အရာအားလုံးဖွင့်ဟဝန်ခံခြင်း
Vol. 4 Ch. 53
ရှောင်လင်းယွီက တကယ်ကိုပင် ကိစ္စအားလုံးကို ဝန်ခံခဲ့သည်… ကျောက်စိမ်းဆွဲပြားကလွဲပြီးပေါ့။ ဘာပဲဖြစ်ဖြစ် ထိုကျောက်စိမ်းဆွဲပြားသည် ကောင်းချီးတစ်ခုလား ကျိန်စာတစ်ခု ဖြစ်နေမလားဆိုတာ သူမမှ မသိသေးဘဲ။ ထို့ကြောင့် သိထားသည့်လူနည်းလေ ပိုကောင်းလေပင်။ သူမမိသားစုကိုပါ မလိုလားအပ်သည့်အန္တရာယ်တွေကြား ဆွဲမထည့်လိုပေ။
ရှောင်လင်းယွီ၏အမူအရာက ပိုပိုပြီးလေးနက်လာခဲ့သည်။ “အဖေ၊ အမေ၊ သမီး အားလုံးကိုပြောပြပြီးသွားရင် အမေတို့ စိတ်ကိုပွင့်ပွင့်လင်းလင်းမြင့်တတ်စေချင်တယ်။”
မေမေရှောင်နှင့်ဖေဖေရှောင်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ သူတို့၏အမူအရာသည်လည်း အလွန်လေးနက်လာကြသည်။ လူအိုစုံတွဲမှာ အကြည့်များဖြင့် သူတို့အတွေးများကို ဖလှယ်လိုက်ကြသည်။ ‘ကြည့်ရတာ ယွီအာတော့ ငါတို့ကို တစ်ခုခုဖုံးကွယ်ထားတာပဲ။ ပြီးတော့ လေသံအရ အရမ်းလည်း လေးနက်တဲ့ကိစ္စပဲ။’
ဖေဖေရှောင်ကစပြီး၊ “ကောင်းပြီ၊ ယွီအာ။ ဘာပဲဖြစ်ဖြစ် အဖေတို့ သမီးဘက်ကပဲရှိနေမယ်။”
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။ “ဒါဆို စကြတာပေါ့…”
ရှောင်လင်းယွီသည် သူမကို မာကတ်တင်းဌာနမန်နေဂျာက Marriottဟိုတယ်သို့ ဖုန်းဆက်ခေါ်သည့်နေရာမှ စပြောလာခဲ့သည်။ သူတို့က သူမကို ဆေးခပ်ကာ လူအိုကြီးတစ်ယောက်ဆီသို့ လက်ဆောင်ပစ္စည်းတစ်ခုလို ဆက်သလိုက်ပုံကို ပြောပြခဲ့သည်။ သို့သော်လည်း ဘယ်လိုကနေဘယ်လိုမှန်းမသိ သူမသည် လူငယ်သူစိမ်းယောက်ျားတစ်ယောက်၏ ကုတင်ထက်တွင် အဆုံးသတ်သွားခဲ့သည်။ အမှန်တရားကိုသိလိုက်ပြီးနောက် သူမလည်း ဟိုတယ်မှထွက်ကာ လမ်းပေါ်က တွေ့ရာယောက်ျားတစ်ယောက်ကို ဆွဲလာပြီး လက်စားပြန်ချေဖို့ရန် ကုမ္ပဏီသို့ ပြန်ခဲ့သည်။ သူမ လမ်းပေါ်က ဆွဲလာသည့်လူမှာ သခင်လေးယန်ဖြစ်နေခဲ့သည်။ သူက ချန်းယန်ယောက္ခမ၏ကုမ္ပဏီကိုဝယ်ကာ ပြီးပြည့်စုံသည့် လက်စားချေမှုဖြစ်အောင် သူမကို ကူညီပေးခဲ့သည်။ ထို့နောက် ချန်းယန်က သူ့ဇနီးအသစ် ကျောက်ဝမ်မန့်ကို ရန်စကားများပြောလာတာကြောင့် ကျောက်ဝမ်မန့်က အသီးခွဲဓားကိုဆွဲကာ ချန်းယန်ကို ထိုးလိုက်ခြင်းဖြစ်သည်။
