← Chapters

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ် အပိုင်း ၃၂ ။ ဆေးရုံမှထွက်ပြေးခြင်း!

Vol. 3 Ch. 32

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ် အပိုင်း ၃၂ ။ ဆေးရုံမှထွက်ပြေးခြင်း!

Vol. 3 Ch. 32

ရှောင်လင်းယွီ သူမရှေ့မှ ကြည်လင်သန့်ရှင်းနေသည့် ရေပူစမ်းကန်ကိုကြည့်လိုက်သည်။ ထိုရေပူစမ်းကန်၏အောက်ခြေတွင် ကြည်လင်သည့်ကျောက်စရစ်ခဲများစွာလဲရှိသည်။ သူမကိုယ်ပတ်လည်တွင်တော့ ဖြူဖျော့ဖျော့မြူငွေ့များရစ်ပတ်နေကာ မြင်ကွင်းက အလွန်နူးညံ့နေပုံပေါ်သည်။

ရှောင်လင်းယွီ မှင်သက်သွားပြီး သူမဘေးပတ်လည်ကို အမူအရာမဲ့စွာကြည့်နေခဲ့သည်။ ထို့နောက်တွင်တော့ သူမတဖြည်းဖြည်းနှင့်အံ့ဩထိတ်လန့်လာခဲ့သည်။

သူမနှင့်မဝေးသည့်နေရာတွင် နှစ်ခြမ်းခွဲထားသည့် စိုက်ပျိုးရေးမြေကွက်တစ်ခုရှိနေခဲ့သည်။ တစ်ခြမ်းစီတွင် စတုရန်းပုံလယ်ကွက် ၉ခုစီရှိနေကာ တစ်ဖက်ခြမ်းက ခြောက်သွေ့မြေဖြစ်ပြီး ကျန်တစ်ဖက်သည်တော့ စိုစွတ်သည့်မြေမျိုးဖြစ်သည်။

ကြည်လင်သည့်ရေပူစမ်းသည်တော့ ထိုလယ်ကွယ်ကျယ်နှစ်ခု၏အလယ်တည့်တည့်တွင်တည်ရှိနေသည်။ ထိုရေကန်မှနေပြီး စမ်းချောင်းနှစ်ခုပြန်စီးထွက်လာကာ စတုရန်းပုံလယ်ကွယ်၁၈ကွက်လုံးကို လှည့်ပတ်စီးဆင်းလို့နေပြန်သည်။

မြေတစ်ကွက်စီသည် ၁မူမျှကျယ်တာကြောင့် စုစုပေါင်း မြေ၁၈မူရှိပေသည်။ မြေကွက်တိုင်းသည် စွန့်ပစ်ခံထားရသလိုမျိုး ပေါင်းပင်များပေါက်လို့နေသည်။

ရှောင်လင်းယွီ သူမပါးကို ပြန်ပုတ်ကြည့်လိုက်ရာနာကျင်မှုကို ခံစားရနေတာကြောင့် အိပ်မက်တစ်ခုနှင့်လည်း မတူပြန်ပေ။

‘ဘာတွေဖြစ်နေတာလဲ? ငါဘယ်ရောက်နေတာလဲ? ဘာလို့ဒီနေရာမှာ ပေါ်လာရတာလဲ? ငါဆေးရုံမှာ အနားယူနေတာမဟုတ်ဘူးလား? ဟုတ်တယ်၊ ဒါအိပ်မက်ပဲဖြစ်ရမယ်!’

အိပ်မက်ဖြစ်ကြောင်းတွေးလိုက်မိကာမှ ရှောင်လင်းယွီ စိတ်ပိုလွတ်လပ်လာခဲ့သည်။

အချိန်က မတ်လဖြစ်တာကြောင့် ရာသီဥတုမှာ တိမ်ထူကာ အေးနေသင့်သည်ဆိုသော်လည်း ရှောင်လင်းယွီရောက်နေသည့်နေရာ၏ရာသီဥတုသည်တော့ အလွန်နေလို့ကောင်းနေကာ သက်သောင့်သက်သာရှိလှသည်။ ရှောင်လင်းယွီ ဒူးကွေးထိုင်လိုက်ပြီးနောက် ရေပူစမ်းထဲမှရေလက်တစ်ခုပ်ကိုခပ်ကာသောက်လိုက်သည်။

