အတိတ်ဖြစ်ရပ်များ ၂
Vol. 3 Ch. 48
လူတိုင်းသည် မေမေရှောင်၏အကျင့်စရိုက်ကိုသိနေကြပြီးဖြစ်သည်။ သူမသည် ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်သူဖြစ်သည်။
ချန်းမိသားစုသည် ရှောင်မိသားစုက ရိုးသားကာ ကြင်နာတတ်သူများဖြစ်တာကြောင့် ထပ်ခါထပ်ခါအနိုင်ကျင့်ခဲ့ကြသည်။ ဒါ့အပြင် ရှောင်လင်းယွီကလည်း သူမကိုယ်တိုင်က အပြစ်ရှိသည်ဟု ယုံကြည်နေခြင်းပင်။
ချန်းမိသားစုကလည်း သူတို့ရှောင်မိသားစုကို ခြိမ်းခြောက်လို့ရမှန်းသိလိုက်ပြီးနောက် ဒီလိုငွေပင်မျိုးကို လွယ်လွယ်မလွှတ်ပေးတော့ပေ။ သို့သော်လည်း မေမမေရှောင်ဒီလို လွတ်ထွက်သွားလိမ့်မည်ကိုတော့ သူတို့မတွေးခဲ့မိပေ။ ချောင်ပိတ်မိလျှင် ယုန်တောင်ပြန်ကိုက်တတ်ကြောင်း သူတို့နားမလည်ခဲ့ခြင်းသာဖြစ်သည်။ ရှောင်မိသားစုသာ ဆက်ပြီး သူတို့ကိုခြိမ်းခြောက်ခွင့်ပြုထားလိုက်ပါက သူတို့သေလိုက်တာမှပိုကောင်းပေမည်။ ဒါ့အပြင် ချန်းမိသားစုကလည်း သူတို့ဆီကပိုင်ဆိုင်မှုမှန်သမျှကို ခမ်းခြောက်သည်အထိ စုပ်ယူသွားခဲ့ပြီဖြစ်သည်။ သူတို့မှာ သူတို့အသက်ကလွဲ၍ ချန်းမိသားစုကိုပေးရန် ဘာမှမကျန်တော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ချန်းမိသားစုကတော့ အများကြီးပိုင်ဆိုင်သွားခဲ့သည်။ ချန်းယန်သည် ဥက္ကဌသမီးနှင့်လက်ထပ်သွားခဲ့ကာ ခမည်းခမက်များသည် မယုံနိုင်လောက်အောင် ချမ်းသာကြသည်။ သူတို့ကို ရှင်းအန်းမြို့နယ် သို့မဟုတ် ရှင်းယန်မြို့တွင်သာ သက်တောင့်သက်သာဘဝဖြင့် နေနိုင်စေသည်အထိကို ချမ်းသာကြသည်။ ထို့ကြောင့် ချန်းမိသားစုသည် ငွေ၅သိန်းအတွက်နှင့် သူတို့အသက်ကိုစွန့်ကာ မေမေရှောင်နှင့်တိုက်ခိုက်ကြမည်မဟုတ်ပေ။
အဆုံးမှာတော့ ချန်းမိသားစု တပ်ပြန်ဆုပ်သွားခဲ့ကြသည်။
