← Chapters

နည်းဗျူဟာ

Vol. 3 Ch. 33

နည်းဗျူဟာ

Vol. 3 Ch. 33

မိနစ်၂၀ကြာပြီးနောက် သူနာပြုက လူနာခန်းထဲသို့ပြန်ဝင်လာခဲ့သည်။ သူမအကြိမ်အနည်းငယ်ခေါ်ကြည့်သော်လည်း တုန့်ပြန်သံမကြားရတာကြောင့် စိုးရိမ်သွားတော့သည်။

ထိုလူနာသည် သခင်လေးယန်ကိုယ်တိုင် လာပို့ထားသူဖြစ်သည်။ သူမပျောက်သွားသည်အား သခင်လေးယန်သာသိပ်ပါက ဆေးရုံတစ်ခုလုံးပါ ဒုက္ခရောက်သွားနိုင်သည်။

ထို့ကြောင့် သူနာပြုလည်း အခန်းထဲကိုလှည့်ပတ်လိုက်ရှာကြည့်လိုက်ရာ ကုတင်ဘေးရှိစားပွဲပေါ်တွင် ပိုက်ဆံတစ်ထပ်နှင့်စာရွက်တစ်ရွက်ရှိသည်ကိုတွေ့သွားခဲ့သည်။

သူနာပြုလည်း ချက်ချင်းပင် သူနာပြုခေါင်းဆောင်ထံတင်ပြကာ သူနာပြုခေါင်းဆောင်သည်လည်း ဆရာဝန်ထံတဆင့်တင်ပြရန် ငွေနှင့်စာရွက်ကိုဆွဲယူလိုက်သည်။

သူနာပြုခေါင်းဆောင်ထံမှ ဖုန်းကောကို ခေါင်းဆောင်ယွမ်လက်ခံရရှိသည်နှင့် ထိတ်လန့်သွားတော့သည်။ ထိုအမျိုးသမီးက ဆေးကိုယူပြီး ဆေးရုံမှထွက်ပြေးသွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ယန်သခင်လေးထံ သတင်းပို့ရုံကလွဲပြီးမတတ်နိုင်ပေ။ ဒီအမျိုးသမီးကို ယန်သခင်လေးကိုယ်တိုင်ကိုယ်ကျ ဆေးရုံကိုလာပို့ထားခဲ့ခြင်းမဟုတ်လား။ ထိုအမျိုးသမီး သူမဘာသာထွက်ပြေးသွားခြင်းဆိုလျှင်တောင်မှ ယန်သခင်လေးကို အသိပေးရပေမည်။

စိန့်ထ်ဆေးရုံ၏ဒါရိုက်တာက ရှောင်လင်းယွီအကြောင်း သခင်လေးယန်ကိုသတင်းပို့ချိန်တွင် ကြောက်လန့်နေတာကြောင့် စကားများပင်ထစ်နေခဲ့သည်။ “သ-သခင်လေးယန်၊ မစ္စရှောင်းက လူနာခန်းထဲမှာ ယွမ်၂၀၀၀နဲ့စာတစ်စောင်ထားပြီးထွက်သွားပါတယ်။ စာထဲမှာတော့ ငွေတွေက ဆေးဖိုးအတွက်ထားခဲ့တာလို့ပြောထားပါတယ်။ ပြီးတာနဲ့ သူတိတ်တိတ်လေးထွက်သွားတာပါ။”

ယန်စစ်မင် မျက်မှောင်အသာကြုတ်ကာ မျက်လုံးများကိုမှေးကျဉ်းလိုက်သည်။ သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်အနည်းငယ်ရှိနေသော်လည်း ချက်ချင်းပင်စိတ်ကိုလျှော့ချကာ မထူးခြားသလိုပြောလိုက်သည်။ “နားလည်ပြီ၊ သူမနေချင်မှတော့ လွှတ်ထားလိုက်ပါ။”

“ဟုတ်ကဲ့ပါ!” ဒါရိုက်တာက တရိုတသေနှင့်ပြန်ဖြေလိုက်သည်။ ဖုန်းချလိုက်ပြီးနောက် သူနာပြုခေါင်းဆောင်နှင့် တာဝန်ကျဆရာဝန်ခေါင်းဆောင်ယွမ်တို့က ချက်ချင်းပင် စိတ်လှုပ်ရှားစွာမေးလာခဲ့သည်။ “ဒါရိုက်တာ၊ အခြေအနေဘယ်လိုလဲ? သခင်လေးယန်ဘာပြောသွားသေးလဲ?”

