မိသားစု သဘောတူညီချက်
Vol. 4 Ch. 55
ရှောင်လင်းယွီက အိမ်မှာပဲနေပြီး လယ်စိုက်ချင်သည်ဟုပြောလိုက်သည်နှင့် မေမေရှောင် အံ့ဩထိတ်လန့်သွားတော့သည်။
သူမက အံ့ဩတကြီးဖြင့် မေးလိုက်သည်။ “နင်က လယ်စိုက်မယ်?”
ထို့နောက် သူမက ချက်ချင်းပင် သဘောမတူစွာ ငြင်းဆန်လာလေသည်။ “မရဘူး။ နင့်လို နာမည်ကြီးတက္ကသိုလ်ကျောင်းသူက ဘယ်လိုလုပ်ပြီး အိမ်မှာ လယ်စိုက်ရမှာလဲ။ လယ်စိုက်ရတာ ဘယ်လောက်ပင်ပန်းလဲ မသိဘူးလား။ နင့်ကို တက္ကသိုလ်ပို့နိုင်ဖို့ ငါတို့ဘယ်လောက်တောင် ကြိုးစားထားရလဲ၊ ဒါကိုတောင် နင်က အိမ်ပြန်ပြီး လယ်စိုက်ချင်နေတယ်ပေါ့။” မေမေရှောင်မှာ ရယ်စရာအကြံတစ်ခုကို ကြားလိုက်ရသလိုမျိုး ငြင်းဆန်လာခဲ့သည်။
ရှောင်လင်းယွီသည် ဂုဏ်သတင်းကြီးသည့် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရထားသူဖြစ်သည်။ သူမအတွက် မြို့ကြီးပြကြီးတွင် အလုပ်တစ်ခု အလွယ်တကူ ရှာနိုင်ပေသည်။ လစာက နည်းကောင်းနည်းနိုင်သော်လည်း ရွံ့ထဲဗွက်ထဲ တစ်နေကုန် အလုပ်လုပ်နေရတာထက်တော့ သာနေတုန်းပင်။
ဖေဖေရှောင်ကတော့ ခေါင်းမာလှသည့် အမေနှင့်သမီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “မိန်းမ၊ အဲ့လောက် အလောတကြီး မဆုံးဖြတ်ပါနဲ့ဦး။ ကောင်မလေးကို အရင်ဆုံး စကားဆုံးအောင် ပြောခိုင်းလိုက်ပါ။”
ရှောင်လင်းယဲ့ကလည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ “ဟုတ်သားပဲ အမေရဲ့။ အစ်ကို အရင်ပြီးအောင် ပြောခိုင်းလိုက်ပါ။”
မေမေရှောင်ကတော့၊ “ဘာပဲဖြစ်ဖြစ် သူ မြို့ပေါ်ကအလုပ်ကို စွန့်လွှတ်ပြီး အိမ်ပြန်လယ်စိုက်မှာကိုတော့ ကျွန်မ ခွင့်မပြုနိုင်ဘူး။”
ဖေဖေရှောင်က ထပ်မံပြီး၊ “မိန်းမ…”
မေမေရှောင်လည်း သူမခင်ပွန်းကိုတစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်လေသည်။ “ကောင်းပြီ၊ ယွီအာ၊ သမီးဘာစီစဉ်ထားလဲ အမေတို့ကိုပြောကြည့်ပါဦး။”
ရှောင်လင်းယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး၊ “အမေ၊ သမီး မြို့ကြီးပြကြီးမှာနေရတာ ဘယ်လောက်တောင်မှ မပျော်ရွှင်ရလဲ အမေသိမှာမဟုတ်ဘူး။”
မေမေရှောင်က အံ့ဩသွားလေသည်။ “ဘာဖြစ်လို့လဲ။”
