အမေချန်း
Vol. 3 Ch. 43
“ရှောင်မင်၊ နင်ဘာပြောတာလဲ? ငါ့ယန်အာက တကယ်ဓားထိုးခံလိုက်ရတာလား?” လန်အာယင်းမှာ ရှောင်မင်ကိုကိုင်လှုပ်ကာမေးလိုက်သည်။ “ဒါ ဘယ်လိုဖြစ်ရတာလဲ?”
မေမေရှောင်လည်း ထိုတော့မှ အစောက ချန်းမိသားစု ဘာကြောင့် ထိုကဲ့သို့တုံ့ပြန်သည်ကို နားလည်သွားတော့သည်။ ချန်းတဟွာနှင့် လန်အာယင်းတို့က ရှောင်လင်းယွီ သူတို့ကိုလိမ်နေသည်ဟု ထင်နေကြခြင်းပင်။
“လန်အာယင်း၊ ဒီတော့ ငါ့ရှောင်ယွီက နင့်ကိုလိမ့်နေတယ်လို့ထင်နေတာပေါ့? ဒါပေမယ့် နင်က ဒါကိုဟာသလိုတွေးနေတာတောင်မှ ငါ့သမီးကို ရဲခေါ်ပြီးဖမ်းခိုင်းချင်နေသေးတယ်လား?”
ချန်းရှောင်မင်သည် အသက်၂၀ ဝန်းကျင်လူငယ်တစ်ယောက်ဖြစ်သည်။ “ကျွန်တော့်ကိုလည်း ရွာသူကြီးကပြောလိုက်တာပဲ ဒေါ်လေးချန်း။ ချန်းကောရဲ့ဒဏ်ရာက တော်တော်ဆိုးတယ်ပြောတယ်။ အခု Zမြို့ဆေးရုံကိုအမြန်သွားဖို့ပြောနေတယ်။ ချန်းကောရဲ့ဆေးရုံစရိတ်ကော ခွဲစိတ်ခတွေကောမပေးရသေးတော့ ဆေးရုံဘက်က မြန်မြန်လေးငွေရှင်းစေချင်တယ်လို့ပြောနေတယ်။ မဟုတ်ရင် ဆေးရုံဘက်က ရွေးချယ်စရာမရှိဘဲ ချန်းကောရဲ့ဆေးပစ္စည်းတွေကို ဖြတ်တောက်ပစ်ရမယ်တဲ့။”
ရွာသူကြီးသည်လည်း ဆေးရုံဘက်က ဖုန်းကိုလက်ခံရရှိချိန်တွင် လူလိမ်များဟုသာထင်နေခဲ့သည်။ ၎င်းက တကယ်ပဲဆေးရုံကဆက်တာသေချာအောင် အကြိမ်ပေါင်းများစွာအတည်ပြုခဲ့ရသည်။ ချန်းတဟွာတို့ဇနီးမောင်နှံက သူတို့တစ်မိသားစုလုံးကိုခေါ်ကာ ထောင်ယွမ်ရွာသွားထွက်သွားကြောင်း သိသည်နှင့် ချန်းတဟွာလည်း ချက်ချင်းသတင်းပါးဖို့ လူလွှတ်ခဲ့သည်။ သတင်းပါးသည့်သူကတော့ ချန်းရှောင်မင်ပင်။
လန်အာယင်းမှာ အလွန်တုန်လှုပ်သွားသည်။ သူမနဖူးကို အုပ်ကိုင်ထားရင်း မျက်နှာမှာ အလွန်ဖြူဖျော့နေခဲ့သည်။ သူမအလွန်ထိတ်လန့်ကာ စိတ်မသက်မသာဖြစ်နေသည်။ ဒါကမှ သူမသားဒဏ်ရာရကြောင်းကြားချိန် ဖြစ်ပေါ်လာမည့် အမေတစ်ယောက်၏တုံ့ပြန်ပုံဖြစ်ပေသည်။
“အစ်ကိုကြီး!”