လူတိုင်းထိတ်လန့်နေစဉ်မှာပင် ကျောက်ဝမ်မန့်က ရှောင်လင်းယွီကိုပါ ဓားနှင့်ထိုးဖို့လုပ်ခဲ့သည်။ ကျေးဇူးတင်စရာကောင်းစွာပင် သခင်လေးယန်က တုံ့ပြန်မှုက လျင်မြန်တာကြောင့် ကျောက်ဝမ်မန့်လက်ထဲမှ အသီးခွဲဓားကို ကန်ထုတ်လိုက်နိုင်လေသည်။
ကျောက်ဝမ်မန့် ကိုယ်ဝန်ပျက်ကျသည့်အတွက် လူတိုင်း၏အာရုံက ပြောင်းသွားခဲ့ကြသည်။ ထိုအချိန်မှာပဲ ကျောက်ဝမ်မန့်၏အဖေက အသီးခွဲဓားကို ကောက်ကာ ရှောင်လင်းယွီထံ တိုးဝင်လာပြန်သည်။ သခင်လေးယန်ကပဲ သူမကို နောက်တစ်ကြိမ် ထပ်ကယ်ခဲ့ကာ ရှောင်လင်းယွီလည်း အပေါ်ယံဒဏ်ရာလောက်သာ ရသွားခဲ့သည်။
ထို့နောက် သူမလည်း သူမပစ္စည်းများကိုသိမ်းကာ အိမ်ပြန်လာခဲ့သည်။
ရှောင်လင်းယွီ၏ရိုးရှင်းသောဇာတ်လမ်းတစ်ပုဒ်က သူမမိသားစုကိုတော့ ကြောက်လန့်တုန်လှုပ်သွားစေခဲ့လေသည်။ သူတို့နှလုံးမှာ ရိုလာကိုစတာစီးနေရသလိုမျိုး နှိမ့်ချည်မြင့်ချည်ဖြင့် ခံစားချက်အမျိုးစုံနေတော့သည်။
မေမေရှောင်က ငိုယိုရင်းအော်ငေါက်ဆူပူတော့သည်။ “မိုက်မဲလိုက်တဲ့ကလေး၊ ဒီလောက်ကိစ္စတွေ အများကြီးဖြစ်ခဲ့တာတောင် ဘာလို့ အမေတို့ကို ဖုံးကွယ်ထားရတာလဲ။ မတော်တဆသာ မပြောထွက်ခဲ့မိရင် အမေတို့ကို ဘယ်လောက်ကြာတဲ့အထိ ဖုံးကွယ်ထားဖို့ တွေးနေတာလဲ။”
ထို့နောက် မေမေရှောင်က ရှောင်လင်းယွီကို ထိုင်ခံပေါ်မှ ဆွဲထူလိုက်ကာ သူမဒဏ်ရာရခဲ့သည်ဆိုသည့်နေရာကို အသေးစိတ် ကြည့်ရှု စစ်ဆေးတော့သည်။ သူမသမီး၏ ချောမွေ့နေသည့် အရေပြားကိုကြည့်ပြီး မေမေရှောင် မျက်မှောင်ကြုတ်သွားလေသည်။ “ပြောတော့ ဒဏ်ရာရခဲ့တယ်ဆို။ ဘယ်လိုလုပ် ဒဏ်ရာရခဲ့တယ်လို့တောင် မထင်ရတာလဲ။”
ထိုအချင်းအရာက ရှောင်လင်းယွီအတွက်လည်း ရှင်းပြရခက်ပေသည်။ ဒါကြောင့် သူမက တွေ့ရာအကြောင်းပြချက် တစ်ခုကိုသာ ကောက်ပေးလိုက်တော့သည်။ “အမေကလည်း သမီးဒဏ်ရာက အသေးအမွှားလေးပါဆို။ ဆေးလိမ်းလိုက်တာနဲ့ ပျောက်သွားပြီလေ။”