ဒါရိုက်တာလည်း ခေါင်းအသာယမ်းပြလိုက်ကာ၊ “သခင်လေးယန်က ဒီကိစ္စကိုထားလိုက်တော့ဖို့ပြောတယ်။”

“ဟူးး!” ထိုတော့မှ သူနာပြုခေါင်းဆောင်ရော ခေါင်းဆောင်ယွမ်ပါ သက်ပြင်းမောကြီးမှုတ်ထုတ်နိုင်သွားသည်။ ရှုပ်ထွေးလှသည့်ပြဿနာကြီးထဲမှလွတ်မြောက်လာကြသလိုမျိုး စိတ်သက်သာမှုအပြည့်ဖြင့်ပြုံးလိုက်ကြကာ၊ “တကယ်ကိုကြောက်သွားတာ။”

ထို့နောက် သူနာပြုခေါင်းဆောင်က စိတ်ရှုပ်ထွေးမှုအပြည့်ဖြင့်ပြောလာသည်။ “ဒါက အရမ်းမထူးဆန်းနေဘူးလား။ ဘာလို့ အဲ့ဒီအမျိုးသမီးက ဆေးရုံကနေထွက်ပြေးသွားရတာလဲ? သူက သခင်လေးယန်ရဲ့မိန်းကလေးမဟုတ်ဘူးလား? ကျွန်မကြားတာကြောင့် သခင်လေးယန်ရဲ့မျက်နှာသာပေးမှုရအောင် တိုက်ခိုက်နေကြတဲ့မိန်းကလေးတွေမှအများကြီးပဲတဲ့။ ဒဏ်ရာရအောင်လုပ်တာ၊ ခြိမ်းခြောက်တာတင်မကဘူး သက်သေတာတောင်လုပ်ကြသေးတယ်ဆိုပဲ။ ဒါပေမယ့် သခင်လေးယန်က သူတို့ကိုလုံးဝဂရုမစိုက်ခဲ့ဘူးလေ။”

“ဒါပေမယ့် ဒီတစ်ခေါက်တော့ ဒဏ်ရာသေးသေးလေးဖြစ်တာတောင်မှ အဲ့မိန်းကလေးကို သခင်လေးယန်ကိုယ်တိုင်လိုက်ပို့လာတယ်။ သူက သခင်လေးယန်ရဲ့အကြိုက်အသစ်ကလေးများဖြစ်မနေဘူးလား? သူဆေးရုံတက်နေတုန်း တခြားမိန်းကလေးတွေ သူ့ကိုတစ်ခုခုလာလုပ်မှာစိုးလို့ သခင်လေးယန်အနားပြန်သွားလို့ရအောင် ထွက်ပြေးသွားတာများဖြစ်နေမလား?”

သူနာပြုခေါင်းဆောင်က အတော်လေးတွေးဆနေခဲ့သည်။ သူမ၏အသက်အရွယ်အရ စိတ်ကူးယဉ်အချစ်ဝတ္ထုတွေအတော်လေးဖတ်သည့်အလေ့အကျင့်ရှိနေသးပုံပင်။

ခေါင်းဆောင်ယွမ်က ခေါင်းယမ်းကာခပ်ဟဟရယ်လိုက်သည်။ “မဖြစ်နိုင်ပါဘူး။” သူ့လေသံအရ အတော်လေးသေချာနေပုံပင်။

ဒါရိုက်တာနှင့်သူနာပြုခေါင်းဆောင်တို့က အတင်းအဖျင်းသတင်းအနံ့ကိုရလိုက်သလိုမျိုး လှည့်လာကြသည်။ “ခေါင်းဆောင်ယွမ်၊ မင်းဘယ်လိုလုပ်ဒီလောက်သေချာနေတာလဲ?”

