← Chapters

စိုက်ပျိုးရေးနေရာလွတ်အစီအရင်

Vol. 3 Ch. 31

စိုက်ပျိုးရေးနေရာလွတ်အစီအရင်

Vol. 3 Ch. 31

ရှောင်လင်းယွီ၏ဒဏ်ရာမှာ မပြင်းထန်သော်လည်း ယန်စစ်မင်ကတော့ စိန့်ထ်ဆေးရုံကိုသွားသည့်တလျှောက် သူမကိုတစ်ချိန်လည်း မင်းသမီးလေးလိုချီသွားခဲ့သည်။

“သခင်လေးယန်၊ ကျွန်မအဆင်ပြေပါတယ်။ အောက်ချပေးပါ!” ရှောင်လင်းယွီ ငြင်းဆန်နေခဲ့သည်။ လမ်းတစ်လျှောက်လုံး လူတွေအများကြီးကို သူမမြင်ခဲ့ရကာ သူတို့အားလုံး၏အကြည့်မှာ အတူတူပင်ဖြစ်ပြီး အားလုံးအံ့ဩနေကြသည်ပင်။

လူတိုင်းက ကျော်ကြားလှသည့်သခင်လေးယန်၏ပွေ့ချီခြင်းကိုခံနေရသည့် ရှောင်လင်းယွီမှာ အလွန်ဂုဏ်ယူဖွယ်ဖြစ်နေပြီး သူတို့အားလုံး၏မျက်လုံးထဲတွင် မနာလိုဝန်တိုစိတ်များဖြင့် ပြည့်နေတော့သည်။

ရှောင်လင်းယွီကတော့ ဒါကိုဂုဏ်ယူစရာတစ်ခုလိုမတွေးမိပေ။ တကယ်တမ်း ယန်စစ်မင်ကို ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုအဖြစ်သာတွေးနေမိသည်။ သူမ သူ့လက်ထဲက မြန်နိုင်သမျှမြန်မြန်လွတ်မြောက်ချင်သည်။ ရှောင်လင်းယွီသည် သာမာန်ဘဝလေးမှာပင်နေချင်သူဖြစ်ကာ ယန်စစ်မင်လိုသခင်လေးတစ်ယောက်၏သရဖူဆောင်းပေးခြင်းကို မလိုလားပေ။

ယန်စစ်မင်ကတော့ ရှောင်လင်းယွီ၏ငြင်းဆန်မှုကို လျစ်လျူရှုထားပြီး သူမကို စိန့်ထ်ဆေးရုံ၏အထူးသီးသန့်ခန်းသို့တခါတည်းသယ်ဆောင်သွားခဲ့သည်။

များမကြာမီမှာပင် ဆရာဝန်များ၊သူနာပြုများစွာပါဝင်သည့်လူအုပ်ကြီးက ထိုအခန်းထဲသို့ အလောတကြီးပြေးဝင်လာကြသည်။

သူတို့မျက်လုံးများထဲတွင် ရှောင်လင်းယွီကဘယ်လိုဂုဏ်ပုဒ်မျိုးဖြင့် ရှိနေလဲဆိုသည်ကို အလွန်စပ်စုချင်နေကြသော်လည်း သူတို့၏ကိုယ်ပိုင်ကျင့်ဝတ်ကိုတော့ မမေ့ကြပေ။ ဒါကြောင့် သူတို့စိတ်ထဲတွင် မေးခွန်းများစွာရှိနေသော်လည်း ဘာကိုမှမမေးခဲ့ပေ။ သူတို့ကျင့်ဝန်ကစောင့်ထိန်းပေးထား၍ပင်မဟုတ်ဘဲ သူတို့သာမေးလိုက်ပါက ယန်စစ်မင်က သူတို့အသက်ကို အလွယ်တကူ ချုပ်ငြိမ်းပေးလိုက်နိုင်ခြင်းကြောင့်လည်း ပါပေသည်။

တာဝန်ကျဆရာဝန်ခေါင်းဆောင်က ရှောင်လင်းယွီ၏ဒဏ်ရာကိုစမ်းသပ်ကြည့်ပြီးနောက် ယန်စစ်မင်ကိုပြောလိုက်သည်။

