မေမေရှောင်၏သဘောထားကို စမ်းသပ်ခြင်း
Vol. 4 Ch. 54
“အမေ၊ သမီးတကယ်ပြောနေတာ။” ရှောင်လင်းယွီက ခိုင်ခိုင်မာမာ ထပ်ပြောလိုက်သည်။ “တကယ်လို့ ကလေးသာရှိနေပြီဆိုရင် သမီး သူ့ကိုရအောင်မွေးမယ်။” သူမတွင် ရှောင်ထုန်ရှိနေမှဖြစ်မည်။
မေမေရှောင်သည် ရှောင်လင်းယွီ၏ဆုံးဖြတ်ချက်ကြောင့် ထိတ်လန့်သွားခဲ့သည်။ ဖေဖေရှောင်နှင့် ရှောင်လင်းယဲ့သည်လည်း ရှောင်လင်းယွီကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
ထို့နောက် မေမေရှောင်ကအရင် အသိစိတ်ပြန်ဝင်လာခဲ့လေသည်။ သူမ၏လေသံက တင်းမာနေပြီး၊ “ရှောင်လင်းယွီ၊ နင်ရူးသွားတာလား။ နင်သာ အဲ့ကလေးကို တကယ်မွေးလိုက်ရင်၊ တခြားလူတွေက သူ့ကိုဘယ်လိုမြင်ကြမလဲ။ သူ့ကို အဖေမပေါ်တဲ့ လူယုတ်မာလေးလို့ပဲ မြင်ကြမှာ။”
ထို လူယုတ်မာလေးဆိုသည့်စကားလုံးက ရှောင်လင်းယွီ၏နှလုံးသားကို ထိုးဖောက်သွားကာ ခနတာ စိတ်လွတ်သွားလေသည်။
ရှောင်ထုန်သည် ရွာသားထဲရှိ လူကြီးရော ကလေးပါ မထီမဲ့မြင်ပြုခြင်းခံရကာ ကြီးပြင်းလာခဲ့ရသည်။ ကလေးတွေက ရှောင်ထုန်ကို လူယုတ်မာလေးဟုခေါ်ကာ မိဘတွေ၏စွန့်ပစ်ခြင်းကို ခံရသည့်ကလေးဟု ခေါ်ဝေါ်ကြသည်။
“ပြီးတော့.. နင်က ကလေးတစ်ယောက်ဆွဲပြီး လက်ထပ်ဖို့ စိတ်ကူးနေတာလား။” မေမေရှောင်က မေးလိုက်သည်။ ရှောင်လင်းယွီသည် ယောက်ျားတစ်ယောက်နှင့် တစ်ညတာဆက်ဆံရေးရှိလိမ့်မည်ဟု ဘယ်သူမှသိကြမည်မဟုတ်ပေ။ ဤကိစ္စက မကြာခင်ပဲ မေ့ပျောက်သွားကြမည်ဖြစ်သည်။ ဒါကြောင့် ရှောင်လင်းယွီအနေနှင့် ယောက်ျားကောင်းတစ်ယောက်ကိုရှာကာ လက်ထပ်နိုင်ပေသည်။ သို့သော်လည်း သူမတွင်သာ ကလေးတစ်ယောက်ရှိနေပါက အားလုံး ပျက်စီးသွားပေလိမ့်မည်။
အဖေမပေါ်တဲ့ကလေးတစ်ယောက်ရှိနေတဲ့ မိန်းမတစ်ယောက်ကို ဘယ်သူကများ လက်ထပ်ချင်မှာတဲ့လဲ။
ရှောင်လင်းယွီက ခေါင်းမာမာနှင့်ပြန်ပြောလာသည်။ “အမေ၊ အဲ့လိုသာဆို သမီးလက်မထပ်တော့ဘူး။ သမီးဘာသာ ကလေးကို ပျိုးထောင်မယ်။”
“နင်…” မေမေရှောင်သည် သူမသမီး၏ခေါင်းမာမှုကြောင့် ဒေါသထွက်လာတော့သည်။ သူမနှလုံးသည်တော့ နာကျင်ခုန်လှုပ်နေသည်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် သူမနှလုံးတွင် ဘာပြဿနာမှမရှိခဲ့ပေ။ မဟုတ်ပါက နေရာတွင်ပင် ချက်ချင်းအသက်ထွက်သွားနိုင်သည်။
“အမေ၊ အမေ။” ရှောင်လင်းယဲ့က ချက်ချင်းပင် အခြေနေကို ဝင်ထိန်းလိုက်သည်။ “စိတ်မဆိုးပါနဲ့။ အစ်မက ဖြစ်နိုင်ချေကိုပဲ ပြောနေသေးတာပါ။”