‘ဒီရေပူစမ်းရေကချိုတာပဲ!’ ရှောင်လင်းယွီမျက်လုံးများ တောက်ပသွားကာ နောက်တစ်ငုံထပ်သောက်လိုက်သည်။

‘အိပ်မက်ဖြစ်နေတာတောင် ဘာလို့ရေရဲ့အရသာကိုခံနေမိတာလဲ? အရမ်းလက်တွေ့ဆန်တာပဲ!’ ရှောင်လင်းယွီအနည်းငယ်စိတ်ရှုပ်သွားသည်။

နောက်ထပ်ရေအငုံအနည်းငယ်ထပ်သောက်လိုက်ပြီးနောက် သူမဗိုက်ပြည့်သွားကာမှ ရပ်လိုက်လေသည်။

ခဏကြာပြီးနောက် သူမခန္ဓာကိုယ်ထဲတွင် နွေးထွေးသည့်စီးကြောင်းတစ်ခုဖြတ်သန်းနေသည်ကို သူမခံစားလိုက်သည်။ ထို့နောက် သူမရင်ဘက်မှ ဓားနှင့်ခြစ်မိသည့်ဒဏ်ရာက ယားယံလာကြောင့် သူမကုတ်လိုက်မိသည်။ သို့သော်လည်း ဒဏ်ရာကမနာတာကြောင့် သူမမျက်မှောင်ကြုတ်လိုက်မိသည်။ ‘ဟုတ်တော့ဟုတ်သားပဲ။ ငါအိပ်မက်မက်နေတာဆိုတော့ ဒဏ်ရာကဘယ်လိုလုပ်နာပါ့မလဲ?’

ရှောင်လင်းယွီ ထိုကိစ္စကို စိတ်ထဲမထားတော့သော်လည်း မကြာခင်မှာပဲ နောက်ထပ်ပြဿနာတစ်ရပ်ကိုထပ်တွေ့ရှိသွားပြန်သည်။ သူမ၏အရေပြားပေါ်တွင် ရုတ်တရက် အနက်ရောင်အလွှာတစ်ခုပေါ်လာခဲ့ခြင်းပင်။

သူမလက်နှင့်ထိကြည့်လိုက်ရာ ၎င်းမှာ အညစ်အကြေးလွှာတစ်ခုဖြစ်နေကြောင်းသိလိုက်ရသည်။

ရှောင်လင်းယွီလည်း သူမ၏အင်္ကျီနှင့်ဘောင်းဘီကိုလိပ်တင်ကြည့်လိုက်ရာ ထိုအညစ်အကြေးများက အပြင်သို့စီးကျလာခဲ့သည်။ သူမအနည်းငယ်ယူကာ အနံ့ခံကြည့်လိုက်ရာ ၎င်းတို့ထံမှာ ပြင်းထန်သည့်အပုပ်နံ့များထွက်နေလေသည်။

ရှောင်လင်းယွီလည်း ခေါင်းကိုအမြန်လှည့်ကာ သူမနှာခေါင်းကိုပိတ်ထားလိုက်သည်။ “ဘာလို့ ဒီလောက်နံရတာလဲ? အိပ်မက်ဆိုရင် ဘာလို့အနံ့ကို ဒီလောက်လက်တွေ့ဆန်ဆန်ခံစားမိနေရတာလဲ?”

အခုချိန်ထိ ဘာကမှားယွင်းနေမှန်း ရှောင်လင်းယွီသတိမထားမိသေးပေ။

သူမဘေးရှိ ကြည်လင်နေသည့်ရေကန်ကိုလှည့်ကြည့်လိုက်သည်။ ထို့နောက် တစ်ခုခုကိုတွေးလိုက်မိကာ ထိုကန်ဆီသို့လျှောက်သွားလိုက်သည်။ “ဒီအညစ်အကြေးတွေကို ဆေးကြောပစ်လိုက်တာပိုကောင်းမယ်။” ထို့ကြောင့် သူမလည်း အဝတ်အစားများချွတ်ကာ ကန်ထဲသို့ခုန်ဆင်းလိုက်သည်။

