သန္ဓေပြောင်းဟင်းသီးဟင်းရွက်များ
Vol. 4 Ch. 56
ရှောင်လင်းယွီက ယာယီအကြောင်းပြချက် တစ်ခုကောက်ပေးကာ မေမေရှောင်၏သဘောတူညီချက်ကို ရယူလိုက်သည်။ ရှောင်ထုန်မွေးလာသည်အထိ သူမအချိန်ဆွဲထားလိုခြင်းသာဖြစ်ပေသည်။ နောက်ပိုင်းအတွက်ကတော့ သူမတွင် ပိုကောင်းသည့် ဆင်ခြေတစ်ခုရှိပြီးဖြစ်သည်။
မေမေရှောင်နှင့် ဖေဖေရှောင်လည်း သဘောတူခဲ့ကြသည်။ လယ်စိုက်ရတာ ဘယ်လောက်ပင်ပန်းမှန်း ရှောင်လင်းယွီသိသွားပြီးနောက် အထုပ်သိမ်းကာ မြို့သို့ပြန်လိမ့်မည်ဟု တွေးမိကြခြင်းပင်။
မမေရှောင်၏ခွင့်ပြုချက်ကို ရသွားသည်နှင့် ရှောင်လင်းယွီက၊ “အမေ၊ သမီးတို့နောက်က ခြံကွက်ကို သမီးသုံးချင်တယ်။” သူမ၏နေရာလွတ်လယ်ကွက်ကို ဘယ်လိုအသုံးပြုရမည်မှန်း ရှောင်လင်းယွီ မသိသေးပေ။ သူမ အရင်ဆုံး စမ်းသပ်ဖို့လိုအပ်သော်လည်း ပေါ်ပေါ်ထင်ထင်တော့ မလုပ်နိုင်ပေ။
ရှောင်မိသားစုသည် တရုတ်နိုင်ငံ၏ကျေးလက်ဒေသရှိ လယ်သမားမိသားစုဖြစ်သည်။ ဤကဲ့သို့ ယာတောအိမ်မျိုးသည် ခြံရှေ့နှင့်ခြံနောက်တွင်ရှိသော မြေကွက်များကို ပိုင်းခြားရန် နှစ်မီတာမြင့်သော နံရံများရှိပေသည်။
အိမ်ထောင်အများစုသည် အိမ်ရှေ့ရှိ မြေကွက်များကို သီးနှံများ အခြောက်လှမ်းရန် သို့မဟုတ် အပန်းဖြေအနားယူရန် အသုံးပြုတတ်ကြသည်။ အနောက်ဘက်ရှိမြေကွက်ကိုတော့ ကြက်သွန်မြိတ်နှင့် ကြက်သွန်နီလိုမျိုး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် အသုံးပြုကြသည်။ ထိုဟင်းစားများကို အချိန်မရွေးခူးယူနိုင်တာကြောင့် အဆင်ပြေလှသည်။
“ကောင်းပြီလေ။” မေမေရှောင်က အသာတကြည်ပင် သဘောတူလိုက်သည်။
ရှောင်လင်းယွီလည်း ပြုံးလိုက်ကာ၊ “ကျေးဇူးတင်ပါတယ်၊ အမေ။”
ရှောင်လင်းယဲ့က စပ်စပ်စုစုဖြင့် မေးလာခဲ့သည်။ “အစ်မ၊ နင်ဘာလို့ အနောက်မြေကွက်ကို တောင်းတာလဲ။ ငါသာဆိုရင် ဘုရားငါးဆူရှေ့က မြေကွက်ကိုတောင်းမှာ။ အဲ့ဒီက စိုက်ပျိုးလို့ပိုကောင်းတယ်။”
ရှောင်လင်းယွီက လျှို့ဝှက်ဆန်းကြယ်သည့်အမူအရာဖြင့် ပြုံးလိုက်လေသည်။ “နင် အချိန်ကျလာရင် သိမှာပါ။”
ညစာစားခြင်းမှာ အံ့ဩထိတ်လန့်ဖွယ်ရာ ကိစ္စမျိုးစုံကြောင့် စိတ်အတက်အကျများစွာ ခံစားရရင် ပြီးဆုံးသွားခဲ့ပေသည်။
ရှောင်လင်းယွီသည် သူမအမေကို ပန်းကန်များဆေးကူးပြီးနောက် သူမအခန်းသို့ ပြန်သွားခဲ့သည်။ သူမ၏သီးသန့်အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ရှောင်လင်းယွီသည် သူမဗိုက်ပေါ်သို့ လက်ကိုအသာတင်လိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။ “ရှောင်ထုန်၊ သားအဖွားက သားကိုချစ်မှာပါ။”
မေမေရှောင်သည် ရှောင်လင်းယွီ ကလေးမွေးမည်ကို အလွန်အမင်း ဆန့်ကျင်နေခဲ့သော်ငြား တကယ်တမ်း ကလေးမွေးလာချိန်တွင်တော့ ကလေးအပေါ် ကောင်းကောင်းဆက်ဆံပေလိမ့်မည်။ သူမ၏ အရင်ဘဝတွင်လည်း ထိုအတိုင်းသာ ဖြစ်ခဲ့ပေသည်။
