← Chapters

သတင်းဆိုး

Vol. 3 Ch. 42

သတင်းဆိုး

Vol. 3 Ch. 42

ချန်းမိသားစုမှာ သတင်းကောင်းကြားပြီး ဝမ်းသာလုံးစို့နေကြသည့်အတွက် သတင်းဆိုးအကြောင်းကိုမေ့သွားကြလေသည်။

သို့သော်လည်း ထိုသတင်းဆိုးဆိုသည်မှာ ဘယ်လောက်များဆိုးနိုင်မှာလဲဆိုပြီး ပေါ့ပေါ့သာတွေးနေကြလေသည်။ ရှောင်လင်းယွီက သူမကို ချန်းယန်လက်မထပ်တာကြောင့် သူတို့ကိုကြောက်အောင်ခြောက်ချင်နေတာလား?

လန်အာယင်းသည် ရှောင်လင်းယွီကို အမြဲတမ်းစိတ်တိုင်းမကျခဲ့တာကြောင့် အခုချိန်မှာ ဟိတ်ဟန်ကြီးကာ အထင်သေးသည့်လေသံဖြင့်ပြန်ပြောလိုက်သည်။ “ရှောင်လင်းယွီ၊ ငါ့သားက နင့်ကိုလက်မထပ်တာနဲ့ပဲ အလိမ်အညာသတင်းတွေဖြန့်ပြီး လက်စားချေဖို့စိတ်ကူးမနေနဲ့။”

မေမေရှောင်က ရှောင်လင်းယွီရှေ့ကနေ အမြန်ဝင်ကာလိုက်ကာ၊ “လန်အာယင်း၊ ငါတို့ကိုရူးနေတယ်များထင်နေလား? နင်တို့မိသားစုနဲ့ပတ်သတ်ပြီး မကောင်းတာလေးတစ်ခုခုပြောလိုက်တာနဲ့ ငါတို့က ရူးနေတာ မနာလိုနေတာဖြစ်သွားရောလား? နင့်ကိုယ်နင်ဘာထင်နေလဲ?” မေမေရှောင်က အရှိန်အဝါပြင်းပြင်းဖြင့် စကားမဆက်ခင် ခဏရပ်လိုက်သည်။ “အရင်တုန်းက နင်တို့ရဲ့ယုတ္တိမတန်တဲ့အပြုအမူတွေကို ခွင့်ပြုပေးထားတယ်ဆိုတာ ချန်းယန်နဲ့ယွီအာကိုပါ ပြဿနာထဲဆွဲမထည့်ချင်လို့ပဲ။ ဒါပေမယ့် အခုချန်းယန်ကလည်း နောက်ဇနီးတစ်ယောက်ရှာသွားပြီဆိုတော့ ငါတို့လည်း ဒီထက်ပြီးဆက်သည်းခံနေဖို့မလိုတော့ဘူး။ ယွီအာ၊ သူတို့ကို သတင်းဆိုးပြောပြလိုက်!” မေမေရှောင်မှာ အစကတည်းက ထိုလူများနှင့်ပတ်သတ်၍ စိတ်ကုန်နေပြီးသားဖြစ်သည်။

မေမေရှောင်သည် အရင်တုန်းကဆိုလျှင် သူ့သမီးက ချန်းမိသားစုထဲ လက်ထပ်ဝင်ရမည်ဖြစ်တာကြောင့် ကိစ္စတော်တော်များများကို သည်းခံပေးခဲ့သည်။ ယွီအာကိုဝန်မလေးစေချင်တာကြောင့် ရှောင်မိသားစုသည် ဝမ်းနည်းဒေါသအားလုံးကို မြိုသိပ်နေခဲ့ကြသည်။ သို့သော်လည်း အခုကတော့ မတူတော့ပေ။ သူတို့အတူဆက်ရှိစရာအကြောင်းမရှိဘူးဆိုမှတော့ ဘာလို့များ ဒီလူတွေကို ဆက်ပြီးဂရုစိုက်နေရဦးမှာလဲ?

