← Chapters

ချန်းယန်၏မိဘများ

Vol. 3 Ch. 39

ချန်းယန်၏မိဘများ

Vol. 3 Ch. 39

ရှောင်ရှောင်းဟွေ့ အပြင်သို့ပြေးထွက်လိုက်သည်နှင့် တစ်ယောက်ယောက်ကိုဝင်တိုက်မိတာကြောင့် မြေကြီးပေါ်သို့ နောက်ပြန်ပြုတ်ကျသွားခဲ့သည်။

“ရှောင်ယွီ!” သူဝင်တိုက်မိသည့်လူကိုတွေ့လိုက်သည်နှင့် ရှောင်ရှောင်းဟွေ့အပြင်တခြားလူများပါ ဝမ်းသာအားရခေါ်လိုက်ကြသည်။

“အစ်မ!” ရှောင်လင်းယဲ့ကလည်း သူ့အစ်မကိုမြင်လိုက်သည်နှင့် အလွန်ပျော်ရွှင်သွားသည်။ “ဘာလို့ပြန်လာမယ်ဆိုတာ ကြိုမပြောတာလဲ? ကျွန်တော်တို့လာကြိုမှာပေါ့!” လူငယ်လေးက ချက်ချင်းပင် ရှောင်လင်းယွီလက်ထဲမှအိတ်ကိုလှမ်းဆွဲကာ အိမ်ထဲသို့သယ်သွားသည်။ သူအိတ်ကိုသယ်လိုက်ပြီးနောက် ရှောင်လင်းယွီနောက်ကိုလှမ်းကြည့်ကာ နားမလည်စွာဖြင့်မေးလိုက်သည်။ “အစ်မ၊ ယန်ကောရော? သူ အစ်မနဲ့အတူလိုက်မလာဘူးလား?”

ချန်းယန်နှင့်ရှောင်လင်းယွီတို့နှစ်ယောက်က စုံတွဲတွေဖြစ်မှန်း ရွာကလူတိုင်းသိကြပြီးဖြစ်သည်။ သူတို့နှစ်ယောက်စေ့စပ်ထားတာမျိုးတော့မရှိသေးတာကြောင့် ရှောင်လင်းယဲ့က ချန်းယန်ကို ယောက်ဖဟူ၍တော့မခေါ်ခဲ့ပေ။

ချန်ချိုးယင်းကလည်း နောက်သို့လှမ်းကြည့်ကာ မေးလာသည်။ “ဟုတ်သားပဲ၊ ယွီအာ၊ ချန်းယန်ကိုပါ အတူခေါ်မလာဘူးလား?”

ချန်းယန်အကြောင်းပြောလိုက်သည်နှင့် ရှောင်လင်းယွီ၏အမူအရာက ချက်ချင်းပင်ပြောင်းလဲသွားကာ တည်တည်ငြိမ်ငြိမ်ဖြင့် ကြေညာလိုက်သည်။ “အမေ၊ သမီးနဲ့ချန်းယန် ပြတ်သွားပြီ။ နောက်ဆို သမီးရှေ့ သူ့အကြောင်းမပြောနဲ့တော့!”

ကျန်လူများက အချင်းချင်းကြည့်လိုက်ကြပြီး ရှောင်လင်းယွီ အခုလိုရုတ်တရက်ကြီး အိမ်ပြန်ရောက်လာခြင်းက ချန်းယန်နှင့်ပတ်သတ်နေလောက်မည်ဟု တွေးမိသွားကြသည်။

လျိုချွမ်းဟွာက အလွန်အလိုက်သိကာ ရှောင်ရှောင်းဟွေ့ကို တံခါးအပြင်သို့ဆွဲခေါ်သွားပြီး နောက်လှည့်ကြည့်ကာ ပြောလိုက်သည်။ “ဒုတိယအစ်မ၊ နင်လည်း ယဲ့အာနဲ့အတူ ယွီအာအကြောင်းမေးစရာတွေရှိမှာပေါ့။ ငါတို့ နင်တို့မိသားစုပြန်ဆုံစည်းတာကို မနှောက်ယှက်တော့ဘူးနော်။”