ခေါင်းဆောင်ယွမ်က ချက်ချင်းပင် သူ့နှုတ်ခမ်းကို ဇစ်ဆွဲသလိုလုပ်ပြလိုက်ကာ၊ “ကျုပ်ပြောပြမှာမဟုတ်ဘူး!” သခင်လေးယန်၏နောက်ကွယ်တွင် သူဘာမှပြောမှာမဟုတ်ပေ။ သူ Zမြို့ကနေမထွက်ခွာပဲ ဒီမှာပဲဆက်နေချင်ပါသေးသည်။

“ကျွတ်!” သူနာပြုခေါင်းဆောင်က မကျေမနပ်ဖြင့် မျက်လုံးသာလှန်လိုက်တော့သည်။

ဆေးရုံဝန်ထမ်းများမှာ ရှောင်လင်းယွီ၏အထောက်အထားကို အလွန်သိချင်နေမိကြသည်။

ယန်စစ်မင် သူ့ကုမ္ပဏီသို့ပြန်သွားချိန်တွင် သူ့မျက်နှာတစ်ခုလုံးမဲမှောင်နေခဲ့သည်။ သူက အံတင်းတင်းကြိတ်ကာ၊ “သေစမ်း၊ ရှောင်လင်းယွီ!”

သူမကိုဂရုစိုက်ပေးပါ့မယ်လို့ သူကိုယ်တိုင်ကတိပေးထားတာတောင်မှ သူမက ထွက်ပြေးသွားလေသည်။ စိန့်ထ်ဆေးရုံကလူတိုင်း သူမကို ခေါ်ဆောင်လာသူက သူမှန်း မြင်ခဲ့ကြသည်။ သို့သော်လည်း ထိုမိန်းကလေးကတော့ ငွေသားတချို့ချန်ခဲ့ကာ ထွက်ပြေးသွားခဲ့သည်။ ရှောင်လင်းယွီက သူ့ကိုလုံးဝမျက်နှာသာမပေးခဲ့ဘူးပဲ!

“သေစမ်း! ရှောင်လင်းယွီ၊ မင်းတော်တော်ကောင်းတာပဲ!” ယန်စစ်မင်ထပ်ပြီးဒေါသထွက်လာပြန်သည်။

ယန်စစ်မင်ရှေ့တွင်မတ်တပ်ရပ်နေသည့် အတွင်းရေးမှူးဝမ်၏ရင်ထဲမှာတော့ တော်တော်လေးတုန်လှုပ်နေပြီဖြစ်သည်။ ဒါကြောင့် သူက သတိထားကာမေးလိုက်သည်။ “သခင်လေး၊ ကျွန်တော်တို့ မစ္စရှောင်ကို လိုက်စောင့်ကြည့်ပေးရမလား?”

ရိုးရိုးသားသားပြောရလျှင် ရှောင်လင်းယွီကို ဟွေ့ချင်အုပ်စုထဲကနေ သခင်လေးယန်သယ်ထုတ်လာခဲ့ကတည်းက အတွင်းရေးမှူးဝမ်၏စိတ်ထဲမှာ ထိတ်လန့်လွန်းနေခဲ့ပြီးဖြစ်သည်။ သခင်လေးယန်က ဘယ်တုန်းကမှ ဒီလိုမျိုးလုပ်ဖူးတာမှမဟုတ်တာ!

