← Chapters

စကားကျွံသွားပြီ

Vol. 4 Ch. 52

စကားကျွံသွားပြီ

Vol. 4 Ch. 52

ရှောင်လင်းယွီတစ်ယောက် ခပ်သာသာ သက်ပြင်းချလိုက်သည်။ သူမပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း သူမ၏ကံက အတော်လေး ပိုကောင်းလာသည့်ပုံပင်။

ပထမတော့၊ သူမလမ်းပေါ်က တွေ့ရာကောက်ဆွဲလိုက်သည့် ယောက်ျားမှာ ကျော်ကြားလှသည့် သခင်လေးယန်ဖြစ်နေခဲ့သည်။ သူက ထိုဆန်ကုန်မြေလေးစုံတွဲအား ပြီးပြည့်စုံစွာ လက်စားချေနိုင်ရန် သူမကို ကူညီပေးခဲ့သည်။ ရှောင်လင်းယွီအနေဖြင့် ထိုစုံတွဲအပေါ် အားနာစိတ်မဝင်ပေ။ သူတို့သာ ရက်စက်သည့် စိတ်နှလုံးသားဖြင့် သူမကို အကွက်ချဖို့ မကြံစည်ခဲ့ပါက အခုလိုမျိုး အဆုံးသတ်သွားစရာအကြောင်းမရှိပေ။ ဒါက ကံအလှည့်အပြောင်းပင်။

ထို့နောက် သူမ ငယ်ငယ်က ကောက်တွေ့ခဲ့သည့် ကျောက်စိမ်းလည်ဆွဲတွင် မှော်နေရာလွတ်တစ်ခုရှိနေကြောင်း သူမသိခဲ့ရသည်။ ထိုနေရာလွတ်တွင် မှော်စွမ်းအင်များရှိသော်လည်း နေရာလွတ်အကြောင်း သေသေချာချာမစူးစမ်းရသေးခင်အထိတော့ ဘယ်လိုအသုံးဝင်သည့် နည်းလမ်းများရှိနေဦးမလဲဆိုတာ သူမ မသိနိုင်သေးပေ။

ဆက်လက်ပြီး ချန်းမိသားစု ပြဿနာလာရှာမည့်အရေးကို ဖြေရှင်းရန် ရှောင်လင်းယွီ နည်းလမ်းရှာချင်ခဲ့သည်။ ဘုရားသခင်က သူမကိုထပ်ပြီး မျက်နှာသာပေးခဲ့ပြန်သည်။ သူမဘာမှတောင်မှ လုပ်စရာမလိုလိုက်ပေ။ ချန်းယန်အတွက် ဆေးဖိုးများရှင်းပေးဖို့လိုကြောင်း ချန်းမိသားစုနှင့် လန်မိသားစုတို့ ကြားသွားသည်နှင့် သူတို့ဘက်ကအရင် ခပ်ခွာခွာနေသွားကြသည်။ ချန်းမိသားစုနှင့် လန်မိသားစုလိုမျိုး အလိုလောဘကြီးကြသည့် လူများအဖို့ အခုဆို ဘာတန်ဖိုးမှမရှိတော့သော ချန်းယန်လိုလူမျိုးအတွက် ငွေတစ်ပြားတစ်ချပ်ကိုမှ ဖြုန်းတီးမပေးချင်ကြပေ။

ပြောရရင်တော့ ချန်းယန်တို့မိသားစု၏ ပြဿနာဝဲဂယက်များထံမှ ရိုက်ခတ်ခံရမည်စိုး၍ ထိုမိသားစုနှစ်စုသည် သူတို့ကိုယ်တိုင်ပင် အဆက်အသွယ်စဖြတ်သွားခဲ့သည်။ ဘယ်လောက်တောင်မှ အကြင်နာတရားမဲ့တဲ့လူတွေလဲ ကြည့်ကြပါဦး။

