အိမ်ပြန်ပြီး လယ်စိုက်မယ်
Vol. 3 Ch. 34
“သခင်လေး၊ ဒါမစ္စရှောင်နေတဲ့နေရာပါ!” အတွင်းရေးမှူးဝမ်က လိပ်စာရေးထားသည့်စာရွက်ကို ယန်စစ်မင်အားပေးလိုက်သည်။ တစ်ယောက်ယောက်၏လိပ်စာကိုရှာရသည်က ခက်ခဲသည့်အရာတော့မဟုတ်ပေ။
ယန်စစ်မင်က စာရွက်ကိုယူလိုက်ပြီး သူ့နှုတ်ခမ်းထက်တွင် ခပ်ညစ်ညစ်အပြုံးတစ်ခုပေါ်လာကာ အမိန့်ပေးလိုက်သည်။ “နှင်းဆီပန်း ၉၉ပွင့်မှာထား။ ပြီးရင် ဒီနေရာကို မနက်ဖြန်ကျပို့ပေးလိုက်!”
“ကောင်းပါပြီ၊ သခင်လေး!”
အတွင်းရေးမှူးဝမ်ဝမ်ထွက်သွားသည်နှင့် ယန်စစ်မင်သည် စာရွက်ကိုလုံးချေပစ်ကာ ထပ်ပြုံးလိုက်သည်။ “ရှောင်လင်းယွီ၊ မင်းဘယ်လောက်အထိမူနိုင်မလဲကြည့်ရသေးတာပေါ့။”
ယန်စစ်မင်သည် သူ့ဆွဲဆောင်မှုအပေါ် ယုံကြည်မှုအပြည့်ရှိသူဖြစ်သည်။ သူ့နောက်ခံမပါလျှင်တောင်မှ ရုပ်ရည်ချောမောကာ ခန္ဓာကိုယ်တောင့်တင်းပေသည်။ သူက အသက်ရှိနေသည့် Adonisပင်။
…..
ရှောင်လင်းယွီတစ်ယောက် ဆိုဖာပေါ်တွင်သာ ငေးငေးငိုင်ငိုင်ဖြင့်ထိုင်နေရင်း ပါးစပ်ကနေပြီး ဗလုံးဗထွေးဖြင့်ဆက်လက်ရေရွတ်နေလေသည်။ “ဘာတွေဖြစ်ကုန်တာလဲ? ငါ့ဘာသာစိတ်ထဲကနေ စိတ်ကူးယဉ်နေမိတာလား? အဲ့လိုမှမဟုတ်ရင်လည်း အဲ့ဒီနေရာလွတ်ဆီဘယ်လိုပြန်သွားရမှာလဲ? ဘယ်ကနေဘယ်လိုဝင်ရမှာလဲ?”
ရှောင်လင်းယွီ သူမဘာသာရေရွတ်နေရင်း သူမလည်ပင်းထက်ရှိကျောက်စိမ်းဆွဲပြားကို ကိုင်နေခဲ့သည်။ သူမပါးစပ်က ‘ဝင်’ဆိုသည့်စကားကိုပြောလိုက်သည်နှင့် သူမပတ်လည်မှကမ္ဘာကြီးမှာ ချက်ချင်းပင်ပြောင်းလဲသွားတော့သည်။
ရေပူစမ်းကန်နှင့်လယ်ကွက်ကြီးက ပြန်ပေါ်ထွက်လာခဲ့သည်။ ရှောင်လင်းယွီ မှင်သက်သွားကာ ကျောက်စိမ်းဆွဲပြားကိုကိုင်ထားသည့် လက်ကိုလည်း ပြန်မလွှတ်မိပေ။
“ငါပြန်ရောက်လာတာလား? ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့! ဒါပေမယ့် တကယ်ပဲဘာတွေဖြစ်နေတာလဲ?” ရှောင်လင်းယွီ အခုထိအဖြေရှာမရနိုင်သေးပေ။
