ကြေကွဲဖွယ်ဇာတ်သိမ်း
Vol. 2 Ch. 30
“ရှောင်လင်းယွီ၊ အားလုံးကိုနင်ဖျက်ဆီးခဲ့တာ! ငရဲကိုသွားစမ်း!” ကျောက်ဝမ်မန့် ရူးသွပ်စွာအော်ဟစ်လိုက်သည်။ သူမမျက်နှာသည် သွေးစက်များကြောင့် နီရဲနေပြီး အမူအရာမှာ ကြောက်စရာကောင်းလောက်အောင် ရှုံ့တွနေသည်။ အရိုးထဲအထိမုန်းတီးစိတ်များက သူမမျက်လုံးထဲတွင် ထင်ဟက်နေကာ ရှောင်လင်းယွီလည်ပင်းကိုချိန်ရွယ်ပြီး ဓားကိုကိုင်ထားခဲ့သည်။
ထိုကဲ့သို့သေရေးရှင်ရေးအခြေအနေမျိုးတွင် ယန်စစ်မင်က ဦးစွာလှုပ်ရှားလာခဲ့သည်။ သူက ရှောင်လင်းယွီကိုလက်မောင်းကနေဆွဲလိုက်ပြီး သူ့လက်များဖြင့်သိုင်းဖက်ကာ သူမကိုကာကွယ်ပေးလိုက်သည်။ ထို့နောက် သူက ပြန်လှည့်လိုက်ကာ ခြေထောက်ကိုမြှောက်ပြီး ကျောက်ဝမ်မန့်၏ဗိုက်ကိုကန်ချလိုက်သည်။ ထိုကန်ချက်က ကျောက်ဝမ်မန့်ကို မီတာများစွာအထိ လွင့်ထွက်သွားစေခဲ့သည်။
တချိန်တည်းတွင် အသံနှစ်သံထွက်ပေါ်လာခဲ့သည်။ တစ်သံက လေးလံသည့်အရာတစ်ခု ကြမ်းပေါ်ပြုတ်ကျသွားသည့်အသံဖြစ်ကာ ကျန်တစ်သံကတော့ အသီးခွဲဓားကြမ်းပြင်နှင့်ရိုက်မိသွားသံဖြစ်သည်။
“အား!” နာကျင်မှုကြောင့် ကျောက်ဝမ်မန့်အော်ဟစ်လိုက်သည်။ ထို့နောက် သူမဗိုက်ကိုကိုင်ကာ ညီးညူနေခဲ့သည်။ ထိုအချိန်မှာပဲ သူမ၏အောက်ပိုင်းများ သွေးများစီးလာခဲ့တာကြောင့် သူမပုံစံက ပိုတောင်ကြောက်စရာကောင်းသွားခဲ့သည်။
လူများမှာ သူမအတွက် သနားသည့်ခံစားချက်ဝင်ချင်သလိုဖြစ်သွားသော်လည်း အသီးခွဲဓားဖြင့်အထိုးခံထားရသည့် ချန်းယန်ကိုမြင်လိုက်ချိန်မှာတော့ ထိုမိန်းကလေး သူတို့သနားပေးရမည့်သူမဟုတ်ကြောင်း ပြန်သတိရသွားကြသည်။ ကျောက်ဝမ်မန့်သည် လူသတ်သမားဖြစ်တာကြောင့် သူမအတွက် သနားကြင်နာမှုနှင့်မထိုက်တန်ပေ။
“နေပါဦး၊ မစ္စကျောက်… သူ ကိုယ်ဝန်ပျက်ကျသွားတာလား?” အသက်နည်းနည်းကြီးပုံရသည့်အမျိုးသမီးက ပြောလာခဲ့သည်။
“တကယ်ကြီးလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မစ္စကျောက်က ကိုယ်ဝန်ရှိနေတာလား?” တဆက်တည်းမှာပဲ အံ့ဩသံများကလည်း ထွက်လာခဲ့သည်။