“ဒီခံစားချက်က.. အရမ်းအံ့ဩဖို့ကောင်းတာပဲ။” ရှောင်လင်းယွီ သူမဘာသာရေရွတ်လိုက်သည်။ “ဒီကန်ထဲကရေအပူချိန်ကကွက်တိပဲ။” ရှောင်လင်းယွီက သူမအိပ်မက်ထဲတွင်ရှိနေသည်ဟုသာ တွေးနေတာကြောင့် သူမရင်ဘက်မှဒဏ်ရာကို မစစ်ကြည့်ခဲ့ပေ။

သူမရေချိုးလိုက်ပြီးနောက် အဝတ်များကိုပြန်ဝတ်လိုက်သည်။ သူမ၏အဝတ်အစားများမှာ အညစ်အကြေးများကြောင့် ပေနေပြီဖြစ်၍ စီးကပ်ကပ်နှင့်အနံ့ပြင်းလှသည်။ သို့သော်လည်း သူမတွင်ရွေးစရာမရှိဘဲ ထိုဝတ်စုံတစ်စုံသာရှိပေသည်။ ဒီတော့ ဒါတွေမှပြန်မဝတ်ရင် ကိုယ်လုံးတီးနဲ့လျှောက်ပတ်သွားနေရမှာလား?

ဒါကအိပ်မက်တစ်ခုဆိုရင်တောင်မှာ ညစ်ပတ်နေသည့်အဝတ်များကိုဝတ်ထားရသည်က ခံစားလို့မကောင်းပေ။

လယ်မြေနှစ်ခြမ်းနားတွင် ရှောင်လင်းယွီပတ်လျှောက်ရင်း လယ်ကွက်များကို စူးစမ်းနေခဲ့သည်။ ပေါင်းပင်များမှလွဲ၍ ယင်တစ်ကောင်မပြောနှင့် ဘာသက်ရှိကိုမှ မတွေ့ရပေ။ ဒါကအတော်လေးထူးဆန်းတာပဲ။ ဘာပဲဖြစ်ဖြစ် အိပ်မက်ပဲဆိုမှတော့ ဒီလောက်တော့လက်ခံနိုင်ပါတယ်လေ။

ရှောင်လင်းယွီလည်း ကျောက်တုံးတစ်တုံးတွေ့တာကြောင့် ထိုပေါ်တွင်ထိုင်ကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ကောင်းကင်ကြီးမှာ တောက်ပနေသော်လည်း နေလုံးဝမရှိပေ။ ‘ဘယ်လိုအိပ်မက်ကြီးလဲ? ပြီးတော့ ငါဘာလို့အခုထိနိုးမလာသေးတာလဲ? ဒီအိပ်မက်ကဘာကိုရည်ရွယ်တာများလဲ?’

သူမသတိလက်လွတ်နှင့်သူမရင်ဘက်ပေါ်မှပတ်တီးကိုထိလိုက်မိသည်။ “ဒီပတ်တီးတောင်မှ အိပ်မက်ထဲပါလာလိုက်သေးတယ်…”

ထိုအချိန်မှာပဲ သူမလက်ချောင်းများက သူမလည်ပင်းထက်မှ ကျောက်စိမ်းဆွဲသီးကို ပွတ်တိုက်မိသွားသည်။ သူမခေါင်းငုံ့ကာ သက်ပြင်းချလိုက်ပြီး “ဒီကျောက်စိမ်းဆွဲသီး…”

သူမစကားဆုံးအောင်မပြောရသေးခင်တွင်ပင် နောက်ထပ်နေရာတစ်ခုသို့ ရွှေ့ပြောင်းခံလိုက်ရသည်။

ထိုနေရာကတော့ သူမကိုထား,ထားသည့်အဆင့်မြင့်လူနာခန်းပင်ဖြစ်သည်။ သူမကတော့ ကျောက်စိမ်းဆွဲပြားကိုကိုင်ထားနေမိတုန်းပင်။

ရှောင်လင်းယွီ ကြက်သီးများထသွားကာ၊ ‘နေပါဦး၊ ဒါ..ဒါအိပ်မက်မဟုတ်ဘူးလား?’ သူမခေါင်းကိုတဖန်ပြန်ငုံ့ကာ သူမအဝတ်အစားများကို အနံ့ခံကြည့်လိုက်သည်။ ၎င်းက အိပ်မက်ထဲတုန်းကအနံ့အတိုင်းပင်။ ဒါဆို.. အစောကအိပ်မက်မဟုတ်ဘူးပေါ့?

