← Chapters

အိမ်ပြန်ပြီ

Vol. 3 Ch. 38

အိမ်ပြန်ပြီ

Vol. 3 Ch. 38

ရှင်းယင်သတင်းစာနှင့် ရုပ်သံဌာနမှနေပြီး အစ်မကြီးဟုန်ဦးဆောင်သည့် လူကုန်ကူးဂိုဏ်းကို နောက်ဆုံးမှာတော့ ဖမ်းဆီးရမိသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသမီး၈ယောက်နှင့် ကလေးငယ်၆ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး မိသားစုများစွာအတွက် နောက်ဆုံးတော့ ပြန်လည်ဆုံစည်းခွင့်ရရှိခဲ့ပေပြီ။

ရာဇဝတ်သားများကို ဖမ်းမိပြီးနောက် ရဲအရာရှိများက သူတို့ပေးလာသည့် ခံဝန်ချက်သက်သေများကိုအသုံးပြုကာ ယခင်ကခံခဲ့ရသည့် နစ်နာသူများရှိရာကို ခြေရာခံကြတော့သည်။

….

ထောင်ယွမ်ရွာတွင် လူကြီးလူငယ်တို့နှင့်မိသားစုတစ်စုက အဖြူအမဲတီဗီရှေ့တွင်ထိုင်ကာ သတင်းကြည့်နေကြသည်။

“ခေါင်းဆောင်ကျန်းပေးခဲ့တဲ့သတင်းကို အခြေခံရရင် ရဲတွေဘက်က အခုလို လူကုန်ကူးအဖွဲ့ကိုဖမ်းဆီးနိုင်ခဲ့တာက ရဲစွမ်းသတ္တိရှိတဲ့သူရဲကောင်းတစ်ယောက်ကြောင့်ပါပဲ။ မိန်းကလေးက သူ့ကိုယ်သူငါးစာအဖြစ်ခံပြီး အစ်မကြီးဟုန်ဆီက ဆွဲဆောင်ခံလိုက်ရသလိုဟန်ဆောင်ခဲ့တယ်။ ဒီလိုကြောင့်သာ ရဲတွေလဲ ရာဇဝတ်သားတွေရဲ့သားရဲတွင်းကို အရောက်သွားနိုင်ခဲ့တာ။ ရဲတွေဘက်က ခြုံခိုစောင့်ဆိုင်းနေပြီး ရာဇဝတ်သားတွေအားလုံးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်!”

“ခေါင်းဆောင်ကျန်း၊ ကျွန်တော်တို့ကို အဲ့ဒီသူရဲကောင်းမိန်းကလေးနဲ့တွေ့ခွင့်ပေးနိုင်မလား?” သတင်းထောက်က မေးလိုက်သည်။

ကျန်းထောင်က ခေါင်းယမ်းလိုက်ကာ အတွေးအပြည့်ဖြင့်ပြောလိုက်သည်။ “စိတ်မကောင်းပါဘူး၊ မိန်းကလေးက သူ့အထောက်အထားကိုမဖော်ထုတ်ချင်ဘူးဆိုပြီး တောင်းဆိုထားလို့ပါ။ သူက ထက်မြက် ရဲရင့်ပြီး အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ ကိစ္စတွေကိုကိုင်တွယ်သွားခဲ့ပါတယ်။ သူ့ရဲ့အကူအညီသာမရှိဘူးဆိုရင် ကျွန်တော်တို့လည်း ဒီဂိုဏ်းကို ဒီလောက်မြန်မြန်ဆန်ဆန် ဖမ်းနိုင်မှာမဟုတ်ဘူး။”

သတင်းထောက်က ရယ်မောလိုက်ကာ၊ “ဟားဟား၊ ကြည့်ရတာ ဒီသူရဲကောင်းမလေးက ခေါင်းဆောင်ကျန်းအပေါ် နက်ရှိုင်းတဲ့အထင်အမြင်ကောင်းတွေ ကျန်စေခဲ့ပုံပဲ။ သူနဲ့တွေ့ချင်ပေမယ့် နှမြောစရာပဲ။ ဒီလိုဆို အစိုးရဘက်က ဒီအမည်မဖော်လိုတဲ့သူရဲကောင်းမလေးကို ဘာဆုတွေများပေးဖို့ စီစဉ်ထားလဲ ခေါင်းဆောင်ကျန်း?”