ထိုအခြေအနေအရ သခင်လေးယန်က မစ္စရှောင်နှင့် သေချာသည့်ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်နေမှန်း သိခဲ့လိုက်သည်။ အခုများတော့ မစ္စရှောင်က ဆေးရုံကနေခိုးထွက်သွားကြောင်းသတင်းကို သခင်လေးယန်ကြားလိုက်ရကာ ဒေါသပေါက်ကွဲနေလေပြီ! ဘယ်မိန်းကလေးကမှ သခင်လေးယန်ကို လက်ရှိစိတ်အခြေအနေမျိုးဖြစ်အောင် မလုပ်နိုင်ခဲ့ဖူးပေ!

သခင်လေးယန်က အတွင်းရေးမှူးဝမ်ကို ကြည့်လိုက်သည်။ သူ့အကြည့်က အလွန်ထက်ရှလွန်းနေတာကြောင့် အတွင်းရေးမှူးဝမ်ကို အပိုင်းပိုင်းပြတ်စေတော့မလိုပင်။ အတွင်းရေးမှူးဝမ်သည်လည်း သူ့ဘော့စ်က ဘာကြောင့် သူ့ကိုဒီလိုအကြည့်မျိုးနှင့်ကြည့်နေမှန်း နားမလည်နိုင်ခဲ့ပေ။ သူပြောတဲ့ထဲ တစ်ခုခုများမှားသွားလို့လား?

မကြာခင်မှာပဲ သခင်လေးယန်၏စိတ်အခြေအနေသည် ပုံမှန်အနေအထားသဖို့ပြန်ရောက်သွားကာ အေးစက်စွာဖြင့်ပြောလိုက်သည်။ “ဘာမှလုပ်စရာမလိုဘူး!” သူ ရှောင်လင်းယွီကို အတော်လေးစိတ်ဝင်စားမိသည်မှန်သော်လည်း သူဆိုသည်က မိန်းမတစ်ယောက်ကို စလိုက်မည့်သူမျိုးမဟုတ်ပေ။

ရှောင်လင်းယွီကိုရဖို့အတွက် သူနည်းလမ်းအမျိုးမျိုးသုံးကာ ကြိုးစားကြည့်ခဲ့ပြီးဖြစ်သည်။ ရှောင်လင်းယွီဘက်က စိတ်ပျော့မလာခင် အစပိုင်းမှာတော့ ငြင်းနေခဲ့သည်။ ဒါကြောင့် နောက်ပိုင်း ယန်စစ်မင်အနေနှင့် သူမအပေါ်စိတ်ဝင်စားမှုမရှိတော့ပေ။ သို့သော်လည်း ရှောင်လင်းယွီပြလာမည့် ဇာတ်ကွက်ကို သဘောကျသလိုမျိုးဆက်ပြီး သရုပ်ဆောင်ခဲ့သည်။

ကျောက်ဟွေ့ချင်ကို ရှောင်လင်းယွီ ယွမ်၅သန်းတောင်းလိုက်ချိန်တွင်တော့ ယန်စစ်မင်၏မျက်လုံးထဲရှိ အထင်သေးစိတ်များက ပိုလို့ကြီးထွားလာလေသည်။ ရှောင်လင်းယွီကိုလည်း နောက်ထပ်သိုက်တူးသမားတစ်ယောက်ဟု ယန်စစ်မင်သတ်မှတ်လိုက်တော့သည်။ သို့သော်လည်း ရှောင်လင်းယွီ၏ ဒုတိယတောင်းဆိုချက်က ချန်းယန်နှင့်ကျောက်ဝမ်မန့်ကို လက်ထပ်ပေးဖို့ဖြစ်ကြောင်းသိလိုက်ရချိန်မှာတော့ သူထပ်ပြီးအံ့ဩသွားရပြန်သည်။

ထိုအချိန်တုန်းက ရှောင်လင်းယွီ၏မျက်လုံးထဲရှိ ဒေါသနှင့်အမုန်းတရားတို့ကို ယန်စစ်မင် ရှင်းရှင်းလင်းလင်းကြီးတွေ့ရှိခဲ့တာကြောင့် ထိုအချစ်ငှက်နှစ်ကောင်ကို ဘာကြောင့်များအရမ်းကူညီချင်နေရလဲ နားမလည်နိုင်တော့ပေ။ ရှောင်လင်းယွီတစ်ခုခုလုပ်ဖို့ ကြံနေခြင်းဖြစ်မည်ဟု ယုံတာကြောင့် ယန်စစ်မင်လည်း သူမနှင့်ဆက်ပြီးပူးပေါင်းပေးခဲ့သည်။

