အားနည်းချက်များ
Vol. 3 Ch. 37
“မလှုပ်နဲ့!” ရဲအရာရှိ အယောက်၂၀လောက်က ဘယ်ကမှန်းမသိပေါ်လာကာ လူကုန်ကူးသူများကို သေနတ်များဖြင့် ချိန်ထားလိုက်သည်။
ကျန်သည့်ရဲအရာရှိများကတော့ ဂိုဒေါင်ဟောင်းထဲသို့ပြေးဝင်သွားလေသည်။ လူကုန်ကူးသူများမှာ ရဲများကိုမြင်သည်နှင့် ကြောင်အသွားကြသည်။ သူတို့အသိစိတ်ပြန်ဝင်လာချိန်တွင်တော့ လက်နောက်လှန်ကာ မြေပေါ်တွင်အချုပ်ခံထားရပြီဖြစ်သည်။
ထို့နောက် ချောမောသည့် ယူနီဖောင်းဝတ်ရဲအရာရှိတစ်ယောက် ထွက်လာခဲ့သည်။ သူ့အရှိန်အဝါမှာမြင့်လွန်းကာ အမိန့်ပေးလာသည်။ “ဒီနားတဝိုက်သေချာရှာကြ။ တစ်ယောက်မှ မလွတ်သွားစေနဲ့!”
“ဟုတ်ကဲ့!” ရဲများက တညီတညာပြန်ဖြေလိုက်ကြသည်။
ထို့နောက် ကျန်းထောင်၏သိမ်းငှက်လိုစူးရှသည့်မျက်လုံးများက လူလတ်ပိုင်းအမျိုးသမီးထံသို့ကျရောက်သွားလေသည်။ “မင်းတို့မှာ နောက်ထပ်ကြံရာပါတွေရှိသေးလား?”
“မရှိပါဘူး။ မရှိတော့ပါဘူး!” အမျိုးသမီးက ချက်ချင်းခေါင်းယမ်းလိုက်ကာ တချိန်တည်းမှာပဲ သူမစိတ်ထဲရှုပ်ထွေးနေလေသည်။ ဘာလို့ သူတို့စခန်းကိုချုံခိုတိုက်တဲ့ ရဲကရှိနေရတာလဲ? ထို့နောက် သူမအကြည့်တို့က အရာရှိတစ်ယောက်နောက်တွင်ရပ်နေသည့် ရှောင်လင်းယွီထံရောက်ရှိသွားသည်။ အမျိုးသမီး၏မျက်လုံးများတွင် ဒေါသတရားများတောက်လောင်လာကာ ရှောင်လင်းယွီကို လက်ညှိုးထိုးပြီး၊ “မင်းမဟုတ်လား? ရဲတွေကိုခေါ်လိုက်တာမင်းပဲ!”
ထိုတော့မှာ အမျိုးသမီးမှာ အမှန်တရားကိုမြင်နိုင်သွားတော့သည်။ အစောကတင် သူတို့တွေ ကောင်မလေး ဘယ်လောက်တောင်မှ အယုံလွယ်လိုက်လဲဆိုကာ ခိုးပြီးလှောင်ရယ်နေခဲ့ကြပေမယ့် တကယ်တမ်း အယုံလွယ်ကာတုံးအနေသည်မှာ သူတို့သာဖြစ်နေလေသည်။
ရှောင်လင်းယွီက ပြန်မဖြေပေ။ ထို့နောက် ကျန်းထောင်က သူမဆီသို့လျှောက်လာကာ လက်ဆွဲနှုတ်ဆက်ချင်သော်လည်း ရှောင်လင်းယွီလက်ထဲမှ ကောင်လေးကိုမြင်သွားတာကြောင့် ခေါင်းသာညိတ်ပြလိုက်သည်။ “မစ္စရှောင်၊ မင်းရဲ့ထောက်ပံ့မှုနဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ဒီလူကုန်ကူးအဖွဲ့ကို ကျွန်တော်တို့ဘယ်အချိန်ကျမှဖမ်းမိနိုင်မလဲမသိဘူး။ ဒီဒုစရိုက်အဖွဲ့ကိုစောင့်ကြည့်နေတာ နှစ်ဝက်နီးပါးရှိနေပြီ။ ဒါပေမယ့် သူတို့ဘယ်နေရာမှာအချိတ်အဆက်လုပ်လဲဆိုတာ ဘယ်လိုမှရှာမတွေ့ခဲ့ဘူး။ ဒီနေ့တော့ သူတို့အားလုံးကို တခါတည်းအပြတ်ဖမ်းနိုင်ခဲ့ပြီ။ အားလုံး မစ္စရှောင်ရဲ့ကျေးဇူးကြောင့်ပါ!”
