာ၊ ဘယ်လိုလုပ်ပြီး မင်းဒီလိုအကုန်လုံးကို ဖျက်ဆီးပစ်နိုင်ရတာလဲ? မင်းက ကိုယ်တို့နှစ်ယောက်ရဲ့ ပျော်ရွှင်ဖွယ်ရာအနာဂါတ်တစ်ခုလုံးကို ဖျက်ဆီးပစ်တာပဲ! ကိုယ့်ရဲ့ကြိုးစားမှုကို မင်းဘယ်လိုလုပ်ပြီးများနားမလည်နိုင်ရတာလဲ?”

ချန်းယန်၏စကားလုံးများက လူတိုင်းကိုထိတ်လန့်သွားစေလေသည်။ သူက တစ်ကြိမ်ပြီးတစ်ကြိမ် သူဘယ်လောက် အမှိုက်ဆန်လဲဆိုသည်အား သူ့ပါးစပ်နှင့်သူ သက်သေပြနေခဲ့သည်။

ယောက်ျားတစ်ယောက်အပေါ် အကဲဖြတ်ရာတွင် ရှောင်လင်းယွီ၏ဆုံးဖြတ်ချက်မှန်ခဲ့လေသည်။ ဒီလူက ကမ္ဘာပေါ်က အကြီးဆုံးအမှိုက်ပင်။

ချန်းယန်သည် သူ၏အကြံအစည်များကိုဖုံးကွယ်ကာ ကျောက်ဝမ်မန့်နှင့်အတူရှိခဲ့သည်။ သူဘယ်တုန်းကမှ သူမကိုမကြိုက်ခဲ့ပေ။ သူလိုချင်တာက သူမအဖေ၏ကုမ္ပဏီတစ်ခုတည်းသာဖြစ်သည်။ ဒီလူ… တော်တော်ကြောက်စရာကောင်းတာပဲ။

ဘယ်သူမှဘာမှမပြောနိုင်သေးခင်တွင်ပဲ အသားထဲသို့ဓားစိုက်သွားသည့်အသံတစ်သံက ရှင်းရှင်းလင်းလင်းထွက်လာခဲ့သည်။ တစ်ခါတည်း သွေးများကပါ လွင့်စင်လာခဲ့သည်။

“ချန်းယန်၊ အမှိုက်ကောင်၊ ငါနင့်ကိုသတ်မယ်!” ကျောက်ဝမ်မန့်သည် သစ်သီးခွဲဓားနှင့် ချန်းယန်၏ရင်ဘက်တည့်တည့်ကို ထိုးစိုက်လိုက်ခြင်းပင်။

သွေးများက ကျောက်ဝမ်မန့်အပေါ်စင်သွားသော်လည်း သူမကတော့ ဘာကိုမှ ခံစားမိပုံမရပေ။ ထို့နောက် သူမက ဓားကိုပြန်ဆွဲထုတ်လိုက်ကာ ဘာသတိပေးချက်မှမရှိဘဲ ရှောင်လင်းယွီဘက်သို့ လှည့်သွားပြီး အော်ဟစ်လိုက်သည်။ “ရှောင်လင်းယွီ၊ ခွေးမ နင်လည်းသေစမ်း!”

***

All Chapters