ဖုံးကွယ်ခြင်းနှင့် ဝန်ခံခြင်း
Vol. 3 Ch. 44
ချန်းယန်က တခြားမိန်းမတစ်ယောက်အတွက် ရှောင်လင်းယွီကို သစ္စာဖောက်သွားခြင်းပင်။ ဒါက ရှိနေကြသည့်လူတိုင်းကို အံ့ဩထိတ်လန့်သွားစေခဲ့သည်။ ချန်းရှောင်မင်ကတော့ အလွန်စိုးရိမ်နေကာ ခေါင်းသာကုတ်မိတော့သည်။
သူက ချန်းတဟွာအနားသို့ ပြေးသွားလိုက်ပြီး၊ “ဦးလေးချန်း၊ မြန်မြန်လေးလုပ်ကြပါလား။ ချန်းကောက ဦးလေးတို့ကိုစောင့်နေတာ။ အချိန်ထပ်ဖြုန်းနေလို့မရတော့ဘူး။”
ထိုတော့မှ ချန်းတဟွာမှာ ပုံမှန်အသိစိတ်ပြန်ဝင်သွားတော့သည်။ သုတို့ချန်းယန်ကိုကြည့်ဖို့ Zမြို့ကို မြန်မြန်သွားမှဖြစ်ပေမည်။
ထို့ကြောင့် ချန်းတဟွာက လန်အာယင်းကို လှမ်းအော်လိုက်သည်။ “မြန်မြန်ထတော့။ အိမ်ပြန်ရအောင်။ ငါတို့ Zမြို့ကိုချက်ချင်းသွားဖို့လုပ်ရမယ်။” ချန်းတဟွာတွင် သားတစ်ယောက်နှင့်သမီး၃ယောက်ရှိပေသည်။ ချန်းယန်သာ တစ်ခုခုဖြစ်သွားပါက သူတို့ချန်းမိသားစုမျိုးဆက်ပြတ်သွားပေလိမ့်မည်။ ငွေက အရေးကြီးတယ်ဆိုပေမယ့် သူ့သားက ပိုအရေးကြီးပေသည်။ ဒါ့အပြင် ငွေကိုနောက်မှရအောင်ယူလဲရပေသည်။ ရှောင်ကျန်းယန်တို့မိသားစုက ထွက်သွားကြမည်မှမဟုတ်ဘဲ။
လန်အာယင်းလည်း သူ့ခင်ပွန်းစကားကိုကြားသည်နှင့် ငိုယိုနေရင်းဖြင့်ပင် မြေကြီးပေါ်မှ ကုန်းရုန်းထလိုက်သည်။ ထို့နောက် ရှောင်မိသားစုဘက်သို့လှည့်လိုက်ကာ၊ “ဟမ့်၊ ဒီလောက်နဲ့မပြီးဘူး!” ဟု ခပ်မာမာပြောသွားလေသည်။
ချန်းမိသားစုထွက်သွားပြီးနောက် ထောင်ယွမ်ရွာမှရွာသားများသာကျန်ရစ်ခဲ့တော့သည်။
“ကောင်းပြီ၊ အားလုံးလည်း လူစုခွဲကြတော့။ ကိုယ့်အိမ်ကိုယ်ပြန်ကြ1” မေမေရှောင်က လူအုပ်ကြီးကို လူစုခွဲလိုက်သည်။
ရွာသားများမှာ ဘယ်လိုကြောင့် ချန်းယန်တစ်ယောက် တခြားမိန်းမတစ်ယောက်နှင့် ရုတ်တရက်ကြီးလက်ထပ်လိုက်ရလဲဆိုတာ သိချင်နေကြသော်လည်း မေမေရှောင်က တည့်တိုးပင် သူတို့ကိုနှင်လွှတ်နေတာကြောင့် ဆက်နေဖို့ရှက်မိကြပြန်သည်။
သို့သော်လည်း အရေထူသည့်ရွာသားတချို့ကတော့ ပြုံးပြုံးလေးဖြင့် မေးလာကြသည်။ “ရှောင်ယွီ၊ ဘာတွေဖြစ်ကုန်တာလဲ? မင်းနဲ့ အဲ့ဒီချန်းမိသားစုက ကလေးနဲ့အရမ်းရင်းနှီးတယ်မဟုတ်ဘူးလား? ဘာလို့ ရုတ်တရက်ကြီး မင်းအိမ်ပြန်ပြေးလာတာလဲ? မဟုတ်မှ မင်း ချန်းယန်ကိုဓားနဲ့ထိုးပြီး အိမ်မှာပြန်လာပုန်းတာလား?”