လက်ထပ်မှတ်ပုံတင်ကိုတရားဝင်ရရှိပြီးနောက် ရှောင်လင်းယွီက သူ့လက်ဖဝါးပေါ်တွင် စာလုံးတချို့ကို တိုးတိုးတိတ်တိတ်ရေးပေးလာခဲ့သည်။ “ဟွေ့ချင်ကိုသိမ်းယူ”

ထိုအခိုက်တွင် ရှောင်လင်းယွီ၏အကြင်နာမဲ့ကာ ဉာဏ်ပြေးလွန်းပုံကြောင့် သူ ပိုလို့တောင်မှ အထင်ကြီးသွားခဲ့သည်။

သူမက သိုက်တူးသမားဆိုလျှင်တောင်မှ အနည်းဆုံးတော့ စိတ်ဝင်စားစရာကောင်းနေသေးသည်။ သူမသာ ငွေလိုချင်လျှင် သူ ပေးနိုင်သည်။

သို့သော်လည်း ဆေးရုံရောက်သွားချိန်မှာတော့ ရှောင်လင်းယွီက သူ့ကိုထပ်ပြီးအံ့ဩအောင်လုပ်လာပြန်သည်။ သူမက ထိုယွမ်၅သန်းလုံးကို သူ့ကိုလှူပေးစေချင်နေသည်။ ထိုတော့မှ ရှောင်လင်းယွီက တကယ်ကိုရိုးရိုးသားသားနှင့် သူ့ကိုအသုံးချရုံသာချနေမှန်း ယန်စစ်မင်နားလည်သွားတော့သည်။

အခုလို သူမ ဆေးရုံကနေထွက်ပြေးသွားခြင်းက ထိုအချက်ကို ပိုလို့သက်သေပြသွားသည်ပင်။ သူမက သူ့ဆီကနေ အစကတည်းက ဘာမှလိုချင်ခဲ့တာမျိုးမရှိပေ။

အခြေအနေအကျဉ်းချုပ်ကိုပြန်တွေးကြည့်ပြီးနောက် ယန်စစ်မင်၏နှုတ်ခမ်းထဲတွင် ကောက်ကျစ်သည့်အပြုံးတစ်ခုပေါ်လာခဲ့သည်။ “မင်းတော်သားပဲ။ မင်းရဲ့နည်းဗျူဟာက ငါ့စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သွားပြီ။”

သခင်လေးယန်သည် ဘယ်မိန်းကလေးကိုမဆို သူဆွဲဆောင်နိုင်သည်ဟုတွေးထားတာကြောင့် ရှောင်လင်းယွီက ချွင်းချက်တစ်ခုဖြစ်နေသည်။

သို့သော်လည်း ရှောင်လင်းယွီသည် သူတွေ့ဖူးသမျှ ဘယ်မိန်းကလေးထက်မဆို ပိုပြီးပါးနပ်သည်။ သူမကစားခဲ့သည့်ဗျူဟာများက သူ့ရှေ့တွင်ပင် ဟာကွက်မပေါ်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ထိုအရာကပင် သူမကိုပိုပြီးဆွဲဆောင်မှုရှိသွားပေသည်။

အနားတွင်ရှိနေသည့် အတွင်းရေးမှူးဝမ်ခဗျာ တုန်လှုပ်နေကာ ထပ်ပြီးဂရုတစိုက်မေးလိုက်ပြန်သည်။ “ဒါဆို၊ သခင်လေး ကျွန်တော် မစ္စရှောင်ကို လိုက်ကြည့်ပေးရဦးမလား?”