လူလတ်ပိုင်းအမျိုးသမီးမှာ မယုံကြည်နိုင်မှုများဖြင့် အော်ဟစ်မိတော့သည်။ “တကယ်ကို မင်းကိုး!” သူမ သတိလက်လွတ်ဖြစ်သွားခဲ့သည်ပင်။ သူမစချဉ်းကပ်တုန်းက ကောင်မလေးက သတိအနေအထားဖြင့်နေခဲ့သော်လည်း သူမအဖေပျောက်သွားသည်ဟုပြောကာ ပြန်ရောက်လာချိန်မှာတော့ အလွန်တုံးအကာ အယုံလွယ်သူအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ ဒီတော့မှ အမျိုးသမီးလဲ အလုံးစုံနားလည်သွားတော့သည်။ ကောင်မလေးက ဘယ်အဖေကိုမှသွားရှာတာမဟုတ်ဘဲ ရဲကိုလှမ်းအကြောင်းကြားတာပဲ။
သူတို့အဖွဲ့ကို ရဲများက ပစ်မှတ်ထားနေသည်မှာ အတော်ကြာပြီဖြစ်သော်လည်း ဥပဒေလက်အောက်ကနေ အမျိုးမျိုးရှောင်ကွင်းနိုင်ခဲ့ကြသည်။ ကြည့်ရတာ ရဲများက ကောင်မလေးကို တုံးအချင်ယောင်ဆောင်ခိုင်းပြီး သူတို့စခန်းသို့လိုက်သွားစေခဲ့ခြင်းဖြစ်ပေမည်။
ဒီတော့ သူတို့အားလုံး ဒီကောင်မစုတ်လေးရဲ့လှည့်တာ ခံလိုက်ရတာပေါ့!
အမျိုးသမီးမှာ နောင်တတို့တသီကြီးရလာခဲ့သည်။ သူမအစတုန်းက ကောင်မလေးကို လွှတ်ပေးလိုက်တော့မည်ဟုတွေးထားခဲ့သော်လည်း ဘာကြောင့် ရုတ်တရက်ကြီး သူမစိတ်ပြန်ပြောင်းသွားရတာလဲ? သူမသာ ထိုကောင်မလေးကို မခေါ်လာခဲ့လျှင် အခုလိုမျိုးအဖမ်းခံရမှာလဲမဟုတ်ပေ။
သို့သော်လည်း နောင်တရဖို့က အလွန်နောက်ကျသွားပေပြီ။ သူတို့ လူကုန်ကူးသည့်လုပ်ငန်းကိုလုပ်လာကြသည်က ဆယ်စုနှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်သော်လည်း သူတို့ကို တခါတည်းအပြတ်အနိုင်ယူသွားသူက သာမာန်ကောင်မလေးတစ်ယောက်ဖြစ်နေခဲ့သည်။
ထိုအချိန်မှာပဲ အမျိုးသားတစ်ယောက် မယုံနိုင်စွာမေးလာသည်။ “မင်းဘယ်လိုသိတာလဲ? ငါတို့ကို လူကုန်ကူးသူမှန်းဘယ်လိုလုပ်ပြောနိုင်တာလဲ?”
ဤအလုပ်ကိုလုပ်ပြီဆိုကတည်းက သူတို့အားလုံးသည် အလွန်သတိထားကြသည်။ ဒါကြောင့်ပဲ ကောင်မလေးက သူတို့အကြောင်းကိုဖောက်မြင်သွားလိမ့်မည်ဟု ဘယ်လိုမှမယုံနိုင်ဖြစ်နေရသည်။
ရှောင်လင်းယွီက သူတို့နားသို့ကပ်မလာဘဲ ကလေးကိုချီကာ လူအုပ်၏အပြင်ဘက်တွင်ရပ်နေရင်းဖြင့်ပင် အေးအေးလူလူပြောလာခဲ့သည်။ “ဘယ်အဖွားကမှ ကိုယ့်မြေးကို ဂရုမစိုက်ဘဲမနေဘူး။ ကလေးက ဘာမှမစားမသောက်ဘဲ ဒီလောက်အကြာကြီးအိပ်နေတာလေ။ ဒီတော့ ရှင်တို့ သူ့ကိုဂရုမစိုက်တာ အသိသာချည်းမဟုတ်လား!”
