သတင်းကောင်း
Vol. 3 Ch. 41
ရှောင်လင်းယွီ အိမ်မှာရှိကြောင်းမြင်လိုက်သည်နှင့် ချန်းမိသားစုဝင်များမှာ စိတ်လှုပ်ရှား၍ မျက်လုံးများအရောင်လက်လာကြသည်။ ရှောင်လင်းယွီ အိမ်မှာရှိတယ်ဆိုကတည်းက သူတို့ကို ရှောင်မိသားစုက ငွေချေးပေးပေတော့မည်။ ရှောင်လင်းယွီသာ ချန်းယန်နှင့် လက်ထပ်လိုသေးလျှင် သူတို့စိတ်ကျေနပ်အောင် သေချာပေါက် တောင်းဆိုပေးရပေမည်။
သို့သော်လည်း ရှောင်လင်းယွီပြောလိုက်သည့်စကားက သူတို့အမူအရာများကို အေးခဲသွားစေခဲ့သည်။ ဘာပြောလိုက်တယ်? ရှောင်လင်းယွီက ချန်းယန်နဲ့လမ်းခွဲလိုက်ပြီတဲ့လား? ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ!
ရှောင်လင်းယွီ၏အာရုံအလုံးစုံသည် ချန်းယန်ပေါ်တွင်သာ အချိန်ကြာမြင့်စွာစွဲမြဲနေခဲ့သည်။ ထိုအတွက်ကြောင့်သာမဟုတ်လျှင် သူတို့အသက် ၁၅နှစ်ကတည်းက သူမ ချန်းယန်ကို ဆွဲဆောင်နိုင်ခဲ့လိမ့်မည်မဟုတ်သလို တွဲဖြစ်ခဲ့လျှင်တောင် ပြတ်သွားသည်က ကြာလောက်ပေပြီ။ ဒါဆို ဘာလို့ရုတ်တရက်ကြီး သူတို့လမ်းခွဲလိုက်ကြတာလဲ?
လန်အာယင်း၏မျက်လုံးပြူးကာ၊ “ရှောင်လင်းယွီ၊ နင်ဒါဘာကိုဆိုလိုတာလဲ? နင် ငါ့ရဲ့ယန်အာကိုလက်မထပ်ချင်တော့ဘူးလား?” လန်အာယင်း၏အမူအရာမှာ ကြောက်စရာကောင်းလွန်းသော ယောက္ခမဆိုးတစ်ယောက်ပုံစံသို့ပြောင်းလဲသွားသည်။ “ရှောင်လင်းယွီ၊ နင်ငါတို့မိသားစုထဲလက်ထပ်ဝင်ချင်သေးတယ်ဆိုရင် ငါတို့ကို ယွမ်၅သောင်းပေးဖို့ နင့်အမေကိုဖြောင်းဖြတာကောင်း…” ရုတ်တရက် လန်အာယင်း အသက်ရှူရပ်မလိုဖြစ်သွားကာ၊ “နေပါဦး၊ ရှောင်လင်းယွီ၊ နင်ပြန်လာတယ်ဆိုတော့ ငါ့ချန်းယန်လေးက ဘယ်မှာလဲ?”
ထို့နောက် ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရင်း လန်အာယင်းက အော်တော့သည်။ “ချန်းယန်၊ အခုထွက်ခဲ့စမ်း! အသည်းနှလုံးမရှိတဲ့ကောင်လေး၊ နင်ပြန်လာပြီဆိုတာ ဘာလို့ ဒီအမေတွေကိုမပြောရတာလဲ။ ပြီးတော့ နင်ပြန်လာပြီဆိုမှတော့ ဘာလို့ငါတို့ကို Zမြို့ဆီလာဖို့ပြောရသေးတာလဲ?”
သူမအော်နေသော်လည်း တုံ့ပြန်သံမကြားရပေ။ လန်အာယင်းမှာ မကျေနပ်သေးဘဲ ရှောင်မိသားစု၏အိမ်ထဲသို့ဝင်ကာ သူမသားကိုရှာလိုနေသေးသည်။ သို့သော်လည်း သူမကို မေမေရှောင်က တားလိုက်လေသည်။ “လန်အာယင်း၊ နင့်အိမ်နင်ပြန်ပြီးသာ နင့်သားကိုရှာစမ်းပါ။ နင့်သားက ဒီမှာမရှိဘူး၊ ပြီးတော့ ငါက ဘာလို့သူ့ကိုဝှက်ထားရမှာလဲ?”