“ကောင်းပြီလေ ချွမ်းဟွာ၊ နောက်မှတွေ့ကြတာပေါ့။” ချန်ချိုးယင်းလည်းခေါင်းညိတ်လိုက်သည်။ ဒါက မိသားစုအရေးကိစ္စဖြစ်တာကြောင့် လျိုချွမ်းဟွာက သူမဘာသာ အလိုက်တသိဖြင့်ထွက်သွားပေးခြင်းပင်။

လျိုချွမ်းဟွာနှင့်ရှောင်ရှောင်းဟွေ့တို့ထွက်သွားသည်နှင့် ချန်ချိုးယင်း၏အမူအရာမှာ ချက်ချင်းပင်ပြောင်းလဲသွားကာ ရှောင်လင်းယွီကို အမိန့်ပေးလိုက်သည်။ “အထဲဝင် ငါတို့စကားပြောကြမယ်!” ထို့နောက် သူမက ရှောင်လင်းယဲ့ဘက်သို့လှည့်လိုက်ကာ၊ “ယဲ့အာ၊ လယ်ထဲသွားပြီး မင်းအဖေကိုသွားခေါ်ခဲ့။”

“ဟုတ်ကဲ့!” ရှောင်လင်းယဲ့တစ်ယောက် သူတို့အိမ်၏အိမ်ထောင်ဦးစီးဖြစ်သူ သူ့အမေကို မလွန်ဆန်ရဲပေ။

ဒါကြောင့် ရှောင်လင်းယွီ၏ခရီးဆောင်အိတ်ကိုထားပေးပြီးသည်နှင့် ချက်ချင်းထွက်သွားတော့သည်။ သူ့အစ်မနားကထွက်သွားချိန်တွင် လေသံတိုးတိုးဖြင့်ပြောလိုက်သေးသည်။ “အစ်မ၊ ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော်အစ်မဘက်မှာရှိတယ်။ အစ်မအတွက် အကူအညီသွားခေါ်လိုက်ဦးမယ်နော်!”

ကူညီမည့်သူကတော့ ဖေဖေရှောင်ဖြစ်သည်။

သူတို့မောင်နှမနှစ်ယောက် တိုးတိုးတိတ်တိတ်ပြောနေသည်ကိုမြင်သည်နှင့် မေမေရှောင်က မျက်မှောင်ကြုတ်ကာ ချောင်းဟန့်လိုက်သည်။ “ရှောင်လင်းယဲ့၊ ဘာလုပ်နေတာလဲ? နင့်အဖေကို မြန်မြန်သွားခေါ်လေ!”

“ဟုတ်, ဟုတ်!” ရှောင်လင်းယဲ့လည်း ချက်ချင်းပင် လှည့်ဖြေပြီးသည်နှင့် အမြန်ပြေးထွက်သွားတော့သည်။

ရှောင်လင်းယဲ့ထွက်သွားသည်နှင့် မေမေရှောင်၏မျက်နှာကတည်သွားတော့သည်။ “ပြောပါဦး၊ နင်နဲ့ချန်းယန် ဘာတွေဖြစ်ကြတာလဲ?”

မေမေရှောင်သည် သူမသမီးအကြောင်းကောင်းကောင်းသိသည်။ တစ်ခုခုကြီးကြီးမားမားကိစ္စသာမဖြစ်ခဲ့လျှင် ရှောင်လင်းယွီက လမ်းခွဲဖို့ရွေးချယ်ခဲ့မည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ရှောင်လင်းယွီနှင့်ချန်းယန်တို့သည် ဂျူနီယာအထက်တန်းကတည်းက အချင်းချင်းချစ်ခဲ့ကြသူများဖြစ်သည်။ ထိုအချိန်တုန်းက ချစ်သူရည်းစားဆက်ဆံရေးက ရှောင်လင်းယွီ၏ပညာရေးအပေါ်ထိခိုက်စေမည်စိုးတာကြောင့် မေမေရှောင်သည် ကန့်ကွက်ခဲ့သည်။ မေမေရှောင်က ရှောင်လင်းယွီကို ဆူပူကာရိုက်နှက်ခဲ့သော်လည်း ကောင်မလေးက ချန်းယန်နှင့်အတူရှိဖို့ကာ တင်းခံခဲ့သည်။ ရှောင်လင်းယွီကလည်း သူမပညာရေးအပေါ်မထိခိုက်စေရပါဘူးဟု ကတိပေးခဲ့သည်။