ဖေဖေရှောင်ကတော့ ဆူငေါက်လာခဲ့သည်။ “ရှောင်လင်းယွီ၊ ဘာလို့ ဖြစ်မလာသေးတဲ့ကိစ္စအတွက်နဲ့ မင်းအမေကို ဒေါသထွက်အောင် လုပ်နေရတာလဲ။ မင်း အခုထိ ကိုယ်ဝန်ရှိနေသေးတာမှမဟုတ်တာ။ မင်းအမေ ဘယ်လောက်ဒေါသထွက်နေပြီလဲ ပြန်ကြည့်ဦး။”
ပုံမှန်ဆိုလျှင် ရှောင်လင်းယွီသည် နာခံတတ်သည့်ကလေးတစ်ယောက်ဖြစ်သော်လည်း အချို့သော အချိန်များတွင်တော့ လွန်စွာမှ ခေါင်းမာသူတစ်ဦးဖြစ်သည်။ ဥပမာအားဖြင့်၊ သူမအသက်၁၅နှစ်တွင် လူတိုင်း၏ပြောဆိုမှုများ ကန့်ကွက်မှုများကို လျစ်လျူရှုကာ ချန်းယန်နှင့်တွဲခဲ့သည်။ သူတို့ဆက်ဆံရေးက ၁၀နှစ်ပင်ကြာသွားခဲ့သည်။
ဖေဖေရှောင်ပြောတာမှန်ပေသည်။ သို့သော်လည်း ရှောင်လင်းယွီကတော့ သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိနေခဲ့သည်။ လူတိုင်းသိလာမည်မှာလည်း အချိန်သိပ်ကြာတော့မည်မဟုတ်ပေ။ ထို့ကြောင့် သူမအနေနှင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုပေသည်။ သူမကို ကိုယ်ဝန်ဖျက်ချဖို့ အတင်းတွန်းအားပေးမည့်အခြေအနေမျိုး မလိုချင်ပေ။
သူမ၏အတိတ်ဘဝတွင် ရှောင်မိသားစုအတွက် ရွေးချယ်စရာမရှိတာကြောင့် ရှောင်ထုန်ကို မွေးခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ရှောင်ထုန်မွေးပြီးသည်နှင့် ရှောင်မိသားစုသည် သူ့ကိုအလွန်ချစ်ခဲ့ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ထုန်ကို ပြန်မွေးပြီးတာနဲ့ အရာအားလုံးပြောင်းလဲသွားမည်ပင်။ သို့သော်လည်း ရှောင်လင်းယွီ မခန့်မှန်းနိုင်ခဲ့သည့်ကိစ္စများကတော့ ရှိနေစဲဖြစ်သည်။ ဥပမာအားဖြင့် မေမေရှောင်၏လက်ရှိသဘောထားပင်။
ရှောင်လင်းယွီသည် ဖြစ်နိုင်ချေတစ်ခုကိုသာ ပြောနေခြင်းဖြစ်သော်လည်း မေမေရှောင်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်အထိ ဒေါသထွက်နေပြီဖြစ်သည်။ ရှောင်လင်းယွီလည်း သူမမိသားစုကို စိတ်ကြိုတင်ပြင်ဆင်နိုင်အောင် အကောင်းဆုံးကြိုးစားနေခဲ့သည်။ သူမမိသားစုက ရှောင်ထုန်ကို လက်ခံနိုင်အောင် သူမလုပ်နိုင်သမျှအားလုံး လုပ်နေခဲ့သည်။
“အဖေပြောတာ မှန်ပါတယ်။ အခုထိ ဘာလက္ခဏာမှ မပြသေးတာ။” ရှောင်လင်းယွီကပြောလိုက်ပြီးနောက် မေမေရှောင်ကိုကြည့်ကာ တောင်းပန်လိုက်သည်။ “သမီးတောင်းပန်ပါတယ်၊ အမေ။”
သူမသမီးက ပြန်တောင်းပန်လာတာကြောင့် မေမေရှောင်၏စိတ်အခြေအနေက ပြန်လည်ပျော့ပျောင်းသွားခဲ့သည်။
