← Chapters

ကုန်းထျန်းဟောက်၏လက်စားချေမှု

Vol. 3 Ch. 46

ကုန်းထျန်းဟောက်၏လက်စားချေမှု

Vol. 3 Ch. 46

ပေကျင်း၏တန်ဖိုးအကြီးဆုံးမြေဧရိယာတွင် ဗီလာများစွာရှိလေသည်။ ချမ်းသာသည့်လူများနှင့် အာဏာကြီးမားသည့်လူများသာ ထိုမြေပေါ်တွင်နေရန် တတ်နိုင်ကြသည်။

ထိုနယ်မြေ၏အလယ်ပိုင်းတွင်တော့ အကြီးမားဆုံးမြေနေရာကိုယူထားသည့် စံအိမ်ကြီးတစ်ခုရှိနေသည်။ ထိုမြေပေါ်တွင် အဓိကအိမ်မကြီးဆီသို့ ဦးတည်သွားသော လမ်းတစ်လျှောက်ကို မြင့်မားလှသည့်သစ်ပင်ကြီးများဖြင့် ပုံဖော်ထားသည်။

အဓိကအိမ်မကြီးသည် တရုတ်ရိုးရာဗိသုကာလက်ရာမျိုးဖြစ်ကာ တရုတ်နိုင်ငံဗိသုကာလက်ရာ၏ ကျက်သရေရှိမှု၊ ရိုးရှင်းမှုနှင့် ကြွယ်ဝမှုတို့ကို ပေါ်လွင်ထင်ရှားစွာ ပြသနေသည်။

တချိန်တည်းမှာပင် ၎င်းသည် သဘာဝတရားကို မှီငြမ်းထားပုံဖော်ထားဟန်လည်းပေါ်ပေသေးသည်။ ခြံဝန်းတစ်ခုလုံးကို အရိုးရှင်းဆုံးပုံစံဖြင့် ပုံဖော်ထားပြီး ရေထုတ်လွှတ်သည့်စနစ်က ခြံတစ်ခုလုံးကို မြူငွေ့များရစ်ဆိုင်းနေသည့် သစ်တောကြီးတစ်ခုပုံစံဖြစ်ပေါ်နေစေသည်။ ဒါကြောင့် ထိုခြံဝန်းကြီးသည့် လျှို့ဝှက်ဆန်းကျယ်သလို ခမ်းနားကြီးကျယ်ဟန်ကိုလည်း ခံစားမိစေသည်။

ထိုအချိန်တွင် အိမ်ထဲ၌၊ တင်းမာသောမျက်နှာထားနှင့် အမျိုးသားတစ်ဦးသည် စိုးရိမ်ပူပန်နေသည့်အသံဖြင့် သူ့အနားရှိ လူလတ်ပိုင်းယောက်ျားကို မေးလိုက်သည်။

“ဒေါက်တာဟွမ်း၊ ကျွန်တော့်အဖိုးအခြေအနေဘယ်လိုလဲ?”

ဒေါက်တာဟွမ်းက ပြန်ဖြေလိုက်သည်။ “သခင်လေး၊ အကြီးအကဲက စိုးရိမ်ရတဲ့အခြေအနေအပိုင်းအခြားကိုတော့ ကျော်လွန်နိုင်သွားပါပြီ။ ဒါပေမယ့် မင်းလည်းသိတဲ့အတိုင်း အကြီးအကဲအပစ်ခံလိုက်ရတဲ့နေရာက နှလုံးနဲ့နီးတယ်လေ။ ကျည်ဆန်ကိုဖယ်ထုတ်ဖို့ကြိုးစားမယ်ဆိုရင် အရမ်းအန္တရာယ်များလွန်းတယ်။ အကြီးအကဲအနေနှင့် သူ့စိတ်ခံစားချက်ကို သူထိန်းသိမ်းပြီး ခန္ဓာကိုယ်က သူ့ဘာသာပြန်ကောင်းလာဖို့ပဲ မျှော်လင့်ရတော့မယ်။”

ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် နားလည်ပါပြီ။”

