လူကုန်ကူးသူ
Vol. 3 Ch. 35
နေရာလွတ်၏ရည်ရွယ်ချက်သည် စိုက်ပျိုးဖို့ပဲဖြစ်လျှင်တောင်မှ ရှောင်လင်းယွီကတော့ မထင်မှတ်ဘဲ မှော်နေရာလွတ်တစ်ခုကိုရခဲ့လေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရှောင်လင်းယွီတွင်လည်း နေရပ်သို့ပြန်ပြီး အနားယူရန်အစီအစဉ်ရှိထားပြီးဖြစ်သည်။ သူမတွင်ကိုယ်ဝန်ရှိနေလောက်ပြီဖြစ်ကြောင်းသိနေသည့်အတွက် မြို့ပေါ်မှထွက်ခွာကာ ရှောင်ထုန်ရောက်ရှိလာဖို့အတွက် သူမကိုယ်သူမအဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ချင်သည်။
မှော်နေရာလွတ်ထွက်ပေါ်လာခြင်းက သူမကိုအစီအစဉ်ထက်စောပြီး ပြန်ဖြစ်အောင်လုပ်လိုက်ရုံသာဖြစ်ပေသည်။
ထို့ကြောင့် ရှောင်လင်းယွီလည်း သန့်ရှင်းသောအဝတ်အစားအနည်းငယ်ကိုထုတ်ပိုးကာ အိမ်ရှင်ထံဆက်သွယ်ခဲ့သည်။ သူမငှားထားသည့်အိမ်ကိုပြန်အပ်ချင်ပေသည်။ ချန်းယန်၏ပစ္စည်းများကိုတော့ အခန်းထဲမှာသာထားခဲ့လိုက်သည်။ သူ့ကိစ္စကို သူမ ဂရုစိုက်မနေနိုင်ပေ။
ထိုလူကို ကျောက်ဝမ်မန့်က ဓားနှင့်ထိုးခဲ့တာကြောင့် အချိန်တခုအထိတော့ ဆေးရုံမှဆင်းလာနိုင်ဦးမည်မဟုတ်ပေ။ ဒါပေမယ့် သူ့ကိုဘယ်သူဂရုစိုက်နေမှာလဲ?
ထို့နောက် ရှောင်လင်းယွီလည်း သူမအဝတ်အိတ်ကိုသယ်ကာ ဘူတာရုံသို့ထွက်လာခဲ့လေသည်။ ထို့နောက် ဒီနေ့လည်ခင်းထွက်မည့်ရထားလက်မှတ်တစ်စောင်ကို ဝယ်လိုက်သည်။
….
အတွင်းရေးမှူးဝမ်တစ်ယောက် တုန်တုန်လှုပ်လှုပ်ဖြင့် ယန်စစ်မင်ရှေ့တွင်ရပ်နေရသည်။ “သခင်လေး၊ အိမ်ရှင်ပြောတာတော့ မစ္စရှောင်က မနေ့ကနေ့လည်ကပဲ အခန်းပြန်အပ်သွားတယ်လို့ပြောပါတယ်။ သူဘယ်သွားမယ်ဆိုတာကိုတော့ အိမ်ရှင်လည်းမသိပါဘူး။”
အတွင်းရေးမှူးဝမ်ခဗျာ ငိုချမိတော့မတတ်ပင်။
မနေ့ကပဲ သခင်လေးယန်က သူ့ကို နှင်းဆီပန်း၉၉ပွင့်မှာကာ မြို့ဟောင်းဘက်ရှိ ရှောင်လင်းယွီ၏တိုက်ခန်းဆီပို့ခိုင်းထားတာဖြစ်သည်။
ဒါပေမယ့် ပန်းဆိုင်ရဲ့မန်နေဂျာက အခုပဲဖုန်းဆက်ပြီး လက်ခံမယ့်သူကို ဆက်သွယ်လို့မရကြောင်းပြောလာသည်။ အိမ်ရှင်ပြောတာကိုပါထည့်ပေါင်းကြည့်လိုက်ချိန်မှာတော့ ပန်းလက်ခံမည့်သူက ပြောင်းသွားခြင်းဖြစ်နေသည်။
အတွင်းရေးမှူးဝမ်၏ပထမဆုံးတုံ့ပြန်မှုမှာ ‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? Zမြို့ရဲ့ဘယ်မိန်းကလေးကမှ သခင်လေးယန်ရဲ့ဆွဲဆောင်မှုကနေ မလွန်မြောက်နိုင်ပါဘူး။’
‘မနေ့က၊ သခင်လေးယန်ကိုတိုင် ဒီမိန်းကလေးကို ဆေးရုံဆီပို့ပေးခဲ့တယ်။ မကြာပါဘူး၊ ဆေးရုံကနေပြီး အဲ့မိန်းကလေး ခိုးထွက်သွားပြီး ဆေးဖိုးပိုက်ဆံချန်ခဲ့တယ်လို့ဖုန်းဆက်လာတယ်။ ဆေးဖိုးတဲ့လေ! သခင်လေးယန်က သူ့ဆေးဖိုးကိုမတတ်နိုင်ဘူးလို့များတွေးနေတာလား? ဒါက သခင်လေးကိုပြောင်ပြောင်တင်းတင်းငြင်းလိုက်တာပဲ!
