← Chapters

ချန်းမိသားစုကပိုက်ဆံချေးဖို့လာတာတဲ့

Vol. 3 Ch. 40

ချန်းမိသားစုကပိုက်ဆံချေးဖို့လာတာတဲ့

Vol. 3 Ch. 40

“လန်အာယင်း၊ နင်တော်တော်အရှက်မရှိတာပဲ။” မေမေရှောင်က ချန်းမိသားစုဝင်အုပ်စုလိုက်ကြီးကိုစိုက်ကြည့်လိုက်ကာ နည်းနည်းလေးမှမကြောက်ခဲ့ပေ။

မေမေရှောင်ဘက်က ဘယ်လောက်ရိုင်းတောင်ရိုင်းလာကြောင်း ချန်းမိသားစုဝင်များတွေ့လိုက်ရသည်နှင့် မှင်သက်သွားသလို တခါတည်း နားမလည်နိုင်လည်းဖြစ်သွားကြသည်။ ပုံမှန်သာဆိုလျှင် သူတို့ဘက်က ဘယ်လောက်ပဲရိုင်းရိုင်း ရှောင်မိသားစုဘက်က တစ်ခွန်းမှ ပြန်ပြောရဲခြင်းမရှိပေ။ ဒါပေမယ့် ဒီနေ့မှာတော့ ချန်ချိုးယင်းရဲ့တုံ့ပြန်ပုံက…

လန်အာယင်းတစ်ဘောက် လှောင်ပြောင်ခံလိုက်ရတာကြောင့် ချက်ချင်းဒေါသထွက်သွားကာ၊ “ချန်ချိုးယင်း၊ နင်ကများ ငါ့ကိုဒီလိုပုံစံနဲ့စကားပြောရဲတယ်ပေါ့? နင့်သမီးက ငါ့သားကိုလက်ထပ်ချင်သေးရဲ့လား? ငါပြောလိုက်မယ်၊ နင်ငါ့ကိုဒီလိုလေသံနဲ့ထပ်ပြောရဲပြောကြည့်.. ငါ… ငါ ငါ့သားကိုနင့်သမီးနဲ့လက်မထပ်ဖို့တားပြမယ်။ ငါ့သားရဲ့ ထူးချွန်တဲ့လူငယ်တစ်ယောက်။ သူ့ကိုလိုချင်တဲ့မိန်းကလေးတွေကိုတန်းစီလိုက်ရင် ရှင်းအန်းမြို့တစ်မြို့လုံးတောင် ပတ်လို့ရတယ်!”

အတိတ်တုန်းကဆိုလျှင် သူမသည် ဤအကြောင်းပြချက်ကိုအသုံးပြုကာ ရှောင်မိသားစုကို အမြဲတမ်းခြိမ်းခြောက်ခဲ့ပြီး အကြိမ်တိုင်းလည်း အလုပ်ဖြစ်ခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်မှာတော့ မေမေရှောင်အနေနှင့် သူ့စကားများကိုကြောက်ပြနေစရလိုတော့ပေ။ သူမသမီးက ချန်းယန်နှင့်လမ်းခွဲပြီးပြီဆိုမှတော့ ဘာကိစ္စသူတို့ကို ဆက်ပြီးသည်းခံနေရဦးတော့မှာလဲ?

ဆက်ပြီးသာသည်းခံနေလိုက်ရင် ရှောင်လင်းယွီမှာ ချန်းယန်ကလွဲလို့ လက်ထပ်လို့ရနိုင်မယ့်လူမရှိ၍ ရှောင်မိသားစုကို ဒီလိုလွယ်လွယ်ကူကူအနိုင်ကျင့်လို့ရနေသည်ဟု လူတွေထင်သွားကြတော့မှာပေါ့။

မေမေရှောင်က အသံကျယ်ကျယ်ဖြင့်ရယ်မောလိုက်တော့သည်။ “နင့်သားလက်ထပ်ချင်တဲ့သူနဲ့လက်ထပ်ပါစေပေါ့။ ဘာပဲဖြစ်ဖြစ် ငါ့သမီးကတော့ သူ့ကိုလက်ထပ်မှာမဟုတ်ဘူး။ ဒီတော့ ဘာကိစ္စရှိသေးလဲ? မရှိရင်ထွက်သွားပေးပါ!”