“သခင်လေးယန်၊ ဒီမိန်းကလေးရဲ့ဒဏ်ရာက ကြည့်တော့သာ အရမ်းကြောက်စရာကောင်းနေပေမယ့် တကယ်တော့ အပေါ်ယံခြစ်ရာလေးပါပဲ။ ကြွက်သားတစ်ရှူးတွေတစ်ခုမှ မထိခိုက်သွားပါဘူး။ ဒဏ်ရာကိုနည်းနည်းပြချုပ်ပြီး ပိုးသတ်ဆေးပေးလိုက်ရင် မြန်မြန်ဆန်ဆန်ပြန်ကောင်းလာမှာပါ။ တကယ်တမ်းပြောရရင် ဒီဒဏ်ရာကချုပ်ဖို့တောင်သိပ်မလိုပါဘူး၊ ဒါပေမယ့် မချုပ်ရင်တော့ ဒဏ်ရာပြန်ကောင်းနှုန်းက နည်းနည်းပိုနှေးသွားမှာပါ။”

ယန်စစ်မင်က တိတ်တဆိတ်နားထောင်နေရင်း ဆေးရုံခုတင်ထက်တွင်လဲလျောင်းနေသည့် ရှောင်လင်းယွီကိုကြည့်နေခဲ့သည်။ ထို့နောက် သူကမျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “အမာရွတ်ကျန်ခဲ့မှာလား?” မိန်းကလေးတစ်ယောက်အတွက် ရုပ်ဆိုးဆိုးအမာရွတ်တစ်ခုရှိနေခြင်းမှာ မသင့်တော်လှပေ။

ဆရာဝန်ကလည်း ယန်စစ်မင်၏ဆိုလိုရင်းကိုနားလည်ပေသည်။ သူ့စိတ်ထဲမှာလည်း ယန်စစ်မင်က သေချာပေါက် ဒီအမျိုးသမီးဆီမှာ အမာရွတ်ကျန်ခဲ့မည်အား ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်းတွေးနေမိသည်။

ဒါကြောင့် သူက မျက်နှာလုပ်လိုသည့်အနေဖြင့်၊ “သခင်လေးယန်၊ ဒါတော့စိတ်မပူပါနဲ့။ သေချာပေါက် ဘာအမာရွတ်မှမကျန်ခဲ့စေရပါဘူး!”

ထိုတော့မှ ယန်စစ်မင်သည် သူ၏တွန့်ချိုးထားသောမျက်ခုံးကို အသာဖြေလျော့လိုက်ကာ၊ “ဒါဆိုလည်း မစ္စရှောင်အတွက် အကောင်းဆုံးဆေးတွေသုံးပေးပြီး အမြန်ဆုံးပြန်ကောင်လာမှာသေချာအောင်လုပ်!”

“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ!” တာဝန်ကျခေါင်းဆောင်ဆရာဝန်က အဆက်မပြတ်ခေါင်းညိတ်လိုက်ပြီး သူ့အမူအရာမှာ အလွန်ရိုကျိုးလို့နေသည်။

တာဝန်ကျခေါင်းဆောင်ဆရာဝန်၏အပြုအမူကိုမြင်ပြီး ရှောင်းလင်းယွီ မျက်မှောင်ကြုတ်လိုက်သော်လည်း ယန်စစ်မင်ကိုတော့ ဘာမှပြောမနေတော့ပေ။ ထိုအစား ဆရာဝန်ကိုသာပြောလိုက်သည်။ “ခေါင်းဆောင်ယွမ်၊ ကျွန်မကို ပုံမှန်ဆေးနည်းနည်းလောက်ပဲပေးပါ။ ပြီးတော့ ကျွန်မဆေးရုံမတက်တော့ဘူး။ ကျွန်မကိုဆေးထုတ်ပေးပြီးရင် ဆေးရုံဆင်းခွင့်သာပေးပါ။ ကျေးဇူးတင်ပါတယ်!”

ခေါင်းဆောင်ယွမ်မှာ ထိုစကားကြောင့် စိတ်ရှုပ်သွားပြီး ယန်စစ်မင်ကိုလှည့်ကြည့်လိုက်ရာ သခင်လေးယန်တစ်ယောက် မျက်မှောင်ကြုတ်နေသည်ကို သတိထားမိသွားသည်။ ခေါင်းဆောင်ယွမ်လည်း လူနာဘက်သို့ပြန်လှည့်သွားကာ အလွန်ညင်သာစွာပြုံးလိုက်ပြီး၊ “မစ္စရှောင်၊ မင်းရဲ့ဒဏ်ရာကအရမ်းမပြင်းထန်ဘူးဆိုပေမယ့် ၁၀စင်တီမီတာကျော်အထိတော့ ရှည်နေတုန်းလေ။ မင်းသာ သေချာဂရုမစိုက်မိရင် ပိုဆိုးသွားနိုင်တယ်။ ဒါကြောင့် သေချာစစ်ဆေးဖို့အတွက် ဆေးရုံမှာပဲဆက်နေသင့်တယ်။ ဒဏ်ရာအပြည့်အဝပြန်ကောင်းသွားရင် ဆေးရုံကဆင်းနိုင်မှာပါ စိတ်မပူပါနဲ့။”