သူမဘေးကိုလှည့်ပတ်ကြည့်ရင်း နောက်ဆုံး ကျောက်စိမ်းဆွဲပြားကိုကိုင်ထားစဲဖြစ်သည့် သူမလက်ထံသို့ရောက်ရှိသွားသည်။ ထိုတော့မှ ကျောက်စိမ်းဆွဲပြား၏အရောင်မှာ ပြောင်းလဲနေသည်ကို သူမသတိပြုမိသွားလေသည်။
အစတုန်းက ကျောက်စိမ်းဆွဲပြားသည် မှိုင်းညို့ညို့အစိမ်းရောင်ဖြစ်သော်လည်း အခုချိန်မှာတော့ သလင်းကျောက်တစ်ခုလိုတောက်ပနေသည်။ သို့သော်လည်း သူမကိုအံ့ဩစေဆုံးကတော့ ထိုအရာမဟုတ်ပေ။ သူမထိခိုက်မိတုန်းက သူမသွေးက ကျောက်စိမ်းဆွဲပြားပေါ်တွင် ပေသွားသည်ကို သူမမှတ်မိနေသေးသည်။ သူမတွင် ကျောက်စိမ်းဆွဲပြားကို ပြန်လည်သန့်ရှင်းဖို့အချိန်မရှိခဲ့သော်လည်း ဆွဲပြားပေါ်မှသွေးအစွန်းသည် အခုချိန်တွင် လုံးဝပျောက်ကွယ်နေခဲ့သည်။
ရှောင်လင်းယွီစိတ်ထဲ ခန့်မှန်းချက်တစ်ခုရှိလာခဲ့သည်။ “ဒါဆို အခုကိစ္စတွေအားလုံးက ဒီကျောက်စိမ်းဆွဲပြားကြောင့်လား?” ထို့နောက် သူမ ဤဆန်းကြယ်သည့်နေရာလွတ်ထဲသို့ ကူးပြောင်းလာချိန်တိုင်း ထိုကျောက်စိမ်းဆွဲပြားကို သူမလက်ထဲတွင် အမြဲကိုင်ထားနေမိကြောင့် အမှတ်ရသွားခဲ့သည်။
ရှောင်လင်းယွီစိတ်ထဲတွင် ဖြေနိုင်ချေတစ်ခုကိုတွေးမိသွားပြီဖြစ်တာကြောင့် သေချာအောင်စမ်းသပ်လိုခဲ့သည်။ ဒါကြောင့် ဆွဲပြားကိုကိုင်လိုက်ကာ၊ “ထွက်မယ်!” ဟုပြောလိုက်သည်။
အမှန်ကိုပင် သူမအခန်းသို့ပြန်လည်ရောက်ရှိသွားခဲ့သည်။ ရှောင်လင်းယွီ၏မျက်လုံးများတောက်ပလာကာ စိတ်လှုပ်ရှားနေသည့်အမူအရာဖြင့်၊ “ငါခန့်မှန်းတာမှန်နေတာပဲ!”
သို့သော်လည်း သူမနောက်ထပ်အကြိမ်အနည်းငယ်ထပ်ပြီးစမ်းကြည့်ချင်သေးသည်။
ဒါကြောင့် ကျောက်စိမ်းဆွဲပြားကိုပြန်ကိုင်လိုက်ကာ စကားတစ်ခွန်းကိုရွတ်လိုက်သည်။ “ဝင်မယ်!”
ချက်ချင်းပင် သူမ၏နေရာကပြောင်းလဲသွားခဲ့သည်။
“ထွက်မယ်!”
“ဝင်မယ်!”
“ထွက်မယ်!”
“ဝင်မယ်!”