“လိုင်လောင်အာ၊ နင်ဘာတွေလျှောက်ပြောနေတာလဲ? ငါ့ယွီအာက ကိုယ့်မိသားစုကိုပြန်လာတာပဲ မရဘူးလား? သူဘာမှမမှားထားဘူး။ ဘာကိစ္စပုန်းရမှာလဲ?” မေမေရှောင်က မကျေမနပ်ဖြင့်ပြန်ပြောလိုက်သည်။ “ဘာကိစ္စပဲရှိရှိ နင့်ကိစ္စမဟုတ်ဘူး။ သွားစမ်း!” မေမေရှောင်က ထိုလူကို မောင်းထုတ်လိုက်သည်။
အရေထူသည့်လိုင်လောင်အာလည်း သူသွားရမည့်အချိန်ရောက်ပြီမှန်းသိလိုက်လေသည်။
ရွာသားများထွက်သွားပြီးသည်နှင့် မေမေရှောင်၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။ ထို့နောက် ရှောင်လင်းယွီကို တင်းတင်းမာမာကြည့်လိုက်ကာ၊ “ကောင်မစုတ်လေး၊ အိမ်ထဲဝင်စမ်း!”
ချန်းယန်က တခြားမိန်းမတစ်ယောက်နှင့်လက်ထပ်သွားတာကြောင့် သူမသမီးမှာ တော်တော်လေးစိတ်ဒုက္ခရောက်ခဲ့လောက်သည်။ မေမေရှောင်မှာ အလွန်ဒေါသထွက်နေကာ အိမ်ထဲရောက်သည်နှင့် သေချာပေါက် မုန်တိုးထန်လောက်ပေသည်။
ရှောင်လင်းယဲ့က စိုးရိမ်စွာဖြင့်ခေါ်လိုက်သည်။ “အစ်မ!”
ထိုခွေးကောင်ချန်းယန်က သူ့အစ်မကိုသစ္စာဖောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့အစ်မသည် ထိုလူသစ္စာဖောက်သွားခြင်းကြောင့် အတော်လေးခံစားခဲ့ရပေမည်။ သူက အံကြိတ်လိုက်ကာ၊ “အစ်မ၊ ဘာမှမဖြစ်နဲ့။ ငါအဲ့လူယုတ်မာကိုသွားရှာပြီး နင့်အတွက်ဆုံးမပေးမယ်!”
ရှောင်လင်းယွီက ခေါင်းယမ်းလိုက်ကာ၊ “မောင်လေး၊ ငါအဆင်ပြေပါတယ်! နင်စိုးရိမ်မနေနဲ့!”
ရှောင်ကျန်းယန်သည် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ဖြစ်ကာ သူ့တစ်ဘဝလုံး နေရောင်အောက်တွင် အလုပ်လုပ်ခဲ့ရသူဖြစ်သည်။ သူ့ပုံစံက သူ့သားရှောင်လင်းယဲ့နှင့်အလွန်တူသည်။ ပြောရရင် ဖေဖေရှောင်ငယ်ရွယ်စဉ်ကဆိုလျှင် အလွန်ခန့်ညားခဲ့ပေသည်။ သို့သော်လည်း အခုချိန်မှာတော့ အချိန်၏တိုက်စားမှုကြောင့် ခန့်ညားမှုများမှာ ပျောက်ကွယ်လို့နေသော်လည်း တချိန်တည်းမှာပဲ ရင့်ကျက်မှုနှင့်ဉာဏ်ပညာမှာ တိုးပွားလာခဲ့သည်။
ရှောင်ကျန်းယန်သည် ရှောင်လင်းယွီနှင့်ရှောင်လင်းယဲ့တို့၏ဖခင်ပင်။ သူက သားနှင့်သမီးကို အကာအကွယ်ပေးနေသည့်သစ်ပင်ကြီးတစ်ပင်နှင့်တူသည်။ ရှောင်ကျန်းယန်က သူ့သမီးကိုကြည့်လိုက်ပြီး ဘာပြောရမလဲမသိဖြစ်နေသည်။ ထို့နောက် သူ့သမီးပခုံးကိုအသာပုတ်ကာ သက်ပြင်းအသာချလိုက်သည်။ “ယွီအာ၊ သမီးစိတ်ဒုက္ခရောက်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ သမီးဘယ်လိုဆုံးဖြတ်ချက်ပဲချချ၊ အဖေပံ့ပိုးပေးမယ်@”