လန်အာယင်းကတော့ မေမေရှောင်၏စကားကိုမယုံဘဲ ဒေါသတကြီးအော်ဟစ်နေပြန်သည်။ “ချန်ချိုးယင်း၊ ငါ့လမ်းကဖယ်ပေးစမ်း။ ရှောင်လင်းယွီတောင် ပြန်ရောက်နေမှတော့ ချန်းယန်လည်း ဒီမှာပဲရှိရမယ်။”
ထိုအချိန်မှာပဲ ရှောင်လင်းယွီက အေးစက်စက်ရယ်မောလိုက်သည်။ “ဒေါ်လေးလန်၊ ဦးလေးချန်း၊ ရှင်တို့ ကျွန်မပြောတာ သေချာမကြားလိုက်ဘူးလား။ ကောင်းပြီလေ၊ ဒါဆိုလည်း ပြန်ပြောပေးရတာပေါ့။”
သူမအမူအရာက လေးနက်သွားကာ စကားလုံးတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်းထပ်ပြောလာခဲ့သည်။
“ကျွန်မ၊ ရှောင်လင်းယွီက ချန်းယန်နဲ့ လမ်းခွဲပြီးသွားပြီ။ ကဲအခုရော ကျွန်မပြောတာကြားကြပြီလား?”
ရှောင်လင်းယွီ၏အကြည့်များက ချန်းမိသားစုကို ဝေ့ကြည့်လိုက်သည်။ ချန်းယန်၏မိဘများအပြည့် ချန်းယန်၏ဦးလေး ၄ယောက်လည်းရှိပေသည်။ သူတို့ ရှောင်မိသားစုဆီက ပိုက်ဆံမရမချင်း ထွက်သွားကြမည့်ပုံမပေါ်ပေ။ သူတို့က ငွေချေးမယ့်ကိစ္စ သူတို့ဘက်လှည့်မလာရေးအတွက် ဘေးကနေမြှောက်ပေးဖို့ လိုက်လာကြသည့်ပုံပေါ်သည်။
“ကျွန်မတို့လမ်းခွဲပြီးသွားပြီဆိုတော့ ချန်းယန်နဲ့ကျွန်မကြား ဘာပတ်သတ်စရာမှမရှိတော့ဘူး။ ဒီတော့ ရှောင်မိသားစုကလည်း နောက်ဆို ချန်းမိသားစုနဲ့ဘာမှမဆိုင်တော့ဘူး။ ဒါကြောင့် ဦးလေးနဲ့ဒေါ်လေးတို့လည်း ကျွန်မ ချန်းယန်ကိုလက်ထပ်ရရေးနဲ့ပတ်သတ်ပြီး ကျွန်မမိသားစုကို မခြိမ်းခြောက်ပါနဲ့တော့။ ကျွန်မ သူ့ကိုလက်ထပ်မှာမဟုတ်ဘူး။ အခုချက်ချင်း ထွက်သွားပေးကြပါ!” နောက်ဆုံးစကားကတော့ နှင်ထုတ်နေခြင်းပင်။ ထိုလူများက အစကတည်းက မဖိတ်ခေါ်ထားသည့်ဧည့်သည်များဖြစ်တာကြောင့် ဒီလောက်ဆိုထွက်သွားသင့်ပေပြီ။
“ရှောင်လင်းယွီ!” ချန်းတဟွာက ရုပ်ဆိုးလှသည့်အမူအရာဖြင့် ဒေါသတကြီးအော်လိုက်သည်။ “ငါတို့ထွက်သွားရင် မင်းဘယ်တော့မှ ချန်းမိသားစုထဲဝင်နိုင်ဖို့ အခွင့်အရေးထပ်ရှိမှာမဟုတ်တော့ဘူး။” အတိတ်တုန်းကဆိုလျှင် ရှောင်လင်းယွီသည် သူတို့ကို တရိုတသေဦးညွှတ်နေတတ်သူဖြစ်တာကြောင့် အခုသူတို့ကိုနှင်ထုတ်နေသူက တစ်ယောက်တည်းဟု မယုံနိုင်ဖြစ်နေသည်။
ရှောင်လင်းယွီကလည်း လျစ်လျူရှုကာ ပြန်ပြောလိုက်သည်။ “ကျွန်မ ဂရုမစိုက်ဘူး။”
“မင်း… မင်းနောင်တရလိမ့်မယ်!” ချန်းတဟွာက ဒေါသတကြီးလက်ညှိုးငေါက်ငေါက်ထိုးကာအော်လိုက်သည်။
ရှောင်လင်းယွီ သူမ၏မျက်ဝန်းများကိုအသာမှေးကျဉ်းလိုက်ပြီး၊ “ကျွန်မနောင်တရတာ မရတာက ကျွန်မကိစ္စ။ ဦးလေးချန်း ကျွန်မကိစ္စကိုဝင်စွက်ဖက်ဖို့မလိုပါဘူး။ ဒါပေမယ့် ကျွန်မမှာ ချန်းယန်အကြောင်းသတင်းနည်းနည်းတော့ရှိတယ်။ ကောင်းတာရယ် ဆိုးတာရယ်၊ ရှင်တို့ဘယ်ဟာအရင်နားထောင်ချင်ကြလဲ?”
