← Chapters

တစ်ကိုယ်ကောင်းဆန်ကာ နှလုံးသားမဲ့မှု

Vol. 4 Ch. 51

တစ်ကိုယ်ကောင်းဆန်ကာ နှလုံးသားမဲ့မှု

Vol. 4 Ch. 51

ဤသည်မှာ မိုဘိုင်းလ်ဖုန်းတွေ နေရာတိုင်းမရှိနေသေးသည့် အချိန်မျိုးဖြစ်သည်။ သို့သော်လည်း လူငယ်မျိုးဆက်များသည်တော့ တစ်လုံးလောက်ဆောင်ထားကြပေသည်။

ချန်းရှောင်ဟွာက နံပါတ်တစ်ခုကို ခေါ်လိုက်သည်။ တစ်ဖက်မှ ဖုန်းပြန်ဖြေလာသည်နှင့် ချန်းရှောင်ဟွာက ချက်ချင်းပင် မေးလိုက်သည်။ “အစ်ကိုကြီး၊ ရှောင်ယန် ဘယ်လိုနေသေးလဲ?”

တစ်ဖက်လူက ဘာမှပြန်မပြောရသေးခင်မှာပဲ ဖုန်းတစ်ဖက်ခြမ်းမှ တခြားစကားသံများက ဝင်လာခဲ့သည်။ “ရှင်တို့ ဆေးရုံကို ယွမ်၅သောင်း အကြွေးတင်နေသေးတယ်နော်။ ဘယ်တော့ပေးကြမှာလဲ? အခုမှမပေးရင် ကျွန်မတို့လည်း လူနာက်ကိုဆေးပေးထားတာတွေ ဖြတ်တောက်မှရတော့မယ်။”

ထို့နောက် မာထန်သည့်တောလေသံတစ်သံက ထပ်ပေါ်လာခဲ့သည်။ “အမလေး နေ့ခင်းကြောင်တောင် ဓားပြတိုက်နေပါတယ်တော်။ ငါတို့ မနေ့ကလေးတင် ယွမ်၅ထောင် ပေးထားပြီးရုံရှိသေးတယ်။ ဘယ်လိုလုပ် နင်တို့က ငွေထပ်တောင်းရပြန်တာလဲ။ နင် ငွေတွေကို ဆေးရုံကိုမသွင်းပဲ နင့်အိတ်ထဲထည့်လိုက်တာပဲဖြစ်ရမယ်။ သူခိုးမ။”

သူနာပြုမှာ မဟုတ်ဘဲနှင့် အစွပ်စွဲခံလိုက်ရတာကြောင့် စိတ်တိုသွားတော့သည်။ “တောကျိုအုံကြားကလူကများ။ ဘယ်သူ့ကို သူခိုးလို့ခေါ်နေတာလဲ၊ ရှင်တို့သားရဲ့ဒဏ်ရာ ဘယ်လောက်ပြင်းလဲ မမြင်ကြဘူးလား။ သူကဓားထိုးခံရတဲ့နေရာက နှလုံးနဲ့နီးနီးလေး။ သေခါနီးကိုဖြစ်သွားတာ။ ကျွန်မတို့ဒါရိုက်တာက သူ့ကိုသနားပြီး ဆေးရုံခတချို့ကို လျှော့တောင်ပေးထားသေးတယ်။ မဟုတ်ရင် ရှင်တို့ဆေးဖိုးက ယွမ်၅သောင်းလောက်နဲ့ ပြီးသွားမယ်မယ်များထင်နေလား။ ပြီးတော့ ရှင်တို့က စုစုပေါင်းထဲကမှ ယွမ်၅ထောင်ပဲသွားထားပြီး ကျွန်မကို သူခိုးလို့တောင် ခေါ်လိုက်သေးတယ်ပေါ့။ ရှင်တို့ ကျွန်မတို့ဆေးရုံရဲ့ဝန်ဆောင်မှုကို သဘောမကျရင် အချိန်မရွေးတခြားဆေးရုံကို ပြောလိုက်လို့ရတယ်။”

