စိုးရိမ်ပူပန်ခြင်း
Vol. 3 Ch. 45
Zမြို့ ယန်လုပ်ငန်းစုတွင်..
အတွင်းရေးမှူးဝမ်သည် စုံစမ်းရမိသည်များကို ယန်စစ်မင်အား တင်ပြနေခဲ့သည်။
“စီအီးအိုယန်၊ မစ္စရှောင်က သူ့ရွာကိုပြန်သွားတာပါ!”
ယန်စစ်မင် မျက်မှောင်ကြုတ်သွားတော့သည်။ “ဘာ? သူ့မွေးရပ်မြေကဘယ်မှာလဲ?”
“အဲ့ဒါက ရှင်းယင်နယ်မြေ၊ ရှင်းအန်းမြို့ရဲ့ ထောင်ယွမ်ရွာလေးပါ! အဲ့ဒီရွာကတော်တော်လေးဆင်းရဲပြီး ချောင်ကျပါတယ်။ ဒီရွာမှာ မစ္စရှောင်လင်းယွီတစ်ယောက်ပဲ တက္ကသိုလ်ဝင်ခွင့်ရခဲ့တာပါ။”
ယန်စစ်မင်က လက်ကိုဝှေ့ယမ်းလိုက်ကာ၊ “ငါသိပြီ။ မင်းသွားတော့!”
‘သူက ထွက်သွားတယ်ဆိုတော့လည်း သွားတယ်ပေါ့။ မိန်းမဆိုတာ ငါ့အနားမှာ ရှားနေတာမှမဟုတ်ဘဲ။’
အတွင်းရေးမှူးဝမ် ပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့ပါ!” သူထွက်သွားပြီးနောက် သက်ပြင်းအရှည်ကြီးချလိုက်ကာ အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။ “တော်သေးလို့ စီအီးအိုယန်က ငါ့ကို အဲ့ဒီချောင်ကျကျရွာအထိသွားပြီး ရှောင်လင်းယွီနောက်ကိုမလိုက်ခိုင်းလို့ပေါ့။”
သခင်လေးယန်တစ်ယောက် ထိုအကြောင်းဆက်မတွေးတော့ဖို့လုပ်သော်လည်း မတတ်နိုင်စွာ မျက်မှောင်ကြုတ်မိပြန်သည်။ “ဒီမိန်းကလေး တကယ်ကပဲ ရဖို့ခက်ခဲသလိုကစားချင်တာမျိုးဟုတ်ရဲ့လား? မဟုတ်ရင် ငါဒီလောက် အခွင့်အလမ်းကောင်းတွေနဲ့ကမ်းလှမ်းနေတာကို ဘာကိစ္စ ဒီလောက်နိုင်ငံအစွန်အဖျားအထိ ထွက်ပြေးသွားတာလဲ?” ထို့နောက် သူခေါင်းယမ်းမိပြန်သည်။ “မဖြစ်နိုင်ဘူး။ ခန့်ညားချမ်းသာပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ယောက်ျားမျိုးကို ဘယ်မိန်းကလေးမှ မလွန်ဆန်နိုင်ပါဘူး။ သူသေချာပေါက် မကြာခင် Zမြို့ကို ပြန်လာလောက်တယ်။ သူအဲ့လိုရွာငယ်လေးမှာနေနိုင်မှာတဲ့လား? သူနေနိုင်ရင်တောင် သူ့လိုမျိုးတက္ကသိုလ်ကျောင်းသူတစ်ယောက်ကို သူ့မိသားစုက ဘဝတစ်လျှောက်လုံး လယ်အလုပ်ပဲလုပ်နေခွင့်ပေးမှာမဟုတ်ဘူး။”
ယန်စစ်မင်တွေးလေ,တွေးလေ။ ရှောင်လင်းယွီက တမင်ရဖို့ခက်သလို သူနဲ့ကစားနေခြင်းဟု ယုံကြည်မိလာလေပင်။
သူ၏နဂိုက တွန့်ထားမိသည့် မျက်ခုံးများက ပြန်လည်ပြေလျော့သွားကာ ပြန်ပြုံးလာခဲ့သည်။ “ငါ့ဗျောက်အိုးလေး၊ ကြည့်ရတာ မင်းက ကြောင်နဲ့ကြွက်ကစားပွဲမျိုး ကစားချင်နေပုံပဲ။ ကောင်းပြီလေ၊ ဒါဆိုလည်း နောက်ဆုံး ဘယ်သူကအဖမ်းခံရမလဲကြည့်ရသေးတာပေါ့။”
သူ့အတွေးထဲမှာပြဿနာကို ဖြေရှင်းပြီးသည်နှင့် ယန်စစ်မင်တစ်ယောက် အလုပ်ပြန်လုပ်ရန် အားအင်များပြန်လည်ရရှိသွားတော့သည်။
….