ချန်းမိသားစုကို ဤသို့ဆက်ဆံသည့်အတွက် ရှောင်လင်းယွီကို အပြစ်မတင်နိုင်ပေ။ သူတို့က ချန်းယန်ကို ရှောင်လင်းယွီအား လွှမ်းမိုးစေပြီး ရှောင်မိသားစုကို နင်းချေရန် နည်းမျိုးစုံကိုအသုံးပြုခဲ့ကြသည်။ ဒါ့အပြင် အနီးပတ်ဝန်းကျင်ရွာများတွင် ရှောင်လင်းယွီအကြောင်း မကောင်းသည့်ကောလဟာလများလွှင့်ကာ ရှောင်မိသားစုသိက္ခာကိုလည်း ကျဆင်းအောင်လုပ်ခဲ့သေးသည်။
အရင်ကသာဆိုလျှင်တော့ ချန်းယန်မျက်နှာကိုထောက်ကာ ရှောင်လင်းယွီသည် ထိုအရာများကို မမြင်သလိုနေနိုင်သည်။
သို့သော်လည်း အခုချိန်မှာတော့ မတူတော့ပေ။ ချန်းမိသားစုကို သူမခေါင်းပေါ်တက်ထိုင်ခွင့်ပေးထားခြင်းကလည်း သူမအမှားသာဖြစ်တာကြောင့် သူမအနေနှင့် ယခုအချိန်ကိုအခွင့်အရေးယူကာ ကိစ္စများကို မှန်ကန်သည့်လမ်းကြောင်းပေါ်ရောက်အောင် ပြန်လည်ပြင်ဆင်ရပေမည်။
ချန်းတဟွာလန့်သွားကာ သတိထားပြီးမေးလိုက်သည်။ “ဘာကသတင်းကောင်းလဲ? ဘာကသတင်းဆိုးလဲ?”
ချန်းတဟွာက သတင်းကောင်းကိုအရင်ကြားချင်နေပုံရမည်ဟု ရှောင်လင်းယွီခန့်မှန်းလိုက်မိသည်။ “သတင်းကောင်းကတော့၊ ဦးလေးရဲ့သားက တကယ်ကိုထူးချွန်းလွန်းပါတယ်။ သူ့ကုမ္ပဏီဥက္ကဌရဲ့သမီးကတောင် သူ့ကိုကြွေသွားပြီး လက်ထပ်လိုက်ကြပြီလေ! ဒါကြောင့် ကျွန်မကိစ္စကိုဆက်ပြီးစိုးရိမ်နေဖို့မလိုတော့ပါဘူး။ ကျွန်မ ရှင်တို့သားကို ပြန်လိုက်လုနေမှာမဟုတ်ဘူး။”
“တကယ်လား?!” သူတို့သားက ဥက္ကဌသမီးနှင့်လက်ထပ်လိုက်ကြောင်းကြားလိုက်ရသည်နှင့် ချန်းတဟွာတို့ဇနီးမောင်နှံမှာ အလွန်ဝမ်းသာသွားကာ ထပင်ခုန်မိတော့မတတ်ဖြစ်သွားသည်။ ပါးစပ်ပင်မစေ့နိုင်လောက်အောင် ပြုံးလွန်းလို့ မျက်နှာအရေပြားတို့တွန့်ရှုံ့နေသည်မှာ ဂန္ဓမာပန်းတစ်ပွင့်နှင့်ပင်တူနေတော့သည်။ ဒါသတင်းကောင်းပဲ။ သူတို့ပြောနေသလိုပဲ သူတို့သားက တကယ့်ကိုအကောင်းဆုံးယောက်ျားပဲ။ ဥက္ကဌရဲ့သမီးကတောင်မှ သူ့သားကိုစုံမက်ပြီး လက်ထပ်သွားတယ်။ ချန်းယန်က အခုဆို လူချမ်းသာတစ်ယောက်ရဲ့သားမက်ဖြစ်နေပြီဆိုတော့ သူတို့လည်း Zမြို့မှာအေးအေးဆေးဆေးအနားယူရင်း သူ့သားနှင့်အတူ သက်သောင့်သက်သာရှိသည့်ဘဝမျိုးဖြတ်သန်းနိုင်ပေပြီ။
ချန်းမိသားစုမှ ဦးလေးများသည်လည်း အလွန်ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေကြသည်။ ချန်းယန်က အခုဆို ကုမ္ပဏီတစ်ခုမှဥက္ကဌ၏သားမက်ဖြစ်နေပြီဖြစ်တာကြောင့် သူအလွန်ချမ်းသာနေလောက်ပေပြီ။ ချန်းယန်၏လက်ချောင်းကြားမှလျှံထွက်လာမည့်ငွေကြေးကပင် သူတို့ကိုကောင်းမွန်သည့်ဘဝတွင်နေထိုင်နိုင်အောင် လုပ်ပေးနိုင်ပေမည်။
ထုံးစံအတိုင်း အခုချိန်မှာ သူတို့လုပ်ရမည်က ချန်းတဟွာတို့ဇနီးမောင်နှံကို မြှောက်ပင့်ဖို့သာဖြစ်သည်။
“ဂုဏ်ပြုပါတယ်၊ အကြီးဆုံးအစ်ကို။ ယန်အာကတော့ တကယ်အံ့ဩဖို့ကောင်းတာပဲ!”