ခေါင်းဆောင်ယွမ်က ကုန်ကျစာရိတ်ပြဿနာအကြောင်းကိုထည့်ပြောမလာခဲ့ပေ။ ပြောနေစရာမလိုဘဲ သခင်လေးယန်က အရာအားလုံးအတွက် ပေးချေလိမ့်မည်မဟုတ်လား။

ဒါပေမယ့်…

ရှောင်လင်းယွီကတော့ မျက်မှောင်ကြုတ်နေကာ တစ်ခုခုပြန်မပြောခင် ခဏမျှစဉ်းစားနေလေသည်။ “ခေါင်းဆောင်ယွမ်၊ ကျွန်မတောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်မမှာ ဒီလို စိန့်ထ်ဆေးရုံရဲ့အဆင့်မြင့်ခန်းမှာနေဖို့လောက်အထိ မတတ်နိုင်ပါဘူး။ ကျွန်မအတွက်ဆေးပဲထုတ်ပေးပြီး အိမ်ပြန်ခွင့်ပေးဖို့မျှော်လင့်ပါတယ်။”

ခေါင်းဆောင်ယွမ်ပိုလို့တောင် စိတ်ရှုပ်သွားတော့သည်။ ရှောင်လင်းယွီကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ပြီးနောက် တဖန် ယန်စစ်မင်ကိုပါ ခိုးကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် သိချင်စိတ်ရော နားမလည်နိုင်မှုများပါ ရောထွေးနေတော့သည်ပင်။

ဘာတွေဖြစ်ကုန်တာလဲ?

သခင်လေးယန်က ဒီမိန်းကလေးကိုကိုယ်တိုင်ခေါ်လာခဲ့ခြင်းကြောင့် သေချာပေါက် သခင်လေးယန်၏မိန်းကလေးဖြစ်မည်ဟု သူထင်ထားခဲ့သော်လည်း အခုကြည့်ရတာတော့ ထိုသို့ဖြစ်ပုံမပေါ်ပြန်ပေ။ ဒါဆိုရင်တောင် သခင်လေးယန်ကိုယ်တိုင်ပါဝင်နေတာကြောင့် သူမအတွက်ဆေးဖိုးကို သခင်လေးယန်ပဲထုတ်ပေးလိမ့်မည်မဟုတ်လား။ ဒါဆိုဘာကြောင့် ဒီမိန်းကလေးက ဆေးဖိုးကိုသူမဘာသာပေးရလိမ့်မည်ဟု ထင်နေရတာလဲ?

သို့ပေမည့် ဆရာဝန်သည် အပြင်လူသာဖြစ်တာကြောင့် ခေါင်းဆောင်ယွမ်အနေနှင့် ထိုမေးခွန်းများကို ထုတ်မမေးနိုင်ခဲ့ပေ။

သူက သခင်လေးယန်ကိုသာ ထပ်ပြီးခိုးကြည့်လိုက်မိတော့သည်။ ယန်စစ်မင်၏မျက်ခုံးများမှာ လွန်လွန်ကြူးကြူးတွန့်ချိုးနေကာ အတော်လေးစိတ်အနှောက်အယှက်ဖြစ်နေပုံရသည်။

“မစ္စရှောင်၊ မင်းကလူနာပဲ။ တခြားအရာတွေထက် မင်းပြန်ကောင်းလာဖို့ကိုပဲ သေချာအာရုံစိုက်သင့်တယ်။” ကျန်တာတွေကို သခင်လေးယန်ဖြေရှင်းပေးမှာပေါ့။

ထိုအချိန်မှာပဲ ယန်စစ်မင်က ဝင်ဖြတ်ပြောလိုက်သည်။ “ရှောင်လင်းယွီ၊ မင်းရဲ့ဆေးဖိုးဝါးခကိုတောင် ငါမပေးနိုင်ဘူးလို့ထင်နေတာလား?”