ဒါကတော့ သူတို့ပြန်တွေးကြည့်လိုက်သည်နှင့် အံ့ဩစရာမဟုတ်တော့ပေ။ အစောက ကျောက်ဝမ်မန့်ကိုယ်တိုင် သူမ ချန်းယန်နှင့်အိပ်ခဲ့သည့်အကြောင်းပြောခဲ့တာကြောင့် သူမတွင် ကိုယ်ဝန်ရှိနေခြင်းက မဖြစ်နိုင်စရာတော့မဟုတ်ပေ။
“ငါ့..ငါ့ကိုကယ်ပါ…” ကျောက်ဝမ်မန့်၏မျက်နှာမှာ နာကျင်မှုကြောင့် တွန့်ရှုံ့နေခဲ့သည်။ “ငါ့ကလေးကို ကယ်ပါ။ ငါ့ကလေးကိုကယ်ပေးကြပါ…” ဒီတော့ ကျောက်ဝမ်မန့်လည်း သူကိုယ်ဝန်ရှိနေတာကိုသိတယ်ပေါ့။
ရှောင်လင်းယွီကတော့ ထိုစကားကိုကြားပြီး မျက်မှောင်ကြုတ်သွားမိသည်။ သူမ ချန်းယန်နှင့်ကျောက်ဝမ်မန့်ကိုလက်စားချေဖို့လုပ်ချိန်တွင် ကျောက်ဝမ်မန့်ထံ၌ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကိုတော့ မသိထားခဲ့ပေ။
ဒါဆို ယန်စစ်မင်ကန်လိုက်တာကြောင့်…
ရှောင်လင်းယွီ ပြန်လည်မွေးဖွားလာသည်နှင့် ထိုဖောက်ပြန်သည့်စုံတွဲအား လက်စားချေဖို့သာသိခဲ့သည်။ သို့သော်လည်း ကျောက်ဝမ်မန့်၏လက်ရှိအခြေအနေကိုမြင်ရချိန်တွင်တော့ သူမအသည်းမမာနိုင်တော့ပေ။ ဘာပဲဖြစ်ဖြစ် သူမဗိုက်ထဲကကလေးက အပြစ်မရှိဘူးမဟုတ်လား။
ထိုသို့တွေးမိသည်နှင့် ရှောင်လင်းယွီ၏လက်များက သူမဗိုက်ကိုထိလိုက်မိသည်။ ရှောင်ထုန်ရော သူမဗိုက်ထဲရောက်နေပြီလားသိချင်သွားသည်။
ထိုအတွေးဝင်မိသွားသည်နှင့် ရှောင်လင်းယွီ သူမဖုန်းကိုချက်ချင်းထုတ်ကာ ကျောက်ဝမ်မန့်နှင့်ကလေးကိုကယ်တင်ရန် ဆေးရုံကိုဖုန်းဆက်ဖို့လုပ်လိုက်သည်။
“အား! ခွေးမ ငါနင့်ကိုသတ်ပစ်မယ်!!” ရှောင်လင်းယွီ ဖုန်းထုတ်နေတုန်းမှာပဲ ရုတ်တရက် ကျောက်ဟွေ့ချင်က ကျနေသည့်အသီးခွဲဓားကိုကောက်ကာ ရှောင်လင်းယွီကိုထိုးလိုက်သည်။
လူတိုင်းသည် ကျောက်ဝမ်မန့်ဘက်ကိုသာအာရုံရောက်နေတာကြောင့် သူမအဖေကိုဘယ်သူမှ သတိမထားမိလိုက်ကြပေ။
ယန်စစ်မင်သည်လည်း သူ့ကန်ချက်ကြောင့် မိန်းကလေးတစ်ယောက်ကိုယ်ဝန်ပျက်ကျသွားရတာကြောင့် ကြောင်အနေခဲ့ခြင်းဖြစ်သည်။ သူက အပြစ်မရှိသည့်လူများ အထူးသဖြင့် ကလေးတွေကိုသတ်လောက်သည်အထိ နှလုံးသားမရှိသူမဟုတ်ပေ။ ဒါကြောင့် ရှောင်လင်းယွီ ဆေးရုံကားခေါ်ဖို့လုပ်ချိန်တွင် ဝင်မတားခဲ့ခြင်းဖြစ်သည်။