“ဂုဏ်ပြုပါတယ်၊ မရီး။ ယန်အာက အခုဆို လူချမ်းသာကြီးရဲ့သားမက်ဖြစ်သွားပြီဆိုတော့ အနာဂါတ်မှာ ကျွန်တော်တို့ကို ကြည့်ရှုပ်ပေးဖို့ သူ့ကိုပဲအားကိုးရတော့မယ်။”
“အစ်ကိုကြီး၊ ယန်အာရဲ့ဝမ်းကွဲတွေလည်း သူ့ဆီကနေ သင်ယူသင့်တာပေါ့!”
“ဟုတ်တာပေါ့၊ ယန်အာပြန်လာရင် အငယ်တွေကို သူ့ကုမ္ပဏီမှာအလုပ်ပေးဖို့ စီစဉ်ခိုင်းလိုက်မယ်။”
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ကျေးဇူးတင်ပါတယ် မရီး။”
ချန်းတဟွာတို့ဇနီးမောင်နှံမှာ မောင်နှမများထံမှ မြှောက်ပင့်ခံနေရတာကြောင့် လေပေါ်ပျံတက်နေတော့သည်။ သူတို့က တကယ်ကိုသားကောင်းတစ်ယောက်မွေးခဲ့တာပဲ။ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရရုံတင်မကဘူး သူ့သူဌေးရဲ့သမီးကိုပါ လက်ထပ်နိုင်ခဲ့သေးတယ်။
ထို့နောက် သူတို့က မေမေရှောင်နှင့်ရှောင်လင်းယွီကိုပြန်လည့်ကြည့်လိုက်ကြသည်။ သူတို့အကြည့်များထဲတွင် လှောင်ပြောင်လိုရိပ်များရှိနေသည်က အထင်းသားပင်။
လန်အာယင်းက ရှောင်လင်းယွီကို ကြည့်ပြီး မျက်လုံးလှန်လိုက်ကာ အထင်သေးစွာဖြင့်ပြောလိုက်သည်။ “အမလေး၊ ဒီတစ်ယောက် အိမ်ကိုပြန်ပြေးလာတာမဆန်းတော့ပါဘူး။ သူ့မှာ ရုပ်ရည်သွင်ပြင်ရော ငွေပါမရှိဘူးလေ။ ငါတို့သားလေး သူ့ကိုမလိုချင်တော့တာ မဆန်းပါဘူး။” သူမက ရှောင်လင်းယွီကိုစောင်းပြောနေခြင်းပင်။
ချန်တဟွာကလည်း အလွန်ဝမ်းသာပီတိဂွမ်းဆီထိနေလေသည်။ ရှောင်လင်းယွီနှင့် မေမေရှောင်တို့၏လက်ထဲတွင် အရှက်တကွဲဖြစ်ခဲ့ရသည့် ခံစားချက်ကပျောက်ကွယ်သွားတော့သည်။ “အမှန်ပဲ။ ဒီကောင်မလေးက ငါတို့သားလေးယန်အာ တခြားတစ်ယောက်နဲ့လက်ထပ်လိုက်လို့ မနာလိုဖြစ်ပြီးရူးသွားတာပဲ။ ဒါကြောင့် ငါတို့ကိုတောင် မလေးမစားလုပ်နေတာ။ ယန်အာပြန်လာတာနဲ့ ဒီကောင်မလေးဘယ်လိုတောင် မလေးမစားလုပ်ခဲ့လဲဆိုတာ ပြန်ပြောပြရမယ်!”
“ဟုတ်တယ်၊ ဟုတ်တယ်။” တခြားလူများကလည်း နောက်ကနေ ထောက်ခံကြသည်။
ရှောင်လင်းယွီကတော့ သူမမျက်လုံးကိုသာအသာလှိမ့်လိုက်မိသည်။ “ကဲရှင်တို့ သတင်းကောင်းလဲ ကြားပြီးပြီဆိုတော့ သတင်းဆိုးကိုနားထောင်ဖို့ အဆင်သင့်ဖြစ်ကြပြီလား?”
***