ရှောင်လင်းယွီ ပြုံး၍သာ ခေါင်းအသာခါမိတော့သည်။ သူမအတိတ်ဘဝတွင် တွေ့ကြုံခဲ့ရသည်များကို ဘုရားသခင်ကသိကာ သူမကို သနားသွားတာကြောင့် အခုလို ကြင်နာမှုမျိုး ပြန်ပေးလိုက်သည့်ပုံပင်။

‘အခုဆို ချန်းမိသားစုကိစ္စတွေက ယာယီဖြေရှင်းပြီးသားဖြစ်သွားပြီဆိုတော့ ဒီနေရာလွတ်အကြောင်း သေချာလေ့လာကြည့်ရမယ့် အချိန်ပဲ။’ ရှောင်လင်းယွီက သူမဘာသာရေရွတ်လိုက်သည်။ ‘ငါလည်း အိမ်ပြန်ရောက်နေပြီဆိုမှတော့ လယ်သမားကောင်းတစ်ယောက်အဖြစ် ကြိုးကြိုးစားစား လုပ်ကိုင်ရမှာပေါ့။’

သူမခေါင်းကိုငုံ့ကာ ဝမ်းဗိုက်ကို အသာအယာပွတ်သပ်လိုက်ပြီး ‘ရှောင်ထုန်အပေါ် တင်ထားသမျှ အကြွေးတွေကို ပြန်ပေးဆပ်ဖို့အတွက် ငါတတ်နိုင်သမျှ အကောင်းဆုံးလုပ်သွားမယ်။’

“ယွီအာ၊ ထမင်းစားရအောင်။” မေမေရှောင်က အော်ပြောလာခဲ့သည်။ သူမအသံအနေအထားအရ စိတ်အခြေအနေ ကောင်းနေသည့်ပုံပင်။

“ဟုတ်ကဲ့၊ လာပြီ မေမေ။” ရှောင်လင်းယွီ ပြန်ဖြေလိုက်သည်။

ထမင်းစားစားပွဲပေါ်ရှိ ဟင်းပွဲကောင်းများစွာကို မြင်လိုက်ရသည်နှင့် ရှောင်လင်းယွီ ပြုံးလိုက်လေသည်။ “အမေ၊ ဘာကောင်းတဲ့ကိစ္စတွေများရှိလို့လား။ ဟင်းတွေမှအများကြီးပဲ။ ဒီမှာ ဝက်သားနှပ်၊ ဝက်သားနဲ့ပဲပြားနှပ်၊ တို့ဟူးနှပ်၊ အမဲသားကြော်၊ အသည်းနဲ့အသီးအရွက်ကြော်တင်မကဘူး ကြက်စွပ်ပြုတ်တောင် ပါလိုက်သေးတယ်။ အမေ ရုတ်တရက်ကြီး ချမ်းသာသွားလို့လား။”

မေမေရှောင်က ရယ်မောလာခဲ့သည်။ “ကောင်မစုတ်လေး၊ ဒီလောက်ဟင်းပွဲတွေကိုတောင် မတတ်နိုင်လောက်တဲ့အထိ ငါတို့က အရမ်းဆင်းရဲတယ်လို့များ ထင်နေတာလား။ ငါက ဒီအတိုင်း စိတ်အခြေအနေကောင်းနေလို့ ချက်ထားရုံပါ။”

ရှောင်လင်းယွီက ခပ်ဖွဖွပြုံးလိုက်ကာ၊ “အဲ့လိုကိုး။ ဒါပေမယ့် အမေ့ကို ဘာကများ ဒီလောက် စိတ်အခြေအနေကောင်းအောင် လုပ်လိုက်တာလ။”

“ဘာဖြစ်ရမှာလဲ။ နင့်မောင် ဒီနေ့ ကျောင်းကပြန်လာပြီလေ။ သူက တစ်ပတ်ကို ငါးရက် ကျောင်းကကျွေးတာပဲ စားရတာ။ ကျောင်းကန်တင်းက အစားအသောက်တွေက ဘယ်လောက်များ အာဟာရဖြစ်နိုင်မှာလဲ။ ဒါကြောင့် သူအိမ်ပြန်လာတုန်း ကောင်းကောင်းစားရအောင် ငါ ချက်ထားတာ။”