ထို့နောက် ဒေါက်တာဟွမ်းက အကြံပြုလာခဲ့သည်။ “ဒါဆို အကြီးအကဲကို သူ့ကျန်းမာရေးပြန်ကောင်းလာဖို့ကိုပဲအာရုံစိုက်နိုင်မယ့် တိတ်ဆိတ်တဲ့နေရာမျိုးကိုပို့လိုက်ဖို့ သခင်လေးကို အကြံပေးပါရစေ။” ထိုအချက်ကိုပြောပြီးနောက် သူက သက်ပြင်းချလိုက်သည်။ “အကြီးအကဲရဲ့အသက်က ၈၀ထဲရောက်နေပြီလေ။ သူ စိတ်ဖိအားအများကြီးခံလို့မဖြစ်တော့ဘူး။ ဒီလိုသာထပ်ဖြစ်ဦးမယ်ဆိုရင် နတ်ဘုရားတောင် သူ့ကိုဆင်းကယ်နိုင်တော့မှာမဟုတ်ဘူး။”

ကုန်းထျန်းဟောက်၏အမူအရာက အေးစက်သွားတော့သည်။ “ဒီတစ်ခေါက် ကျွန်တော်ပေါ့ဆသွားလို့ပါ။ နောက်ဘယ်သူမှ အဘိုးကိုနှောက်ယှက်ခွင့် မပြုတော့ဘူး။”

ဒေါက်တာဟွမ်းက ခေါင်းညိတ်လိုက်သည်။ “ဒါဆို သခင်လေးစကားအတိုင်းဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျုပ် အကြီးအကဲအတွက် ဆေးစပ်ပေးဖို့ ပြန်လိုက်ဦးမယ်။ သူနိုးလာရင်လည်း ဆေးသေချာသောက်ဖို့လည်း စောင့်ကြည့်ပေးပါဦး။”

အဘိုးကုန်းကျန့်သည် စစ်ပြန်တစ်ယောက်ဖြစ်သော်လည်း ဆေးခါးသောက်ရမည်ကိုအလွန်ကြောက်သော လူအိုကြီးတစ်ယောက်ဖြစ်လေသည်။ သူက ဆေးမသောက်ရဖို့အရေးဆိုလျှင် ကလိမ်ကကျစ်ဉာဏ်မှန်သမျှကို ထုတ်သုံးနိုင်သူဖြစ်သည်။ တစ်ခါကဆိုလျှင် ကြမ်းပေါ်တွင်လူးလှိမ့်ငိုယိုပြီးတော့ကို အသနားခံပြသည်အထိလုပ်ဖူးပေသည်။ ထိုအချက်ကတော့ ကုန်းမိသားစုအတွက် ခေါင်းကိုက်စရာပင်။

“ဟုတ်ကဲ့ပါ၊ ကျွန်တော် အဘိုးဆေးသေချာသောက်အောင် ကြီးကြပ်ပေးလိုက်ပါ့မယ်။” ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။

“ဒါဆို ကျုပ်အရင်သွားတော့မယ်နော် သခင်လေး။”

ဒေါက်တာဟွမ်းထွက်သွားသည်နှင့် ကုန်းထျန်းဟောက်၏အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ အလွန်ကိုအေးစက်ကာ ကြောက်စရာကောင်းလှသည့်အမူအရာမျိုးပင်။ သူက ချက်ချင်းပင် အိမ်တော်ထိန်းကိုခေါ်ကာ ကုန်းမိသားစု၏အစေခံနှင့် သက်တော်စောင့်အားလုံးကို စုဝေးစေခိုင်းသည်။

အိမ်တော်ထိန်းက အမိန့်ကိုဆောင်ရွက်လိုက်သည်။ လူတိုင်းရောက်ရှိလာသည်နှင့် အိမ်တော်ထိန်းက၊ “သခင်လေး၊ အားလုံးရောက်ပါပြီ။”

ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်ပြီးနောက် သူ့အကြည့်များက ဝန်ထမ်း အယောက်၆၀ပေါ်သို့ ဖြန့်ကျက်လိုက်ကာ၊ “အခုကစပြီး သခင်ကြီးအနားယူတာကို ဘယ်သူ့ကိုမှနှောက်ယှက်ခွင့်မပြုဘူး! မှတ်ထား၊ ဘယ်သူ့ကိုဆိုပြီး ချွင်းချက်မရှိဘူး။ ဒီစည်းမျဉ်းကို တစ်ယောက်ယောက်ချိုးဖောက်တာ ငါတွေ့တာနဲ့ ဆိုးရွားတဲ့အကျိုးဆက်ကို ခံစားရလိမ့်မယ်။”