ပြီးတော့ သခင်လေးယန်က သူ့အတွက်ပန်းမှာပေးခဲ့တယ်။ ဒါပေမယ့် အဲ့မိန်းကလေးက ရှာလို့တောင်မရတော့ဘဲ အစအနပျောက်သွားပြန်တယ်။’
‘ဒီမိန်းကလေး တမင်လုပ်နေတာမဟုတ်ပါဘူးလို့တော့မပြောနဲ့၊ ငါတော့မယုံဘူး။ ဒါသေချာပေါက် သူ့ကိုရဖို့ခက်ခဲသလိုကစားပြီး သခင်လေးယန်ကိုဆွဲဆောင်နေတာပဲ!’
ရှောင်လင်းယွီသာ အတွင်းရေးမှူးဝမ်၏အတွေးများကိုသိပါက မျက်ဆံသာလှန်မိပေလိမ့်မည်။
သူမတကယ်ကိုပဲ တမင်ရည်ရွယ်ပြီး သခင်လေးယန်ကို ငြင်းဆန်ပြနေတာမဟုတ်ပါဘူးနော်။ အကုန်လုံးတိုက်ဆိုင်သွားတာချည်းပဲ။ သခင်လေးယန်က သူ့ကို နှင်းဆီပန်းတွေပို့ပေးမယ်မှန်း ဘယ်လိုလုပ်သိမှာလဲ မဟုတ်ရင် ဆက်နေပေးမှာပေါ့။ ပြောရရင် နှင်းဆီ ၉၉ပွင့်တောင်လေ။ ပြန်သာရောင်းရင် ငွေနည်းနည်းတော့ပြန်ရမှာပဲ။
မည်သို့ပင်ဖြစ်စေ ဘယ်ယောက်ျားကမှ ရှောင်လင်းယွီ၏အတွေးကိုဂရုစိုက်ကြမည်မဟုတ်ပေ။ ယန်စစ်မင်တောင်မှ ဤကိစ္စကို ရှောင်လင်းယွီနောက်ထပ်အကွက်ရွှေ့နေသည်ဟု တွေးနေခြင်းမဟုတ်လား။ ဒါကြောင့် အတွင်းရေးမှူးဝမ်တင်ပြသည့်အခြေအနေကိုကြားသည်နှင့် သူလုံးဝဒေါသမထွက်တော့ဘဲ ရယ်သာရယ်တော့သည်။ “ငါ့ရဲ့ဗျောက်အိုးလေးက တော်တော်ရယ်စရာကောင်းတာပဲ။ သူက ငါနဲ့ တူတူပုန်းတိုင်းကစားချင်နေတယ်ပေါ့? ကောင်းပြီလေ၊ သူနဲ့အတူကစားပေးရတာပေါ့!”
သခင်လေးယန်ကတော့ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ဆွဲဆောင်မှုကအသုံးမဝင်ဖြစ်သွားသည်ကို လက်မခံနိုင်ဖြစ်နေသေးသည်။
ဒါကြောင့် သူက အမိန့်ထပ်ပေးလိုက်သည်။ “အတွင်းရေးမှူးဝမ်၊ အခုချက်ချင်း ရှောင်လင်းယွီဘယ်မှာရှိနေလဲဆိုတာ သွားရှာခဲ့။ သူ့ကိုရှာတွေ့တာနဲ့ ချက်ချင်းသတင်းပို့ပါ!”