အကြိမ်အနည်းငယ်ခန့်ထပ်ပြီး သူမ၏ခန့်မှန်းချက်သေချာအောင် စမ်းသပ်ကြည့်ခဲ့လေသည်။
ထို့နောက် ရှောင်လင်းယွီ ဆိုဖာပေါ်တွင်ပြန်ထိုင်ချကာ ကျောက်စိမ်းဆွဲပြားကို ဂရုတစိုက်ဖြင့် လေ့လာကြည့်တော့သည်။ ကျောက်စိမ်းဆွဲပြားသည် ဖီးနစ်ငှက်တစ်ကောင်၏ပုံစံရှိကာ သူမငယ်ငယ်တုန်းက ရွာနားရှိမြစ်ငယ်လေးတစ်ခုထဲမှ ကောက်ယူခဲ့ခြင်းဖြစ်သည်။
သူမသည် ဆင်းရဲသည့်ရွာငယ်လေးတစ်ခုမှလာသူဖြစ်သည်။ သူမမိဘများက သူမကိုလက်ဝတ်ရတနာများဝယ်ပေးဖို့မတတ်နိုင်ဘဲ အများဆုံးမှ ဈေးပေါသည့်ဘီးကုပ်တစ်ခုသာတတ်နိုင်ကြသည်။ ရှောင်လင်းယွီ၏မိဘများသည် သူမအပေါ်အလွန်ကြင်နာကြကာ သူမကိုအလွန်အလိုလိုက်ကြသူများလည်းဖြစ်သည်။ သို့သော်လည်း ဒါက ရှောင်လင်းယွီတွင် တခြားကလေးမတွေထက် ဘီးကုပ်အနည်းငယ်ပိုရှိသွားရုံပင်ဖြစ်တာကြောင့် မကြာလိုက်ပါဘဲ သူမလည်း ငြီးငွေ့သွားခဲ့သည်။
မြစ်ထဲကနေပြီး ကျောက်စိမ်းဆွဲပြားကို ရှောင်လင်းယွီရှာတွေ့သည်နှင့် ထိုဆွဲပြား၏အလှကြောင့် ချက်ချင်းပင်ဆွဲဆောင်ခံလိုက်ရသည်။ သူမထိုဆွဲပြားကို အိမ်သို့ပြန်ယူသွားကာ သူမမိခင်က အနီရောင်ကြိုးတစ်ချောင်းနှင့် သူမလည်တိုင်ထက်တွင်ဆွဲပေးခဲ့သည်။
ထိုအဖြစ်က နှစ်ပေါင်း၂၀ပင်ကြာသွားခဲ့ပေပြီ။
သူမ မတော်တဆရှာတွေ့ခဲ့သည့်ပစ္စည်းလေးတစ်ခုက သူမအတွက် ဤမျှအံ့ဩစရာကောင်းသည့်ကိစ္စကြီးတစ်ခုကိုယူဆောင်လာလိမ့်မည်ဟု ရှောင်လင်းယွီ ဘယ်တုန်းကမှ တွေးခဲ့မိမှာမဟုတ်ပေ။
ထို့နောက် ရှောင်လင်းယွီစိတ်ထဲ အကြောက်တရားဝင်လာခဲ့သည်။ လူတွေသာ သူမတွင် ဤကဲ့သို့ရတနာတစ်ခုရှိနေကြောင်းသိသွားကြလျှင် သူမဆီက ခိုးယူဖို့ဘယ်နည်းကိုမဆိုသုံးကြမှာပဲ။ သိုင်းဇာတ်လမ်းတွဲများ၏ဇာတ်ကွက်များစွာကို သူမအလုံအလောက်ကြည့်ဖူးထားပြီးဖြစ်သည်။ ထို့နောက် သူမ ဒူးထောက်ထိုင်လိုက်ကာ ရေပူစမ်းထဲမှာရေတစ်ငုံယူသောက်လိုက်သည်။
ဒါနဲ့နေပါဦး… ဒီနေရာမှာ ရေပူစမ်းရယ် မဖွံ့ဖြိုးသေးတယ်လယ်မြေရယ်ကလွဲပြီး ဘာမှမရှိဘူး။ ဒါဆို ဒီနေရာကို လယ်စိုက်ဖို့ကလွဲပြီး ဘာများသုံးရမှာလဲ?
‘ပြီးတော့ ဒီမှာသာစိုက်ပျိုးမယ်ဆို ဘာတွေဖြစ်လာလောက်လဲ? ဒါက မှော်နေရာလွတ်ဆိုမှတော့ ရလာမယ့်ပစ္စည်းတွေကကော မှော်စွမ်းအားရှိနေလောက်လား?’