အဆုံးမှာတော့၊ အမေနှင့်အဖေရှောင်မှာ လက်လျှော့လိုက်ရတော့သည်။ သို့သော်လည်း မေမေရှောင်က ရှောင်လင်းယွီကို သူတို့တရားဝင်လက်မထပ်ခင်အထိ ဘာမှမလုပ်ကြရန် သတိပေးခဲ့သည်။ မဟုတ်ပါက ရှောင်လင်းယွီကို သမီးအဖြစ်က စွန့်ပစ်မည်ဟုပြောခဲ့ကြသည်။

ကျေးဇူးတင်စရာကောင်းစွာဖြင့် ရှောင်လင်းယွီသည် သူမစကားကိုသူမတည်ခဲ့သည်။ သူမချန်းယန်နှင့်တွဲနေစဉ်တစ်လျှောက်လုံး အတန်းထဲတွင် ထိပ်ဆုံးရောက်အောင်လုပ်ခဲ့သည်။ ချန်းယန်နှင့်ရှောင်လင်းယွီတို့နှစ်ယောက်လုံးသည် ပထမဒုတိယနေရာကိုယူထားကြကာ အထက်တန်းပြီးသည်နှင့် နာမည်ကြီးသည့်တက္ကသိုလ်သို့ ထူးထူးချွန်ချွန်ဖြင့်ဝင်ခွင့်ရခဲ့ကြသည်။

ချန်းယန်နှင့်ရှောင်လင်းယွီတို့ ဂျူနီယာအထက်တန်းကျောင်းသည် ငယ်ရွယ်သည့်ကျောင်းသားများကြား ရည်းစားထားခြင်းကို ခွင့်မပြုသော်လည်း သူတို့နှစ်ယောက်လုံးက အတန်းထဲမှာရော စာမေးပွဲတွေမှာပါ ရလဒ်ကောင်းကောင်းရကြတာကြောင့် ဆရာဆရာမများအနေနှင့် မျက်စိတစ်ဖက်မှိတ်ကာ နေပေးခဲ့ကြသည်။

နောက်ပိုင်းမှာတော့ ထိုလူငယ်စုံတွဲသည် သူတို့ကျောင်းဂုဏ်တက်အောင်ပါ စွမ်းဆောင်နိုင်ခဲ့ကာ နှစ်ယောက်လုံး တက္ကသိုလ်ကောင်းကောင်းကို ဝင်ခွင့်ရခဲ့ကြသည်။

တက္ကသိုလ်ပြီးသည်အထိ ချန်းယန်နှင့်ရှောင်လင်းယွီတို့၏ဆက်ဆံရေးမှာ တည်မြဲနေခဲ့သည်။

ဒါကြောင့် လုပ်ငန်းခွင်ထဲဝင်သွားပြီး ၂နှစ်လောက်နေတာနဲ့ ဘယ်လိုလုပ်ပြီး ဒီနှစ်ပေါင်းများစွာတည်မြဲခဲ့တဲ့ဆက်ဆံရေးက ပြတ်တောက်သွားရတာလဲ?

ရှောင်လင်းယွီက ဘာကိုမှဖုံးကွယ်မနေဘဲ အေးအေးဆေးဆေးပင်ပြောလိုက်သည်။ “သူ ဖောက်ပြန်လို့ သမီးတို့လမ်းခွဲလိုက်တာ။”

သို့ပေမယ့် သူမအမေကို မစိုးရိမ်စေချင်တာကြောင့် ရှောင်လင်းယွီလည်း အသေးစိတ်မပြောပြတော့ပေ။ မေမေရှောင်က တစ်ခုခုထပ်မေးဖို့ပြင်လိုက်ချိန်မှာပဲ အပြင်ဘက်မှ အော်သံတစ်ခုကိုကြားလိုက်တာကြောင့် လန့်သွားရသည်။

“ချန်ချိုးယင်း အခုချက်ချင်းထွက်လာခဲ့စမ်း!”