သို့သော်လည်း လန်အာယင်းသည် နောက်ဆုံးစကားကိုတော့ ပြောသွားခဲ့သေးသည်။ သူမက ထက်ရှသည့်ပုဆိန်တစ်လက်ကိုကိုင်ထားသည့် မေမေရှောင်ကိုကြည့်လိုက်ပြီး၊ “ချန်ချိုးယင်း၊ ငါတို့က နင်တို့ကိုဒီလိုအခြေအနေမျိုးရောက်အောင်လုပ်တယ်ဆိုပြီး အော်ဟစ်ပြမနေနဲ့။ နင့်သမီးကိုယ်တိုင်က အရင်ဆုံး ပြည့်တန်ဆာမလုပ်ခဲ့တာ။ သူက ဘယ်ကမှန်းမသိတဲ့ကောင်နဲ့ကလေးပါရပြီး ငါတို့ရန်အာနဲ့ချန်းမိသားစုရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေလိုက်သေးတယ်။ ငါတို့လျော်ကြေးတောင်းတာ မသင့်တော်ဘူးလား။”
မေမေရှောင်က လှောင်၍သာရယ်မောလိုက်တော့သည်။ “လန်အာယင်း၊ ငါ့ကိုများငတုံးထင်နေလား? ငါတို့ယွီအာက နင်တို့ချန်းယန်ကို သစ္စာဖောက်သွားတာလို့ပြောတယ်နော်။ ဒါပေမယ့် ငါသိသလောက်ဆိုရင် နင့်သားက ငါတို့ယွီအာပြန်လာပြီး ရက်ပိုင်းအတွင်းမှာပဲ သူ့သူဌေးရဲ့သမီးနဲ့စေ့စပ်လိုက်တာမဟုတ်ဘူးလား။
လန်အာယင်း၊ ဘယ်သူကမှ ဘယ်သူ့ကိုသစ္စာဖောက်သွားတာလဲ ပြောကြည့်စမ်းပါ။ နင်ငါတို့ကို ဆက်ပြီးဖိအားပေးနေမယ်ဆိုလည်း ကောင်းပြီလေ။ ငါလည်း Zမြို့ကိုသွားပြီး ကုမ္ပဏီကြီးရဲ့သားမက်အသစ်လေးအကြောင်း သတင်းတစ်ခုလောက်ဖွင့်ထုတ်ပေးရတာပေါ့။ သူက ငွေမျက်နှာကြောင့် သူ့ရဲ့သစ္စာရှိလှတဲ့ချစ်သူကိုစွန့်ပစ်ခဲ့တယ်။ ဒီလိုဆို ဘယ်သူဂုဏ်သတင်းကပိုပျက်စီးလောက်မယ်ထင်လဲ။”
မေမေရှောင်က လိမ္မာပါးနပ်စွာပြောလိုက်သည်။ ရှောင်လင်းယွီ ပြန်ရောက်လာခဲ့တုန်းက အလွန်စိတ်ဓာတ်ကျနေတာကြောင့် ကောလဟာလများက အမှန်ဟု မေမေရှောင်လည်း ယုံကြည်ခဲ့မိသည်။ သို့သော်လည်း ချန်းယန်တစ်ယောက် သူ့သူဌေး၏သမီးနှင့်စေ့စပ်လိုက်သည့်သတင်းကို ကြားလိုက်ရချိန်တွင်တော့ မေမေရှောင် သံသယဝင်လာကာ ကြောက်စရာကောင်းလှသည့်အမှန်တရားတစ်ခုကို ခန့်မှန်းမိလိုက်တော့သည်။
ချန်းယန်က ထိုမိန်းကလေးနှင့်ပေါင်းဖက်နေသည်မှာ အချိန်အတော်ကြာလောက်ပေပြီ။ သို့သော်လည်း သူနှင့်ထိုအမျိုးသမီး၏ဂုဏ်သတင်းမထိခိုက်စေရေးအတွက် ချန်းယန်က ယွီအာကို ဓားစာခံလုပ်လိုက်ခြင်းပင်။ ယွီအာ၏ကိုယ်ဝန်ကိစ္စကို ပိုပြီးနက်နက်ရှိုင်းရှိုင်းစုံစမ်းကြည့်ဖို့လိုလာပေပြီ။ သို့သော်လည်း ရှောင်မိသားစုတွင် ငွေရောအာဏာရော တစ်ခုမှမရှိပေ။ ထို့အပြင် ရှောင်လင်းယွီသည် Zမြို့ကိုပြန်လောက်သည်အထိလည်း အခြေအနေမကောင်းပေ။