ရှောင်လင်းယွီ သူမနှာခေါင်းကိုရှုံ့လိုက်ကာ ဆိုးရွားလှသည့်အနံ့ကို အနံ့ခံကြည့်လိုက်သည်။ သူမနှာခေါင်းက အနံ့ရသည့်အတိုင်းအောက်သို့ငုံ့ကြည့်လိုက်ရာ၊ “ဘာတွေဖြစ်နေပြန်တာလဲ? ဘာလို့ ငါ့ကိုယ်ပေါ်မှာ ရွံ့တွေဒီလောက်များနေရတာလဲ? ငါ..” ထို့နောက် ရှောင်လင်းယွီ တစ်ခုခုကိုတွေးမိလိုက်ပြန်ကာ သံသယများဖြင့်ပြောလိုက်သည်။ “မဟုတ်မှ ငါ ရေပူစမ်းရေကိုသောက်မိလို့များလား?”
ထိုအကြောင်းပြချက်ကလွဲပြီး သူမတခြားဖြစ်နိုင်ချေကို မတွေးနိုင်တော့ပေ။
“ရေပူစမ်းမှာ ပြန်လည်နုပျိုစေပြီး သန့်စင်စေနိုင်တဲ့အစွမ်းတွေများရှိနေတာလား?” ထို့နောက် စိတ်ကူးယဉ်ဇာတ်လမ်းများထဲမှ အံ့ဖွယ်ကိစ္စများကို ရှောင်လင်းယွီအမှတ်ရသွားသည်။ “ဒီရေပူစမ်းရေကို သောက်တာဖြစ်ဖြစ် ချိုးတာဖြစ်ဖြစ် လူတစ်ယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာကို ပိုပြီးတိုးတက်လာစေတာများလား?” ရှောင်လင်းယွီ ထပ်ပြီးစမ်းသပ်ကြည့်ချင်လာပြန်သည်။
ဒါကြောင့် ရေပူစမ်းအစွန်းသို့သွားကာ နောက်ထပ်ရေအနည်းငယ်ထပ်ယူသောက်လိုက်သည်။ ထို့နောက် သူမအဝတ်အစားများကိုချွတ်ကာ ကန်ထဲသို့ခုန်ချသွားလေသည်။ ရေ၏အပူချိန်ကတော့ လုံးဝအနေတော်ပင်။
သူမခန္ဓာကိုယ်ကိုဆေးကြောသန့်စင်လိုက်ပြီးနောက် သူမအသားအရေက ပိုပြီး ဖြူဝင်းလာသည်ကို တွေ့လိုက်ရသည်။ သူမအသားအရေက ဖြူရုံတင်မကဘဲ ရွှန်းလဲ့ကာတောက်ပနေသေးသည်မှာ ဖိုတိုရှော့ဖြင့်ပြုပြင်ထားသည့်အလားပင်။
ရေပူစမ်းသည် လှပမှုနှင့်သန့်စင်မှုလိုမျိုးသက်ရောက်မှုရှိကြောင်း ရှောင်လင်းယွီသေချာသွားတော့သည်။ သို့သော်လည်း သူမက ရေပူစမ်းမှရေကိုသောက်ကာ ချိုးခဲ့ရုံသာဖြစ်တာကြောင့် ထိုမျှနှင့်အကျိုးသက်ရောက်မှုကို တရားသေမဆုံးဖြတ်လိုက်ချင်သေးပေ။ ထိုနှစ်မျိုးကိုတော့ လုပ်ပြီးသွားပြီဖြစ်တာကြောင့် နောက်ထပ်တစ်မျိုးစမ်းသပ်ကြည့်ချင်သည်… ဥပမာ အရာဝတ္ထုတွေအပေါ်စမ်းသပ်တာမျိုးပေါ့။
ထိုသို့တွေးမိပြီးနောက် ရေပူစမ်းထဲမှရေများကို နေရာလွတ်ထဲကနေ အပြင်သို့သယ်သွားနိုင်မလားဆိုတာကို သိချင်လာသည်။
ရှောင်လင်းယွီလည်း နေရာလွတ်မှထွက်ကာ အိပ်ခန်းထဲသို့သွားပြီး ညအိပ်ဝတ်စုံလဲလိုက်သည်။ ထို့နောက် မီးဖိုခန်းထဲမှ ပုလင်းအလွတ်တစ်လုံးကိုယူကာ တစ်ဖက်က ပုလင်းကိုကိုင်၊ ကျန်တစ်ဖက်က ကျောက်စိမ်းဆွဲပြားကိုကိုင်ပြီး ရွတ်ဆိုလိုက်သည်။ “ဝင်မယ်!”