“အစိုးရဘက်က ဒီသူရဲကောင်းမလေးကို ဆုကြေးအဖြစ် ယွမ်၅သောင်းပေးဖို့ စီစဉ်ထားပါတယ်။”

“ဝိုး၊ ယွမ်၅သောင်းတောင်လား? တော်တော်များတာပဲ!” ၁၀နှစ်ဝန်းကျင်ကောင်လေးက အံ့ဩတကြီးရေရွတ်လိုက်သည်။ “သားမှာသာဒီလောက်ငွေတွေအများကြီးရှိရင် စာအုပ်တွေအများကြီးဝမ်နိုင်မှာ။” သူပြောပြီးပြီးချင်းမှာပဲ သူ့ခေါင်းကိုအရိုက်ခံလိုက်ရသည်။

ကောင်လေးက သူ့ကိုခေါင်းကိုပွတ်ကာ ညည်းတွားလိုက်သည်။ “ယဲ့ကော၊ ဘာလို့သားကိုလာရိုက်နေတာလဲ?”

ယဲ့ကောဆိုသူသည် ၁၈နှစ်အရွယ်လူငယ်လေးတစ်ယောက်ဖြစ်ကာ အဖြူရောင်စွယ်တာ၊ အနက်ရောင်ဂျက်ကတ်နှင့် ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားသည်။

ရှောင်လင်းယဲ့က၊ “ကောင်လေး၊ ဒီသူရဲကောင်းမိန်းကလေးက သူ့ကိုယ်သူငါးစာအဖြစ်ခံပြီး ရာဇဝတ်သားတွေရဲ့အာရုံကိုဆွဲဆောင်ခဲ့တာ။ အသက်တစ်ခုက ယွမ်၅သောင်းပဲတန်တယ်လို့များ မင်းထင်နေတာလား? ပြီးတော့ သူက ငွေအတွက်ဒီလိုလုပ်တယ်များထင်နေလား? ဒီလိုအရေးပါတဲ့ကိစ္စမျိုးကို ငွေနဲ့တန်ကြေးမဖြတ်သင့်ဘူး။ ဒါက မင်းရဲ့ဘဝတန်ဖိုးအပေါ် သက်ရောက်မှုရှိသွားလိမ့်မယ်။”

ရှောင်ရှောင်းဟွေ့ဟုခေါ်သည့်ကောင်လေးက ပြန်မေးလာသည်။ “ယဲ့ကော၊ ဘဝတန်ဖိုးဆိုတာဘာကြီးလဲ?”

ရှောင်လင်းယဲ့က ရှင်းပြလာသည်။ “အဲ့ဒါက မင်းဘဝရဲ့တွယ်တာရာကိုဆိုလိုတာ။”

ရှောင်ရှောင်းဟွေ့က နားလည်သွားသလိုဖြင့်ခေါင်းညိတ်လိုက်သည်။ “ယဲ့ကော၊ သားနားလည်ပြီထင်တယ်။”

လျိုချွမ်းဟွာဟုခေါ်သည့် အမျိုးသမီးငယ်တစ်ဦးက ရှောင်ရှောင်းဟွေ့၏ခေါင်းနောက်ကို ရိုက်လိုက်ကာ အပြုံးဖြင့်ပြောလာသည်။ “ဘာကိုသိတာလဲ? မင်းရဲ့ယဲ့ကောဆီက အများကြီးသင်ယူရဦးမှာ။ ယဲ့ကောက နှစ်တိုင်း အတန်းထဲမှာ ပထမအမြဲရတယ်။ မင်းလည်း ပထမတော့ရပါတယ်၊ နောက်ကရေမှလေ။”

“အမေ!” ရှောင်ရှောင်းဟွေ့က ရှက်ရွံ့စွာအော်လိုက်ပြီး သူ့ခေါင်းကိုပွတ်လိုက်သည်။ “သားနားလည်ပါတယ်။ သားယဲ့ကောဆီက သင်ယူမှာပါ။” သို့သော်လည်း စိတ်အတွင်းထဲမှာတော့၊ ‘ယဲ့ကောက သူ့ဘာသာလိုချင်လို့ ပထမနေရာကိုယူနေတာလေ။ စာသင်ရတာ ဒီလောက်စိတ်ရှုပ်ဖို့ကောင်းတာကို။’

သူ့အမေလျိုချွမ်းဟွာကတော့ သူမသားစိတ်ထဲဘာတွေးနေလောက်မှန်း အကြည့်တစ်ချက်ဖြင့်ပင်သိနေတာကြောင့် မျက်စံသာလှန်ကာ ခေါင်းကိုနောက်တစ်ကြိမ်ထပ်ရိုက်လိုက်သည်။ “မင်းစိတ်ထဲဘာတွေတွေးနေလဲ ငါမသိဘူးများထင်နေလား!”