ရှောင်လင်းယွီက ပွင့်ပွင့်လင်းလင်းပင် ပြောလာခဲ့သည်။ “မြို့ကြီးမှာ အလုပ်လုပ်ရတာက ရွာသားတွေရဲ့မျက်လုံးထဲမှာတော့ အရမ်းဂုဏ်ယူစရာကောင်းနေလိမ့်မယ်။ သူတို့မှာ လုပ်ခလစာမြင့်မြင့်နဲ့ လှလှပပဝတ်စားပြီး လုပ်ရတာကိုး… ဒါပေမယ့် မြို့ကြီးတွေမှာက လူတွေတစ်ယောက်ကိုတစ်ယောက် အမြဲ မဟုတ်တာ ကြံစည်နေကြတာချည်းပဲ။”
“နှစ်တိုင်း လုပ်ငန်းခွင်ထဲဝင်လာကြတဲ့ တက္ကသိုလ်ဘွဲ့ရကျောင်းသားတွေဆိုတာ အများကြီးပဲ။ ယှဉ်ပြိုင်မှုက အရမ်းပြင်းထန်တယ်။ ရာထူးတွေကလည်း မက်မောစရာတွေချည်းပဲ။ ကုမ္ပဏီအတွင်းပြိုင်ဆိုင်မှုဆိုတာလည်း အရမ်းတင်းမာပြင်းထန်လွန်းတယ်။ မျှမျှတတပြိုင်တာဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ဒီလိုကိစ္စတွေက ဘယ်တော့မှ မမျှတဘူး။ လူတွေက သူတို့ အမြင့်တက်နိုင်ဖို့အရေး တခြားသူတွေကို တက်နင်းနိုင်ဖို့ စက်ဆုပ်ရွံရှာဖို့အကောင်းဆုံး နည်းလမ်းပေါင်းများစွာကို သုံးကြတယ်။”
ရှောင်လင်းယွီက ပြောနေရင်းဖြင့် သူမအမေ၏အမူအရာကိုပါ သေချာအကဲခတ်နေခဲ့သည်။ မေမေရှောင်က မျက်မှောင်အသာ ကြုတ်နေလေသည်။
“ပြီးတော့ ဒါက လုပ်ဖော်ကိုင်ဖက်တွေကြားက ပြိုင်ဆိုင်မှုပဲရှိသေးတယ်။ ကြောက်စရာအကောင်းဆုံးကတော့ အဆင့်အတန်းအမျိုးမျိုးမှာရှိတဲ့ အာဏာရှိတဲ့လူတွေနဲ့ ကွာခြားချက်ပဲ။”
“ဥပမာ၊ ကျောက်ဝမ်မန့်က ကုမ္ပဏီကြီးတစ်ခုက ဥက္ကဌရဲ့သမီးပဲ။ ဒါကြောင့် သူ့အနေနဲ့ ချန်းယန်ကို အလွယ်လေး ဆွဲဆောင်နိုင်တယ်။”
“ဒါပေမယ့် အမေ၊ ဒါက သူဌေးတွေဘယ်လိုလုပ်ကိုင်လဲဆိုတာပဲ။ ကျောက်ဝမ်မန့်က ချန်းယန်ကိုရပြီးရင် ကျေနပ်လိုက်သင့်တာပဲ။ ဒါပေမယ့် သူက ကုမ္ပဏီဥက္ကဌရဲ့သမီးဖြစ်နေတဲ့အတွက် သမီးအပေါ် အန္တရာယ်ပေးဖို့ ကျောက်ဝမ်မန့် တုံ့ဆိုင်းမနေခဲ့ဘူး။”
“အမေ၊ သမီးသာ ကျောက်ဝမ်မန့်ထက် အင်အားကြီးတဲ့လူတစ်ယောက်ရဲ့ အကူအညီကို မရနိုင်ခဲ့ရင် ..” ရှောင်လင်းယွီက ခနရပ်လိုက်သည်။ “သမီးတကယ်ကိုပဲ အကွက်ချခံရပြီး ဂုဏ်သိက္ခာပျက်စီးသွားမှာ။ ဒါကြောင့် အမေ…”