ရှောင်လင်းယွီ၏စကားများကိုကြားပြီး မေမေရှောင် အလွန်ဒေါသထွက်သွားလေသည်။ သူမက ဒေါသတကြီးဖြင့် သူမသမီးကို လက်ညှိုးထိုးလိုက်ကာ၊ “နင် တော်တော်ရဲတင်းနေတယ်ပေါ့ ကောင်မလေး! ဘယ်လိုလုပ် လမ်းပေါ်ကတွေ့ရာလူတစ်ယောက်ကိုဆွဲပြီး နင့်ရည်းစားဟန်ဆောင်ခိုင်းရတာလဲ? သူက မကောင်းတဲ့လူဖြစ်နေရင်ဘယ်လိုလုပ်မလဲ? လူကုန်ကူးတဲ့သူဖြစ်နေရင်ရော? အဲ့လိုသာဆို နင်ဘယ်လိုလုပ်မလဲ?”
မေမေရှောင်မှာ ဆိုးရွားသည့်ဖြစ်နိုင်ချေများကို တွေးလေတွေးလေ ပိုပြီးဒေါသထွက်လာမိလေပင်။ ဒါကြောင့် ရှောင်လင်းယွီကိုရိုက်ရန် စားပွဲပေါ်က ကြက်မွေးကိုကောက်ကိုင်လိုက်တော့သည်။
“ဒီနေ့တော့ နင့်ကိုကောင်းကောင်းဆုံးမပေးမှကိုဖြစ်တော့မယ်။ ဘယ်လိုလုပ်ဒီလောက် မိုက်မဲရတာလဲ။ နင်လက်စားချေချင်တယ်ဆိုလည်း တခြားလုပ်လို့ရတယ့်နည်းလမ်းတွေမှအများကြီးပဲ။ ဘယ်လိုလုပ် ကိုယ်တိုင်ပါအန္တရာယ်ရှိနိုင်တဲ့လမ်းမျိုးကိုမှ ရွေးရတာလဲ။ ရှေ့ကနေဖယ်ကြစမ်း!” နောက်ဆုံးစာကြောင်းသည်က ရှောင်ကျန်းယန်တို့သားအဖကို ပြောလိုက်ခြင်းပင်။
ရှောင်လင်းယွီကို သူမအဖေနှင့်မောင်တို့က ကာကွယ်ပေးထားကြတာကြောင့် သူမပေါ်သို့ ရိုက်ချက်တစ်ခုမှမထိသေးပေ။
ရှောင်လင်းယဲ့က သူ့အစ်မကို သူ့နောက်သို့ဆွဲကာ ကာထားလိုက်ပြီး သူ့အမေကို စိတ်လျှော့အောင်ပြောနေခဲ့သည်။ “အမေ၊ စိတ်ကိုအေးအေးထားပါဦး။ အစ်မလည်း အရမ်းစိတ်ပင်ပန်းခဲ့မှာပဲလေ။ မရိုက်ပါနဲ့တော့။ ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးလိုက်ပါ။ သူလည်း ဒီလိုအမှားမျိုးထပ်မလုပ်လောက်တော့ပါဘူး။ ဟုတ်တယ်မလား အစ်မ?” သူက ရှောင်လင်းယွီကို လှည့်ကြည့်လိုက်သည်။
မေမေရှောင်သည် ရှောင်လင်းယဲ့၏ကာကွယ်ပေးနေပုံကြောင့် ရယ်လည်းရယ်ချင်သလို ဒေါသလဲ ပိုထွက်မိပြန်သည်။ “ရှောင်လင်းယဲ့၊ နင့်အစ်မက သူ့ကိုယ်သူ အန္တရာယ်ထဲတိုးဝင်သွားတဲ့အလုပ်မျိုး လုပ်ခဲ့တယ်ဆိုတာ နင်နားလည်ရဲ့လား။ ဒါတောင် နင်က သူ့ကိုကာနေသေးပေးတယ်ပေါ့။”
ရှောင်လင်းယဲ့ကတော့ လက်မခံသေးပေ။ “ဘာပဲဖြစ်ဖြစ်၊ အမေလည်း အစ်မကို မရိုက်ရဘူး။ ဒီလိုအရွယ်ရောက်နေတဲ့သမီးတစ်ယောက်ကို အမေဖြစ်သူက လိုက်ရိုက်နေသေးတယ်ဆိုတာ ရွာသွားတွေသိသွားရင် လှောင်ရယ်ကြလိမ့်မယ်။”
မေမေရှောင်၏ ကြက်မွေးကိုင်ထားသည့်လက်မှာ တုန်လာပြီး ရှောင်လင်းယဲ့ကို တုတ်နှင့်ရွယ်ကာ၊ “နင့်အစ်မကို မရိုက်စေချင်ဘူးပေါ့။ ကောင်းပြီလေ၊ ဒါဆိုလည်း နင့်ကိုပဲရိုက်ပေးရတာပေါ့။”