“အဲ့တော့ကော? ငါက သဘောဆိုးတဲ့အဖွားမျိုးမဖြစ်နိုင်ဘူးလား?” အမျိုးသမီးကလက်မခံသေးပေ။
“ဟုတ်ပါတယ်၊ အဲ့လိုလဲဖြစ်နိုင်တာပေါ့။ ဒါပေမယ့် နောက်ထပ်အသေးစိတ်ကျတဲ့အချက်တစ်ခုက ရှင့်ကိုဖော်သွားတာပဲ။” ရှောင်လင်းယွီက ဆက်ရှင်းသည်။ “အဲ့ဒါက ရှင့်တို့ရဲ့ဝတ်ပုံစားပုံပဲ။”
“ငါတို့ဝတ်ပုံစားပုံကလား?” လူကုန်ကူးသူများမှာ ကြောင်အသွားကြသည်။ ထိုအရာက ပြဿနာတစ်ရပ်ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးခဲ့မိမည်မဟုတ်ပေ။
ရှောင်လင်းယွီက ထပ်ပြီးအသေးစိတ်ရှင်းပြလာသည်။ “ကောင်လေးက ကောင်းကောင်းမွန်မွန်ဝတ်စားထားတယ်။ ပြီးတော့ ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာလေး။ တစ်ချက်ကြည့်ရုံနဲ့ သေချာပေါက် ချမ်းသာတဲ့မိသားစုကလာမှန်းပြောနိုင်တယ်။ ဒါပေမယ့် ရှင်တို့ကိုရှင်တို့လည်းပြန်ကြည့်ဦးလေ။ ရှင်တို့အဝတ်အစားတွေက သာမာန်ရိုးရိုးရှင်းရှင်းပုံစံဖြစ်တဲ့အပြင် မျက်တွင်းကျနေတဲ့မျက်နှာတွေနဲ့။ ဒီတော့ ရှင်တို့နှစ်ယောက်က တူညီတဲ့နောက်ခံကလာတာမဖြစ်နိုင်တော့ဘူး။ ကောင်လေးကသာ တကယ်ပဲရှင့်မြေးဆိုရင် သူ့အဖေက ရှင်နဲ့အတူခရီးသွားဖို့ ကောင်လေးကို ထည့်ပေးလိုက်ပါ့မလား? သေချာပေါက်ခွင့်မပြုဘူးပေါ့။ ပြီးတော့ ရှင်ပဲပြောတယ်လေ၊ ရှင်က သဘောဆိုးတဲ့အဖွားဆိုပြီး။ ဒီတော့ ကောင်လေးကဘယ်လောက်တောင်မှ ကောင်းကောင်းစောင့်ရှောက်ခံထားရတယ်ဆိုတာကို ကြည့်လိုက်ရုံနဲ့ သူ့မိဘတွေက သူ့ကိုရှင်နဲ့ထည့်ပေးလိုက်စရာအကြောင်းကိုမရှိတော့ဘူး။ ဒါကြောင့်ပဲ ကောင်လေးက ရှင့်မြေးမဟုတ်ဘူးလို့ ကောက်ချက်ချလိုက်တာ။”
“ဒီလိုဆိုရင်တောင် ငါတို့က လူကုန်ကူးသူတွေဆိုပြီး သက်သေပြစရာမရှိသေးဘူးလေ။” ရာဇဝတ်သားက သူတို့ကို ကောင်မလေးတစ်ယောက်က အကွက်ချသွားသည်ကို လက်မခံနိုင်သေးပေ။
“ဒါကတော့ လုံးဝကိုရှင်တို့အမှားကြောင့်ပဲလေ။ ရှင်တို့ ကျွန်မဆီပထမဆုံးချဉ်းကပ်လာတဲ့အချိန်မှာ အရမ်းဖော်ရွေပြီး ကျွန်မမိသားစုအကြောင်းတွေ၊ တခြားကိစ္စတွေအများကြီးမေးလာတယ်။ ကျွန်မက မိသားစုနဲ့အတူခရီးထွက်လာတာလဲပြောလိုက်ရော ရှင်တို့အပြုအမူက ချက်ချင်းကိုအေးစက်သွားတော့တာပဲ။ ဒီလိုမူမမှန်တာမျိုးကို ဘယ်လိုလုပ်သတိမထားမိဘဲနေမှာလဲ? ဒါကြောင့်ပဲ လုံခြုံရေးအတွက် ရဲကိုအကြောင်းကြားဖို့သွားလိုက်တာ။”
ထိုလူကုန်ကူးသမားများသည် အစကတည်းက ရဲများ၏စောင့်ကြည့်စာရင်းထဲတွင်ရှိနေခြင်းဖြစ်တာကြောင့် ရှောင်လင်းယွီက သတင်းပို့လိုက်သည်နှင့် ချက်ချင်းပင် စလှုပ်ရှားကြတော့သည်။ သူတို့က ရှောင်လင်းယွီကို ငါးစာအဖြစ်ဟန်ဆောင်ပေးဖို့တောင်းဆိုခဲ့ကာ သူမကလည်း သဘောတူခဲ့သည်။ ကျန်တာကတော့ လူကုန်ကူးအဖွဲ့ဘက်က ငါးစာကိုက်လာဖို့ဖြစ်ကာ တကယ်လည်း အောင်မြင်ခဲ့သည်။