“ဒုတိယအစ်မ!”
ချန်းတဟွာနှင့်လင်အာယင်း၏မောင်နှမများက ချက်ချင်းပင် သူတို့ကိုဝိုင်းကူတွဲပေးကြသည်။
လန်အာယင်းကတော့ အားလုံးဆီကရုန်းထွက်ကာ ရှောင်လင်းယွီဆီသို့ပြေးသွားပြီး ဒေါသတကြီးအော်ဟစ်တော့သည်။ “ရှောင်လင်းယွီ၊ ခွေးမ၊ နင်ငါ့သားကိုဘာလုပ်လိုက်တာလဲ? နင့်ကိုပြောလိုက်မယ်၊ ငါ့သားသာတစ်ခုခုဖြစ်လို့ကတော့ နင့်တစ်ဘဝလုံးအေးချမ်းနိုင်မယ်မထင်နဲ့!”
မေမေရှောင်က ချက်ချင်းပင် ရှောင်လင်းယွီတွင် သူမနောက်တွင်ကာပေးကာ ပြန်လည်တိုက်ခိုက်တော့သည်။ “လန်အာယင်း၊ နင်ရူးနေပြီပဲ။ နင့်သားဒဏ်ရာရတာ ငါ့ယွီအာနဲ့ဘာဆိုင်လို့လဲ? နင်ဒီမှာအချိန်ဖြုန်းနေမယ့်အစား ဘာလို့Zမြို့ကိုသွားပြီး နင့်သားကိုသွားမတွေ့ရတာလဲ?”
“ဘယ်လိုလုပ်မဆိုင်ရမှာလဲ? ငါ့ယန်အာနဲ့ဒီခွေးမက Zမြို့ကိုအတူသွားပြီး အလုပ်လုပ်ကြတာလေ။ အခု ငါ့ယန်အာက ဆေးရုံပေါ်မှာလှဲနေရပြီး သူကတော့ အိမ်မှာပြန်လာပုန်းနေတာမဟုတ်ဘူးလား? သူ့မှာသာအပြစ်မရှိရင် ဘယ်သူ့အပြစ်ဖြစ်တော့မှာလဲ?” ထို့နောက် လန်အာရင်းက မေမေရှောင်ကိုတွန်းဖယ်ကာ ရှောင်လင်းယွီကိုဆွဲထုတ်ဖို့လုပ်တော့သည်။ “ခွေးမစုတ်လေး၊ နင်လည်း ငါတို့နဲ့Zမြို့ကိုလိုက်ခဲ့။ ယန်အာပြန်ကောင်းတဲ့အထိ နင်သူ့ကိုပြုစုပေးရမယ်။ ပြီးရင် နင်တို့ရှောင်မိသားစု၊ ငါ့သားရဲ့ ဆေးဖိုးဝါးခတွေလည်းရှင်းပေးရမယ်။ ငါ့ကိုယွမ်၁သိန်းပေးရင်ပေး မဟုတ်လို့ကတော့ မဟုတ်လို့ကတော့ ဒီခွေးမစုတ်လေးကို အလွတ်မပေးဘူး!”
မေမေရှောင်က လန်အာယင်း၏မျက်နှာကိုဖြတ်ရိုက်လိုက်လေသည်။ “လန်အာယင်း၊ နင့်သားကဒဏ်ရာရထားတယ်ဆိုလို့ နင်နဲ့ပြဿနာမတက်ချင်ဘူး၊ လွန်မလာခဲ့နဲ့။ ငါ့ယွီအာကို ခွေးမလို့ခေါ်နေတာ ရပ်တန်းကရပ်။ ငါချန်ချိုးယင်းက နင်လွယ်လွယ်အနိုင်ကျင့်လို့ရမယ့်သူများထင်နေလား? ဒီနေရာက ဥပဒေက နင့်စိတ်ကြိုက်သတ်မှတ်လို့ရတယ်များထင်နေလား? ထောင်ယွမ်ရွာသားတွေက အနိုင်ကျင့်ရလွယ်တယ်လို့ထင်နေတာလား?”