ရှောင်လင်းယွီက သူမအမေ၏လက်ကိုကိုင်ကာ အလေးအနက်ပြောလိုက်သည်။ “အမေ၊ သမီး မြို့ကြီးမှာ ထပ်ပြီး အလုပ်မလုပ်ချင်တော့ဘူး။ ဖိအားတွေက အရမ်းများပြီး လူတွေနဲ့ ဆက်ဆံဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့် သမီး အိမ်မှာ လယ်ပြန်စိုက်ရင်း အနားယူဖို့ ဆုံးဖြတ်လိုက်တာ။”
သူမသမီး ကြုံတွေ့ခဲ့ရသည့် စိတ်ဒဏ်ရာကိုကြားပြီးနောက် မေမေရှောင်၏နှလုံးသားမှာ နူးညံ့သွားလေသည်။ သူမလည်း ရှောင်လင်းယွီကို နာကျင်စေခဲ့သည့်အတွက် ချန်းယန်ကို အလွန်မုန်းမိလေသည်။ ရှောင်လင်းယွီတစ်ယောက် အနားယူရင်း လယ်စိုက်သည်ကို ခနတဖြုတ် ကူညီမည်ကိုတော့ မေမေရှောင် မဆန့်ကျင်ပေ။ သို့သော်လည်း ရှောင်လင်းယွီအနေနဲ့ သူမတစ်ဘဝလုံးတော့ လယ်စိုက်ပြီး နေလို့မဖြစ်ဘူး။
မေမေရှောင်က၊ “ယွီအာ၊ သမီး အနားယူချင်တယ်ဆိုလည်း ခရီးထွက်လို့ရတာပဲ။ အိမ်မှာနေပြီး လယ်စိုက်ဖို့အထိမလိုပါဘူး။”
ဖေဖေရှောင်ရော ရှောင်လင်းယဲ့ကပါ ခေါင်းညိတ်ထောက်ခံကြသည်။
‘ကြည့်ရတာ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန်လေးလုပ်မှဖြစ်တော့မယ့်ပုံပဲ။’ ရှောင်လင်းယွီ တွေးလိုက်သည်။
“အမေ၊ သမီး ချန်းယန်ကို လက်စားချေဖို့အတွက် အကောင်ကြီးကြီးတစ်ယောက်က ကူညီပေးသွားတာလို့ ပြောခဲ့တယ်မဟုတ်လား။”
မေမေရှောင်က ခေါင်းညိတ်လိုက်ပြီးနောက် အနည်းငယ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် သူမသမီးကို ကြည့်လာသည်။
ရှောင်လင်းယွီက သက်ပြင်းချလိုက်ပြီး၊ “တကယ်တော့ အဲ့ဒီလူက သမီးကို သဘောကျသွားလို့ ကူညီပေးခဲ့တာ။” ယန်စစ်မင်သည် အတိအလင်းမပြောလာခဲ့သော်လည်း အမျိုးမျိုးအရိပ်အမြွက်ပေးခဲ့ပေသည်။ ရှောင်လင်းယွီက ၎င်းကိုအတည်မယူသော်လည်း သူမတွင် ရွေးချယ်စရာမရှိပေ။ သူမက ယန်စစ်မင်ကို စိတ်ထဲကနေ တောင်းပန်၍သာ သူ့ကို ထပ်ပြီး အသုံးချခဲ့သည်။
ရှောင်လင်းယွီ၏မိသားစုမှာ ထပ်ပြီးအံ့ဩသွားရပြန်သည်။
မေမေရှောင်က ရှောင်လင်းယွီ၏နားရွက်ကို ဆွဲလိမ်လိုက်ပြီး ဒေါသတကြီးပြောလေတော့သည်။ “ရှောင်လင်းယွီ၊ နင်အခုပဲ ငါတို့ကို ဖုံးကွယ်ထားတာ ဘာမှမရှိတော့ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဒါဆို ဒီကိစ္စက ဘယ်ကနေ ထွက်လာပြန်တာလဲ။ ဘာလို့ နင့်အမေကို ဒီလိုမျိုး ဆက်တိုက် ခြောက်လှန့်နေရတာလဲ။”
***