“ဟုတ်ကဲ့ပါ သခင်လေး။” အတွင်းရေးမှူးဝမ်က တရိုတသေပြန်ဖြေလိုက်သည်။
အတွင်းရေးမှူးဝမ်တစ်ယောက် ဥက္ကဌရုံးခန်းထဲမှပြန်ထွက်လာချိန် စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်နေမိသည်။ “ရှောင်လင်းယွီကို သခင်လေးယန် တကယ်ကြီးကြွေဆင်းသွားတာများဖြစ်နေမလား? ပုံမှန်သာဆို အခုလိုအခြေအနေမျိုးဖြစ်လာရင် သူလက်လျှော့လိုက်တော့မှာလေ!”
သခင်လေးယန်သည် အချစ်ရေးနှင့်ပတ်သတ်လာလျှင် အလွန်စည်းကမ်းတင်းကြပ်သူဖြစ်သည်။ သူက ဘယ်သူ့ကိုမှ သူ့ချစ်သူဖြစ်လာဖို့ ဖိအားပေးခြင်းမျိုးမရှိပေ။ ဒါက မိန်းကလေးတစ်ယောက်ကို ပိုးပန်းတာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ မိန်းကလေးတစ်ယောက်ဘက်ကနေပြီး သခင်လေးယန်ကို ငြင်းနေသည်ကလည်း ပထမဆုံးအကြိမ်သာဖြစ်သည်။
အတွင်းရေးမှူးဝမ်တစ်ယောက် မစ္စရှောင်ဆိုသူကို ကိုယ်တိုင်ကိုယ်ကျတွေ့ချင်နေမိတော့သည်။
သခင်လေးယန်သည် ပုံမှန်ဆိုလျှင် သူ့လက်အောက်ငယ်သားများကို သူ့အတွေးများအားချပြခြင်းမရှိပေ။ ဒါ့အပြင် သူ ရှောင်လင်းယွီအပေါ် အတော်လေးဂရုစိုက်နေမိမှန်းကိုလည်း သူကိုယ်တိုင်သတိမထားမိသေးပေ။
….
ရှောင်လင်းယွီသည်တော့ သူမမွေးရပ်မြေဆီပြန်သည့်ရထားပေါ်သို့တက်ပြီးနောက် စိတ်အေးချမ်းသွားခဲ့သည်။
သူမအိမ်မပြန်ဖြစ်တာ အတော်လေးကြာနေခဲ့ပြီပင်။
သူမ၏အတိတ်ဘဝတွင် ရှောင်လင်းယွီသည် ရှောင်ထုန်ကိုမွေးပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာချို့ယွင်းလာခဲ့သည်။ ရှောင်ထုန်ကိုတွေ့တိုင်း သူမအပေါ်အခွင့်ကောင်းယူသွားသည့်ယောက်ျားကို ပြန်အမှတ်ရခဲ့သည်။ ဒါကြောင့်ပဲ သူမရှောင်ထုန်နှင့်မျက်နှာချင်းမဆိုင်တော့ခြင်းပင်။ ဒါကြောင့်ပဲ ရှောင်ထုန်မွေးပြီးနောက် သူမထွက်ပြေးသွားခဲ့ခြင်းဖြစ်ကာ ၅နှစ်ကြာသည်အထိ ပျောက်ကွယ်နေခဲ့သည်။
သူမ နောက်တစ်ကြိမ်မွေးရပ်မြေဆီပြန်လာဖြစ်ခဲ့သည်က ရှောင်ထုန်သေဆုံးသွားသည့်သတင်းကို ကြားလိုက်ရ၍ဖြစ်သည်။ ရှောင်ထုန်၏အသက်မဲ့နေသည့်ခန္ဓာကိုယ်ကိုတွေ့လိုက်ရသည်နှင့် သူမတွင်ကွယ်မြုပ်နေခဲ့သည့် မိခင်စိတ်က ရုတ်ချည်းပြန်လည်နိုးထလာခဲ့သည်။ ရှောင်ထုန်သည် သူမ၏သွေးသားအစိတ်အပိုင်းဖြစ်တာကြောင့် သူမ၏တစ်စိတ်တစ်ပိုင်းသေဆုံးသွားသလိုမျိုး ခံစားခဲ့ရသည်။
