အတိတ်ကဖြစ်ရပ်များ
Vol. 3 Ch. 47
ချန်းယန်၏မိဘများ Zမြို့ကပြန်လာသည်နှင့် ပြဿနာတွေအများကြီးတက်လာနိုင်သည်ကို ရှောင်လင်းယွီသိနေခဲ့သည်။ ထို့ကြောင့် ပြဿနာတွေမဖြစ်လာသေးခင် ဖြေရှင်းနိုင်မည့်နည်းလမ်းကို သူမကြိုတင်စဉ်းစားထားဖို့လိုပေသည်။
ဒါကြောင့် သူမအခန်းဆီသို့ပြန်ရောက်သည်နှင့် ရှောင်လင်းယွီသည် ကျောက်စိမ်းဆွဲပြားကို သူမလက်ထဲတွင် တင်းတင်းဆုပ်ကိုင်လိုက်သည်။ ထို့နောက် အတိတ်ဘဝက ကြုံတွေ့ခံစားခဲ့ရသည့် ဒေါသနှင့်ဝမ်းနည်းမှုများကို ပြန်လည်တွေးတောလိုက်လေသည်။
သူမ၏အတိတ်ဘဝတုန်းကတော့ အရှက်တကွဲဖြစ်ခဲ့သည်နှင့် စိတ်လွတ်ကာ အိမ်သို့ပြန်ရောက်လာခဲ့သည်။
သို့သော်လည်း သူမပြန်ရောက်ပြီးမကြာခင်မှာပဲ ချန်းယန်၏မိဘများက သူတို့တစ်မိသားစုလုံးကိုခေါ်လာကာ ရူးနှမ်းသည့်လုပ်ရပ်များလုပ်လာကြသည်။ သူတို့က သူမကို မကောင်းသည့်အမည်မျိုးစုံဖြင့်ခေါ်ဝေါ်ကာ ချန်းယန်ကိုသစ္စာဖောက်ပြီး ငွေတစ်ခုတည်းကြည့်ကာ သူမအဖေအရွယ်လောက်ရှိသည့်လူဖြင့်ပင် ပြည့်တန်ဆာတစ်ယောက်လိုပြုမူခဲ့သည်ဟု အော်ဟစ်ပြောဆိုခဲ့ကြသည်။ သူမသစ္စာဖောက်ခဲ့သည်ကြောင့် ချန်းယန်က အလွန်စိတ်ထိခိုက်ခဲ့သည်ဟူ၍ပင်။ သူက အိပ်ခန်းထဲကနေမထွက်ဘဲ အရက်များသောက် စိတ်ဓာတ်ကျနေသည်ဟု ပြောဆိုခဲ့ကြသည်။
ချန်းမိသားစုက ရှောင်မိသားစုကို သူတို့သားစိတ်ထိခိုက်စေသည့်အတွက် လျော်ကြေး ယွမ်၁သိန်းပေးရန် တောင်းခဲ့ကြသည်။ သူတို့တောင်းတာကို မပေးပါက နေ့တိုင်း ထောင်ယွမ်ရွာသို့လာပြီး ရှောင်မိသားစုကို ပြဿနာဖန်တီးပေးမည်ဟုပြောခဲ့သည်။ ရှောင်မိသားစုသာ ငြင်းဆန်နေမည်ဆိုလျှင် ရှောင်လင်းယွီတစ်ယောက် ဘယ်လောက်အရှက်မဲ့သည့်ပြည့်တန်ဆာမဖြစ်ကြောင်းကို အနီးအနားရွာများပါမက မြို့အထိပါသတင်းပျံ့အောင်လုပ်မည်ဟု ပြောခဲ့သည်။