ရှောင်လင်းယွီခေါင်းယမ်းကာ မတတ်သာစွာပြုံးလိုက်သည်။ “သခင်လေးယန်၊ ရှင်နားလည်မှုလွဲနေပြီ။ ရှင်တတ်နိုင်ပေမယ့် ကျွန်မ,မတတ်နိုင်ဘူးလေ။ ကျွန်မတို့အချင်းချင်းတကယ်ကြီးသိနေကြတာမှမဟုတ်တာ။ ကျွန်မရှင့်အပေါ်အကြွေးတစ်ခုတင်ထားပြီးပြီ၊ ဒါကို ငွေကြေးကိစ္စပါထပ်ပြီးအကြွေးအတင်မခံချင်တော့ဘူး။ မဟုတ်ရင် တကယ်ပဲ ကျွန်မရှင့်ကိုဘယ်လိုပြန်ဆပ်ရမလဲသိတော့မှာမဟုတ်ဘူး။”

သူမ၏စကားကြောင့် ယန်စစ်မင်ဒေါသထွက်သွားပုံရကာ အပြုံးတို့မှာမှောင်မိုက်လာခဲ့သည်။ “ရှောင်လင်းယွီ၊ အဲ့လိုသာဆို မင်းက ငါ့ကိုဒီလိုမျိုးကြီးမားတဲ့ရိတ်သိမ်းမှုကြီးတစ်ခုရအောင် ကူညီပေးခဲ့တဲ့အတွက် ငါကတောင် ကျေးဇူးတင်ရဦးမယ်။ မင်းကြောင့်သာမဟုတ်ရင် ငါလည်း ဟွေ့ချင်အုပ်စုကို ဒီလောက်လွယ်လွယ်သိမ်းနိုင်မှာမဟုတ်ဘူး။ မင်းကသာ ငါ့ရဲ့ယန်အုပ်စုကျယ်ပြန့်လာအောင်ကူညီပေးခဲ့တာပဲ။ အဲ့ဒါနဲ့ယှဉ်ရင် မင်းရဲ့ဆေးဖိုးဆိုတာဘာမှမဟုတ်တော့ဘူး။ ငါမင်းအတွက်ရှင်းပေးပါရစေ။”

ခေါင်းဆောင်ယွမ် အံ့ဩလွန်း၍မျက်လုံးပြူးသွားတော့သည်။

‘ဟွေ့ချင်အုပ်စုက ပိုင်ရှင်ပြောင်းသွားပြီလား? ဘာတွေဖြစ်ကုန်တာလဲ?’

“ပြီးတော့ ငါ့မှတ်ဉာဏ်သာမချို့ယွင်းနေရင် ဒီလောက်ဆေးဖိုးလောက်တော့ မင်းဘာသာလည်း တတ်နိုင်ပါတယ်။ မင်း ကျောက်ဟွေ့ချင်ဆီက ယွမ်ငါးသန်းတောင် ရထားခဲ့တာမဟုတ်ဘူးလား?”

“အဲ့အကြောင်းပြောကာမှ ကျွန်မ သခင်လေးယန်ကို ထပ်ပြီးဒုက္ခပေးရဦးမယ်။”

“ဘာကိစ္စလဲ?”

“ဒီယွမ်ငါးသန်းကို ဆင်းရဲတဲ့ကလေးတွေကို အမှန်တကယ်ကူညီပေးနိုင်မယ့် ပရဟိတဖောင်ဒေးရှင်းတစ်ခုခုကို လှူပေးစေချင်တယ်။”

ပရဟိတလုပ်ငန်းအများစုသည် လုပ်ငန်းစုကြီးများ ငွေမည်းခဝါချနိုင်ရေးအတွက် ဟန်ပြလုပ်ထားသည့်အရာများသာဖြစ်ကြသည်။ ရှောင်လင်းယွီသာ သူမကိုယ်တိုင်သွားလှူပါက သေချာပေါက် သူမငွေတွေကို ဘယ်သူမှန်းမသိသည့် နောက်ကွယ်ကလက်မည်းကြီးတစ်ယောက်ယောက်က ဝါးမြိုသွားမည်မှာ အသေအချာပင်။ သို့သော်လည်း သခင်လေးယန်မှတိုက်ရိုက်လှူဒါန်းမှုမျိုးဖြစ်ပါက ဘယ်သူမှ ထိုငွေကိုထိရဲလိမ့်မည်မဟုတ်ပေ။