လန်အာယင်းမှာ ရူးသွပ်သွားသလိုမျိုး မြေကြီးပေါ်သို့လှဲချကာ အော်ဟစ်ငိုယိုပြတော့သည်။ “ငါ့ကိုဝိုင်းပြီးအနိုင်ကျင့်နေတာပဲ! ထောင်ယွမ်ရွာသွားတွေက လူကိုဝိုင်းအနိုင်ကျင့်နေပါတယ်! သမီးက ငါ့သားကိုဓားနဲ့ထိုးပြီး အမေကကျ ငါ့ကိုပါးရိုက်တယ်။ လူတွေများကြောက်စရာကောင်းလိုက်တယ်။
အရှင်ဘုရား ကျွန်မအသက် မရှင်ချင်တော့ဘူး။ ဆက်ပြီးအသက်မရှင်ချင်တော့ပါဘူး။ ဒီခွေးမလေးအိမ်ရှေ့မှာပဲ ကျွန်မကိုသေခွင့်ပြုပါ။ ဒါမှ သူတို့ကိုပြန်လာခြောက်လို့ရမှာ။”
“အမလေး၊ ငါ့သားလေး… ဘာလို့ဒီလောက်တောင်ကံဆိုးရတာလဲ? အရင်က နင်ဒီခွေးမအပေါ်အရမ်းဂရုစိုက်ခဲ့တာလေ၊ အခုတော့ကြည့်ပါဦး သူက နင့်ကိုဘယ်လိုတောင် ကျေးဇူးပြန်ဆပ်လိုက်လဲဆိုတာ။”
“ဒီခွေးမက နင့်ကိုဓားနဲ့ထိုးထားတာတောင် နင့်ကိုပြန်ပြုစုပေးဖို့ စိတ်ကူးရှိမနေဘူး။ Zမြို့ကနေ သူ့ကိုပြန်ပြေးလာပြီး ပုန်းနေလိုက်သေးတယ်…”
ရှောင်လင်းယဲ့သည် သူ့အဖေ ရှောင်ကျန်းယန်ကိုရှာပြီး အခုမှလယ်ထဲကပြန်ရောက်လာခြင်းဖြစ်သည်။ သူပြန်ရောက်သည်နှင့် လန်အာယင်းက မြေပေါ်တွင်လှဲချကာ သူ့အစ်မကို ဆိုးဆိုးရွားရွားပြောပြီးအော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။
လူငယ်လေး၏ဒေါသမှာ ရုတ်ချည်းမြင့်တက်လာကာ ရှေ့သို့ပြေးတက်ပြီး လန်အာယင်းကိုရိုက်မိတော့မတတ်ပင်။ သူ့အစ်မက အစ်ကိုချန်းယန်ကို သဘောကျနေတာကြောင့် ချန်းမိသားစုက သူတို့မိသားစုအပေါ်အခွင့်ကောင်းယူနေသည်အား လွှတ်ပေးထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ချန်းမိသားစုက သူ့အစ်မနာမည်ကိုခေါ်ပြီး ဒီလိုပေါ်တင်စွပ်စွဲနေသည်ကတော့ အရမ်းလွန်သွားပေပြီ။
သို့သော်လည်း ရှောင်ကျန်းယန်က သူ့သားကို မနည်းပြန်ဆွဲထားလေသည်။ “အလျင်မလိုနဲ့။ မင်းတကယ်သွားပြီး ရိုက်လိုက်ရင် သူ့ထောင်ချောက်ထဲကျသွားလိမ့်မယ်။ မင်းအစ်မ ချန်းမိသားစုထဲလက်ထပ်ဝင်ရတဲ့အခါ သူတို့က ပိုပြီးဆိုးဆိုးဝါးဝါးဆက်ဆံလာလိမ့်မယ်။” သူတို့အခုမှ ပြန်ရောက်စရှိသေးတာကြောင့် ရှောင်လင်းယွီနှင့်ချန်းယန်တို့ အမှန်တကယ်လမ်းခွဲလိုက်ကြပြီဆိုသည်အား မသိရသေးပေ။
ရှောင်ကျန်းယန်လည်း လူအုပ်ကြီးကိုဖြတ်ကာ လျှောက်လာပြီးနောက် မြေပေါ်တွင်ပစ်လှဲနေသည့် လန်အာရင်းကိုမြင်လိုက်ရသည်။ သူက မျက်မှောင်ကြုတ်လိုက်ကာ နားမလည်နိုင်ဟန်ဖြင့်မေးလိုက်သည်။ “အစ်မလန်၊ ဘာဖြစ်နေတာလဲ? ဘာလို့မြေပေါ်လှဲနေရတာလဲ?” ထို့နောက် သူက ချန်းတဟွာကိုလည်းကြည့်လိုက်ကာ၊ “အစ်ကိုချန်း၊ ဘာတွေဖြစ်နေတာလဲ? ဘာလို့ ကျွန်တော့်အိမ်ကိုရောက်နေကြတာလဲ?”