ချန်းမိသားစုမှာ မေမေရှောင်၏စကားကြောင့် ကြောင်အသွားတော့သည်။ ချန်းတဟွာသည် အရင်ဆုံးအသိပြန်ဝင်လာခဲ့သူဖြစ်သည်။ သူ့ညီအစ်ကိုတွေရှေ့မှာ အခုလိုမျိုးဆက်ဆံခံလိုက်ရသည်က သူ့ကိုအလွန်အရှက်ရစေလေသည်။

ဒါကြောင့် သူ့မျက်နှာက မည်းမှောင်သွားကာ သတိပေးလိုက်သည်။ “အမေရှောင်၊ မင်းအရမ်းလွန်သွားပြီ။ ငါ့ယန်အာသာ မင်းသမီးကိုလက်မထပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရင် အရင်ဆုံး ယန်အာရဲ့စိတ်ပြန်ပြောင်းသွားအောင် အပြေးလေးလာတောင်းပန်မယ့်သူက မင်းသမီးပဲဖြစ်မှာ!”

မေမေရှောင်သည် ထိုထောင်လွှားနေသောချန်းမိသားစုနှင့် တကယ်ကိုထပ်ပြီးမဆက်ဆံချင်တော့ပေ။ ဒါကြောင့် သူမအေးစက်စက်လေသံနှင့်သာ ထပ်ပြီးပြောလိုက်သည်။ “ငါပြောနေတယ်၊ နင်တို့မှာ ကိစ္စမရှိရင်ထွက်သွားတော့! ငါ့မှာလုပ်စရာတွေရှိသေးတယ်!”

ချန်းတဟွာနှင့်လန်အာယင်းတို့မှာ ချန်ချိုးယင်းကို မယုံကြည်နိုင်စွာကြည့်နေမိတော့သည်။

ထို့နောက် လန်အာယင်း၏လေသံကပြန်မာလာပြန်ကာ၊ “ချန်ချိုးယင်း၊ နင်ကများ? မယုံမရှိနဲ့၊ ရှောင်လင်းယွီ ငါတို့ချန်းမိသားစုထဲကိုဝင်လာတာနဲ့ ကောင်းကောင်းမနေနိုင်အောင်လုပ်ပြမယ်!” သူမက ပြောင်ပြောင်တင်းတင်းပင် ခြိမ်းခြောက်လာသည်။

မေမေရှောင်လည်း ထပ်ပြီး ဂရုကိုမစိုက်ချင်တော့ပေ။ “ချန်းမိသားစုက ငါတို့အတွက်ဆို အရမ်းကောင်းလွန်းလို့ပါ။ ငါတို့ယွီအာက နင်တို့ရဲ့နတ်ဘုရားလိုသားလေးနဲ့လက်ထပ်ရအောင်အထိ မပြည့်စုံပါဘူး။ ဒါကြောင့် တခြားတစ်ယောက်ကိုသာသွားပြီး နှောက်ယှက်စမ်းပါ။ ငါတို့ကိုထပ်မရှုပ်ပါနဲ့တော့။”

ချန်းတဟွာတို့လင်မယားမှာ အလွန်ဒေါသထွက်ကာ ချန်ချိုးယင်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီး တစ်ခုခုပြောဖို့ပြင်လိုက်သည်။

“မင်း…”

ထိုအချိန်မှာပဲ ချန်းတဟွာ၏အနောက်ရှိယောက်ျားတစ်ယောက်က အကြိမ်အနည်းငယ်မျှချောင်းဟန့်ကာ အသံပေးလိုက်သည်။ “အစ်ကိုကြီး၊ ဒီအကြောင်းက ငါတို့နောက်မှပြောလို့ရပါတယ်။ အခုလောလောဆယ် အရေးကြီးတဲ့ကိစ္စကိုအရင်ဆွေးနွေးကြတာပေါ့။”

ချန်းဆန်းဟွာသတိပေးလာတော့မှပဲ ချန်းတဟွာလည်း လာရင်းအကြောင်းကို ပြန်အမှတ်ရသွားတော့သည်။ ချန်ချိုးယင်းကြောင့် သူတို့တွေလမ်းလွဲပြီး ပြဿနာတက်လုနီးပါးပင်။