ရှောင်လင်းယွီက အခုလေးတင်သူမလက်ခံရရှိထားသည့် ငွေငါးသန်းကို ပြန်လှူပစ်ချင်နေကြောင်း ကြားလိုက်ရချိန် ယန်စစ်မင် အမှန်ကိုအံ့အားသင့်သွားမိသည်။ ထို့နောက် သူမျက်ခုံးအသာပင့်ကာ လက်ခံလိုက်လေသည်။ “ကောင်းပြီလေ။”

ရှောင်လင်းယွီလည်း ခေါင်းညိတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။ “ကျေးဇူးတင်ပါတယ် သခင်လေးယန်။”

ထို့နောက် ရှောင်လင်းယွီက ခေါင်းငုံ့ကာ သူမအိတ်ကိုရှာဖွေလိုက်ပြီးနောက် ငွေတစ်အိတ်ထုတ်လာခဲ့သည်။ ထိုငွေအိတ်ကို သခင်လေးယန်ဆီပေးလိုက်ပြီးနောက်၊ “အဲ့ဒီစုံတွဲကို ကျွန်မလက်စားပြန်ချေနိုင်အောင် ကူညီပေးခဲ့တဲ့အတွက် သခင်လေးယန်ကို ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်မတို့သဘောတူထားတဲ့ ယွမ်၂ထောင်ပါ။”

ရှောင်လင်းယွီလက်ထဲမှ ငွေသားများကိုကြည့်ပြီး သခင်လေးယန်ပုံစံက ဒေါသထွက်လာသည့်ပုံပင်။ သူကအေးစက်စွာဖြင့်၊ “မင်းအမြင်မှာ ငါကယွမ်၂ထောင်တောင်မရှိတဲ့ပုံပေါက်နေလို့လား?”

ရှောင်လင်းယွီ ခေါင်းအသာယမ်းကာပြုံးလိုက်သည်။ “အဲ့ဒါတော့ကျွန်မမသိဘူး၊ ဒါပေမယ့် ကျွန်မတို့အပေးအယူလုပ်ထားတယ်လေ။ ရှင်သာဒီငွေကိုလက်မခံရင် ကျွန်မရဲ့အသိစိတ်က ကျွန်မကိုအေးအေးဆေးဆေးပေးနေမှာမဟုတ်ဘူး!”

ယန်စစ်မင်၏နှုတ်ခမ်းများ တင်းတင်းစေ့သွားကာ သူ့ပုံစံက ပျော်နေသလား မပျော်နေသလားဆိုတာကိုတော့ သေချာမပြောနိုင်ပေ။ ဘာပဲဖြစ်ဖြစ် ရှောင်လင်းယွီလက်ထဲမှငွေကိုတော့ လှမ်းယူလိုက်ကာ အေးစက်စက်ပြောပြီး ထွက်သွားခဲ့သည်။ “ကောင်းကောင်းအနားယူ!”

ခေါင်းဆောင်ယွမ်ကတော့ ကြောင်အနေခဲ့သည်။ ယန်စစ်မင်ထွက်သွားသည်နှင့် သူလည်း ဤဇာတ်လမ်းထဲမှလွတ်အောင် အမြန်ဆုံးထွက်သွားတော့သည်။

လူတိုင်းထွက်သွားသည့်နောက်တွင်တော့ ရှောင်လင်းယွီ မျက်စိမှိတ်နိုင်သွားလေသည်။ သူမပြန်လည်မွေးဖွားလာပြီး တစ်မနက်တည်းနှင့် ကိစ္စတွေအများကြီးဖြစ်ပွားခဲ့တာကြောင့် အတော်လေးပင်ပန်းနေကာ တစ်ရေးလောက်မှေးလိုက်ချင်သော်လည်း လုံးဝအိပ်မောကျသွားခဲ့သည်။

သူမအိပ်ပျော်နေစဉ်တွင် ကျောက်စိမ်းပြားပေါ်မှသွေးတို့သည်လည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ ထို့နောက် ကျောက်စိမ်းပြားမှ အလင်းတစ်ခုကမှိတ်တုတ်မှိတ်တုတ်လင်းလာခဲ့သည်။

ကျောက်စိမ်းပြားမှထုတ်လွှတ်နေသည့် အစိမ်းရောင်အလင်းတန်းက ရှောင်လင်းယွီကို မြူငွေ့များသဖွယ် ဝန်းရံသွားတော့သည်။

***

All Chapters