မေမေရှောင် မျက်မှောင်ကြုတ်လိုက်ကာ ရှောင်လင်းယွီကိုကြည့်လိုက်သည်။ “အပြင်မထွက်ခဲ့နဲ့။ အမေသွားကြည့်လိုက်ဦးမယ်!”

အစောလေးကတင် သူမသမီးက ချန်းယန်နှင့်ပြတ်သွားသည့်အကြောင်း သူမကိုပြောလာခဲ့သည်။ ပြီးတော့ အခုကျ ချန်းယန်ရဲ့မိဘတွေက သူ့ကိုလာရှာကြပြီ။ ဒီတော့ သူတို့နှစ်ယောက်ပြတ်သွားတာကို သိသွားလို့ပေါ့။

သို့သော်လည်း သူတို့က ချန်းယန်၏မိဘများဖြစ်ကာ ဘာကိစ္စပဲဖြစ်ဖြစ် ချန်းယန်ဘက်ကသာ ရပ်တည်ပေးကြလိမ့်မည်။

ရှောင်လင်းယွီလည်း ခေါင်းညိတ်ကာ သူမအခန်းထဲသို့ဝင်သွားခဲ့သည်။

ချန်ချိုးယင်း အိမ်ထဲကထွက်လာသည်နှင့် သူမခြံထဲတွင် လူ၈ယောက်လောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ဦးဆောင်လာသည့်လူနှစ်ယောက်ကတော့ ပိန်ပိန်ပါးပါးနှင့်ခန္ဓာကိုယ်သေးသေးလူများဖြစ်ကာ အသက်အားဖြင့် ၅၀-၆၀လောက်ရှိသော်လည်း တောက်တောက်ပြောင်ပြောင်ဝတ်ထားကြသည်။ ဒါက ကြွားကြွားဝါဝါနေခြင်းဖြစ်ကြောင်း သိသာလှသည်။

ထိုနှစ်ဦးသည် ချန်းယန်၏မိဘများဖြစ်သည့် ချန်းတဟွာနှင့် လန်အာယင်းတို့ဖြစ်ကြသည်။

လန်အာယင်းက ချန်ချိုးယင်းကိုမြင်သည်နှင့် မောက်မောက်မာမာဖြင့်ပြောလာသည်။ “ချန်ချိုးယင်း၊ ဘာလို့ ဒီလောက်နှေးကွေးနေတာလဲ? ငါတို့နင့်ကိုဘယ်လောက်ကြာအောင်စောင့်နေရလဲသိရဲ့လား?”

လန်အာယင်း၏မျက်လုံးထဲတွင် ချန်းယန်သည် ကမ္ဘာပေါ်တွင်အကောင်းဆုံးယောက်ျားတစ်ယောက်ဖြစ်သည်။ သူမသားကိုဆွဲဆောင်နိုင်ရန်အတွက် ရှောင်လင်းယွီတစ်ယောက် အတိတ်ဘဝက ကုသိုလ်အတော်လေးလုပ်ခဲ့ရပေမည်။

ချန်းယန်၏မိဘများသည် ခန်းဝင်ပစ္စည်းအမြောက်အမြားလိုချင်ကြသည်။ အနည်းဆုံးတော့ ရှောင်လင်းယွီမိဘများအနေနှင့် မြို့ထဲတွင် ဆိုင်တစ်ဆိုင်နှင့်အိမ်တစ်လုံးပေးရမည်ဖြစ်သည်။ သူတို့က ကားလည်းလိုချင်သေးသည်။ အကောင်းဆုံးကားအမျိုးအစားကိုမတောင်းဆိုသော်လည်း အနည်းဆုံး ယွမ်၁သိန်းလောက်တော့တန်ရမည်။ ဒီလောက်အထိတောင်းဆိုနေတာတောင်မှ ချန်းယန်၏မိဘများသည် သူတို့ကိုယ်သူတို့ ရှောင်လင်းယွီ၏မိဘများအပေါ် အတော်လေးသက်ညှာပေးသည်ဟု တွေးနေကြသေးသည်။