ထို့ကြောင့် မေမေရှောင်အနေနှင့် ချန်းမိသားစုကို သွေးထိုးစမ်းကြည့်ရန်သာရှိတော့သည်။ ချန်းမိသားစု၏တုံ့ပြန်ပုံမှာ သူမ၏ခန့်မှန်းချက်များကို အတည်ပြုပေးလိုက်သည်။
လန်အာယင်းသည် အလွန်ထိတ်လန့်သွားကာ အော်ဟစ်လိုက်သည်။ “ချန်ချိုးယင်း၊ အဓိပ္ပါယ်မရှိတာတွေမပြောနဲ့။ နင်တို့ရှောင်လင်းယွီကသာ ငါ့ချန်းယန်ကို သစ္စာဖောက်သွားတာ။ သူ့သတို့သမီးလောင်းက သူ့ကိုသနားသွားလို့ နင့်ရဲ့ပြည့်တန်ဆာသမီးဆီကနေ စိတ်ပြတ်နိုင်အောင် သူနဲ့စေ့စပ်ပေးလိုက်တာ။”
မေမေရှောင်သည် လန်အာယင်းကို ရွဲ့ပြလိုက်ကာ၊ “ငါတို့Zမြို့ကိုသွားလိုက်ရင် ဘယ်သူပြောတာမှန်လဲ သိရမှာပေါ့။ ချန်းတဟွာ၊ လန်အာယင်း၊ နင်တို့ဆက်ပြီးအရူးကွကနင်းချင်သေးတာလား။ နင်တို့ဆက်ပြီးဇာတ်ကချင်သပဆိုလည်း ရတယ်လေ။ ငါတို့Zမြို့အထိသွားပြီး ပြဇာတ်အကြီးကြီးကပြလိုက်ကြတာပေါ့။”
ချန်းမိဘများသည် မေမေရှောင်ကိုကြောက်သွားခဲ့သည်။ မေမေရှောင်သာ တကယ်ပဲ Zမြို့သို့သွားပြီး ချန်းယန်ကို ပြဿနာသွားရှာခဲ့လျှင် သူ့ဘက်ကအပြစ်ကင်းနေရင်တောင်မှ သူ့နာမည်မှာ အမဲစက်ထင်သွားပေလိမ့်မည်။ သူက အခုဆို ကုမ္ပဏီကြီးတစ်ခုမှဥက္ကဌ၏သားမက်ဖြစ်နေပြီဖြစ်သည်။ ထိုသို့အမဲစက်မျိုးအထင်မခံနိုင်ပေ။
မေမေရှောင်၏ရာဇသံကိုကြားပြီး နောက်ဆုံးမှာတော့ ချန်းမိသားစုမှာ လက်လျှော့သွားတော့သည်။
တစ်ချက်ကတော့ မေမေရှောင်က သူ့လက်ထဲမှပုဆိန်နှင့် တကယ်ကြီး သူတို့ကိုလိုက်ခုတ်မှုကိုလည်း ကြောက်မိခြင်းပင်။
ဒုတိယအချက်ကတော့ သူတို့မှာ အပြစ်ရှိစိတ်ဝင်၍ပင်။ ချန်းယန်က ရှောင်လင်းယွီ ရွာကိုပြန်ရောက်ပြီးမကြာခင်မှာပဲ နောက်ထပ်မိန်းကလေးတစ်ယောက်နှင့်လက်ထပ်သွားသည်မှာ အမှန်ဖြစ်သည်။
ချန်းမိသားစုကလည်း ဥက္ကဌသမီးက ချန်းယန်ကိုသနားတာကြောင့် မေတ္တာသက်ဝင်သွားသည်ဟု တခြားလူများကိုပြောခဲ့သည်။ သူမသည် ချန်းယန် သစ္စာဖောက်ခံလိုက်ရတာကိုမြင်ပြီး ထိုသစ္စာဖောက်ခံခဲ့ရသည့်စိတ်ဒဏ်ရာမှ ရုန်းထွက်နိုင်ရန် ကူညီပေးဖို့ဆုံးဖြတ်လိုက်ခြင်းဟုပြောသည်။