ရှောင်လင်းယဲ့ ဝင်လာလာခြင်းပင် ထိုစကားကို ကြားလိုက်ရခြင်းဖြစ်သည်။

သူက ချက်ချင်းပင် ဝင်ပြောလာသည်။ “အမေရယ် သားက အပတ်တိုင်းပြန်လာနေတာပါနော်။ ပြီးတော့ သားပြန်လာတိုင်း ဒီလိုစားပွဲအပြည့်နဲ့ အကြိုဆိုမခံရပါဘူး။” သူက စားပွဲဆီသို့လျှောက်လာကာ အလွန်အကြူးချဲ့ကားပြောလာသည်။ “ကြည့်ပါဦး၊ စားပွဲတောင် ကျိုးကျတော့မယ်။ အမေ၊ သားကတော့ ဒါတွေ သားအတွက် ပြင်ဆင်ပေးထားတာပါလို့ မယုံနိုင်ပါဘူးနော်။ ပြောပါဦး။ ဘာတွေဖြစ်နေတာလဲ။”

ထို့နောက် သူကလက်ခုပ်တစ်ချက် ထတီးလိုက်ကာ၊ “အမေ၊ မဟုတ်မှ အဖေနဲ့အမေတို့ သားအတွက် ညီလေး ဒါမှမဟုတ် ညီမလေးတစ်ယောက် မွေးပေးတော့မလို့လား။”

မေမေရှောင်၏မျက်နှာမှာ နီမြန်းသွားပြီး ရှောင်လင်းယဲ့ကို လှမ်းရိုက်လိုက်လေသည်။ “ကောင်စုတ်လေး၊ ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ။ မင်းအဖေနဲ့ငါက အဲ့လိုအသက်အရွယ်ကို ကျော်လွန်သွားပြီ။ နင် စားရသောက်ရတော့မှာကိုပဲ ကျေးဇူးတင်လိုက်စမ်းပါ။ ဘာလို့ အမေးအမြန်းတွေထူနေတာလဲ။”

ရှောင်လင်းယဲ့၏နှုတ်ခမ်းများ ကွေးတက်သွားလေသည်။ “အမေ၊ သားကို အပြစ်တင်ရက်တယ်ပေါ့။ ပုံမှန်ဆို သားအိမ်ပြန်လာတိုင်း ကြက်ဥအပိုတစ်လုံး ဒါမှမဟုတ် ကြက်ပေါင်တစ်ချောင်းပဲ ရတာလေ။ အခုတော့ကြည့်ပါဦး၊ လုံးဝကို ကွာခြားသွားလိုက်တာ။ သားဘယ်လိုလုပ် သံသယမဝင်ဘဲ နေနိုင်ပါ့မလဲ။”

မေမေရှောင်က မျက်လုံးသာလှန်လိုက်ပြီး ဗီရိုထဲက ဝိုင်ဖြူတစ်ပုလင်းကို ထုတ်ယူလိုက်သည်။

ရှောင်လင်းယွီက ထိတ်လန့်တကြား မျက်လုံးပြူးမျက်စံပြူးဖြင့် ထအော်လာတော့သည်။ “အမေ၊ သားအတွက် ဘာအငယ်လေးမှရှိမနေဘူးဆိုတာ သေချာရဲ့လား။ အမေ အခု ဝိုင်ကိုတောင် ထုတ်လာတာလေ။ အရင်ကဆို နှစ်သစ်ကူး ဒါမှမဟုတ် အိမ်မှာ ဂုဏ်ပြုစရာကြီးကြီးမားမား မရှိသ၍ အမေ အဖေ့ကို သောက်ခွင့်မှမပေးတာ။”