“ရှောင်ကျန်းယန်၊ ဒီဘက်ကိုလာခဲ့!” မေမေရှောင်က လှမ်းအော်လိုက်သည်။ “သူတို့ကိုဂရုစိုက်နေဖို့ ရှင့်ကိုဘယ်သူပြောလဲ? သူတို့က သူတို့သားကို ယွီအာက ဓားနဲ့ထိုးပါတယ်လို့စွပ်စွဲပြီး ကျွန်မတို့ဆီကနေ ယွမ်၁သိန်းတောင် ငွေညှစ်နေတာ!”
“ဘာ?” ရှောင်ကျန်းယန်ထိတ်လန့်သွားကာ ဘေးပတ်ဝန်းကျင်ကိုပါလှည့်ကြည့်ရင်း ပိုတောင်စိတ်ရှုပ်သွားရလေသည်။ “ဘာတွေဖြစ်နေတာလဲ?” သူက ရှောင်လင်းယွီကို မေးလိုက်သည်။
ရှောင်လင်းယွီက အေးအေးဆေးဆေးပင် ပြန်ဖြေလာသည်။ “အဖေ၊ ချန်းယန်နဲ့သမီးလမ်းခွဲလိုက်ပြီ။ ချန်းယန်ကလည်း သမီးတို့ကုမ္ပဏီသူဌေးရဲ့သမီးနဲ့လက်ထပ်လိုက်ပြီ။ ဒါပေမယ့် သူတို့လက်ထပ်ပြီးတာနဲ့ သူဌေးက သူ့ကုမ္ပဏီကိုလက်လွှတ်လိုက်ရတယ်။ ပြီးတော့ သူဌေးရဲ့သမီးကလည်း ချန်းယန်ကိုဓားနဲ့ထိုးလိုက်တယ်။ အခု ဆေးရုံက ဖုန်းလှမ်းဆက်ပြီး သူတို့ကိုဆေးဖိုးမြန်မြန်သွင်းဖို့လောနေတာ။ ဒါပေမယ့် ချန်းမိသားစုက သမီးကသာ ချန်းယန်ကိုဒဏ်ရာရအောင်လုပ်တဲ့သူဆိုပြီး သမီးတို့ဆီက ယွမ်၁သိန်းတောင်းနေတယ်!”