သူမက သက်ပြင်းအသာချကာ၊ “မေ့လိုက်တော့။ သားသမီးတွေဆိုတာ မိဘတွေရဲ့ အရင်ဘဝက အကြွေးရှင်တွေလို့ပြောကြတာပဲကို။ ယွီအာ၊ သမီးက အမြဲတမ်း နာနာခံခံနဲ့ ဉာဏ်ကောင်းတဲ့ကလေးပဲ။ ဒါပေမယ့် တခါတလေ သမီးခေါင်းမာလိုက်သမျှက အမေတို့ကို အစိုးရိမ်ရဆုံးကိစ္စဖြစ်နေတတ်တယ်။” ဥပမာ ချန်းယန်နဲ့တွဲတဲ့ကိစ္စမျိုးပေါ့။
ရှောင်လင်းယွီက ထပ်ပြောလာပြန်သည်။ “သမီးတောင်းပါန်ပါတယ်၊ အမေ။”
“ကောင်းပြီ၊ စားကြရအောင်။” မေမေရှောင်က သူမလက်ကို ယမ်းလိုက်သည်။ “အစားအသောက်တွေတောင် အေးကုန်ပြီ။” ထို့နောက် သူမက အစားအသောက်များကို တစ်ချက်ကြည့်လိုက်ကာ၊ “ငါ ချန်းမိသားစုသတင်းကိုကြားပြီး ဟင်းပွဲနည်းနည်းလောက် ပိုချက်လိုက်တာ။” မေမေရှောင်သည် ပုံမှန်အားဖြင့် လူတွေကို ခွင့်လွှတ်တတ်သူဖြစ်သည်။ ချန်းယန်နှင့် သူ့မိသားစုသည်တော့ ရှောင်မိသားစုကို ဖိအားပေးတာ အရမ်းလွန်သွားခဲ့ပေသည်။ ဒါကြောင့် သူတို့ဒုက္ခရောက်နေသည့်သတင်းကို ကြားပြီး မေမေရှောင် အလွန်ကို ပျော်ရွှင်သွားခဲ့လေသည်။ ထို့ကြောင့်ပဲ ဟင်းပွဲအနည်းငယ် ပိုချက်ပြုတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရှောင်လင်းယွီထံမှ ပေါက်ကွဲစေလောက်မည့်သတင်းကို ကြားလိုက်ရလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ အောင်ပွဲခံချင်သည့်စိတ်မှာ လွင့်ပြယ်သွားရလေသည်။
ရှောင်မိသားစုလည်း နေရာတွင်ထိုင်ကာ ညစာကို စတင်စားသောက်ခဲ့ကြသည်။
မေမေရှောင် ဟင်းပွဲတွေပိုချက်ရသည့် အကြောင်းအရင်းမှန်ကို ဖေဖေရှောင်နှင့် ရှောင်လင်းယဲ့တို့ကြားလိုက်ရချိန် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြတော့သည်။ ရှောင်လင်းယဲ့ကထပ်ပြီး၊ “အမေပြောတာမှန်တယ်။ ကံတရားက ချန်းမိသားစုဆီ ပြန်လှည့်လာနေပြီဆိုမှတော့ သားတို့ အောင်ပွဲခံသင့်တာပေါ့။” သူက ပဲငံပြာရည်ဖြင့်နှပ်ထားသည့် ဝက်သားတစ်တုံးကိုယူကာ ပါးစပ်ထဲသို့ ထည့်ရင်းပြောလိုက်သည်။ ဝက်သားမှာ နူးညံ့လွန်း၍ သူ့ပါးစပ်ထဲတွင်ပင် အရည်ပျော်သွားခဲ့လေသည်။
“အစားကို အာရုံစိုက်စား။” မေမေရှောင်က ရှောင်လင်းယဲ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။ “ပြီးတော့ ဒီကိစ္စကို အိမ်ထဲမှာပဲ ပြောသင့်တယ်ဆိုတာ မြဲမြဲမှတ်ထား။ အပြင်မှာ ဘာမှလျှောက်မပြောနဲ့။”
ရှောင်လင်းယဲ့က ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့၊ ချန်းမိသားစုအကြောင်း အပြင်မှာ လျှောက်ပြောလောက်တဲ့အထိ သားက ပါးစပ်မဖွာပါဘူး။”