ဒါဆို သူမရင်ဘက်ကယားသလိုခံစားရတာကရော…

ရှောင်လင်းယွီ ချက်ချင်းပင် ပတ်တီးကိုဆွဲဖြည်လိုက်သည်။ သူမ၏ချောမွတ်ကာဖြူဝင်းသည့်အသားအရေကိုမြင်လိုက်ရသည်နှင့် ထိတ်လန့်သွားတော့သည်။ ‘ဒဏ်ရာဘယ်ရောက်သွားတာလဲ?’

သူမ တစ်ခါမှဒဏ်ရာမရခဲ့ဖူးသည့်အတိုင်းပင်။ ဒါ့အပြင် သူမ၏အသားအရေမှာ အရင်ကထက်ပင် အလွန်ဖြူဝင်းကာ ချောမွတ်နေခဲ့သည်။

‘တကယ်ကြီးလား၊ နေပါဦး…’ ရှောင်လင်းယွီတစ်ခုခုကိုသတိထားမိသွားသည်။

သူမလက်ကိုမြှောက်ပြီး အပြန်ပြန်အလှန်လှန်မှောက်လိုက်လှန်လိုက်ဖြင့် လှည့်ပတ်ကြည့်လိုက်ရာ လုံးဝမယုံနိုင်စရာအခြေအနေကိုတွေ့လိုက်ရသည်။ သူမတစ်ကိုယ်လုံးမှအသားအရေတိုင်းက ပိုပြီးဖြူကာ ပိုပြီးနူးညံ့လာခဲ့သည်။ ၎င်းက အသားဖြူစေသည့်ရွှံ့ရေကန်ထဲဝင်စိမ်လိုက်သလိုပင်။

ဒါလုံးဝအိပ်မက်မဟုတ်ဘူးပဲ!

ရှောင်လင်းယွီ အလွန်အံ့ဩသွားတော့သည်။ သို့သော်လည်း မကြာခင်မှာပဲ သူမစိတ်ကိုပြန်လည်ထိန်းညှိနိုင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမ ပြန်တောင်မွေးဖွားလာသေးတာပဲမဟုတ်လား၊ ဒါက မဖြစ်နိုင်တာလဲမဟုတ်တော့ပါဘူး။

“မဖြစ်ဘူး၊ ငါဒီနေရာကမြန်မြန်ထွက်သွားရမယ်!” ရှောင်လင်းယွီ သူမဘာသာရေရွတ်လိုက်သည်။ “မဟုတ်လို့ ဆရာတွေဝန်ပြန်လာပြီး ဒဏ်ရာကိုလာစစ်တာနဲ့ သတိထားမိသွားလိမ့်မယ်။ ငါ့ကိုဖမ်းပြီး ဆေးဘက်ဆိုင်ရာသုတေသနာလုပ်ဖို့တောင် ပို့ပစ်နိုင်တယ်!” ထိုကဲ့သို့အဖြစ်များကို သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားများမှတဆင့် သူမအများကြီးမြင်ဖူးထားပေသည်။

“ငါဒီနေရာကထွက်သွားပြီးမှာ ဘာတွေဖြစ်နေလဲဆိုတာ ပြန်စမ်းစစ်ကြည့်ရမယ်!”

ရှောင်လင်းယွီ စိတ်ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်းပင် သူမအိတ်ကိုယူကာ ထွက်သွားဖို့ပြင်လိုက်သည်။

ထိုအချိန်မှာပဲ အခန်းတံခါးခေါက်သံကိုကြားလိုက်ရတာကြောင့် သူမထိတ်လန့်သွားကာ သန့်စင်ခန်းထဲဝင်ပုန်းလိုက်သည်။