မေမေရှောင်၏မျက်နှာမှာ ထပ်ပြီး နီမြန်လာခဲ့ပြန်သည်။ စားပွဲဝိုင်းတွင် အတူတကွ ထိုင်နေသည့် ဖေဖေရှောင်ပင်လျှင် ခရမ်းချဉ်သီးသဖွယ် နီရဲလာကာ အသံတိုးတိုးဖြင့် ပြောလာခဲ့သည်။ “ရှောင်လင်းယဲ့၊ ကောင်စုတ်လေး၊ မင်းမိဘတွေကို မစဘဲ မနေနိုင်ဘူးလား။ ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။ မင်းလုပ်တာ မင်းအမေမျက်နှာ ဘယ်လောက်တောင် နီနေပြီလဲ ကြည့်ဦး။” ဖေဖေရှောင်က ပြောရင်း ပြုံးပါပြုံးနေသေးသည်။

ဖေဖေရှောင်ကပါ သူမကို ထိုသို့ စလာတာကြောင့် မေမေရှောင်တစ်ယောက် ပို၍ ရှက်ရွံ့လာကာ ဒေါသအဖြစ်သို့ပြောင်းလဲသွားပြီး အော်ဟစ်လိုက်တော့သည်။ “ရှင်တို့နှစ်ယောက် အပြင်မှာ တစ်နာရီသွားရပ်နေကြ။ ယွီအာ၊ သူတို့ကို စောင့်ကြည့်ထား၊ နည်းနည်းလေးမှ မလျော့စေနဲ့။”

သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်အပြစ်တင်ရင် ပြစ်ဒဏ်ကို ခံယူရန် အပြင်သို့ ထွက်လာခဲ့ကြသည်။ ရှောင်လင်းယွီမှာ သူမအဖေနှင့်မောင်၏ဖြစ်အင်ကို သနားသွားတာကြောင့်၊”အမေကလည်း တစ်နာရီသာဆို အစားအသောက်တွေ အေးကုန်မှာပေါ့။”

မေမေရှောင်က ထမင်းတစ်ပန်းကန်ကို ခပ်ယူနေရင်း၊ “အဲ့တော့ဘာဖြစ်လဲ။ အေးတာပဲ စားကြပေါ့။”

“ဒါပေမယ့်…” ရှောင်လင်းယွီက ဆက်ပြောဖို့ လုပ်လိုက်သော်လည်း မေမေရှောင်က သူမစကားကို ဖြတ်ပြောလိုက်သည်။ “ရှောင်လင်းယွီ၊ နင်ပါ သူတို့နဲ့တစ်ခါတည်းဝင်ရပ်ချင်လို့လား။”

ရှောင်လင်းယွီတစ်ယောက် ချက်ချင်းပင် ပါးစပ်ပိတ်သွားကာ ထမင်းပန်းကန်ကိုကိုင်ကာ နာနာခံခံဖြင့် ထမင်းစခူးလိုက်လေသည်။

ရုတ်တရက် မေမေရှောင်က မေးလာခဲ့သည်။ “ယွီအာ၊ ဟို ချန်းမိသားစုက ကလေး ဓားထိုးခံရတာ ပြင်းထန်လား။”

ထိုမိသားစုနှစ်စု ချန်းယန်၏မိသားစုကို ငွေချေးဖို့ ပတ်ရှောင်နေကြသည့်သတင်းက အနီးအနားရှိရွာများအပြင် မြို့အထိပါ ပျံ့နေပြီဖြစ်သည်။

ရှောင်လင်းယွီက ခေါင်းသာယမ်းလိုက်သည်။ “သမီးလည်း သေချာမသိဘူး။ ကိုယ့်ဘာသာ ကာကွယ်ဖို့လုပ်ရင်းပဲ အလုပ်များနေခဲ့တာ။ ကျောက်ဝမ်မန့်က ချန်းယန်ကို ဓားနဲ့ထိုးပြီးတော့ သမီးကိုပါ ဆက်ထိုးဖို့လုပ်…” ချက်ချင်းပင် ရှောင်လင်းယွီ ပြောလက်စကို ရပ်လိုက်လေသည်။ ထိုအကြောင်းအရာအထိ သူမမိသားစုကို ပြောမှမပြောရသေးဘဲ။