ထို့နောက် သူနာပြုကပဲ၊ “ဒါနဲ့ နေပါဦး၊ ရှင်တို့သားကို လက်ခံပေးလောက်မယ့် ဆေးရုံရှိမယ်လို့တော့ ကျွန်မမထင်ဘူး။ ရှင်တို့ရဲ့ကောင်းလှစွာသောသားက Zမြို့ရဲ့အင်အားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ သခင်လေးယန်ကိုမှ ရန်စခဲ့တာလေ။”

လန်အာယင်းအတွက် သူမသားသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးလူသားဖြစ်သည်။ သခင်လေးယန်တောင်မှ သူ့သားကိုယှဉ်နိုင်သည်ဟု မထင်ပေ။

လန်အာယင်းက လက်နှစ်ဖက်ကို ခါးမှာထောက်ကာ ဒေါသတကြီး ပြန်ရန်တွေ့လေသည်။ “နင်တို့က အုပ်စုဖွဲ့အနိုင်ကျင့်ကြတာပဲ။ ငါ့သားက ကုမ္ပဏီအကြီးကြီးတစ်ခုကဥက္ကဌရဲ့သားဆိုတာ သိရဲ့လား။ နင်တို့ စောင့်နေစမ်းပါ။ ငါ့သား နေပြန်ကောင်းတာနဲ့ အဲ့ဒီသခင်လေးယန်ဆိုတဲ့ကောင်ဆီကနေ ဖြေရှင်းချက်တောင်းဖို့ ပြောပြမယ်။ သူ ငါ့သားကို ဦးညွှတ်ပြီး ပြန်တောင်းပန်အောင် လုပ်ပြမယ်။”

လန်အာယင်းသည် နယ်အစွန်အဖျားမှလာသူဖြစ်ကာ Zမြို့ရဲ့အင်အားကြီးသူများအကြောင်း ဘာမှမသိသော လယ်တောသူတစ်ယောက်သာဖြစ်ပေသည်။

သူနာပြုကတော့ အကြည့်ဖြင့်သာ လှောင်ပြောင်လိုက်လေသည်။ “ကောင်းပြီလေ၊ ဒါဆိုလည်း ကျွန်မစောင့်နေပါ့မယ်။ အခုတော့ ဆေးဖိုးတွေရှင်းလိုက်ဦး၊ မဟုတ်ရင် ရှင့်သားကို ကျွန်မတို့ ဆေးရုံကနေ နှင်ထုတ်ရလိမ့်မယ်။”

“မဖြစ်ဘူး။ ကျုပ်သားရဲ့ဒဏ်ရာက အရမ်းပြင်းတယ်။ သူဆေးရုံကထွက်သွားလို့မဖြစ်ဘူး။” ဖုန်းကိုင်နေသည့် ချန်းတဟွာက စိုးရိမ်တကြီး ဝင်ပြောလာသည်။ “သူနာပြုဆရာမ၊ ကျေးဇူးပြုပြီး ငဲ့ညှာပေးပါဦး။ ကျုပ်တို့ ဆေးဖိုးရှာလိုက်ပါ့မယ်။”

သူနာပြုက မတုန်မလှုပ်အမူအရာဖြင့်၊ “ရှင်က အနည်းဆုံးတော့ ရှင့်ဇနီးထက် စဉ်းစားဉာဏ်ရှိသေးတာပဲ။ ကောင်းပြီလေ၊ ဆေးဖိုးမြန်မြန်သွားရှာကြ မဟုတ်ရင်လည်း လူနာကိုခေါ်ပြီးသာ ဆေးရုံက ထွက်သွားတော့”

“ဒါပေါ့၊ ဒါပေါ့။” ချန်းတဟွာက ခေါင်းကိုငုံ့ကာ တရိုတသေဖြင့် ပြန်ပြောလိုက်သည်။

လန်အာယင်းကတော့ မကျေနပ်ပေ။ သူမတစ်ခုခုထပ်ပြောတော့မည့်အချိန်မှာပဲ ချန်းတဟွာက သူမကိုမာန်မဲလာခဲ့သည်။ “ပါးစပ်ပိတ်ထား။ မင်းသားကို ဆေးရုံက ကန်ထုတ်ခံရစေချင်လို့လား။”