ရှောင်လင်းယွီက နာနာခံခံပင် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့။ သတင်းဆိုးကတော့ ဥက္ကဌရဲ့သမီးကိုချန်းယန်လက်ထပ်ပြီးတာနဲ့ ကုမ္ပဏီကမရှိတော့ဘူး။ ပြီးတော့ ချန်းယန်ကလည်း သူ့ဇနီးအသစ်စက်စက်လေးဆီကနေ ဓားနဲ့အထိုးခံလိုက်ရတယ်။ အခုချိန် သူအသက်ရှိနေသေးလား မရှိတော့ဘူးလားဆိုတာကတော့… ဘယ်သူသိမှာလဲ?” ရှောင်လင်းယွီ ထိုယောက်ျားနှင့်ပတ်သတ်ပြီး ဘာကိုမှဂရုမစိုက်နိုင်တော့ပေ။

“ဘာ?” ချန်းတဟွာနှင့်လန်အာယင်းတို့ ထိတ်လန့်သွားလေသည်။ “နင်..နင်လိမ်နေတာပဲ! ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

အခုလေးတင် သူတို့သားကချမ်းသာသွားပြီဟု သိလိုက်ရုံရှိသေး နောက်တစ်စက္ကန့်မှာပဲ သူတို့သားရဲ့ယောက္ခမက သူ့ကုမ္ပဏီကို ဆုံးရှုံးလိုက်ရကာ သူ့သားကလည်း ဓားထိုးခံလိုက်ရသည်ဟုပင်။ ဒါ..ဒါ..ဘယ်လိုမှမဖြစ်နိုင်ဘူး။

သူတို့အမှန်တရားကို လက်မခံနိုင်မှန်း ရှောင်လင်းယွီသိနေတာကြောင့် ထပ်ပေါင်းပြောလိုက်သည်။ “ဘာလို့ ရှင်တို့ကိုလိမ်ရမှာလဲ? ဟုတ်သား၊ ရှင်တို့ Zမြို့ကိုသွားမယ်လို့မပြောခဲ့ကြဘူးလား? ချန်းယန်က နောက်လဝက်မှာကျင်းပမယ့် သူ့စေ့စပ်ပွဲကိုတက်ဖို့ ရှင်တို့ကိုလာခိုင်းတာဖြစ်မယ်။ ဒါပေမယ့် ကြားထဲကိစ္စတစ်ခုခုရှိသွားလို့ စေ့စပ်ပွဲအစား စောစောစီးစီးလက်ထပ်ဖြစ်သွားတယ်လေ။”

ရှောင်လင်းယွီ၏စကားများကိုကြားသည်နှင့် လန်အာယင်း၏မျက်လုံးများထဲ အပြစ်ရှိစိတ်အနည်းငယ်မျှဖြတ်ပြေးသွားပေသည်။ စာရောက်လာသည်က အမှန်ပင်။ ချန်းယန်က သူတို့ကို Zမြို့သို့လာရန်ခေါ်ထားခြင်းဖြစ်သည်။ သူစေ့စပ်မယ့်အကြောင်းကို ချန်းယန်ကထည့်မပြောခဲ့သလို သူတို့လည်း ထိုကိစ္စနှင့်ပတ်သတ်၍ ဘာသတင်းမှမကြားထားပေ။ သို့သော်လည်း အခုချိန်အရေးကြီးဆုံးအရာက ထိုကိစ္စမဟုတ်ပေ။ ရှောင်လင်းယွီပြောသလိုသာဆို ချန်းယန်ကို သူ့ဇနီးကဓားနဲ့ထိုးလိုက်တယ်မဟုတ်လား။

ချန်းတဟွာနှင့်လန်အာယင်းတို့ အလွန်ထိတ်လန့်တုန်လှုပ်နေကြကာ မယုံကြည်နိုင်ဖြစ်နေသည်။ ထို့နောက် ချန်းတဟွာက ရှောင်လင်းယွီကိုလက်ညှိုးထိုးပြီး၊ “မင်းဘာပြောလိုက်တယ်? ယန်အာက ဒဏ်ရာရသွားတယ်ဟုတ်လား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ရုတ်တရက် လန်အာယင်းကလည်း ရှောင်လင်းယွီကို မျက်လုံးပြူးကြီးဖြင့်ကြည့်ကာ၊ “နင်ပဲမဟုတ်လား? နင်ပဲ ငါတို့ယန်အာကို ဓားနဲ့ထိုးလိုက်တာဖြစ်ရမယ်။ သူတခြားမိန်းမတစ်ယောက်နဲ့လက်ထပ်သွားတာကို လက်မခံနိုင်လို့ နင်လက်စားပြန်ချေတာပဲဖြစ်မယ်။ နင် ယန်အာ့ကိုဓားနဲ့ထိုးပြီးတော့ ဒီမှာပြန်လာပုန်းနေတာပဲ။ မရဘူး၊ နင့်ကိုအလွတ်မပေးဘူး။ ငါရဲကိုအကြောင်းကြားပြီး နင့်ကိုလာဖမ်းခိုင်းမယ်။ ဒီလိုမှမှန်မှာ။” သူမတွေးကြည့်လေ သူမပြောတာကို သူမပိုယုံကြည်လာမိလေသည်။ ချန်းမိသားစုဝင်များကလည်း လက်ခံကြသည်။