“အမေ၊ ဘာလို့ထပ်ရိုက်ပြန်တာလဲ?!” ကောင်လေးက ညည်းတွားလိုက်သည်။

“ဘာလို့ရိုက်လဲ မင်းကိုယ်တိုင်သိပေါ့။ မင်းရော မင်းရဲ့စာလေ့လာပုံရောက အမြဲငါ့ကိုခေါင်းကိုက်စေတယ်။ မင်းရဲ့ယွီကျဲကိုပဲကြည့်။ သူက မြို့ကြီးပြကြီးမှာ တက္ကသိုလ်ဝင်ခွင့်ရပြီး အလုပ်တစ်ခုပါရသွားပြီ။ လတိုင်း လစာတွေအများကြီးနဲ့ ဘဝကိုအေးအေးဆေးဆေးနေနေတယ်။ ငါတို့နဲ့မတူဘူး၊ သူက နေ့တိုင်းခါးကျိုးအောင်မလုပ်ရဘူး၊ ပြီးတော့ ငါတို့ဒီလောက်လုပ်တာတောင် သူ့လောက်ပိုက်ဆံမရဘူး။”

“အမေကလည်း သားလည်းစာလုပ်တာပဲ။ ဒီအတိုင်းမလိုက်နိုင်ရုံလေ။ ဘာတတ်နိုင်မှာတုန်း?”

လျိုချွမ်းဟွာ၊ “….” တကယ့်ကိုပြဿနာပဲ။ လျိုချွမ်းဟွာက သူမသားကိုစိုက်ကြည့်ကာ “ကောင်စုတ်လေး၊ မင်းကိုရိုက်မှကိုဖြစ်မယ်။” သူမက ထပ်ပြီး သူမလက်ကိုမြှောက်လိုက်ပြန်သည်။

ရှောင်ရှောင်းဟွေ့က ချက်ချင်းပင် သက်လတ်ပိုင်းအမျိုးသမီးထံသို့ ပြေးသွားကာ အော်ဟစ်လိုက်သည်။ “ဒုတိယဒေါ်လေး၊ သားကိုကယ်ပါဦး။ အမေသားကို ရိုက်ချင်နေပြန်ပြီ!” သူက ဒုတိယအဒေါ်နောက်သို့ ပြေးဝင်သွားသည်။

ရှောင်ရှောင်းဟွေ့၏ဒုတိယအဒေါ်မှာ ချန်ချိုးယင်းဖြစ်ကာ အသက်၄၀ ဝန်းကျင်ခန့်ရှိပြီး ခန္ဓာကိုယ်အချိုးအစားမှာ အလယ်အလတ်မျှသာဖြစ်သည်။ သူမ၏ဝိုင်းဝန်းသည့်မျက်နှာနှင့် ကြီးမားသည့်မျက်ဝန်းတစ်စုံသည် ရှောင်လင်းယွီနှင့် တထေရာတည်းပင်။ သူမငယ်ရွယ်စဉ်က မယုံနိုင်စရာကောင်းလောက်အောင် လှပခဲ့မည်မှန်းထင်ရှားပေသည်။ ရှောင်လင်းယွီ၏တစ်ခါတစ်ရံ ဒေါသငွေ့များပြည့်နေတတ်သည့် မျက်ဝန်းများနှင့်မတူဘဲ ချန်ချိုးယင်း၏မျက်လုံးများသည် နှစ်များစွာမှ အတွေ့အကြုံများမှရရှိလာသည့် ဉာဏ်ပညာများဖြင့် တည်ငြိမ်နေခဲ့သည်။

“ချွမ်းဟွာ၊ ဘာလို့လိုက်ရိုက်နေတာလဲ?” ချန်ချိုးယင်းက ကောင်လေးကိုသူမနောက်တွင်ကာကွယ်ပေးလိုက်သည်။ “ကလေးက စာလုပ်ရတာမကြိုက်ရုံနဲ့ အဲ့လိုလိုက်ရိုက်နေလို့မရဘူးလေ။ ဒီလိုရိုက်ရုံနဲ့ သူ့ကိုပြုပြင်ပေးလို့ရမယ်များတွေးနေတာလား?”