“ဟုတ်ကဲ့ပါ သခင်လေး။” အစေခံများနှင့် သက်တော်စောင့်အားလုံးက တပြိုင်နက်ပြန်ဖြေလိုက်ကြသည်။

“ကောင်းပြီ၊ အားလုံးထွက်သွားတော့!” ကုန်းထျန်းဟောက်ကပြောလိုက်လေသည်။

ဝန်ထမ်းများထွက်သွားပြီးသည့်နောက် အိမ်တော်ထိန်းက အရှက်ရမိသည့်အမူအရာဖြင့် ကုန်းထျန်းဟောက်ကိုကြည့်လာခဲ့သည်။ “သခင်လေး၊ ကျွန်တော်တောင်းပန်ပါတယ်။ ဒုတိယသခင်ကြီးနဲ့တခြားလူတွေကို ဝင်ခွင့်ပေးလိုက်မိတာ ကျွန်တော့်အမှားပါ။”

ဒုတိယသခင်ကြီးဆိုသူမှာ ကုန်းထျန်းဟောင်အဖိုး၏ ဒုတိယညီငယ်ဖြစ်သော ကုန်းချီပင်ဖြစ်သည်။

ကုန်းထျန်းဟောက်က အိမ်တော်ထိန်းကို စောင်းကြည့်လိုက်ပြီး၊ “အိမ်တော်ထိန်းကြီး၊ ခင်ဗျားအဖိုးဆီမှာ အမှုထမ်းလာတာ နှစ်ပေါင်း၃၀လောက်ရှိနေတာကိုထောက်ပြီး ဒီတစ်ခေါက်တော့ ကျွန်တော် ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ်ဆိုတာရှိလာရင်တော့ ကျွန်တော်ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။ ကျွန်တော့်အဖိုးရဲ့ဘေးကင်းရေးကလွဲပြီး ကျန်တာဘာမှအရေးမကြီးဘူး။”

အိမ်တော်ထိန်း၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီးနောက် အလွန်လေးနက်သည့်အမူအရာဖြင့် ကတိပြုလာခဲ့သည်။ “နောက်တစ်ခေါက်မဖြစ်စေရပါဘူး သခင်လေး။”

အိမ်တော်ထိန်းကြီးသည့် စိတ်ထားနူးညံ့သူဖြစ်သည်။ ကုန်းချီနှင့်အခြားလူများက သခင်ကြီးထံလာရောက်လည်ပတ်လိုခြင်းသာဖြစ်သည်ဟု ပြောခဲ့ကြသည်။ သို့သော်လည်း ထိုလူများတွင် အလွန်ဆိုးရွားသောရည်ရွယ်ချက်မျိုးရှိနေလိမ့်မည်ဟု အိမ်တော်ထိန်းကြီးမထင်ထားခဲ့မိပေ။

သူတို့က သခင်လေး၏အိမ်ထောင်ရေးကိုဝင်စွက်ဖက်ချင်နေကြသည်။ သူတို့က သခင်လေးကို ဒုတိယသခင်ကြီး၏အကြီးဆုံးချွေးမ၏တူမနှင့်လက်ထပ်ပေးချင်နေသည်။ သခင်ကြီးက ထိုအဆိုပြုချက်ကိုဆန့်ကျင်ခဲ့တာကြောင့် သူတို့ကြား အချင်းများခဲ့ကြသည်။ ပေကျင်းတစ်မြို့လုံး ပိုင်မိသားစုမှသခင်မလေး ပိုင်ရွှယ်သည် ပွေရှုပ်သည့်မိန်းကလေးဖြစ်ကြောင်း သိထားကြပြီးဖြစ်သည်။ ဒီလိုမိန်းကလေးမျိုးက ဘယ်လိုလုပ် သခင်လေးနဲ့လိုက်ဖက်မှာတဲ့လဲ။ ဒီလူတွေရူးနေကြတာပဲဖြစ်မယ်။