ရှောင်ထုန်၏ဈာပနတွင် သူမအသည်းအထန်ငိုခဲ့ကာ နောက်ဆုံးသတိမေ့သွားသည်အထိပင်။ သို့သော်လည်း သူမပြန်နိုးလာချိန်မှာတော့ ဖြစ်ရပ်တို့၏အစပထမသို့ ပြန်လည်ကူးပြောင်းပေးခြင်းခံလိုက်ရသည်။
ရှောင်လင်းယွီသည် ထိုဖောက်ပြန်သည့်အတွဲအား လက်စားချေခဲ့သည်။ Zမြို့တွင် သူမ၏သူငယ်ချင်းရော မိသားစုပါမရှိတာကြောင့် အလွယ်တကူထွက်ခွာနိုင်ခဲ့သည်။
“ကောင်မလေး၊ ဘယ်သွားမလို့လဲ?” ဖော်ရွေပုံရသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်၏ အမေးစကားက ရှောင်လင်းယွီကို စိတ်လွင့်နေရာမှ ပြန်လည်ခေါ်ဆောင်လိုက်သည်။
ရှောင်လင်းယွီလည်း သူမ၏ကြီးမားသည့်မျက်မှန်ကြီးကိုဖြတ်၍ အမျိုးသမီးကိုကြည့်လိုက်သည်။
လူလတ်ပိုင်းအမျိုးသမီးကြီးသည် ပျမ်းမျှအရပ်အမြင့်ရှိကာ ဝလည်းမဝသလို ပိန်လည်းမပိန်ပေ။ သူမ၏အဝတ်အစားများက ရိုးရှင်းပြီး မျက်နှာထက်တွင်တော့ အပြုံးတစ်ပွင့်ချိတ်ဆွဲထားသည်။ သူမပုံစံက အလွန်ဖော်ရွေပုံပေါ်ပြီး လူများကို သူမနှင့်ပတ်သတ်၍ အမြင်ကောင်းရှိစေသည်။
သို့သော်လည်း တစ်ခုခုကတော့ မူမမှန်သလိုခံစားရပြန်သည်။
သူမ၏မျက်လုံးထောင့်မှနေပြီး ထိုသက်လတ်ပိုင်းအမျိုးသမီးကို အချက်ပြနေသည့် ဆန့်ကျင်ဘက်တွင်ထိုင်နေသောယောက်ျားတစ်ယောက်ကို ရှောင်လင်းယွီ သတိထားမိလိုက်သည်။ ဒါ့အပြင် အမျိုးသမီးလက်မောင်းထဲတွင်အိပ်မောကျနေသည့် သုံးနှစ်လောက်ရှိမည့် ကောင်လေးတစ်ယောက်လည်းရှိသေးသည်။
သူတို့ရထားပေါ်တက်လာတာ ၂နာရီလောက်ရှိပြီဖြစ်သည်။ ကောင်လေးသည် ဖြူဖြူဖွေးဖွေးနှင့်ထွားသည့်ကလေးငယ်တစ်ယောက်ပင်။ ကောင်လေးသည် အလွန်ချစ်စရာကောင်းသော်လည်း ထူးဆန်းသည်က တစ်ချက်လေးမှမလှုပ်တာပင်။
ရထားသည် အလွန်ဆူညံပြီး လူတွေကြိတ်ကြိတ်တိုးနေသည်။ ဘယ်လောက်ပဲ အအိပ်မက်သည့်ကလေးဖြစ်ပါစေ တစ်ခါနှစ်ခါလောက်တော့ လှုပ်လှုပ်ရှားရှားဖြစ်သင့်သည်။ ဒါ့အပြင် သူတို့အရွယ်ကလေးများသည် အတက်ကြွဆုံးအရွယ်များပင်။
ရှောင်လင်းယွီလည်း သူမတွေးမိသမျှ သဲလွန်စများကိုစုစည်းကြည့်လိုက်ပြီးနောက် ထိုလူများသည် လူကုန်ကူးသူများနှင့်ပတ်သတ်နေလောက်ကြောင်း တွေးမိသွားသည်။ သူတို့က ကလေးခိုးပြီးနောက် အခုကျ သူမကိုပါ ပစ်မှတ်ထားလာပြန်သည်။
ဒါကြောင့် ရှောင်လင်းယွီလည်း မျက်တောင်တစ်ချက်မခတ်ဘဲ ပြန်ဖြေလိုက်သည်။
“ကျွန်မ အိမ်ပြန်မလို့!”