ထို့နောက် ချန်းတဟွာက သူ့အာရုံကို ပြန်ပြောင်းကာ သူ့ညီငယ်နှင့် စကားဆက်ပြောဖို့ပြင်လိုက်သော်လည်း တစ်ဖက်က ဖုန်းကျသွားပေပြီ။

ချန်းမိသားစုသည်လည်း လန်အာယင်းနှင့် သူနာပြုတို့ပြောသည့် စကားအားလုံးကို ရှင်းရှင်းလင်းလင်းကြားခဲ့ကြရသည်။ ချန်းတဟွာက ဆေးရုံစရိတ်ရှာလိုက်မည်ဟု ပြောလိုက်ချိန်မှာတော့ မောင်နှမများက ချန်းရှောင်ဟွာကို ဖုန်းမြန်မြန်ချဖို့ လောဆော်ကုန်ကြတော့သည်။

ချန်းကွေ့ဟွာက တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလာသည်။ “ကြည့်ရတာ ကောလဟာလတွေက အမှန်ဖြစ်ပုံပဲ။ ချန်းယန်က တကယ့် အကောင်ကြီးကြီးကို ရန်စခဲ့တာပဲ။”

ချန်းရှောင်ဟွာက လန့်ဖြန့်သွားကာ၊ “အစ်ကိုတို့ အစ်မတို့ အကြီးဆုံးအစ်ကိုက ရှောင်ယန်အတွက် ဆေးဖိုးလိုအပ်နေတာလေ။ ကျွန်တော်တို့ သူ့ကို မကူညီသင့်ဘူးလား။”

သူပြောပြီးသည်နှင့် ချန်းအာ့ဟွာ၏ဇနီးက ချက်ချင်းပင် ငြင်းဆန်လာခဲ့သည်။ “ငါတို့က ဘယ်လိုလုပ် ကူညီနိုင်မှာလဲ။ ငါတို့မှာ ငွေမှမရှိတာ။ ယောင်းမကြီးက ချန်းယန် သူတို့ကိုငွေတွေပို့လို့ဆိုပြီး အရမ်းဂုဏ်ဆာပြနေခဲ့တာမဟုတ်ဘူးလား။ ငါကတော့ အဲ့အကြောင်းတွေ နေ့တိုင်းနေ့တိုင်းကို နားနဲ့မဆံ့အောင်ကို ကြားနေရတာ။ သူတို့မှာ ငွေရှိနေမှတော့ ဘာလို့ငါတို့ဆီက ငွေကို လိုနေဦးတော့မှာလဲ။”

ဇနီးသည်များမှာ ငွေရေးကြေးရေးအကြောင်းပါလာသည်နှင့် စကားဝိုင်းထဲ သွက်သွက်လက်လက် ဝင်ပါလာကြတော့သည်။ သူတို့မှာ ငွေမရှိပေ။ သူတို့ခင်ပွန်းများကသာ ချန်းတဟွာကို တိုးတိုးတိတ်တိတ် ငွေချေးပေးကြလျှင် သူတို့ယောက်ျားတွေကို ချက်ချင်းသာ ကွာရှင်းပစ်လိုက်တော့မည်။

ချန်းတဟွာ၏ညီမနှစ်ယောက်နှင့် ခင်ပွန်းများကလည်း သူတို့တွင် ငွေမရှိကြောင်း တိုက်ရိုက်သာပြောလာခဲ့သည်။ သူတို့အားလုံး အလွန်နှလုံးသား မဲ့ကြပေသည်။

တကယ်တမ်း သူတို့မှာ ငွေရှိကြလျှင်တောင်မှ ချန်းတဟွာကိုတော့ မချေးရဲကြပေ။ ချန်းယန်က အကောင်ကြီးကြီးတစ်ယောက်ကို ဆန့်ကျင်ခဲ့မိခြင်းဖြစ်သည်။ သူတို့သာ သူ့ကို ဝင်ကူညီပေးလိုက်လျှင် သူတို့ကိုပါ အမှုပတ်လာတော့မှာမဟုတ်ဘူးလား။