သူမဖခင်၏အလွန်ဂရုစိုက်ကာ စိုးရိမ်နေသည့်အမူအရာကိုမြင်ပြီး ရှောင်လင်းယွီ၏မျက်ဝန်းထဲ မျက်ရည်များပြည့်လာခဲ့သည်။ “ကျေးဇူးတင်ပါတယ် ဖေဖေ။”
“ဒါဆိုလည်း အထဲဝင်လိုက်ဦး။ သမီးအမေအိမ်ထဲမှာ စောင့်နေပြီ!” ဖေဖေရှောင်ကအရင် အိမ်ထဲဝင်သွားကာ ရှောင်လင်းယွီနှင့်ရှောင်လင်းယဲ့တို့လည်း တပြိုင်တည်းလိုက်ဝင်လိုက်ကြသည်။
သူတို့သုံးယောက်ဝင်လာသည်ကို မေမေရှောင်မြင်သည်နှင့် ရှောင်လင်းယွီကို ခပ်တင်းတင်းစိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ဒေါသတရားများကိုဖိနှိပ်ရင်းမေးလိုက်သည်။ “ပြောပါဦး၊ နင်နဲ့ချန်းယန်ကြားဘာတွေဖြစ်ကြတာလဲ? ဘာလို့သူက ရုတ်တရက်ကြီး တခြားတစ်ယောက်နဲ့လက်ထပ်သွားတာလဲ?”
ဒီလောက်ဆယ်စုနှစ်ချီတဲ့အချစ်တစ်ခုကို ဘယ်လိုလုပ်ပြီး သစ္စာဖောက်သွားရတာလဲ? ချန်းမိသားစုမှကလေးသည် သူမသမီးကို စိတ်ပျက်စေခဲ့တာကြောင့် သူမလွယ်လွယ်နှင့်အလွတ်မပေးနိုင်ပေ။
ရှောင်လင်းယွီက စိတ်အေးလက်အေးဖြင့် ရှင်းပြလာခဲ့သည်။ “သမီးတို့ကုမ္ပဏီဥက္ကဌရဲ့သမီးက ချန်းယန်ကို သဘောကျနေတာ။ ချန်းယန်ကလည်း ဆွဲဆောင်ခံရတာကို မငြင်းဆန်နိုင်တာကြောင့် သမီးနောက်ကွယ်မှာတွဲခုတ်ခဲ့ကြတယ်။ သူတို့က စေ့စပ်ဖို့တောင်အစီအစဉ်တွေဆွဲပြီးသွားကြပြီ။ သမီးသိတာတော့ ရက်ပိုင်းလောက်ပဲရှိသေးတယ်။ အဲ့ဒါကြောင့် သူနဲ့ချက်ချင်းလမ်းခွဲပြီး အိမ်ပြန်လာခဲ့လိုက်တာ!”
ရှောင်လင်းယွီက အေးအေးဆေးဆေးပြောပြလိုက်သော်လည်း မိသားစုဝင်များကတော့ အလွန်ဒေါသထွက်သွားကြသည်။ ရှောင်လင်းယဲ့ဆိုလျှင် ဒေါထွက်လွန်း၍ ချက်ချင်းပင်ထရပ်ကာ Zမြို့သို့အပြေးသွားပြီး ချန်းယန်ထံမှ ဖြေရှင်းချက်တောင်းချင်နေတော့သည်။ “ဒီကောင် ဘယ်လိုများ ကျွန်တော့်အစ်မကိုအနိုင်ကျင့်နိုင်ရတာလဲ? ကျွန်တော်အခုချက်ချင်းသွားပြီး သူ့ကို ရိုက်ပစ်မယ်!”
“ပြန်ထိုင်စမ်း!” မေမေရှောင်ကအော်လိုက်သည်။ “သူက Zမြို့မှာ! နင်ကဘယ်လိုသွားရိုက်မှာလ? အရင်ဆုံး သူပြန်လာတဲ့အထိစောင့်လိုက်ဦး!”
“ကျွန်တော်မစောင့်နိုင်ဘူး။ Zမြို့အထိသူ့ကိုသွားရှာမယ်။”
“နင့်အစ်မပြောတာမကြားဘူးလား? အဲ့ကောင်က ဓားထိုးခံရပြီး ဆေးရုံရောက်နေတာလေ! သူ့ကြောင့်နဲ့ နင်က လူသတ်သမားဖြစ်ချင်နေတာလား?”
ထို့နောက် မေမေရှောင်က ရှောင်လင်းယွီဘက်ပြန်လှည့်သွားကာ၊ “ပြောကာမှ သူက ဘယ်လိုလုပ်ပြီး ဓားထိုးခံလိုက်ရတာလဲ?”