မေမေရှောင်က သူမပြောသည်ကို ယုံကြည်သွားခဲ့သည်။ ရှောင်လင်းယွီ အန္တရာယ်ကင်းကြောင်း သေချာသွားသည်နှင့် သူမဇာတ်လမ်းထဲရှိ အခြေားအသေးစိတ်အကြောင်းအရာများကို ခွဲခြားတွေးတောရန် အချိန်ရောက်ပေပြီ။ ရှောင်လင်းယွီတစ်ယောက် တခြားယောက်ျားတစ်ယောက်နှင့် အိပ်မိအောင် အကွက်ချခံရသည့်အကြောင်းကို မေမေရှောင် မမေ့ခဲ့ပါချေ။
မေမေရှောင်၏အမူအရာက ပြောင်းလဲသွားပြီး၊ “ရှောင်လင်းယွီ၊ ချန်းယန်နဲ့ အဲ့ဒီမိန်းမက နင့်ကို အကွက်ချခဲ့တာမဟုတ်လား။ ဘာလို့ သူ့မိသားစုရှိနေတုန်းက ဘာမှမပြောလိုက်ရတာလဲ။”
မေမေရှောင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလာခဲ့သည်။ “အဲ့လူယုတ်မာ ဘယ်လိုကြောင့် ဒီလောက်တောင် နှလုံးသားမဲ့ရတာလဲ။ နင်နဲ့ သူတွဲခဲ့တာ ၁၀နှစ်လောက်ရှိခဲ့ပြီ။ ၁၀နှစ်ဆိုတဲ့အချိန်ကတောင် သူ့ကို တခြားမိန်းမတစ်ယောက် ဆွဲဆောင်တာကို မခံနိုင်ခဲ့ဘူး။ ဒါပေမယ့် အဲ့ဒါလည်းရပါသေးတယ်။ လူတိုငိးမှာ ချစ်ခွင့်ရှိတာပဲ။ သူက တခြားတစ်ယောက်ကို ရွေးချယ်သွားမှတော့ဖြင့် ယွီအာနဲ့ လမ်းခွဲလိုက်ရင်ပြီးရောပေါ့။ ဘာလို့ ယွီအာကို ဒီလိုမျိုးလုပ်ရက်ရတာလဲ။ ယွီအာရဲ့ဂုဏ်သိက္ခာမပျက်စီးမခြင်း ဘာလို့ မကျေနပ်နိုင်ရတာလဲ။”
ရှောင်လင်းယဲ့၏မျက်နှာသည် ဒေါသထွက်လွန်း၍ နီရဲနေကာ ဒေါသတကြီး ပြောလာခဲ့သည်။ “အဲ့ခွေးကောင် မကောင်းဆိုးဝါးကောင်။ ကျွန်တော် အခုချက်ချင်း သူ့ကိုသွားရှာမယ်။ ကျွန်တော့်အစ်မကို အနိုင်ကျင့်ရင် ဘယ်လိုအကျိုးဆက်မျိုးခံစားရမလဲ သေချာပြရတာပေါ့။” ရှောင်လင်းယဲ့ပုံစံမှာ ကျွဲရိုင်းတစ်ကောင်လိုပင်။ သူ့ကိုသာ လွှတ်ထားပေးလိုက်ပါက ပြဿနာအကြီးကြီးတက်သွားနိုင်သည်က သိသာလှသည်။
ချက်ချင်းပင် ရှောင်လင်းယွီက ရှောင်လင်းယဲ့ကို ပြန်ဆွဲထားလိုက်သည်။ “မောင်လေး၊ စိတ်ကိုလျော့။ အရမ်းမလောနဲ့။ ငါပြောတာနားထောင်ဦး။ ငါလည်း လက်စားပြန်ချေပြီးသွားပါပြီ။ သူလုပ်ခဲ့သမျှကို ပြန်ပေးဆပ်ပြီးသွားပြီ။ သူ့အနာဂါတ်က လွယ်ကူတော့မယ်လို့ မထင်ဘူး။”
ရှောင်လင်းယဲ့က သူ့အစ်မကို ကြည့်လိုက်ကာ၊ “ဒါပေမယ့် အစ်မရယ်က သူက မကောင်းတဲ့ကောင်ပဲ။ ကျွန်တော်လက်နှစ်ဖက်နဲ့ သူ့ကို သတ်ရမှကိုဖြစ်မယ်။”
“မင်း အဲ့လိုသွားလုပ်ရင် မင်းသူနဲ့အတူ လိုက်သေဖို့သွားတာပဲဖြစ်နေမှာပေါ့။” ဖေဖေရှောင်က ပြောလိုက်သည်။ “အဲ့လိုတိရိစ္ဆာန်ကောင်အတွက် မင်းကိုယ်မင်းပါ အနစ်နာခံဖို့ မတန်ဘူး။”