သတိလက်လွတ်ဖြစ်နေကြသည့်အချိန်တွင်ပဲ ကျောက်ဟွေ့ချင်က သူ့သမီးကျခဲ့သည့်အသီးခွဲဓားကိုကောက်ကာ ရှောင်လင်းယွီကိုထိုးလိုက်သည်။
ရှောင်လင်းယွီ၏မျက်လုံးများပြူးကျယ်သွားတော့သည်။ ထိုဓားချက်က ရှောင်ဖို့ရာနောက်ကျသွားခဲ့သည်။ သူမစိတ်ထဲတွင်တော့ အော်ဟစ်နေခဲ့မိသည်။ ‘ငါ့ရဲ့ပြန်လည်မွေးဖွားမှုက ဒီလောက်ပဲခံတာလား? ငါအခုမှ ဒီစုံတွဲကိုလက်စားချေပြီးရုံပဲရှိသေးတယ်လေ၊ ငါငရဲကိုပြန်အပို့ခံရတော့မှာလား?’
ရှောင်လင်းယွီ လက်မခံနိုင်ပေ။ သူမပြန်လည်မွေးဖွားလာသည့်အဓိကရည်ရွယ်ချက်မှာ ထိုစုံတွဲကိုလက်စားချေရန်မဟုတ်ဘဲ ရှောင်ထုန်ကိုမွေးပြီး ကောင်းကောင်းဂရုစိုက်ပေးရန်သာဖြစ်သည်။ သူမရှောင်ထုန်ကို ဤဘဝတွင် သေချာချစ်ပေးလိုသည်။
သို့သော်လည်း ကြည့်ရတာတော့ ထိုသို့မလုပ်နိုင်ခင်မှာပဲ သူမ၏ဒုတိယဘဝက အဆုံးသတ်တော့မည်ထင်သည်။
ကံကောင်းစွာဖြင့် ယန်စစ်မင်က နောက်ဆုံးမှာတော့ အသိစိတ်ပြန်ကပ်လာခဲ့သည်။ ဓားသွားက ရှောင်လင်းယွီ၏လည်ပင်းကိုထိုးဖောက်တော့မည့်အချိန်တွင်ပဲ ယန်စစ်မင်က ကျောက်ဟွေ့ချင်၏ဗိုက်ကို ကန်လိုက်ကာ တစ်ချက်တည်းပင်မဟုတ် နှစ်ချက်ပင်ဆင့်ကန်လိုက်သည်။
ဓားက ကြမ်းပေါ်သို့ပြန်ကျသွားခဲ့သည်။
ရှောင်လင်းယွီလည်း အကယ်ခံလိုက်ရမှ စိတ်အေးသွားခဲ့သည်။ အသက်အန္တရာယ်နှင့်နှစ်ကြိမ်မျှနီးကပ်သွားတာကြောင့် ရှောင်လင်းယွီတောင်မှ တုန်လှုပ်နေလေသည်။ သူမခန္ဓာကိုယ်က အနည်းငယ်အားနည်နေကာ မျက်နှာမှာဖြူဖျော့နေခဲ့သည်။ ရှောင်လင်းယွီ သူမ၏အသက်ရှူနှုန်းကိုထိန်းညှိရန် ရင်ဘက်ပေါ်သို့လက်တင်လိုက်သည်။ သို့သော်လည်း စေးကပ်သည့်အထိအတွေ့ကိုခံစားမိလိုက်တာကြောင့် ငုံ့ကြည့်လိုက်ရာ သွေးစွန်းနေသည့်လက်ဖဝါးကိုမြင်လိုက်ရသည်။
ကျောက်ဟွေ့ချင်၏ဓားက တကယ်ကိုပင် ရှောင်လင်းယွီ၏လည်ပင်းဆီသို့ရောက်သွားခဲ့သည်။ ယန်စစ်မင်သာ တစ်စက္ကန့်များနောက်ကျသွားခဲ့လျှင် ရှောင်လင်းယွီ သေသွားလောက်ပေပြီ။ ယန်စစ်မင်၏ကန်ချက်က ဓား၏လားရာကိုပြောင်းလဲသွားစေကာ ကျောက်ဟွေ့ချင် လဲကျသွားချိန် ဓားသွားကာ ရှောင်လင်းယွီ၏ရင်ဘက်ကို ဖြတ်မိသွားသည်။