ထိုသို့ဖြင့် ကြက်မွေးတုတ်ဖြင့်ရိုက်ချက်က ရှောင်လင်းယဲ့ပေါ်သို့ ကျရောက်သွားတော့သည်။
ရှောင်လင်းယွီကလည်း သူမကြောင့် သူမမောင်လေးကို အနာမခံစေချင်တာကြောင့် သူမလည်း မေမေရှောင်ကိုဝင်တာလားခဲ့သည်။ “အမေ၊ သမီးမှားမှန်းသိပါပြီ။ ရှောင်ယဲ့ကိုမရိုက်ပါနဲ့တော့။ သမီးကိုပဲရိုက်ပါ။”
ထိုအချိန်မှာပဲ ကြက်မွေးတုတ်၏ရိုက်ချက်အောက်သို့ ရှောင်ကျန်းယန်က ဝင်ကာလိုက်ကာ မေမေရှောင်ကို အမိန့်ပေးလိုက်သည်။ “တော်လိုက်တော့။ ကလေးတွေလည်း အရွယ်တွေရောက်နေကြပြီ။ လူကြီးတစ်ယောက်လို စကားနဲ့ဆိုဆုံးမလို့ရနေတာပဲ။ ဘာလို့အမြဲတမ်း တုတ်ပဲဆွဲနေရတာလဲ။ အပြင်လူတွေသာသိသွားရင် ငါတို့မိသားစုကို လှောင်နေကြလိမ့်မယ်။”
တကယ်တမ်း မေမေရှောင်က အိမ်ကိုဦးစီးဦးဆောင်နေသူဖြစ်သော်လည်း နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ဖေဖေရှောင်က ချနိုင်သေးတုန်းပင်။ ဖေဖေရှောင်ကပါ ဝင်ပြောလာခဲ့တာကြောင့် မေမေရှောင်လည်း မတတ်သာဘဲ ရပ်လိုက်ရတော့သည်။
မေမေရှောင်မှာ နေရာတွင်ပင် ခနမျှရပ်နေခဲ့ပြီးနောက် သူမပုခုံးနှစ်ဖက်က တုန်ရီလာခဲ့ကာ မျက်ရည်များကို ဖိနှိပ်ရင်းပြောလာခဲ့သည်။ “ကျွန်မကရော အရမ်းရိုက်ချင်နေတယ်လို့များထင်နေလား။ ကျွန်မအရမ်းကြောက်လို့ပါ.. ဒီကောင်မလေး တစ်ခုခုဖြစ်သွားမှာ အရမ်းကြောက်မိလို့။”
ကျားလိုအမေ မေမေရှောင်၏စိုးရိမ်စိတ်များက ဒေါသအဖြစ်သို့ပြောင်းလဲဖော်ပြမိခြင်းသာဖြစ်ပေသည်။
ထိုမြင်ကွင်းကြောင့် ရှောင်လင်းယွီလည်း သူမစိတ်အခြေအနေကို ဆက်မထိန်းနိုင်တော့ဘဲ သူမအမေကို ပြေးဖက်လိုက်သည်။ “မေမေ၊ သမီးကို စိတ်ပူစေတဲ့အတွက်တောင်းပန်ပါတယ်။ သမီးတောင်းပန်ပါတယ်…”
ဘေးရှိ သားအဖနှစ်ယောက်သည်လည်း မျက်လုံးများနီမြန်းလာကြသည်။
မေမေရှောင်က ငိုနေရင်းဖြင့် ရှောင်လင်းယွီ၏ပုခုံးကို အသာပုတ်ပေးလိုက်သည်။ “မိုက်မဲလိုက်တဲ့ကလေး၊ ဒီလိုကိစ္စမျိုးဖြစ်တာကို ဘာလို့အမေတို့ကိုမပြောရတာလဲ။ အဲ့ဒီချန်းမိသားစုက ကလေးကို သမီးလက်စားပြန်ချေချင်တယ်ဆိုရင်တောင် အမေတို့ကိုတော့ အရင်ပြောပြသင့်တာပေါ့။ အမေတို့ သမီးဘက်ကရပ်တည်ပေးနိုင်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် လမ်းပေါ်ကတွေ့ရာ ယောက်ျားတစ်ယောက်ကိုသွားရှာတာထက်တော့ အန္တရာယ်ကင်းတယ်။ အမေတို့ကို စိတ်ပူလွန်ပြီး သေစေချင်နေတာလား။”