ပုလင်းက သူမလက်ထဲတွင်ဆက်ပြီးရှိသေးတာကြောင့် အနည်းဆုံးတော့ ဤမှော်နေရာလွတ်ထဲသို့ သူမနှင့်အတူ ပစ္စည်းများသယ်လာနိုင်ကြောင်း သေချာသွားတော့သည်။ အခုနောက်ထပ်မေးခွန်းက နေရာလွတ်ထဲကပစ္စည်းတွေကိုရော အပြင်ထုတ်သွားနိုင်မလားဆိုတာပဲ။
ပုလင်းထဲသို့ ရေပူစမ်းရေများဖြည့်လိုက်ပြီးနောက်၊ “ထွက်မယ်!” ဟုပြောလိုက်သည်။
ရေဖြည့်ထားသည့်ပုလင်းမှာ သူမလက်ထဲတွင်ရှိနေသေးတာကြောင့် ရလဒ်ကောင်းပေသည်။ အခု နောက်ဆက်ပြီး ထိုရေက လက်တွေ့ကမ္ဘာမှာရော မှော်စွမ်းအားရှိသေးလားဆိုသည်ကို စမ်းသပ်ကြည့်ဖို့ပင်။ သို့သော်လည်း ထိုစမ်းသပ်မှုကို သူမဘာသာသီးသပ်လုပ်ဆောင်မှဖြစ်မည်ကို ရှောင်လင်းယွီသိပေသည်။
ဘာပဲဖြစ်ဖြစ် ရှောင်လင်းယွီတွင် နောက်ထပ်မေးခွန်းတစ်ခုရှိနေသေးသည်။ မှော်နေရာလွတ်ထဲရှိရေပူစမ်းမှာ မှော်စွမ်းအားရှိနေမှတော့ လယ်မြေကွက်တွေမှာရော? ရှိနေမယ်ဆိုရင် အဲ့ဒီမြေကွက်တွေနဲ့ သူမဘာလုပ်ရမှာလဲ? လယ်စိုက်ရမှာလား?
ရှောင်လင်းယွီ၏မျက်လုံးများတောက်ပသွားတော့သည်။ ‘တကယ်တော့ မဖြစ်နိုင်စရာရှိလို့လား? ငါ ဒီမှာစမ်းစိုက်ကြည့်ပြီး ဘာဆက်ဖြစ်မလဲကြည့်ရတာပေါ့!’
သို့သော်လည်း မြို့ထဲတွင် ရုတ်တရက်ကြီး စိုက်ပျိုးရေးထုတ်ကုန်များထွက်လာပါက လူတွေက သူမကိုမေးခွန်းထုတ်လာကြလိမ့်မည်။ ဒါကြောင့် ဘာမှစမ်းပြီး မစိုက်ပျိုးကြည့်ခင် သူမ၏မွေးရပ်မြေသို့ပြန်လိုက်သည်က ပိုကောင်းပေသည်။
ထိုအခိုက်မှာပဲ သူမ၏မွေးရပ်မြေသို့ပြန်ကာ လယ်ယာလုပ်ငန်းတစ်ခုစတင်လိုစိတ်က အလွန်ပြင်းပြလာ မျှော်လင့်ချက်များရှိလာခဲ့သည်။
ဤမှော်နေရာလွတ်ရုတ်တရက်ပေါ်ထွက်လာခြင်းက ရှောင်လင်းယွီကို ကြောက်လန့်အံ့ဩသွားစေခဲ့သည်။ သို့သော်လည်း ထိုကနဦးခံစားချက်များလွန်မြောက်ပြီးနောက်တွင်တော့ ရှောင်လင်းယွီတွင် စိတ်အားထက်သန်မှုများသာကျန်ရှိတော့သည်။
ဒါမတိုင်ခင်က ရှောင်လင်းယွီအတွက် Zမြို့တွင်နေရာမည့်အကြောင်းအရင်းမှာ ချန်းယန်ကြောင့်သာဖြစ်သည်… အခု သူမမှာ ဆက်ပြီးနေဖို့အကြောင်းအရင်းလည်းမရှိတော့တာကြောင့် အိမ်ပြန်ပြီးလယ်စိုက်တာက ပိုကောင်းပေသည်။
***