“ဟုတ်တယ်၊ ဒုတိယအစ်မ အဲ့လိုကမှပိုဖြစ်နိုင်တယ်။” လန်အာယင်း မောင်ငယ် လန်ကျိုက်ကောက ထောက်ခံလာသည်။ “ဒုတိယအစ်မ၊ နင်ရဲတွေကိုခေါ်ဖို့ ရဲစခန်းကိုသွားလိုက်။ ငါနဲ့ယောက်ဖက ဒီလူသတ်သမားထွက်မပြေးအောင် နောက်မှာတားထားမယ်။”

“ဟုတ်တယ်၊ ရဲသွားခေါ်လိုက်!” ချန်းတဟွာနှင့်ကျန်ချန်းမိသားစုဝင်များကပါ ဝင်ပြောလာသည်။

လန်အာယင်းလည်း ခေါင်းညိတ်လိုက်ကာ၊ “ဟုတ်ပြီ၊ ငါရဲတွေသွားခေါ်လိုက်မယ်။ နင်တို့ သူထွက်မပြေးအောင် သေချာစောင့်ကြည့်ထား။”

ထို့နောက်တွင်တော့ ထောင်ယွမ်ရွာမှတခြားရွာသားများက စုရုံးရောက်ရှိလာခဲ့သည်။

လန်အာယင်းကလည်း ထိုမြင်ကွင်းကိုတွေ့သည်နှင့် အသံကျယ်ကျယ်ဖြင့်အော်လိုက်သည်။ “ရှောင်လင်းယွီ၊ လူသတ်သမား။ နင့်ကို ငါ့သားကလက်မထပ်ချင်တာနဲ့ နင်က သူ့ကိုဓားနဲ့ထိုးခဲ့တယ်ပေါ့။ နင်စောင့်နေစမ်း။ ငါအခုချက်ချင်းရဲတွေခေါ်ပြီး နင့်ကိုလာဖမ်းခိုင်းမယ်။”

လန်အာယင်း၏စကားကိုကြားပြီး ရွာသားများမှာ အံ့ဩကုန်ကြသည်။

“ဘာ? ရှောင်ယွီက တစ်ယောက်ယောက်ကိုဓားနဲ့ထိုးခဲ့တာလား?”

“ချန်းယန်က ရှောင်ယွီကိုလက်မထပ်တော့ဘူးလား?”

“ဘာတွေဖြစ်ကုန်တာလဲ?”

“တကယ်ကြီး ရှောင်ယွီက လူသတ်သမားလား?”

“နင်ရူးသွားပြီလား? ရှောင်ယွီက နာခံမှုရှိတဲ့ထက်ထက်မြက်မြက်နဲ့ကလေးလေ။ တခါက ချိုးယင်း သူ့ကိုကြက်သတ်ခိုင်းတာတောင်မှ ရှောင်ယွီက လုပ်ရဲတာမဟုတ်ဘူး။ ဘယ်လိုလုပ် လူတစ်ယောက်ကို ဓားနဲ့ထိုးနိုင်ပါ့မလဲ?”

“ဟုတ်တယ်။ ရှောင်ယွီကြီးပြင်းလာတာကို ငါတို့မြင်ခဲ့ကြတာပဲ။ သူက ဒီလိုမျိုးလုပ်မှာမဟုတ်ဘူး။ ပြီးတော့ နင်တို့တကယ်ပဲ ချန်းမိသားစုပြောသမျှယုံနေတာလား?”