အစတုန်းက ချန်းယန်သည် သူမကို သစ္စာဖောက်ကာ တခြားမိန်းမတစ်ယောက်နှင့် တွဲသည်ဟုသာ ရှောင်လင်းယွီက ပြောခဲ့သည်။ ချန်းယန်က ထိုမိန်းမနှင့်အတူရှိနိုင်ရေးအတွက် ယွီအာကို ဖျက်ဆီးရန် ဒီလိုမျိုး ရက်စက်သည့်နည်းလမ်းများသုံးခဲ့သည်ကိုတော့ ရှောင်လင်းယွီက မပြောပြခဲ့ပေ။
ချန်းယန်သည် ဖြောင့်မတ်သည့်လူငယ်တစ်ယောက်ဟု ထင်ရသော်လည်း တကယ်တမ်း တိရိစ္ဆာန်တစ်ကောင်ထက်ပင် ဆိုးလှသည်။
သူက ယွီအာကို ဆေးခပ်ကာ သတင်းဆိုးများပင် ဖြန့်ခဲ့သေးသည်။ ထိုကောင် ဘယ်လောက်တောင် ကောက်ကျစ်လဲဆိုသည်ကို ရှောင်မိသားစုပင် စဉ်းစားမရတော့ပေ။
မေမေရှောင်က၊ “ယဲ့အာ၊ စိတ်မလောနဲ့။ မင်းအစ်မပြောတာ နားထောင်လိုက်။ အဲ့တိရိစ္ဆာန်ကောင်လည်း သူ့လုပ်ရပ်သူ ပြန်ခံသွားရပြီ။ သူ့ဇနီးဆီက ဓားနဲ့အထိုးခံရပြီး အခုဆို ဆေးရုံကုတင်ပေါ် လှဲနေရပြီ။”
ရှောင်လင်းယဲ့လည်း စိတ်ကိုပြန်လျှော့လိုက်ပြီး ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ “ဟုတ်တယ်။ အဲ့လိုတိရိစ္ဆာန်ကောင် ကျွန်တော်တို့ဘဝကို ပြန်စတေးလောက်ဖို့အထိ မတန်ဘူး။”
ရှောင်လင်းယဲ့ ပြန်ထိုင်လိုက်ပြီးနောက် မေမေရှောင်၏ စူးရှသောအကြည့်များက ရှောင်လင်းယွီထံသို့ ပြန်ရောက်လာပြန်သည်။ “နင့်ကို ဟိုတယ်ကိုလာခိုင်းတယ်။ ပြီးတော့ ဆေးခပ်ခံရပြီး ယောက်ျားတစ်ယောက်နဲ့ အိပ်မိသွားတယ်။ ရှောင်လင်းယွီ နင် ငါတို့ကို ဘယ်လိုလုပ် ဒီလောက်ကိစ္စတွေအများကြီး ဖုံးကွယ်ထားရတာလဲ။ ဘယ်အချိန်ထိများ ဆက်ပြီး ဖုံးကွယ်ထားဖို့ စီစဉ်ထားလဲ။ နင့်ဗိုက်က ဖုံးထားလို့မရအောင်အထိ ဖောင်းကားလာတော့မှပြောဖို့များ တွေးထားတာလား။”
မေမေရှောင်၏ နောက်ဆုံးစကားကိုကြားပြီးနောက် ရှောင်လင်းယွီ၏မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။