“ဝင်ခဲ့ပါ!” သူမလှမ်းအော်လိုက်လေသည်။

ထိုအချိန်တွင် သူနာပြုတစ်ယောက်က အခန်းတံခါးကိုဖွင့်ကာ ဆေးဗန်းတစ်ခုကိုင်ထားပြီးဝင်လာခဲ့သည်။ ကုတင်လွတ်ကိုမြင်တာနှင့် လူနာက သန့်စင်ခန်းဝင်နေသည်ဟုတွေးမိကာ လှမ်းပြောလိုက်သည်။ “မစ္စရှောင်၊ ခေါင်းဆောင်ယွမ်က ရှင့်အတွက် ဆေးပေးလိုက်တယ်။ ကျွန်မရှင့်ကိုဆေးချိတ်ပေးမယ်။ ပြီးရင် ရှင်ဆေးနည်းနည်းလည်းသောက်ထားရမယ်။”

“ကောင်းပါပြီ၊ ဆေးတွေကိုအရင်ထားခဲ့လိုက်ပါ။ ကျွန်မ အခုထွက်လာဖို့အဆင်မပြေသေးလို့။ နောက် မိနစ်၂၀လောက်ကျမှပြန်လာပေးလို့ရမလား?”

“ရတာပေါ့!”

သူနာပြုထွက်သွားသည်နှင့် ရှောင်လင်းယွီလည်း သန့်စင်ခန်းထဲမှချက်ချင်းပြန်ထွက်လာခဲ့သည်။ ကုတင်ဘေးကစားပွဲပေါ်မှ ဆေးများကိုမြင်သည်နှင့် သူမမျက်လုံးများကျဉ်းမြောင်းသွားကာ ဆေးများကိုဆွဲယူပြီး လက်ထဲမှာပဲကိုင်ထားလိုက်သည်။ သူမအိတ်ကသေးနေတာကြောင့် ဆေးများထည့်ဖို့မဆန့်ပေ။

ရှောင်လင်းယွီအနည်းငယ်ရုပ်ဖျက်လိုက်သည်။ သူမခေါင်းကိုငုံ့ထားလိုက်သ၍ ဘယ်သူကမှ သူမသည် သခင်လေးယန်ချီလာခဲ့သည့်အမျိုးသမီးဖြစ်ကြောင်း ဘယ်သူမှသိတော့မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဆေးရုံကဝန်ထမ်းတွေက သူမကိုသိနေကြတာမှမဟုတ်ဘဲ။

လူတိုင်း၏အာရုံကိုဆွဲဆောင်နေသည့် ယန်စစ်မင်ထွက်သွားတာကြောင့် ရှောင်လင်းယွီအတွက် လစ်ထွက်ဖို့ပိုလွယ်ကူသွားစေသည်။

သို့သော်လည်း ရှောင်လင်းယွီ တံခါးဝကိုရောက်ချိန်မှာပဲ တစ်ခုခုကိုတွေးမိကာ နောက်ပြန်လှည့်လာခဲ့သည်။ သူမအိတ်ထဲမှ ယွမ်၂ထောင်ထုတ်ကာ ရေတွက်လိုက်ပြီးနောက် ဆေးရုံကတင်ဘေးမှစားပွဲပေါ်တင်လိုက်သည်။ ထို့နောက် စာရွက်နှင့်ဘောပင်ထုတ်ကာ မှတ်စုတိုတစ်ခုရေးပြီး ပိုက်ဆံပေါ်တွင်ကပ်ခဲ့လေသည်။

သူမဒဏ်ရာက အသေးအမွှားဖြစ်ကာ ဆေးရုံတွင်ခဏလေးသာနေခဲ့သော်လည်း ဤနေရာသည် အဆင့်မြင့်လူနာခန်းဖြစ်နေသည်။ ဒါ့အပြင် ခေါင်းဆောင်ဆရာဝန်နှင့်ပါ ဆွေးနွေးမှုလုပ်ခဲ့တာကြောင့် ဈေးနှုန်းကအတော်လေးမြင့်လောက်သည်။ သို့သော်လည်း ဤယွမ်၂ထောင်ကတော့ လုံလောက်ကောင်းလုံလောက်မည်ဟု သူမထင်ပေသည်။

ထို့နောက် အဆုံးတွင်တော့ ရှောင်လင်းယွီထွက်ပြေးနိုင်ခဲ့သည်။

***

All Chapters