ရှောင်လင်းယွီက မေမေရှောင်၏ပုခုံးပေါ်တွင် မှီတွယ်နေရင်း ခေါင်းညိတ်လိုက်သည်။ “သမီးတောင်းပန်ပါတယ်၊ မေမေ။ ဒီတစ်ခေါက် သမီးအရမ်းဒေါသထွက်သွားလို့ပါ။ နောက်တစ်ကြိမ်ကျ ဒီလိုမျိုးမဖြစ်စေရပါဘူး။”
“ကောင်မစုတ်လေး၊ နင်က နောက်တစ်ကြိမ်တောင် ထပ်ဖြစ်ချင်နေသေးတာလား။” မေမေရှောင်က ပြောရင်း ကျောကို တစ်ချက်ရိုက်လိုက်သည်။
“မဟုတ်ပါဘူး၊ နောက်တစ်ကြိမ်ဆိုတာမရှိစေရဘူး။” ရှောင်လင်းယွီ ကတိပေးလိုက်သည်။
ဖေဖေရှောင်ကလည်း အမေနှင့်သမီးကြား စကားဝိုင်းထဲသို့ ဝင်လာခဲ့သည်။ “ကောင်းပြီ၊ မငိုကြနဲ့တော့။ လာထိုင်ကြဦး။ ငါတို့ စကားအေးအေးဆေးဆေးပြောသင့်တယ်။”
မေမေရှောင်နှင့်ရှောင်လင်းယွီလည်း ခေါင်းညိတ်လိုက်ကာ စားပွဲဘေးတွင် ဝင်ထိုင်လိုက်ကြသည်။
ထို့နောက် ရှောင်ကျန်းယန်က အလေးအနက်ထားသည့်အမူအရာဖြင့် စကားပြောလာခဲ့သည်။ “ချန်းမိသားစုကကောင်လေးကို သူ့ဇနီးက ဓားနဲ့ထိုးခဲ့တာဆိုရင်တောင် ချန်းမိသားစုကတော့ ယွီအာကိုပဲ အပြစ်တွေအားလုံးပုံချနေဦးမှာပဲ။” ထို့နောက် သူက ရှောင်လင်းယွီဘက်သို့လှည့်ကာ မေးလိုက်သည်။ “ယွီအာ၊ သမီးအစောကပြောတာ သမီးတို့သူဌေးရဲ့ကုမ္ပဏီက အသိမ်းခံလိုက်ရပြီဆိုလားလို့။”
“ဟုတ်တယ်၊ ဖေဖေ။ သမီးက ဟိုလူကို ကုမ္ပဏီကိုဝယ်ဖို့ပြောလိုက်တာ။”
“ချန်းမိသားစု ငါတို့ကိုပြဿနာလာရှာဖို့ အကြောင်းပြချက်ပိုရသွားတာပေါ့။ လန်အာရင်းရဲ့အကြီးဆုံးအစ်ကိုရဲ့ သားကြီးက ငါတို့မြို့ရဲ့နာမည်ကြီးလူမိုက်ပဲ။ နောက်ဆိုရင် ငါတို့ဘယ်သွားသွား ပိုပြီးဂရုစိုက်မှဖြစ်တော့မယ်။”
“အဖေ၊ လန်ဟုန်ရှင်းက သားတို့ကို ပြဿနာရှာနိုင်တယ်လို့ပြောချင်တာလား?” ရှောင်လင်းယဲ့ကမေးလိုက်သည်။
“ဖြစ်နိုင်တာမဟုတ်ဘူး၊ သေချာပေါက်ကို ပြဿနာလာရှာလိမ့်မယ်။ ဒါကြောင့် မင်းတို့မြို့ထဲသွားရင် အဖော်တွေခေါ်သွားကြ။ ယဲ့အာကတော့ ကျောင်းရှိသေးတာဆိုတော့ သူ့ကိုတွေ့တာနဲ့ ပြေးသာပုန်းနေ။”
ရှောင်လင်းယဲ့က ခေါင်းညိတ်လိုက်သည်။
“ယွီအာ၊ အဲ့ဒီကလေးရဲ့အခြေအနေကို အဖေလည်းမသိသေးဘူးဆိုပေမယ့် သမီးဘေးကင်းဖို့အတွက် လောလောဆယ် ရွာထဲမှာပဲနေသင့်တယ်။” ရှောင်ကျန်းယန်က ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ၊ အဖေ။” ရှောင်လင်းယွီက ခေါင်းညိတ်လိုက်လေသည်။
သို့သော်လည်း သူမစိတ်ထဲမှာတော့ ချန်းမိသားစုထပ်ပြီး ဘယ်တော့မှ ပြဿနာလာမရှာတော့တာသေချာစေရန် နည်းလမ်းများတွေးနေခဲ့သည်။ မဟုတ်ပါက ရှောင်မိသားစုအနေနှင့် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်လိမ့်မည်မဟုတ်ပေ။
***