ချန်းမိသားစုမှာ ထိုသို့ခြိမ်းခြောက်လာတာကြောင့် မေမေရှောင်နှင့် ဖေဖေရှောင်တို့မှာ ရွေးချယ်စမရာမရှိဘဲ ခြိုးခြံချွေတာရုံသာရှိတော့လေသည်။ သူတို့သမီးလေး၏ဂုဏ်သိက္ခာအတွက် သူတို့နှင့်သိသမျှလူတိုင်းဆီက ငွေများချေးယူကာ ချန်းမိသားစုကို ပေးခဲ့ရသည်။ ထိုသို့ပေးပြီးလျှင် ချန်းမိသားစုထွက်သွားလောက်မည်ဟု တွေးခဲ့ကြခြင်းလည်းဖြစ်သည်။ သို့သော်လည်း ထိုသို့ပေးလိုက်ခြင်းမှာ တကယ်တမ်း ကိစ္စများ၏အစသာဖြစ်နေခဲ့သည်။
ချန်းမိသားစုသည် သူတို့အတွက်ငွေထုတ်စက်ကြီးတစ်ခုကို ရှာတွေ့သွားပြီဖြစ်တာကြောင့် သဘာဝကျစွာဖြင့် ရှောင်မိသားစုကို ဒီလောက်ဖြင့်လွှတ်ပေးတော့မည်မဟုတ်ချေ။ ချန်းမိသားစုက သူတို့ကိုဆက်ပြီးခြိမ်းခြောက်နေခဲ့သည်။ မေမေရှောင်နှင့် ဖေဖေရှောင်တို့လည်း ချန်းမိသားစုကျေနပ်စေရေးအတွက် သူတို့လယ်မြေများကိုရောင်းချ၊ အဘိုးရှောင်ကိုခယတောင်းဆိုကာ လူများစွာထံတွင်လည်း အကြွေးများတင်ခဲ့တော့သည်။
ထိုဝမ်းနည်းဖွယ်ဖြစ်ရပ်များကို ထပ်ပြီးတောင့်မခံနိုင်တော့ဘူးဟု တွေးမိချိန်မှာပဲ ရှောင်လင်းယွီတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရလေသည်။
ရှောင်လင်းယွီသည် ထိုအကြောင်းကိုသိလိုက်ရသည်နှင့် စိတ်ဓာတ်လဲပြိုကျသွားခဲ့သည်။ သူမဗိုက်ကို ဆက်တိုက်ထုကာ ကလေးကိုသေစေချင်ခဲ့သည်။ သို့သော်လည်း သူမဘယ်လောက်ပဲ ခက်ခက်ခဲခဲကြိုးစားပါစေ ကလေးလေးကတော့ သူမဗိုက်ထဲမှထွက်သွားဖို့ ငြင်းဆန်ခဲ့လေသည်။
ရှောင်လင်းယွီသည် ထိုသို့အပြင်းအထန်ကိုယ်ဝန်ဖျက်ချဖို့ကြံစည်ခဲ့တာကြောင့် စိတ်ပါမက ခန္ဓာကိုယ်ကပါ ပင်ပန်းနွမ်းနယ်လာတော့သည်။ သူမဘဝအတွက် မျှော်လင့်ချက်အလင်းရောင်များလဲ ပျောက်ကွယ်လာခဲ့သည်။ ထို့ကြောင့် နောက်ဆုံးမှာတော့ သူမလက်ကောက်ဝတ်ကိုဖြတ်ကာ သတ်သေမည့်လမ်းကိုရွေးချယ်လိုက်တော့သည်။ သို့သော်လည်း ကျောင်းမှစောပြန်လာသည့် ရှောင်လင်းယဲ့က သူမကိုတွေ့သွားခဲ့သည်။ ရှောင်လင်းယဲ့မှာ အလွန်ကြောက်လန့်သွားပြီး ရှောင်လင်းယွီကို ချီပိုးကာ မြို့နယ်ဆေးရုံသို့ အပြေးခေါ်သွားတော့သည်။
သို့သော်လည်း ရှောင်လင်းယွီ၏ဒဏ်ရာမှာ အလွန်ပြင်းထန်ကာ သွေးအများအပြားဆုံးရှုံးခဲ့သည်။ နယ်မြို့လေးရှိဆေးရုံမှာ သူမကိုမကုသပေးနိုင်တာကြောင့် ပတ်တီးသာစည်းပေးပြီး သူမကို မြို့ကြီးသို့ခေါ်သွားရန်သာ ရှောင်လင်းယဲ့ကို ပြောလိုက်သည်။