ဘာပဲဖြစ်ဖြစ် သူတို့သားချန်းယန်က ကုမ္ပဏီကြီးတစ်ခုရဲ့မန်နေဂျာလေ။ သူ့ရဲ့လစာကလည်း အမြင့်ကြီးပဲ။ ရှောင်လင်းယွီအနေနှင့် ချန်းယန်ကိုလက်ထပ်ပြီးနောက် ဇိမ်ခံဘဝနှင့်နေရမည်မဟုတ်လား။

ထို့ကြောင့် ချန်းယန်နှင့်ရှောင်လင်းယွီတို့အတူတွဲနေကြကတည်းက ချန်းယန်၏မိဘများသည် စကားကြီးစကားကျယ်အတော်လေးပြောကြသည်။ သူတို့က ရှောင်လင်းယွီသာ ချန်းယန်ကိုလက်ထပ်လိုလျှင် ခန်းဝင်ပစ္စည်းအဖြစ် ဆိုင်တစ်ဆိုင်၊ အိမ်တစ်လုံးနှင့်ကားတစ်စီးသေချာပေါက်မှခွင့်ပြုမည်ဟု ပြောကြသည်။

ရှောင်မိသားစုမှာ ထိုစကားကိုကြားပြီး အလွန်ဒေါသထွက်ခဲ့ကြသည်။

သို့သော်လည်း ရှောင်လင်းယွီ၏မိဘများသည် ကျိုးကြောင်းမဆီလျော်သူများမဟုတ်ကြပေ။

ရှောင်လင်းယွီသည် ချန်းယန်နှင့်အတူရှိရသည့်အတွက် ဘယ်လောက်တောင်ပျော်ရွှင်နေလဲဆိုသည်ကို သူတို့မြင်တွေ့ခဲ့သည်။ ဒါ့အပြင် ချန်းယန်ကလည်း သူတို့ဆီက ထိုမျှများပြားသည့် ခန်းဝင်ပစ္စည်းမယူပါဘူးဟု ကတိပေးခဲ့သည်။ သူက ရှောင်လင်းယွီတစ်ယောက်ကိုသာ လိုချင်ပါသည်ဟုပြောခဲံသည်။

ဒါကြောင့်ပဲ ရှောင်မိသားစုက ချန်းမိသားစုနှင့်ဘာမှအချင်းမများတော့ခြင်းဖြစ်သည်။

ချန်းမိသားစုဘက်ကတော့ ထိုအရာကို ရှောင်မိသားစုဘက်က လက်နက်ချအရှုံးပေးသွားသည်ဟု ထင်မှတ်ကြသည်။ သူတို့ ရှောင်လင်းယွီတွင် ချန်းယန်ကလွဲ၍ လက်ထပ်မည့်သူတစ်ယောက်မှရှိလာမည်မဟုတ်ဟုလည်း ယုံကြည်ကြသည်။ ဒါကြောင့်ပဲ ချန်းမိသားစုက အမြဲတမ်း သူတို့ကိုယ်သူတို့ ရှောင်မိသားစုထက် သာလွန်သလို ပြုမူနေကြတော့သည်။

အတိတ်တုန်းကတော့ ချန်းချိုးယင်းသည် သူမသမီးမျက်နှာကိုထောက်ကာ ထိုလူများနှင့်စကားမများခဲ့ပေ။ သို့သော်လည်း အခုချိန်မှာတော့ သူမသမီးက ချန်းယန်နှင့် လမ်းခွဲလိုက်ပြီဖြစ်တာကြောင့် သူမအနေနှင့် ထိုလူများအပေါ် ထပ်ပြီးယဉ်ကျေးပေးနေစရာမလိုတော့ပေ။

မေမေရှောင်က ထိုလူများ၏မောက်မာနေသည့်ပုံစံကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်ကာ၊ “လန်အာယင်း၊ နင့်ကိုယ်နင်ဘုရင်မများထင်နေလား? ငါက နင့်ကိုတကူးတကထွက်ပြီး ကြိုဆိုပေးနေရအောင် နင့်ကိုယ်နိုင်ဘာများထင်နေလဲ?”

ချန်းမိသားစု “…..”

***

All Chapters