ရှောင်လင်းယွီက ရှောင်ကျန်းယန်အပါအဝင် တခြားရွာသားများပါကြားအောင် အသံကျယ်ကျယ်နှင့်ရှင်းပြလိုက်သည်။ သူမပြောသမျှက အမှန်တွေချည်းပင်။
“လူလိမ်မ!” ချန်းတဟွာက အော်ဟစ်လိုက်သည်။ “အကုန်နင်လုပ်လို့ဖြစ်တာ။ နင် ငါ့ယန်အာကို ဘယ်လောက်တမ်းတမ်းစွဲပြီး ရူးသွပ်နေလဲလူတိုင်းသိတယ်။ ဘာလို့ ရုတ်တရက်ကြီး သူက တခြားတစ်ယောက်နဲ့လက်ထပ်သွားမှာလဲ? နင်လိမ်နေတာပဲ! ယန်အာကို ဝန်ထုတ်ဝန်ပိုးဆိုပြီး မလိုချင်တော့လို့ နင်ညာနေတာ! နင်က တာဝန်မခံရဲတာပဲ! ဘယ်လိုတောင် နှလုံးသားမဲ့နိုင်ရတာလဲ? နင်က သူ့ချစ်သူလေ!”
ရှောင်လင်းယွီက သူမဖုန်းကိုဖွင့်ကာ ဓာတ်ပုံတစ်ပုံကိုပြန်လိုက်သည်။ “ဒါက ချန်းယန်နဲ့ သူ့ဇနီးကျောက်ဝမ်မန့်ရဲ့ လက်ထပ်မှတ်ပုံတင်ပဲ။”
ရှောင်လင်းယွီ၏ Nokiaဖုန်းဟောင်းမှာ ကင်မရာမပါပေ။ သို့သော်လည်း ဘာတွေလာနိုင်သည်ကို ခန့်မှန်းမိတာကြောင့် Marriottဟိုတယ်ကထွက်ထွက်ခြင်း ကင်မရာပါသည့်ဖုန်းတစ်လုံးကို ရှောင်လင်းယွီဝယ်ယူခဲ့ကာ အခုချိန်အတွက် အသုံးဝင်လာခဲ့သည်။
ရွာသားတော်တော်များများမှာ ရှောင်လင်းယွီလက်ထဲက ဖုန်းအသစ်ကိုမြင်ပြီး မနာလိုစိတ်များဖြစ်ပေါ်လာကြသည်။
ရှောင်လင်းယဲ့က ဖုန်းကိုဆွဲယူကာ လက်ထပ်မှတ်ပုံတင်ပုံကို သေချာကြည့်လိုက်သည်။ ထို့နောက် အလွန်ဒေါသထွက်သွားကာ၊ “အမှန်ပဲ၊ ချန်းယန်က တခြားမိန်းမတစ်ယောက်နဲ့လက်ထပ်သွားပြီ။ သူက ငါ့အစ်မနဲ့ဘာမှမဆိုင်မှတော့ ဘာကိစ္စ သူ့ရဲ့ဆေးဖိုးကို ငါ့အစ်မက တာဝန်ခံပေးရမှာလဲ? သူ့ဇနီးအသစ်ကိုသာသွားရှာကြ!”
တခြားရွာသားများကလည်း ချက်ချင်းပင် ရှောင်လင်းယဲ့အနားဝိုင်းလာကြသည်။ လက်ထပ်မှတ်ပုံတင်ကိုသူတို့လည်း မြင်လိုက်ကြပြီးနောက် ကျွတ်သပ်လိုက်ကြကာ၊ “ဒီတော့ ဒါကမှအမှန်တရားပေါ့။ တချို့လူတွေများ အရှက်မရှိလိုက်ကြတာ!”
“ဟုတ်ပါ၊ ဟိုကဖြင့် တခြားမိန်းမတစ်ယောက်နဲ့လက်ထပ်သွားပြီက သူတို့က ရည်းစားဟောင်းအိမ်လာပြီး သူတို့သားကိုပြုစုပေးဖို့အမိန့်လာပေးနေလိုက်သေးတယ်။ တော်တော်ရယ်စရာကောင်းတာပဲ။”
ချန်းမိသားစုဝင်များသည်လည်း အပြေးလေးလာကြည့်ကြကာ သက်သေမှာ စစ်မှန်နေလေသည်။
“အစ်ကိုကြီး၊ ချန်းယန်က တကယ်ကို တခြားမိန်းမတစ်ယောက်နဲ့လက်ထပ်သွားပြီ။”
***