ချန်းမိသားစုနေသည့်ရွာနှင့် ထောင်ယွမ်ရွာမှရွာသားများသည် သူတို့ပြောသမျှကို ဘုံကြည်ကြသော်လည်း ရှင်းအန်းနယ်မြေရှိZမြို့တွင် အလုပ်လုပ်နေကြသူတချို့လည်းရှိသေးသည်။ ထိုလူတွေသာ အနည်းငယ်လောက်တူးဆွလိုက်သည်နှင့် အမှန်တရားကိုသိသွားကြမည်ပင်။ တချို့က ရှောင်လင်းယွီ ထောင်ချောက်ဆင်ခံရသည်ဟု ယုံကြည်ကြလိမ့်မည်။ ထိုသို့ဆိုလျှင် ချန်းယန်၏ဂုဏ်သတင်းကိုထိခိုက်လာနိုင်သည်။
ထို့ကြောင့် ချန်းမိသားစုသည် ယွမ်၅သိန်းဖြင့် ထိုမျှများပြားသည့် နောက်ဆက်တွဲဆိုးကျိုးများကို မယူတော့ရန်ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ချန်းယန်က ထိုထက်ပိုများသည်ငွေတွေကို သူတို့အတွက် ယူဆောင်လာပေးမှာပဲမဟုတ်လား။ ဒါဆို သူတို့လည်း ချန်းယန်ကိုကာကွယ်ဖို့ ဘာမဆိုလုပ်ပေးရမှာပေါ့။
တစ်ဖက်တွင်တော့ ရှောင်လင်းယွီသည် ကုသမှုခံယူရန် နယ်မြို့ဆေးရုံမှ မြို့ပေါ်ဆေးရုံသို့ ပို့ဆောင်ခံလိုက်ရသည်။ ရှောင်လင်းယွီရောက်ရှိသွားချိန်တွင် သူမတွင်သွေးအမြောက်အမြားဆုံးရှုံးထားပြီးဖြစ်သည်။ သူမ ကိုယ်ဝန်ဖျက်ချရန်တောင်းဆိုခဲ့သော်လည်း သူမခ္ဓာကိုယ်က အားနည်းလွန်းနေတာကြောင့် သူမသာအတင်းအကြပ်ဖျက်ချလျှင် အမေရော ကလေးပါ သေသွားနိုင်လေသည်။
မေမေရှောင်နှင့်ဖေဖေရှောင်တို့က ချက်ချင်းပင် ရှောင်လင်းယွီကို တားလိုက်ကြသည်။ သူတို့ ရှောင်လင်းယွီကို အဆုံးရှုံးမခံချင်ပေ။ ထို့အပြင် ကလေးက အပြစ်မဲ့လေသည်။ ကိုယ်ဝန်ဖျက်ချဖို့ ရွေးချယ်လို့မရမှတော့ သူတို့ကလေးကိုဆက်ပြီးကြီးထွားလာစေတာပေါ့။ ပြောရရင် ကလေးက သူတို့ရှောင်မိသားစုဝင်ဖြစ်လာဖို့ ကံကြမ္မာဖန်လာလို့ပဲမဟုတ်လား။
ဆေးရုံတွင် မေမေရှောင်သည် နောက်ဆုံးမှာတော့ ရှောင်လင်းယွီထံမှ အမှန်တရားကိုကြားခဲ့ရသည်။ သူမက လူအိုကြီးတစ်ယောက်နှင့်မဟုတ်ဘဲ လူငယ်တစ်ယောက်နှင့် အိပ်မိခဲ့ခြင်းပင်။
ရှောင်လင်းယွီက ဆေးခပ်ခံထားရတာကြောင့် မတော်တဆဖြစ်ခဲ့ခြင်းသာဖြစ်ပြီး ရှောင်လင်းယွီ၏အမှားမဟုတ်ပေ။
***