အမျိုးသမီးမှာ ပုံမှန်သာဆိုလျှင် ထိုကဲ့သို့သောထောင်ချောက်မျိုးအတွင်း ကျလိမ့်မည်မဟုတ်သော်လည်း ဤတစ်ခေါက် သူတို့ရိတ်သိမ်းနိုင်မည့်ပမာဏမှာ အလွန်များနေတာကြောင့် ကျော်မသွားနိုင်ခဲ့ပေ။ သူတို့ မြို့တော်ကနေ ကောင်လေးကိုပြန်ပေးဆွဲခဲ့ကာ ဈေးမြင့်မြင့်နှင့်ရောင်းနိုင်မည်ဖြစ်သည်။ သူတို့သာ ထပ်ပြီး ကောင်မလေးကိုပါရောင်းနိုင်လိုက်ပါက ယွမ်၆သိန်းအထိရသွားနိုင်သည်။
ဂိုဒေါင်ထဲတွင် ထည့်ပိတ်ထားသည့်မိန်းကလေးများနှင့်ကလေးများကိုပါပေါင်းလိုက်လျှင် စုစုပေါင်း ယွမ်၂သန်းလောက်အထိရနိုင်သည်။ အမျိုးသမီးသည် ခေါင်းဆောင်ဖြစ်တာကြောင့် အမြတ်၏၅၀ရာခိုင်နှုန်းကိုရရှိမည်ဖြစ်သည်။
တစ်နည်းပြောရလျှင် ထိုင်နေရင်းဖြင့် ယွမ်၁သန်းတောင်ရမည့်အခွင့်အရေးပင်။ ဒါက ၄နှစ်အတွင်းအကောင်းဆုံးရလဒ်ဖြစ်သည်။ ပြီးခဲ့သည့် ၄နှစ်အတွင်း ရဲများကြောင့် သူတို့လမ်းကြောင်းများပိတ်နေခဲ့ကာ ၄နှစ်ကြာပြီးနောက်မှ နဂိုလမ်းကြောင်းမှန်သို့ပြန်ရောက်နိုင်ခဲ့သည်။ သူမ ဤလုပ်ငန်းကိုလုပ်နေခဲ့သည်က ဆယ်စုနှစ်များစွာရှိပြီဖြစ်တာကြောင့် အစီအစဉ်တိုင်းပြီးပြည့်စုံစွာအောင်မြင်ခဲ့သည်… ဒီနေ့မတိုင်ခင်အထိပေါ့။
အမျိုးသမီးသည် ရဲများခြုံခိုကာစောင့်နေသည်ကို သတိမထားမိတာကြောင့် ရုတ်တရက်အဖမ်းခံလိုက်ရသည်။ ဒါတွေအားလုံး သူမအမှားပင်။
“ခွေးမ၊ နင်ကများငါတို့ကိုဒီလိုလုပ်ရဲတယ်ပေါ့?”
ရှောင်လင်းယွီ အေးစက်စက်ရယ်မောလိုက်ကာ၊ “ရှင်တို့ နှစ်ပေါင်းများစွာလုပ်ခဲ့တာနဲ့ယှဉ်ရင် ဒါကဘာမှမဟုတ်ပါဘူး။”
ထိုအချိန်မှာပဲ ကျန်းထောင်က သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ “သူတို့အားလုံးကို ခေါ်သွား!”
ထို့နောက် ကျန်းထောင်က ရှောင်လင်းယွီလက်ထဲမှကလေးကိုကြည့်ကာ စိတ်ရင်းဖြင့်ကျေးဇူးထပ်တင်လိုက်သည်။ “မစ္စ၊ မင်းရဲ့လုံခြုံရေးကိုပဓာနမထားဘဲ ကျွန်တော်တို့ကိုကူညီပေးခဲ့တဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။”
ရှောင်လင်းယွီက သူမလက်ထဲမှကလေးကိုကြည့်ကာ အလွန်လေးနက်စွာဖြင့်ပြန်ပြောခဲ့သည်။ “မကောင်းတဲ့လူတွေအတွက် သူတို့ပြုသမျှမကောင်းမှုတွေက အနှေးနဲ့အမြန်ဆိုသလို တစ်ပတ်ပြန်လည်လာမှာပဲ။ ကံတရားကနေ သူတို့ဘယ်လိုမှပြေးမလွတ်ပါဘူး။ အခုကလည်း တိုက်တိုက်ဆိုင်ဆိုင် သူတို့ ကျွန်မနဲ့တိုးသွားလို့သာပေါ့။”
“မင်းပြောတာမှန်တယ်… ကံတရားက အမြဲတမ်းလူတွေကိုစောင့်ကြည့်နေတာ။ မကောင်းတဲ့လူတွေအတွက်လည်း သူတို့မကောင်းမှုအတွက် အနှေးနဲ့အမြန် ပြန်ခံရမှာပဲ။”
***