“သူ အခုဘယ်မှာနေလဲဆိုတာပဲ ရှာကြည့်။ တခြားဘာမှစုံစမ်းစရာမလိုဘူး။”

“ဟုတ်ကဲ့ပါ။” အတွင်းရေးမှူးဝမ်က တလေးတစားပြန်ဖြေလိုက်သည်။ ‘နောက်ဆုံးတော့ သခင်လေးယန်လည်း ချစ်မိသွားပြီလား? ဒီမိန်းကလေးက သူ့နှလုံးသားကိုအမိဖမ်းနိုင်သွားပြီပေါ့?’

……

ရှောင်လင်းယွီတစ်ယောက် ဆေးရုံကထွက်လာပြီးနောက် အချိန်မဆွဲရဲဘဲ ချက်ချင်းပင် တက္ကစီတစ်စီးငှားကာ သူမငှားထားသည့်အိမ်သို့ အမြန်ပြန်လာခဲ့သည်။

တကယ်တော့ ကုမ္ပဏီက ဝန်ထမ်းများအတွက် အဆောင်စီစဉ်ပေးထားသော်လည်း ချန်းယန်နှင့်ကိုယ်ပိုင်အချိန်တချို့လိုချင်တာကြောင့် ရှောင်လင်းယွီသည် ကုမ္ပဏီနှင့်ဝေးကာ အိမ်နီးချင်းသိပ်မများသည့်နေရာမှာ ထိုအိမ်လေးကိုငှားခဲ့ခြင်းဖြစ်သည်။

နေရာသည် အတော်လေးကျဉ်းသည်။ အိပ်ခန်းတစ်ခန်းနှင့်ဧည့်ခန်းတစ်ခန်းသာပါရှိသော်လည်း အိမ်တစ်အိမ်ဟုပြောရန်လိုအပ်သမျှအားလုံးတော့ရှိပေသည်။ အချိန်အများစုတွင် ချန်းယန်သည် ညလုံးပေါက်နေမည်ဆိုပါက ဧည့်ခန်းထဲက ဆိုဖာပေါ်တွင်သာ အိပ်တတ်သည်။

သူမအိမ်သို့ပြန်ရောက်သည်နှင့် ရှောင်လင်းယွီသည် သူမ,မမြင်ရတာ၆နှစ်လောက်ရှိပြီဖြစ်သည့် အငှားအိမ်လေးကို အချိန်အတော်ကြာသည်အထိ လိုက်ကြည့်နေမိသည်။ ထို့နောက် ဆိုဖာပေါ်တွင်မှီထိုင်ရင်း သူမရှပ်အင်္ကျီကော်လံကို ဂရုတစိုက်ဆွဲဟလိုက်သည်။ ထို့နောက် ဒဏ်ရာကိုစည်းထားသည့် ပတ်တီးကို ဖြည်ချလိုက်သည်။

ရှောင်လင်းယွီ၏မျက်နှာမှာဖြူဖျော့သွားကာ ဗလုံးဗထွေးရေရွတ်လိုက်မိပေသည်။ “ဒါအိပ်မက်မဟုတ်ဘူးပဲ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!”

မယုံကြည်နိုင်စရာအခြေအနေကို ရှောင်လင်းယွီတွေ့ရှိသွားခဲ့သည်။

“မဟုတ်ဘူး၊ ငါဒါကိုအတည်ပြုဖို့ တစ်ခုခုတော့လုပ်ရမယ်!” ရှောင်လင်းယွီတွေးလိုက်သော်လည်း ခဏကြာပြီးနောက် သူမနှုတ်ခမ်းကိုတင်းတင်းစေ့ထားမိသည်။ “ဒါပေမယ့် ဘယ်လိုမျိုးစမ်းရမှာလဲ?”

ထိုမှော်ဆန်ဆန်နေရာလွတ်ထဲ မည်သို့မည်ပုံဝင်ထွက်ရမလဲဆိုတာကို ရှောင်လင်းယွီ စဉ်းစားမရပေ…

***

All Chapters