လူများသည် တခါတရံ အားနည်းသည့်လူအပေါ် သနားတတ်ကြသည်။ ချန်းမိသားစုသည် တကိုယ်ကောင်းဆန်ကာ လောဘကြီးသူများဖြစ်သော်လည်း အခုချိန်တွင် ဒုက္ခပြန်ခံနေရပြီဖြစ်သည်။ ရှောင်မိသားစုသာ အရမ်းဝမ်းသာပြနေပါက လူတွေက သူတို့ကိုသာ နှလုံးသားမဲ့သည်ဟု ပြန်လည်စွပ်စွဲလာကြလိမ့်မည်။
ရှောင်လင်းယဲ့က နောက်ထပ် ဝက်သားနှပ်တစ်တုံးကို လက်လှမ်းလိုက်တာကြောင့် မေမေရှောင်က သူ့တူကို ရိုက်ချလိုက်ကာ၊ “ရှောင်လင်းယဲ့ တော်သင့်ပြီ၊ နင်တစ်ယောက်တည်း ပန်းကန်တစ်ဝက်ကျိုးနေပြီ။ ဘာလို့ စားတာ အဲ့လောက်မြန်ရတာလဲ။”
ရှောင်လင်းယဲ့က ဗလုံးဗထွေးဖြင့် ညည်းတွားလာခဲ့သည်။ “အမေရယ်၊ ကျောင်းမှာ ဘယ်လိုတွေကျွေးလဲ အမေမှမသိတာ။ သူတို့က အမြဲတမ်း မုန့်ပေါင်းနဲ့ အသီးအရွက်ချဉ်ပဲကျွေးတာ။ သား တစ်ပတ်လုံး အဲ့ဒါတွေပဲစားခဲ့ရတာ။ အခုမှ အိမ်ပြန်ရောက်တုန်း သားအတွက် ပရိုတင်းဓာတ်လေး ဖြည့်တင်းရမှာပေါ့။ ပြီးတော့ ဝက်သားနှပ်က သားအကြိုက်ဆုံးဟင်းမှန်း အမေလည်း သိနေတာပဲ။”
မေမေရှောင်ကတော့ မျက်လုံးသာလှန်လိုက်မိတော့သည်။ “တကယ်လား။ နင် မုန့်ပေါင်းနဲ့ အသီးအရွက်ချဉ်ပဲ စားခဲ့ရတယ်ပေါ့။ ရှောင်လင်းယဲ့ နင် အရင်တစ်ပတ်တုန်းက ဝက်ပေါင်ခြောက်ငရုတ်နှစ်တစ်ဘူးကြီး ထည့်သွားတယ်လို့ ဘာလို့များ ငါမှတ်မိနေပါလိမ့်။ ပြီးတော့ အဲ့အပတ်မတိုင်ခင်ကလည်း နင့်အတွက် အမဲသားနဲ့ဂျင်းကြော်ထည့်ပေးလိုက်ပါသေးတယ်။ ပြီးတော့ အဲ့မတိုင်ခင်ကလည်း…”
ရှောင်လင်းယဲ့က ချက်ချင်းပင် ဝင်တားလိုက်သည်။ “ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အမေရယ်။ သား ဝက်သားနှပ်ဆက်မစားတော့ပါဘူး။” သူက သူ့တူများကို အသီးအရွက်ပန်းကန်သို့ လှည့်သွားသော်လည်း အကြည့်ကတော့ အဆီတဝင်းဝင်းနှင့် ဝက်သားနှပ်ပေါ်က မခွာနိုင်သေးပေ။ မေမေရှောင်ကတော့ သူ့အကြည့်များကို လျစ်လျူရှုထားလေသည်။
စားသောက်ရင်းတဝက်လောက် ရောက်ချိန်မှာတော့ ရှောင်လင်းယွီက သတင်းတစ်ခုကို ကြေညာလာခဲ့သည်။ “အမေ၊ အဖေ၊ သမီး Zမြို့ကို မပြန်တော့ဘူး။”
မိဘများမှာ ထိတ်လန့်ရပြန်သည်။
ဖေဖေရှောင်က မေးလာခဲ့သည်။ “ဒါဆို သမီးဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ ယွီအာ။”
ရှောင်လင်းယွီက အလွန်လေးနက်စွာဖြင့် ပြန်ဖြေလာသည်။ “အဖေ၊ အမေ၊ သမီး.. သမီး အိမ်မှာပဲနေပြီး လယ်စိုက်ချင်တယ်။”
“ဘာပြောတယ်။”
မိသားစုဝင်သုံးယောက်လုံး အလွန်အံ့ဩသွားကြတော့သည်။
***