လူလတ်ပိုင်းအမျိုးသမီးက အပြုံးမပျက်ဆက်မေးလာပြန်သည်။ “အိမ်ကို တစ်ယောက်တည်းပြန်မလို့လား? ဘယ်သွားမှာလဲ ဒေါ်လေးကိုပြောလေ။ ဒေါ်လေးတို့သွားရမယ့်လမ်းကြောင်းချင်းတူရင်တူနေမှာပေါ့!” သူမအသံက အတော်လေးကိုဖော်ရွေလွန်းနေသည်။
ရှောင်လင်းယွီကတော့ ခေါင်းယမ်းလိုက်ကာ၊ “တစ်ယောက်တည်း မဟုတ်ပါဘူး၊ ကျွန်မမိသားစုတွေလည်း ရထားပေါ်မှာပါတယ်။”
အမျိုးသမီး၏သူငယ်အိမ်များတုန်လှုပ်သွားသော်လည်း သာမာန်ကာလျှံကာပင် ထပ်မေးလိုက်သည်။ “ဒါဆို ဘာလို့မင်းမိသားစုနဲ့ ရထားတစ်တွဲထဲ မစီးတာလဲ?”
“ခုံမရလို့လေ။” ထို့နောက် ရှောင်လင်းယွီလည်း မတ်တပ်ရပ်လိုက်ကာ “တောင်းပန်ပါတယ်၊ ကျွန်မမိသားစုကိုရှာဖို့သွားလိုက်ဦးမယ်။” ဟုဆိုပြီး ထွက်သွားတော့သည်။
အမျိုးသမီးကတော့ ရှောင်လင်းယွီ သူမကိုညာလိမ့်မည်ဟု မထင်တာကြောင့် ချက်ချင်းပင် စိတ်ဝင်စားမှုမရှိတော့ပေ။ ထိုအစား သူမလက်မောင်းထဲတွင် အိပ်ပျော်နေသည့်ကလေးကိုသာကြည့်လိုက်ကာ ဘာမှထပ်မပြောတော့ပေ။
အချိန်တစ်ခုကြာပြီးနောက် ရှောင်လင်းယွီ ပြန်ရောက်လာခဲ့သည်။
သူမက ထိုင်ပြီးသည်နှင့် သက်ပြင်းအသာချလိုက်ကာ၊ “ဟင်း… ငါကျွန်မရဲ့သတိလက်လွတ်ဖြစ်တတ်တဲ့ အဖေကတော့ ဘူတာတစ်ခုကြိုပြီးဆင်းသွားလေရဲ့။ ရှင်းလင်ဘူတာမှာဆင်းရမှာကို ရှင်းယင်ဘူတာနဲ့မှားသွားတယ်လေ။ ပြီးတော့ ကိုယ့်သမီးကိုယ်ပါမေ့ခဲ့သေးတယ်၊ ယုံတောင်မယုံနိုင်ဘူး!”
ထိုစကားကိုကြားသည်နှင့် အမျိုးသမီး၏မျက်လုံးများလက်သွားကာ ချက်ချင်းပင် စကားပြန်ပြောလာခဲ့သည်။ “မိန်းကလေး၊ ဒါဆို မင်းက ရှင်းယင်ကိုပြန်မှာပေါ့။ တိုက်ဆိုင်ချက်ပဲ! ဒေါ်လေးလည်း ရှင်းယင်မှာပဲ ဆင်းမှာ။ နောက်လာမယ့်ဘူတာပဲ။ ဒေါ်လေးတို့အတူခရီးဆက်ရင်း တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ပေးကြရင်မကောင်းဘူးလား!”
ရှောင်လင်းယွီမျက်လုံးထဲ အလင်းတစ်ချက်ဖြတ်ပြေးသွားကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ!”
***