“ဟုတ်သားပဲ။ ချန်းမိသားစုက ရှောင်ယွီက သူတို့သားကို သဘောကျတယ်ဆိုတာနဲ့ အမြဲတမ်း ရှောင်ယွီမကောင်းကြောင်းတွေ လှည့်ပြောနေတာ။ သူတို့က ရှောင်ယွီအပေါ်မှာတောင် အခွင့်ကောင်းတွေယူကြသေးတယ်။ ပြီးတော့ အခုလဲ သူတို့သားကို ရှောင်ယွီက ဓားနဲ့ထိုးတယ်ဆိုပြီး သူတို့ဘာသာပြောနေတာမဟုတ်လား? ရယ်စရာကောင်းလိုက်တာ!”

သို့သော်လည်း ချန်းမိသားစုဘက်ကရပ်တည်သည့် ရွာသားတချို့လည်းရှိပေသည်။

“မင်းလည်း သေချာမသိဘဲနဲ့များ။ အမေချန်းပြောတာမကြားဘူးလား? ရှောင်ယွီက ချန်းယန် သူ့ကိုလက်မထပ်လို့ ဓားနဲ့ထိုးခဲ့တာတဲ့။ မိန်းမတစ်ယောက်ရဲ့အငြှိုးလောက်ဆိုးဝါးတဲ့ငရဲမျိုးမရှိဘူး။”

“ရှောင်ယွီက ထက်မြက်တဲ့ကလေးဆိုပေမယ့် အခုက သူတို့ချစ်သူရည်းစားဆက်ဆံရေးအကြောင်းပြောနေတာလေ။ သူက အရင်ကတည်းက အချစ်ရူးပဲ။ မဟုတ်ရင် အသက်လေး ၁၅နှစ်ကတည်းက ဘယ်လိုလုပ်ပြီး ချန်းယန်ကို သွေးဆောင်နိုင်မှာလဲ? သူဘယ်လောက်အရှက်မရှိလဲ တစ်ရွာလုံးသိတယ်!”

ပုံမှန်သာဆိုလျှင် သူတို့ထိုသို့မပြောရဲသော်လည်း အခုချိန်မှာတော့ ချန်းမိသားစုနောက်ခံရှိနေတာကြောင့် ပေါ်ပေါ်ထင်ထင်ပြောနေခြင်းဖြစ်သည်။

မေမေရှောင်က ချက်ချင်းပင် လန်အာယင်းကိုတားလိုက်သည်။ သူမမျက်နှာက အလွန်မည်းမှောင်နေခဲ့သည်။ “လန်အာယင်း၊ နင်သက်သေမရှိဘဲ အဓိပ္ပါယ်မရှိတဲ့စကားတွေ လျှောက်မဖွနဲ့။ နင့်သားက သူ့ဇနီးအသစ်စက်စက်လေးဆီက ဓားနဲ့ထိုးခံလိုက်ရတာ။ ဘာကိစ္စ ငါတို့ယွီအာကိုဆွဲထည့်နေတာလဲ?”

“ဟမ့်၊ နင့်သားဓားထိုးခံရတယ်ကြားတုန်းက သူ့ဒဏ်ရာအခြေအနေကို နည်းနည်းလေးတောင်ဂရုမစိုက်ဘဲ ငါတို့ယွီအာနာမည်ပျက်အောင် စွပ်စွဲဖို့ပဲ စိတ်ရောက်နေတယ်။ နင်တို့က တော်တော်ကောင်းတဲ့မိဘတွေပဲ။”

ရွာသားများကြား အတင်းအဖျင်းစကားသံတွေထွက်လာပြန်သည်။

“ချန်းအိမ်ရဲ့သားက လက်ထပ်သွားပြီလား?”

“ဒီတော့ သူ့ဇနီးအသစ်က သူ့ကိုဓားနဲ့ထိုးတာပေါ့?”

“မယုံနိုင်စရာပဲ။”

“ဟုတ်ပါ့။”

လန်အာယင်းမှာ ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံးဖြူစုတ်လာသည်အထိပင်။

ထိုအချိန်မှာပဲ ရုတ်တရက် လူငယ်တစ်ယောက်က အော်ကာဟစ်ကာဖြင့် ပြေးဝင်လာသည်။ “ဦးလေးချန်း၊ ဒေါ်လေးချန်း၊ ရွာသူကြီးက ဦးလေးတို့ကိုတွေ့ချင်လို့တဲ့။ သူအခုပဲ Zမြို့ဆေးရုံကနေ ဖုန်းရတယ်။ အစ်ကိုချန်းယန် ဓားထိုးခံလိုက်ရတယ်တဲ့!”

***

All Chapters