ချန်းတဟွာ၏သဘောထားက ပိုကောင်းလာခဲ့သည်။ သို့သော်လည်း ပုံမှန်စံနှုန်အရဆိုလျှင် ချန်ချိုးယင်းအပေါ် သူ့အပြုအမူက မောက်မာနေတုန်းပင်။ “ခမည်းခမက်၊ ယန်အာက ငါနဲ့သူ့အမေကို Zမြို့ဆီလာလည်စေချင်နေတယ်။ အဲ့ဒါ ငါတို့အတွက် ခရီးစရိတ် ယွမ်၅သောင်းလောက်ချေးပေးဦး။”

သေချာပေါက် ချေးပေးဟုပြောသော်လည်း ချန်းမိသားစုဘက်က ထိုငွေကို ဘယ်တော့မှပြန်ဆပ်ဖို့ စိတ်ကူးမရှိပေ။

မေမေရှောင်ကတော့ သူတို့သဘောထားကြောင့် ရယ်ချင်သွားကာ တကယ်လည်း ပေါ်တင်ပင်ရယ်လိုက်တော့သည်။ “ယွမ်၅သောင်းတဲ့လား?” မေမေရှောင်က မယုံနိုင်သလိုအမူအရာဖြင့်ထပ်ပြောလိုက်သည်။ ချန်းမိသားစု၏အပြုအမူများကြောင့်လည်း သူမအမှန်ပင်အံ့ဩမိပေသည်။

“ဟုတ်တယ်၊ ယွမ်၅သောင်း!” ချန်ချိုးယင်းက သူပြောတာကို ရှင်းရှင်းလင်းလင်းမကြား၍ ထပ်မေးသည်ဟုထင်တာကြောင့် ချန်းတဟွာက ထပ်ပြောလိုက်သည်။

“မချေးနိုင်ဘူး!” မေမေရှောင်က ချက်ချင်းငြင်းလိုက်သည်။ ရှောင်လင်းယွီက ချန်းယန်နှင့် လမ်းမခွဲခဲ့ဘူးဆိုလျှင်တောင်မှ သူမအနေနှင့် ထိုမျှများသည့်ငွေပမာဏကို ချေးပေးလိမ့်မည်မဟုတ်ပေ။ ‘ဒီချန်းမိသားစုက ငါတို့ကို သူတို့ဘဏ်တိုက်များထင်နေလား? သူတို့ငွေလိုချင်တိုင်း လာထုတ်နိုင်မယ်ပေါ့?’

ချန်းမိသားစု ဘယ်လောက်လောဘကြီးမှန်း မေမေရှောင်သိသည်။ သူမသာ ထိုငွေကို ချေးပေးလိုက်မိပါက သူမဆီသို့ ဒုတိယ၊ တတိယနှင့် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထပ်ရောက်လာပေတော့မည်။

သူတို့ကလေးတွေက လမ်းခွဲလိုက်ကြပြီဆိုမှတော့ မေမေရှောင်အနေနှင့် ယွမ်၅သောင်းမပြောနှင့် ၅ယွမ်ဆိုလျှင်တောင် ချေးပေးမည်မဟုတ်ပေ။

“ဟုတ်တယ်၊ ငါတို့ငွေကိုပြန်ဆပ်…” လန်အာယင်း သူမကြိုတင်ပြင်ဆင်ထားသည့် စကားများကိုပြောဖို့ပြင်လိုက်သော်လည်း မေမေရှောင်က သူမကိုငြင်းလိုက်ကြောင်းကြားလိုက်ရသည်နှင့် မယုံကြည်နိုင်ဖြစ်သွားသည်။ “နင် ငါတို့ကိုမကူညီဘူးပေါ့? ချန်ချိုးယင်း၊ နင်ကများ ငါတို့ကိုငြင်းရဲတယ်ပေါ့? ယွမ်၅သောင်းလေးကိုတောင် ငါတို့ကိုမချေးနိုင်ဘူးလား? နင်က ငါတို့ချန်းမိသားစုအပေါ် နည်းနည်းလေးမှ လေးစားမှုမထားတော့တာပဲ။ ကောင်းပြီလေ၊ ငါအခုပဲ ယန်အာကိုဖုန်းဆက်ပြီး နင့်သမီးနဲ့လမ်းခွဲဖို့ပြောလိုက်မယ်။ နောက်မှ ငါတို့ကိုပြန်တောင်းပန်စေရမယ်!”