သို့သော်လည်း သူတို့၏ရည်ရွယ်ချက်ကို အိမ်တော်ထိန်းကြီးလည်း သိပေသည်။ သူတို့က စည်းစိမ်ဥစ္စာတွေ ပိုမိုရရှိရေးအတွက် ကုန်းမိသားစုထဲ သူတို့ဘက်မိန်းကလေးတစ်ယောက်ကို ထိုးထည့်လိုနေခြင်းပင်။ သူတို့ကိုယ့်ဘာသာ အရင်ဆုံးမှန်ထဲပြန်ကြည့်သင့်တာ။

ထိုအခိုက် အိမ်တော်ထိန်းကြီးက၊ “သခင်လေး၊ ပိုင်မိသားစုက သခင်လေးရဲ့အိမ်ထောင်ရေးကိုဝင်နှောက်ယှက်ချင်နေပါတယ်။”

ကုန်းထျန်းဟောက်က နှာခေါင်းရှုံ့လိုက်ပြီး၊ “ကြည့်ရတာ သူတို့တော်တော်လေးအားနေကြပုံပဲ။ ဒီလိုဆိုမှတော့ ကျွန်တော်တို့ကလည်း သူတို့အတွက် လုပ်စရာတစ်ခုခုပေးရတာပေါ့။”

‘ဒီလူတွေက တော်တော်ရည်မှန်းချက်ကြီးကြတာပဲ။ ဒါပေမယ့် သူတို့ဝါးနိုင်တာထက် ပိုမကိုက်သင့်တာကို အရင်ဆုံးနားလည်ထားသင့်တယ်။’

အိမ်တော်ထိန်းကြီး၏နှုတ်ခမ်းက ကွေးတက်သွားကာ အမူအရာမှာ ပြေလျော့သွားခဲ့သည်။ သူ့အကြည့်များက မည်းမှောင်နေပြီး၊ “သခင်လေး၊ သူတို့ဘက်က စလာတာဆိုမှတော့ ကျွန်တော်တို့လည်း သူတို့ကိုငဲ့ညှာပေးနေစရမလိုဘူး။”

ပိုင်မိသားစုသည် ကုန်းမိသားစုနှင့်လက်ထပ်ခွင့်ရခဲ့သည့်အတွက် ထိပ်သို့တက်လာနိုင်ခဲ့သော မိသားစုအသေးလေးတစ်ခုသာဖြစ်သည်။ ဒါကို သူတို့က ကျေးဇူးမသိတတ်ဘဲ ပိုပြီးပိုပြီး လောဘတက်လာကြတယ်။ သူတို့က ကုန်းမိသားစုကအရာအားလုံးကိုတောင် ခိုးယူချင်နေတဲ့အထိပဲ။

ကုန်းထျန်းဟောက်၏မျက်လုံးများမှာ ကျောက်တုံးနက်တစ်ခုကဲ့သို့ နက်ရှိုင်းမှောင်မိုက်လို့နေပြီး သူ၏အေးစက်စက်အသံကထွက်ပေါ်လာခဲ့သည်။ “သူတို့က သေချင်နေမှတော့ သူတို့အလိုကိုဖြည့်ပေးရမှာပေါ့။”

ဒုတိယနေ့တွင်တော့ ပိုမိသားစုမှာ ကြီးမားလှသည့်ထိုးနှက်ကြီးတစ်ခုကို ကြုံတွေ့ခဲ့ရလေသည်။ ပိုင်လုပ်ငန်းစု၏ရှယ်ရများ အဆုံးမရှိထိုးကျသွားခဲ့ခြင်းပင်။ နေ့တစ်ဝက်စာအချိန်လေးနှင့်ပင် ရှယ်ယာထိုးကျမှုမှာ စံချိန်တင်သွားခဲ့လေသည်။

ရှယ်ယာရှင်အများစုက သူတို့ရှင်သန်ရေးအတွက် ရှယ်ယာများကိုရောင်းချခဲ့ကြသော်လည်း ရှယ်ယာဈေးကတော့ ဆက်လက်ကျဆင်းနေတုန်းပင်။

ပိုင်မိသားစုမှာ အလွန်ထိတ်လန့်တုန်လှုပ်နေပြီး မိသားစုဝင်အချင်းချင်း အပစ်လွှဲတင်နေကြလေသည်။