မေမေရှောင်ကလည်း သူမတုံ့ပြန်မှုကို အမိအရပင် ဖမ်းမိသွားကာ မေးလာခဲ့သည်။ “ရှောင်လင်းယွီ၊ သမီး ကိုယ်ဝန်ရှိနေပြီလား။” ရှောင်လင်းယွီသည် သူမသမီးဖြစ်တာကြောင့် သူမတွေးမိသည့်အရာကို အလွယ်တကူပင် ထုတ်ပြောမိလိုက်သည်။ ‘ယွီအာမှာ တကယ်ပဲ ကိုယ်ဝန်ရှိနေပြီလား။’ ထို့နောက် မေမေရှောင် တုံ့ဆိုင်းမိသွားသည်။ ‘ဒါပေမယ့် မိန်းမတစ်ယောက် ကိုယ်ဝန်ရှိပြီဆိုရင် အနည်းဆုံး တစ်လကျော်ပြီးမှ သိတာမဟုတ်ဘူးလား။ ယွီအာ အိမ်ပြန်လာတာ ရက်ပိုင်းလေးပဲရှိသေးတာလေ။ ဘယ်လိုလုပ် သူ့မှာကိုယ်ဝန်ရှိနေပြီမှန်း သူသိမှာလဲ။’
ရှောင်လင်းယွီက ချက်ချင်းပင် ခေါင်းခါလိုက်သည်။ “မသိဘူး။ သမီးလည်း မသိဘူး။” သူမ၏အဖေကို ရည်ရွယ်ချက်ရှိရှိ မရေမရာပြောလိုက်သည်။
မေမေရှောင်၏မျက်နှာက မည်းမှောင်သွားတော့သည်။ “ရှောင်လင်းယွီ၊ ဒါပြဿနာကြီးပဲ။ နင် ရိုးရိုးသားသားရင်ဆိုင်မှဖြစ်မယ်။”
ရှောင်လင်းယွီ ခဏလောက်တွေးလိုက်ပြီးနောက် သူမအမေကိုကြည့်လိုက်ကာ သတိထားပြီး မေးလိုက်သည်။ “အမေ၊ တကယ်လို့လေ၊ တကယ်ကို တကယ်လို့များ သမီး ကိုယ်ဝန်ရှိနေရင် ဘာလုပ်သင့်လဲ။”
မေမေရှောင်က တွေးတောင်မတွေးနေဘဲ ချက်ချင်းပင် ပြန်ပြောလိုက်သည်။ “သေချာပေါက် ကိုယ်ဝန်ဖျက်ချဖို့ လုပ်ရမှာပေါ့။” ဒီကလေးမှာ အဖေတောင်မှမရှိတာ။ သူ့ကို ဆက်ထားလျှင် ရှောင်လင်းယွီ၏ဂုဏ်သတင်းကိုသာ ပျက်စီးစေပေလိမ့်မည်။
ရှောင်လင်းယွီ၏မျက်နှာမှာ အရောင်အသွေးမဲ့သွားပြီး၊ “ဒါပေမယ်.. သူက အသက်တစ်သက်ပဲလေ အမေ။”
သူမ၏အတိတ်ဘဝတွင် ထိုကလေးကို ဖျက်ချလျှင် ရှောင်လင်းယွီ၏အသက်ကိုပါ ထိခိုက်နိုင်တာကြောင့် မွေးလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမမိသားစုက ကလေးကို လက်ခံခဲ့ကြသည်။ သို့သော်လည်း အခုချိန်မှာတော့…
ရှောင်လင်းယွီကို အကြောက်တရားတစ်ခုက လွှမ်းခြုံသွားကာ ခက်ခက်ခဲခဲဖြင့် ပြောလာခဲ့သည်။ “အမေ၊ တကယ်လို့ သမီးကိုယ်ဝန်ရှိနေရင်… သမီး… သမီး သူ့ကိုမွေးချင်တယ်။”
သူမသည် ရှောင်ထုန်အပေါ် အကြွေးများစွာတင်နေပြီးဖြစ်သည်။ သူမ ပြန်လည်ဖြည့်ဆည်းပေးရမည်… သို့သော်လည်း ရှောင်ထုန်ကို မွေးဖွားဖို့ဆိုသည်က သူမအတွက် အလွန်ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်းတစ်ခုဖြစ်နေမည်ပင်။ ဘာပဲဖြစ်ဖြစ် ရှောင်လင်းယွီ ထိုခရီးကို လျှောက်မှဖြစ်မည်။ ရှောင်ထုန်ကိုလည်း မွေးမှကိုဖြစ်မည်။
***