“လန်အာယင်း၊ ချန်းတဟွာ နင်တို့ဘယ်လောက်တောင်အရှက်မရှိပြောနေဦးမှာလဲ? နင်ငွေလိုတာနဲ့ ငါကနင်တို့လိုအပ်သလောက် ထုတ်ချေးပေးရမယ်ပေါ့? ငါတို့မှာ ငွေရှိရင်တောင် နင်တို့အတွက် ၁ယွမ်တောင်ချေးပေးမှာမဟုတ်ဘူး။ နင်တို့ကိုယ်နင်တို့ ဘာများထင်နေလဲ? နင်တို့က Zမြို့ကိုသွားချင်တယ်ပေါ့? နင်တို့ဘာသာသွားတာ ငါနဲ့ဘာဆိုင်လို့လဲ? ငါ့ဆီကများ ခရီးစရိတ်ယွမ်၅သောင်းကို တောင်းရဲလိုက်သေးတယ်။ ငါတို့ရှောင်မိသားစုက ခြံနောက်မှငွေပင်ကြီးစိုက်ထားတယ်များထင်နေလား?”

မေမေရှောင်က စကားကိုခဏရပ်လိုက်ပြီး သူမ၏လှပသောမျက်လုံးများကိုကျဉ်းမြောင်းလိုက်ကာ စိတ်လိုလက်ရပြုံးပြီး ထပ်ပြောလိုက်သည်။ “ပြီးတော့ နင်ချန်းယန်ဆီ ဖုန်းဆက်ပြီး ငါတို့ယွီအာနဲ့လမ်းခွဲဖို့ပြောနေစရာမလိုတော့ဘူး။ သူတို့နှစ်ယောက်က အစကတည်းက လမ်းခွဲထားကြပြီးသား။”

“ဘာ?” ချန်းမိသားစုမှ မမျှော်လင့်ထားသည့်သတင်းကြောင့် အလွန်ထိတ်လန့်သွားကြသည်။ သူတို့ယုံလည်းမယုံနိုင်ကြပေ။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

အရင်တုန်းကဆိုလျှင် ကျောင်းကရော ရှောင်မိသားစုကပါ ချန်းယန်နှင့်ရှောင်လင်းယွီတို့ လမ်းခွဲအောင် အလွန်ကြိုးစားခဲ့ကြသော်လည်း မပြတ်နိုင်ခဲ့ကြပေ။ အခုကျမှ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပြတ်သွားကြတာလဲ?

“ငါမယုံဘူး!” လန်အာယင်းက အော်ကျယ်အော်ကျယ်ဖြင့်ပြန်ပြောလာသည်။ “ငါတို့က ဘယ်လိုလုပ်ဘာမှမသိထားရတာလဲ?” ထို့နောက် သူမက တစ်ခုခုကိုတွေးမိသွားကာ မေမေရှောင်ကို ဒေါသတကြီးလက်ညှိုးထိုးလိုက်ပြီး၊ “ချန်ချိုးယင်း၊ နင်ငါတို့ကိုပိုက်ဆံမချေးချင်လို့ ပြောတာမဟုတ်လား။ ဘယ်ကနေဘယ်လိုမျိုး ဒီလိုအကြောင်းပြချက်မျိုးရအောင်ရှာလာတာလဲ? ရှောင်လင်းယွီသာသိသွားရင်၊ အသည်းကွဲနေတော့မှာပဲ။”

“မကွဲပါဘူး!” ထိုအချိန်မှာပဲ အိမ်ထဲမှအသံတစ်သံထွက်လာခဲ့သည်။ ထို့နောက် ရှောင်လင်းယွီထွက်လာခဲ့သည်။ “ဘာလို့ဆို ကျွန်မ ချန်းယန်နဲ့လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းကို ကျွန်မကိုယ်တိုင်ပြောပြထားတာမလို့လေ။ ဒေါ်လေးလန်၊ အခုကျွန်မပြောတာကိုရောယုံပြီလား?”