ထိုသို့တူညီသည့်ကိစ္စများမှာ လန်မိသားစုထဲတွင်လည်း ဖြစ်ပွားနေခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် ချန်းမိသားစုနှင့်လန်မိသားစုတို့၏ တုံ့ပြန်ပုံများကို ကြားလိုက်ရသည့် ရှောင်လင်းယွီသည် စိတ်အေးသွားကာ သက်ပြင်းအသာချလိုက်တော့သည်။

‘ကြည့်ရတာ စိတ်ဝမ်းကွဲအောင်ထည့်ပေးလိုက်တဲ့ မျိုးစေ့က ကောင်းကောင်းကြီးထွားနေတဲ့ပုံပဲ။’

ဒါပေမယ့် ကောင်းကင်ဘုံက ရှောင်လင်းယွီကို အမှန်တကယ် ကူညီပေးနေခဲ့သည်။ ဒါကြောင့်ပဲ ချန်းရှောင်ဟွာ ဖုန်းခေါ်လိုက်ချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို သူနာပြုက ချန်းတဟွာဆီက ဆေးရုံစရိတ်ရှင်းဖို့ တောင်းနေသည်နှင့် တိုးသွားခဲ့သည်မဟုတ်လား။ လောကဟာလများကလည်း ရှိထားပြီး ဖြစ်တာကြောင့် ထိုအချိန်မှစ၍ ချန်းတဟွာ၏မောင်နှမများသည် ချန်းတဟွာခေါ်ဆိုလာသမျှ ဖုန်းများကို ပြန်မဖြေကြတော့ပေ။ ထိုအချိန်အနေက လန်မိသားစုတွင်လည်း တထပ်တည်းဖြစ်နေခဲ့သည်။

လန်အာယင်း၏အကြီးဆုံးအစ်ကိုက ချန်းယန်အကြောင်းမေးရန် ဖုန်းခေါ်လိုက်ချိန်တွင် ဆရာဝန်က ဆေးရုံစရိတ်မရှင်း၍ ချန်းတဟွာနှင့် ငြင်းခုံနေသံကို လန်မိသားစုဝင်များ ကြားသွားခဲ့ကြသည်။ ပေးရမည့်ငွေကြေးမှာ ယွမ်၅သောင်းဖြစ်ကြောင်း လန်အာယင်း၏အစ်ကို ကြားသွားသည်နှင့် သူ့ညီမက သူတို့ဆီမှ ငွေလာချေးမည်ကိုကြောက်တာကြောင့် ချက်ချင်းပင် ဖုန်းကို ချပစ်လိုက်တော့သည်။

ချန်းယန် ရန်စခဲ့သည့်လူမှာ ကုမ္ပဏီအကြီးကြီးတစ်ခုကိုပင် အခုလိုတမုဟုတ်ချင်း ပျောက်ကွယ်ကောင် လုပ်နိုင်သူဖြစ်သည်။ ထိုလူကာ ချန်းယန်ကို လက်စားပြန်ချေချင်ပါက ချန်းမိသားစုနှင့် လန်မိသားစုဆိုသည်မှာ အားပင်ထုတ်စရာမလိုပဲ ချက်ချင်းပင် အလွယ်တကူ ရှင်းထုတ်ခံလိုက်ရမည်ဖြစ်သည်။

ထို့အတွက်ကြောင့် သူတို့တွင် ချန်းတဟွာနှင့် လန်အာယင်းတို့ကို ငွေချေးပေးဖို့က မဖြစ်နိုင်ပေ။ ပြောရရင်တော့ ချန်းမိသားစုကို ရှောင်ရှားရန် နည်းလမ်းမှန်သမျှ ထုတ်သုံးနေခြင်းပင်ဖြစ်သည်။

***

All Chapters