“ငါတို့ကိုလွှတ်ပေးဖို့ ကုန်းထျန်းဟောက်ကို သွားတောင်းပန်ရမယ်။” ပိုင်မိသားစုခေါင်းဆောင် ပိုင်ရှီရှင်းက ပြတ်ပြတ်သားသားပြောလာခဲ့သည်။ ဒါက ကုန်းထျန်းဟောက် လက်စားချေနေတာမှန်းအသိသာချည်းပင်။ သူက သူ့လုပ်ရပ်သူတောင် ဖုံးကွယ်နေတာမှမဟုတ်ဘဲ။ ကုန်းထျန်းဟောက်ကိုယ်တိုင်လုပ်တာဆိုမှတော့ ဘယ်သူကမှလည်း ပိုင်မိသားစုကို ဝင်မကူညီရဲကြတော့ပေ။ သူတို့လည်း ပြဿနာထဲ ဆွဲထည့်ခံလိုက်ရမည်ကို ကြောက်ကြပေသည်။

“အဖေ၊ ဘာတွေဖြစ်ကုန်တာလဲ။ ဘာလို့ ကုန်းထျန်းဟောက်က ရုတ်တရက်ကြီး ကျွန်တော်တို့ကို တိုက်ခိုက်ရတာလဲ။” ပိုင်ရှီရှင်း၏အငယ်ဆုံးသား ပိုင်ကျီယွေ့က မေးလိုက်သည်။ ထို့နောက် သူက တစ်ခုခုကိုတွေးမိသွားကာ မာမာထန်ထန် ပြန်မေးလိုက်လေသည်။ “အဲ့ဒါဒေါ်လေးကြောင့်မဟုတ်လား။ သူ ကုန်းထျန်းဟောက်ဒေါသထွက်အောင် ဘာတွေလုပ်လိုက်ပြန်ပြီလဲ။”

ပိုင်ရှီရှင်း၏အမူအရာက အေးခဲသွားလေသည်။

ပိုင်ကျီယွေ့လည်း ထိုအမူအရာနှင့်တင် သူ့မေးခွန်းအတွက် အဖြေကိုရသွားကာ ဒေါသထွက်သွားတော့သည်။ “အဖေ၊ အဲ့ဒီမိန်းမရှုပ်က လက်ထပ်သွားပြီးမှတော့ သားတို့မိသားစုနဲ့မဆိုင်တော့ဘူးလေ။ ဘာလို့ ပိုင်မိသားစုအရေးမှာ ဝင်ရှုပ်နေရသေးတာလဲ။ အဖေ၊ ဒီတစ်ခေါက်ရော အဲ့မိန်းမရှုပ်ဘာတွေလုပ်ထားပြန်ပြီလဲ။”

ပိုင်ရှီရှင်းက ချက်ချင်းနှုတ်ဟလာပြီး သူ့သားကိုဆုံးမလိုက်သည်။ “သူ့ကိုအဲ့လိုမခေါ်နဲ့။ ဘာပဲဖြစ်ဖြစ် သူက မင်းအဒေါ်ပဲ။”

ထို့နောက် သူ့ပုံစံက အားရုတ်လာကာ သက်ပြင်းသာချလိုက်သည်။ “မင်းအဒေါ်က ရှောင်ရွှယ်ကို ကုန်းထျန်းဟောက်နဲ့လက်ထပ်ပေးဖို့ ကြိုးစားနေတာ။ ဒါကြောင့် သူက သခင်ကြီးကိုသွားရှာပြီး လက်ထပ်ပွဲအတွက် ဖိအားပေးတယ်လေ။ အဆုံးသတ်ကျတော့…” သူက သခင်ကြီးရဲ့ကျန်းမာရေးအခြေအနေကို ပိုဆိုးအောင်လုပ်လိုက်တာပဲ။

သူ့စကားကိုဆုံးသည်အထိ မပြောသွားခဲ့သော်လည်း ဘာဖြစ်သွားလောက်မှန်းကိုတော့ လူတိုင်းသိကြသည်။

အားလုံးမှာ ဒေါသမထွက်နိုင်ခင် ခဏမျှနှုတ်ဆိတ်မိသွားကြလေသည်။

“ဖော့ခ်၊ တကယ်ကို အဲ့မိန်းမရှုပ်ရဲ့အမှားကြောင့်ပဲ။” ပိုင်ကျီယွေ့ အလွန်ဒေါသထွက်နေတော့သည်။

***

All Chapters