“ဘာ?” ရုတ်တရက် မေမေရှောင်၏တူက အောက်သို့ လွတ်ကျသွားတော့သည်။ ထို့နောက် သူမက ရှောင်လင်းယွီကို သေချာကြည့်ကာ အပြင်သို့ လှမ်းအော်လိုက်လေသည်။ “ယွီအာ့အဖေ ပြန်ဝင်လာခဲ့ဦး။”

ဖေဖေရှောင်က စိုးရိမ်တကြီးဖြင့် အပြေးကလေးရောက်လာခဲ့သည်။ “ဘာဖြစ်လို့လဲ။”

မေမေရှောင်က ထိတ်လန့်နေစဲအမူအရာဖြင့်၊ “အခုလေးတင် ယွီအာက ချန်းမိသားစုကကလေးကို ဓားနဲ့ထိုးတဲ့မိန်းကလေးက သူ့ကိုပါ ဓားနဲ့ထိုးခါနီးပဲလို့ ပြောလိုက်တယ်။”

ရှောင်လင်းယွီ၏အဖေနဲ့မောင်မှာ အလွန်ပူပန်သွားကြကာ ရှောင်လင်းယွီကို စစ်ဆေးရင်း စိုးရိမ်တကြီး မေးမြန်းကြလေသည်။ “ယွီအာ၊ ထိခိုက်မိသွားသေးတာလား။”

ရှောင်လင်းယွီက သူမအတွက် စိုးရိမ်နေကြသည့်မိသားစုအား အမြန်ပင် ရှင်းပြလာခဲ့သည်။ “သမီးအဆင်ပြေပါတယ်။ မစိုးရိမ်ကြပါနဲ့။ သမီးရှင်းပြမယ်။”

ရှောင်လင်းယွီ ပုံစံက တကယ်ကို အဆင်ပြေနေပုံရတာကြောင့် သူမမိသားစုလည်း နောက်ဆုံးမှာတော့ သက်ပြင်းမောချနိုင်သွားကြသည်။

ထို့နောက် မေမေရှောင်က အလောတကြီးဖြင့်၊ “ကောင်မလေး၊ ဘာတွေဖြစ်ခဲ့တာလဲ အကုန်လုံး ငါတို့ကို မြန်မြန်ပြောစမ်း။ နင် တစ်ခုခုဖုံးကွယ်ဖို့လုပ်ရဲလို့ကတော့ နင့်ကို ဘယ်တော့မှခွင့်မလွှတ်ဘူး။ အခုလေးတင် ငါ့ကိုနှလုံးရောဂါရအောင် လုပ်မိလုနီးနီးပဲ။”

ရှောင်လင်းယွီက အပြစ်မကင်းစွာဖြင့် ပြန်ပြောလာခဲ့သည်။ “အဖေနဲ့အမေ့ကို စိုးရိမ်ရအောင် လုပ်မိတဲ့အတွက် သမီးတောင်းပန်ပါတယ်။ ဒီတစ်ခေါက်တော့ သမီးအားလုံး ပြောပြပါ့မယ်။ နောက်ထပ် ဘာလျှို့ဝှက်ချက်မှ ထပ်မရှိရတော့ပါဘူး။“

ရှောင်လင်းယွီက သူမမိသားစုကို တချိန်လုံး စိုးရိမ်ပူပန်နေရမည့်အခြေအနေမျိုးဖြင့် မနေလိုစေပေ။ ထို့ကြောင့် ကိစ္စအားလုံးကို သူမမိသားစုအား ပြောပြလိုက်သည်က ပိုကောင်းမည်ဟု ခံစားလိုက်ရသည်။ ဒါပေမယ့် သူတို့လက်ခံနိုင်ပါ့မလား။

***

All Chapters