လျိုချွမ်းဟွာလည်း ရပ်သွားကာ သက်ပြင်းသာချလိုက်တော့သည်။ “ဒုတိယအစ်မ၊ ဒီကောင်စုတ်လေးက သစ်ပင်တက်လိုက်၊ မြစ်ထဲသွားပြီး ငါးဖမ်းလိုက်၊ ရေကူးလိုက်နဲ့ တစ်နေ့လုံးပြေးလွှားနေတာ။ ငါများ သူ့ကိုစာအုပ်ရှေ့ထိုင်ခိုင်းလိုက်တာနဲ့ သူ့ရဲ့အားအင်တွေအကုန်လုံးက ချက်ချင်းကိုကုန်ဆုံးသွားသလိုပဲ။ တကယ်ဒုက္ခပေးတဲ့ကလေး။”

“ချွမ်းဟွာ၊ နင် ရှောင်းဟွေ့ရဲ့ပညာရေးအတွက် စိုးရိမ်နေမှန်း ငါသိပါတယ်။ ဒါပေမယ့် ရိုက်လိုက်ရုံနဲ့ ပြဿနာကမပြေလည်သွားဘူး။ ဒါမှမဟုတ် နင်ကိုယ်တိုင် သူနဲ့အတူ အိမ်စာတွေကူလုပ်ပေးပါလား။”

လျိုချွမ်းဟွာက မျက်မှောင်ကြုတ်သွားကာ စိုးရိမ်ပူပန်စွာဖြင့်ပြောလာသည်။ “ဒုတိယအစ်မရယ် အဲ့ဒါတော့ ငါလည်းသိပါတယ်။ ဒါပေမယ့် မင်ယန်ရော ငါရောက ကျောင်းတောင်မနေခဲ့ရဘူးလေ။ ငါတို့လုပ်ချင်ရင်တောင်မှ ရှောင်းဟွေ့ကိုမကူညီနိုင်ဘူးလေ။ ဒီတော့ ငါတို့မှာ ရိုက်ရုံကလွဲပြီး မတတ်နိုင်တော့ဘူး။”

ချန်ချိုးယင်းလည်း မျက်မှောင်ကြုတ်မိတော့သည်။ သူမလည်းသိပေမယ့် မေးရုံမေးကြည့်ခြင်းပင်။ တကယ့်ပြဿနာမှာ ရှောင်ရှောင်းဟွေ့က အရမ်းအသွက်လွန်နေပြီး ငြိမ်ငြိမ်လေးထိုင်ကာ စာကြည့်ရသည်ကို မကြိုက်တာပင်။

ရှောင်လင်းယဲ့ကပြုံးလိုက်ပြီး ဝင်ပြောလာသည်။ “တတိယဒေါ်လေး၊ ကျောင်းပိတ်ရက်လည်းရောက်တော့မှာဆိုတော့ ရှောင်းဟွေ့ကို ကျွန်တော် ကျူရှင်သင်ပေးရင်ဘယ်လိုလဲ?”

ရှောင်ရှောင်းဟွေ့က ချန်ချိုးယင်း၏နောက်မှ ခေါင်းအသာပြူထွက်လာကာ၊ “ယဲ့ကော၊ အစ်ကို သားကိုကျူရှင်တွေဘယ်လောက်သင်ပေးပြီးပြီလဲ မမှတ်မိတော့ဘူးလား? သားမှ ဘာစာကိုမှမမှတ်နိုင်တာ။ ကျူရှင်သင်တာလည်း အလုပ်မဖြစ်ဘူး။ ဒီအတိုင်းလွှတ်သာထားလိုက်ပါတော့!”

ရုတ်ချည်းပင် လျိုချွမ်းဟွာက ဒေါသတကြီးအော်ဟစ်တော့သည်။ “ကောင်စုတ်လေး၊ နင်ဒီကိုလာစမ်း။ နင်တစ်ချိန်လုံးကစားချင်နေတာမဟုတ်လား။ အခုပဲ နင့်ခြေထောက်တွေကိုချိုးပစ်ဦးမယ်။ ပြီးရင် စာကြည့်စားပွဲကနေထဖို့စိတ်ကိုမကူးနဲ့!” လျိုချွမ်းဟွာက ချက်ချင်းပင် ရှောင်ရှောင်းဟွေ့အနားသို့ပြေးသွားတော့သည်။

ရှောင်ရှောင်းဟွေ့ကလည်း သူ့ဘဝရှင်သန်ရေးအတွက် ထွက်ပြေးတော့သည်။ လျိုချွမ်းဟွာကလည်း သူ့နောက်လိုက်ရင်းအော်ဟစ်နေသည်။ “ကောင်စုတ်လေး၊ နင်ပြေးရဲတယ်ပေါ့? ဖမ်းမိလို့ကတော့ နင့်ခြေထောက်ကျိုးပြီသာမှတ်။”

ရှောင်ရှောင်းဟွေ့ကလည်း ပြေးရင်းရယ်တောင်ရယ်သွားသေးသည်။ “ဟားဟား၊ အမေ အရင်ဆုံးမိအောင်ဖမ်းပါဦး!”

ဘန်း!

“ရှောင်ယွီ!”

***

All Chapters