ထက်ရှသည့်ဓားသွားကာ ရှောင်လင်းယွီ၏ရင်ဘက်နားတွင် ရှည်လျားသည့်ဓားရာတစ်ခုကိုချန်ရစ်ခဲ့ကာ ၁၀စင်တီမီတာလောက်ရှည်ပေသည်။ ဒဏ်ရာကအရမ်းမနက်သော်လည်း အရေပြားတော့လန်သွားခဲ့သည်။ ဒဏ်ရာမှထွက်လာသည့်သွေးများကို ရှောင်လင်းယွီ၏ရင်ဘက်ပေါ်မှ ကျောက်စိမ်းလည်ဆွဲက စုပ်ယူသွားခဲ့သည်။
ရှောင်လင်းယွီ၏ရင်ဘက်မှဒဏ်ရာကို ယန်စစ်မင်သတိထားမိသွားသည်နှင့် အမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားတော့သည်။ “မင်းဒဏ်ရာရသွားတာလား?”
ထိုမေးခွန်းကိုကြားလိုက်ချိန် ရှောင်လင်းယွီကတော့ မျက်လုံးသာလှန်ပြလိုက်ချင်တော့သည်။ သူ့မျက်လုံးကဘာလုပ်ဖို့လဲ ဒါတောင်မမြင်ဘူးလား?
ရှောင်လင်းယွီပြန်မဖြေရသေးခင်မှာပဲ ယန်စစ်မင်၏လက်မောင်းများကြားထဲရောက်ရှိသွားတော့သည်။ “ကိုယ်မင်းကို ဆေးရုံလိုက်ပို့ပေးမယ်။”
ယန်စစ်မင် အလျင်စလိုဖြင့် ထွက်ပေါက်သို့သွားလိုက်သည်။ သူအလွန်စိုးရိမ်နေခြင်းပင်။ သူထွက်ပေါ်သို့ရောက်သည်နှင့် လူနာတင်ယာဉ်နှစ်စီးနှင့်ရဲကားနှစ်စီးသည်လည်း ရောက်ရှိလာခဲ့သည်။
ကားတံခါးများဖွင့်လိုက်သည်နှင့် သူနာပြုများက ယန်စစ်မင်လက်မောင်းထဲမှ သွေးထွက်နေသည့်အမျိုးသမီးကိုမြင်သွားကာ၊ “သူက လူနာလား?” ထို့နောက် ချက်ချင်းပင် နောက်တံခါးကိုဖွင့်ပေးလိုက်ပြီး ရှောင်လင်းယွီကို ကားပေါ်တင်ရန် ယန်စစ်မင်ကို အချက်ပြလိုက်သည်။
ယန်စစ်မင်က သူမကိုစိုက်ကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။ “ငါ သူ့ကိုကိုယ်တိုင်ဆေးရုံလိုက်ပို့ပေးမှာ။”
ထို့နောက် ဘာမှထပ်ရှင်းပြမနေဘဲ ရပ်စောင့်နေသည့် ဇိမ်ခံကားတစ်စီးဆီသို့လျှောက်သွားလိုက်သည်။ ချက်ချင်းပင် ဒရိုင်ဘာကထွက်လာကာ သူ့ဘော့စ်လက်ထဲမှ သွေးထွက်နေသည့်အမျိုးသမီးကိုမြင်လိုက်သည်နှင့် ထိတ်လန့်စွာပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သို့သော်လည်း အသိစိတ်ကအမြန်ပြန်ဝင်လာကာ သူ့ဘော့စ်ကိုနှုတ်ဆက်လိုက်ပြီးနောက် ကားတံခါးကိုဖွင့်ပေးလိုက်သည်။
သူနာပြုနှစ်ယောက်သည်တော့ ထိုဇိမ်ခံကားနှင့်လိုင်စင်နံပါတ်ပြားကိုမြင်လိုက်ပြီးနောက် အံ့ဩလွန်း၍ ထအော်မိကြတော့သည်။ “အား! အဲ့ဒါသခင်လေးယန်ပဲ!”