ထိုအခါ ရှောင်လင်းယွီက ဝန်ခံလိုက်သည်။ “အဲ့ဒါ သမီးနဲ့ပတ်သတ်နေတယ်။” သူမမိသားစုမှာ ထိတ်လန့်သွားကာ အမြန်မေးလိုက်ကြသည်။ “ယွီအာ၊ သမီးသူ့ကိုဓားနဲ့ထိုးလိုက်တာလား?”
ရှောင်လင်းယွီတစ်ယောက် ဆွံ့အသွားရကာ အမြန်ခေါင်းယမ်းလိုက်သည်။ “ထိုးစရာလား! သူလက်ထပ်ထားတဲ့ သူ့ဇနီးအသစ်စက်စက်ဆီကနေ အထိုးခံလိုက်ရတာ။”
ထိုတော့မှ သုံးယောက်သား သက်ပြင်းချက်နိုင်သွားကြသည်။ “ငါတို့ကို လန့်အောင်မလုပ်နဲ့လေ။ တကယ်ကြီး နင်သူ့ကိုဓားနဲ့ထိုးလိုက်တယ်လို့ထင်သွားတာ။ အဲ့ကလေးက အရမ်းဆိုးဝါးပြီး ငါကိုယ်တိုင် သူ့ကိုအပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်ချင်နေတယ်ဆိုရင်တောင်မှ၊ ယွီအာ သူ့လိုအမှိုက်တစ်စအတွက်နဲ့ သမီးကိုယ်သမီးဒုက္ခမရောက်စေနဲ့!” ယွီအာသာ ချန်းယန်ကိုဓားနှင့်ထိုးလိုက်လျှင် သူမထောင်ကျသွားပေလိမ့်မည်။
“သူ့ဇနီးအသစ်က ဓားနဲ့ထိုးတာဆိုရင် ဘာလို့သမီးနဲ့ဆိုင်တယ်လို့ပြောရတာလဲ?” မေမေရှောင်ကမေးလိုက်သည်။
ထိုချန်းမိသားစုမှကလေးအကြောင်းကို သူမ,မစိုးရိမ်သော်လည်း သူ့သမီးနှင့်ဘယ်လိုပတ်သတ်နေလဲဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းသိအောင် ဖော်ထုတ်ရပေမည်။
“ချန်းယန် သမီးကိုသစ္စာဖောက်ခဲ့မှန်းသိတာနဲ့ သူနဲ့လမ်းခွဲဖို့ သမီးဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် လက်စားပြန်ချေဖို့အတွက် လမ်းပေါ်ကတွေ့တဲ့ယောက်ျားတစ်ယောက်ကိုဆွဲခေါ်ပြီး သမီးရဲ့ချစ်သူအသစ်လိုဟန်ဆောင်ခိုင်းလိုက်တယ်။” ရှောင်လင်းယွီမှာ တွေ့ရာယောက်ျားတစ်ယောက်ကို သူမ၏တစ်ညတာအိပ်ဖော်အဖြစ်ဟန်ဆောင်ခိုင်းသည်ဟု မပြောပြရဲပေ။ “သမီးမထင်ထားမိတာက အဲ့ဒီယာယီချစ်သူကောင်လေးက Zမြို့မှာ အရမ်းအာဏာရှိတဲ့လူဖြစ်နေတာပဲ။ သူက သမီးတို့ကုမ္ပဏီကိုဝယ်ဖို့စဉ်းစားနေပြီး သမီးကိုဆုံးဖြတ်ခိုင်းတယ်။ အဲ့ဒါနဲ့ သမီးလည်း ဝယ်ခိုင်းလိုက်တာ။ ချန်းယန်နဲ့သူဇနီးအသစ်ကတော့ တစ်ယောက်ကိုတစ်ယောက်အပြစ်တင်ရင်း နောက်ဆုံး သူ့ဇနီးက ချန်းယန်ကို ဓားနဲ့ထိုးလိုက်တော့တာပဲ!”
ရှောင်လင်းယွီသည် ကိစ္စအများစုကို ချန်လှပ်ထားခဲ့သည်။ အမှန်တရားကို သူမမိဘများအား ပြောပြဖို့သတ္တိမရှိခဲ့ပေ။ ဒါကြောင့် ကိစ္စအလုံးစုံကိုဝန်မခံခင် ရက်ပိုင်းလောက်အချိန်ဆွဲထားဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
***