ရှောင်လင်းယွီသက်သေသည့်သတင်းမှာ သတင်းကြီးတစ်ရပ်ဖြစ်ခဲ့လေသည်။ ဒါကြောင့် ထိုသတင်းသည် ချန်းမိသားစုဆီလည်း အလိုအလျောက်ပင်ရောက်ရှိသွားခဲ့တော့သည်။ ဒါကပဲ သူတို့အတွက် နောက်ထပ် ပြဿနာလာရှာဖို့ရန် အကြောင်းရင်းသစ်တစ်ရပ်ရသွားစေတော့သည်။
သူတို့က ရှောင်လင်းယွီကို စော်ကားပြောဆိုကြသည်။ သူမက ငွေကြောင့် ထိုလူယုတ်မာနှင့်ကလေးပါရခဲ့သည်ဟူ၍ပင်။ သူတို့ချန်းယန်သည်တော့ ရှောင်လင်းယွီ၏သစ္စာဖောက်မှုကြောင့် လွန်စွာမှစိတ်ထိခိုက်နေရတုန်းဖြစ်သည်ဟု ပြောဆိုကြန်ပြန်သည်။
သူတို့က ရှောင်လင်းယွီ ဆေးရုံတက်နေရသည်ကိုပင် ဂရုမစိုက်ဘဲ အုပ်စုဖွဲ့ကာ ရှောင်မိသားစုဆီသို့လာပြီး စိတ်ထိခိုက်စေသည့်အတွက် မတန်တဆလျော်ကြေးများတောင်းဆိုကြလေသည်။ သူတို့သားသည် ပြည့်တန်ဆာမတစ်ယောက်နှင့် တွဲခဲ့ဖူးတာကြောင့် သူတို့ချန်းမိသားစု၏ဂုဏ်သတင်းပျက်စီးရသည်ဟူ၍လည်းပြောကြပြန်သည်။ တစ်ဖက်မှာလည်း သူတို့က လှောင်ရယ်နေကြပြီး သူတို့မိသားစုဂုဏ်သတင်းထိခိုက်စေသည့်အတွက် လျော်ကြေးပေးရန်ပါ ရှောင်မိသားစုထံမှ တောင်းလာကြသည်။
သူတို့က ယွမ်၅သိန်းပေးရင်ပေး မဟုတ်ပါက နေ့တိုင်းပြဿနာလာရှာမည်ဟု ပြောခဲ့သည်။
မေမေရှောင်မှာ ရှောင်လင်းယွီသတ်သေဖို့ကြိုးစားခြင်းကြောင့် အလွန်ဖိအားများနေပြီးသားဖြစ်သည်။ ချန်းမိသားစုကပါ ဖိအားပေးလာပြန်တာကြောင့် ကုလားအုပ်၏ကျောကို ချိုးလိုက်သောမြက်တစ်ပင်ကဲ့သို့ပင် သူမထိန်းထားသမျှ ကျိုးပျက်သွားတော့သည်။
မေမေရှောင်သည် ရုတ်တရက်တင်းမာသွားကာ ပုဆိန်တစ်ချောင်းကိုကိုင်ပြီး လူအုပ်ထဲသို့ပြေးဝင်သွားပြီး၊ “ကောင်းပြီလေ၊ ဆက်ပြီးပြဿနာရှာကြည့်စမ်းပါ။ ဘယ်သူလုပ်ရဲသေးလဲကြည့်ရတာပေါ့။ ငါ့အိမ်ထဲ ခြေလှမ်းရဲတဲ့သူမှန်သမျှ ခုတ်ပစ်မယ်။ ငါနဲ့သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့… ငါကတော့ သူသေကိုယ်သေပဲ။ နင်တို့ကျေးဇူးကြောင့် ငါတို့ဘက်မှာ ဘာမှထပ်ပြီးဆုံးရှုံးစရာမရှိတော့ဘူး။”
***