သခင်လေးယန်နှင့်တွေ့ရမည်မှန်းသာသိလျှင် သူတို့သေချာပေါက် သေသေချာချာဝတ်စားပြင်ဆင်လာမှာပေါ့။ သခင်လေးယန် သူတို့ကိုမျက်စိကျရင်ကျသွားနိုင်တာပဲမဟုတ်လား။
“မင်းတို့နှစ်ယောက်ဘာလုပ်နေတာလဲ? ငါတို့လူကယ်ရမယ်လေ!” ဆရာဝန်ကထွက်လာလေသည်။ သူထွက်လာချိန်တွင် သူနာပြုငယ်လေးနှစ်ယောက်က ကြောင်ကြောင်အအနှင့်နေရာတွင်သာ ရပ်နေကြောင်းမြင်လိုက်ရတာကြောင့် သူလည်း မျက်မှောင်ကြုတ်ကာ ဆူပူလိုက်တော့သည်။
ဆေးရုံဆိုသည်မှာလည်း စီးပွားရေးတစ်ခုသာဖြစ်သည်။ သူတို့တွင် လူနာတင်ယာဉ်နှစ်စီးပါလာတာကြောင့် သူတို့တွင် စီးပွားရေးနှစ်ခုရှိသည်ဟုဆိုလိုသည်။ သူတို့၏‘ကာစတန်မာ’ကို မဆုံးရှုံးစေရန် မြန်မြန်သွက်သွက်လုပ်ဖို့လိုပေသည်။ တခြားဆေးရုံဝန်ထမ်းတွေတောင် လုပ်ရှားနေကြပြီ ဒီသူနာပြုနှစ်ယောက်က ဘာကိစ္စအဲ့မှာရပ်နေကြတာတုန်း?
ဆရာဝန်နှင့်သူနာပြုများမှာ အမြန်လှုပ်ရှားလိုက်ကြသလို ရဲအရာရှိ၆ယောက်သည်လည်း ကားထဲမှထွက်လာကာ ကုမ္ပဏီထဲဝင်လိုက်ကြသည်။ သခင်လေးယန်ရှိနေသည်ဟု သူတို့ကြားထားသည်ပင်။
သို့သော်လည်း ဤနေရာတွင် လူသတ်သမားလည်းရှိနေသည်ဟူသည့် သတင်းကိုလည်းသူတို့ကြားထားသည်။ သခင်လေးယန်သာတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်ကြမလဲ?
မကြာလိုက်ပါဘဲ ကုမ္ပဏီထဲမှလူများ ပြန်ထွက်လာကြသည်။
ဆေးရုံဝန်ထမ်းများက ထိခိုက်မိထားသည့်လူနှစ်ယောက်ကိုသယ်လာကာ ရဲကတော့ ယောက်ျားတစ်ယောက်ကိုခေါ်ဆောင်လာခဲ့သည်။ ထိုလူမှာ ကျောက်ဟွေ့ချင်ဖြစ်သည်။ သူတို့နောက်တွင်တော့ နောက်ထပ်ရဲအရာရှိနှစ်ယောက်ရှိနေသည်။ သူတို့အားလုံး ဆေးရုံသို့အတူသွားကြမည်ဖြစ်သည်။
***
စာစဉ် ၂ ပြီးပါပြီ။