အစကတော့ ရှောင်လင်းယွီသည် အပြင်မထွက်ချင်ခဲ့ပေ။ သူမတကယ်ကို ချန်းယန်၏မိဘများနှင့်မတွေ့ချင်ပေ။ ထို့အပြင် သူမအမေက ချန်းမိသားစုလောက်ကို ဖြေရှင်းနိုင်သည်ဟုလည်း ယုံကြည်မှုအပြည့်ရှိသောကြောင့်ဖြစ်သည်။

သို့သော်လည်း ချန်းမိသားစုက အရမ်းလွန်လာခဲ့သည်။ သူတို့Zမြို့ကိုသွားချင်တာကို ခရီးစရိတ်အတွက် ချမ်းမိသားစုဆီကတောင်းနေသည်။

သူတို့ပုံစံကိုကြည့်လိုက်ရုံဖြင့် ထိုငွေတွေက ပြန်ရဖို့လမ်းလည်းမမြင်ပေ။ ဒီလိုဆိုမှပဲ ချန်းယန်၏လုပ်ရပ်တွေက အံ့ဩစရာမရှိတော့ပေ။ ကလေးတွေဆိုတာ သူတို့မိဘတွေဆီကနေပဲ သင်ယူကြသည်မဟုတ်လား။

သူမ၏အတိတ်ဘဝတွင် ချန်းယန်နှင့်သူ့မိသားစုကို လူကောင်းတွေဟု တွေးမိလောက်သည်အထိ ကန်းနေခဲ့တာတော့ နှမြောစရာပင်။

……

မေမေရှောင်က ချန်းမိသားစုနှင့်ရှင်းရန်ထွက်သွားခဲ့ချိန်တွင် ရှောင်လင်းယွီသည် ကျောက်စိမ်းဆွဲပြားကို လေ့လာကြည့်ရင်း အလုပ်ရှုပ်နေခဲ့သည်။

ကလေးကို အစ်မကြီးဟုန်ထံမှကယ်တင်ခဲ့ပြီးနောက် ရဲတစ်ဦးက သူမကိုမေးလာခဲ့သည်။ “မစ္စရှောင်၊ မင်းက သိုင်းပညာရှင်လား? မင်းရဲ့လှုပ်ရှားပုံတွေက အရမ်းကောင်းတာပဲ။ ငါသေချာမြင်လိုက်တယ်။ ဟိုဘက်ကတိုက်ခိုက်လာသမျှကို မင်းကျွမ်းကျွမ်းကျင်ကျင်ရှောင်တိမ်းနိုင်တဲ့အပြင် အစ်မကြီးဟုန်လက်ထဲကကလေးကိုပါ ကယ်နိုင်လိုက်သေးတယ်။”

အခု ထိုအကြောင်းကိုသူမပြန်တွေးနေတာဖြစ်သည်။ သူမ၏တုံ့ပြန်နှုန်းတွေမြန်ဆန်လာသည်က ကျောက်စိမ်းဆွဲပြားနှင့် သေချာပေါက်ဆက်စပ်မှုရှိလောက်ပေသည်။

ရှောင်လင်းယွီတစ်ယောက် ထိုအရာကိုဘယ်လိုစမ်းသပ်ရင်ကောင်းမလဲစဉ်းစားနေတုန်းမှာပဲ အပြင်ဘက်က ငြင်းခုံမှုအရှိန်က ပိုလို့မြင့်တက်လာကာ သူမအတွေးများကို ဖြတ်တောက်သွားသည်။ ချန်းမိသားစုက ပိုပိုပြီး ဒေါသထွက်စရာကောင်းလောက်အောင် တုံ့ပြန်လာခဲ့သည်။ ဒါကြောင့် ရှောင်လင်းယွီလည်း ထိုလူများကိုအရင်ဆုံးမောင်းထုတ်မည်ဟု ဆုံးဖြတ်ကာ အပြင်သို့ထွက်လာခဲ့ခြင်းဖြစ်သည်။

***

All Chapters