ရှောင်လင်းယွီသည် ကလေးကို မမွေးချင်ဘဲ မွေးခဲ့ရသည်။ ထို အဖေမည်သူမှန်း မသိရသည့်ကလေးကို သူမအလွန်တရာ စက်ဆုပ်မိခဲ့သည်။ ကလေးကိုမြင်လိုက်ချိန်တိုင်း သူမ ချန်းယန်အပေါ် သစ္စာမတည်နိုင်ခဲ့သည့် သက်သေတစ်ခုကို မြင်လိုက်ရသည်ဟု ခံစားရတာကြောင့် ကလေးကို အလွန်မုန်းတီးခဲ့သည်။ ထို့ကြောင့်ပဲ ရှောင်လင်းယွီသည် ကလေးကို ချစ်ပေးဖို့ မဆိုထားနှင့် အကြည့်ကလေးတစ်ချက်ပင် မစွန့်ကျဲခဲ့ပေ။
သို့ပေမယ့် မေမေရှောင်ကတော့ မတူပေ။ သူမသည် ရှောင်ထုန်ကို အလွန်ပင် ဂရုစိုက်ပျိုးထောင်ပေးခဲ့သည်။ ရှောင်ထုန်ကို လူယုတ်မာလေးဟု ခေါ်ရဲသည့် ရွာထဲက ကလေးများရှိခဲ့လျှင် မေမေရှောင်သည် ထိုကလေး၏အိမ်သို့သွားကာ ကိုယ်တိုင် ဖြေရှင်းချက်တောင်းခဲ့သူဖြစ်သည်။ ရှောင်ထုန်မွေးလာပါပြီဆိုကတည်းက နောက်ဆုံး ကံဆိုးစွာ သေဆုံးခဲ့ရသည်အထိ ဂရုစိုက်ပေးခဲ့သည်။ ပြောရလျှင် မေမေရှောင်သည် ရှောင်ထုန်အတွက် ဒုတိယအမေတစ်ယောက်လိုပင်။
သို့သော်လည်း ဤဘဝတွင်တော့ ကိစ္စများက မတူညီသည့် လမ်းကြောင်းသို့ ဦးတည်လာပြီဖြစ်သည်။ မေမေရှောင်သည် သူမအတွက် အကောင်းဆုံးအရာများကိုသာ ဖြစ်စေချင်လိုမှန်း ရှောင်လင်းယွီသိသည်။ မေမေရှောင်သည် တကယ်ကို ကြင်နာတတ်သည့်လူစားမျိုးပင်။
ရှောင်လင်းယွီသာ ရှောင်ထုန်ကို မွေးလိုက်သည်နှင့် မေမေရှောင်က သူမမြေးအပေါ် သေချာပေါက် ချစ်ပေးပေလိမ့်မည်။
ရှောင်လင်းယွီကလည်း သူမကလေးမွေးနိုင်ရေးအတွက် မေမေရှောင်ကို ဖြောင်းဖြနိုင်လိမ့်မည်ဟု ယုံကြည်သည်။ သူမအတွက် အချိန်တစ်ခုသာ လိုအပ်နေခြင်းပင်။
သို့သော်လည်း အခုချိန်မှာတော့ ရှောင်လင်းယွီ အာရုံစိုက်ထားစရာကိစ္စရှိနေသေးသည်။ ရှောင်လင်းယွီ ခဏမျှတွေးကြည့်လိုက်ပြီးနောက် ပုလင်းအလွတ်တစ်လုံးကို သွားရှာခဲ့ပေသည်။ ထို့နောက် ကျောက်စိမ်းဆွဲပြားကို ကိုင်ကာ ရွတ်ဆိုလိုက်သည်။ “ဝင်မယ်။”
စိုက်ပျိုးရေးနေရာလွတ်က ပြောင်းလဲသွားခြင်းမရှိပေ။ ရှောင်လင်းယွီသည် ရေပူစမ်းရေကို ပုလင်းလွတ်တွင်းသို့ ဖြည့်လိုက်ပြီးနောက် “ထွက်မယ်” ဟု ပြောလိုက်သည်။ ရှောင်လင်းယွီ သူမအခန်းထဲသို့ ပြန်ရောက်လာသည်နှင့် ရေပူစမ်းပုလင်းကိုကိုင်ကာ ခြံနောက်ဖေးသို့ ပြေးလေတော့သည်။
ဧည့်ခန်းထဲတွင် သန့်ရှင်းရေးလုပ်နေသည့် မေမေရှောင်က ရှောင်လင်းယွီ သူမကို ဖြတ်ပြေးသွေားကြောင်း မြင်လိုက်ရချိန်တွင် လှမ်းမေးလာခဲ့သည်။ “ယွီအာ၊ ဘယ်သွားမလို့လဲ။”
ရှောင်လင်းယွီက ပြန်ဖြေလာသည်။ “အမေ၊ သမီး ခြံနောက်ထဲက ဟင်းသီးဟင်းရွက်တွေ ရေသွားလောင်းလိုက်ဦးမယ်။”
မေမေရှောင်က ခေါင်းညိတ်ကာ သူမအလုပ်ကိုသူမ ဆက်လုပ်လေသည်။
ခြံနောက်ဖေးတွင် အနံတစ်မီတာ၊ အလျား သုံးမီတာကျယ်သော မြေကွက်လွတ် ၄ကွက်ရှိပေသည်။ ထိုမြေကွက် ၄ကွက်တွင် မတူညီသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးလို့ထားသည်။ ပထမမြေကွက်တွင် ကြက်သွန်မိတ်နှင့် နံနံပင်၊ ဒုတိယမြေကွက်တွင်တော့ ကြက်သွန်ဖြူ၊ တတိယမြေကွက်တွင်တော့ တရုတ်နံနံနှင့် စတုတ္ထမြောက်မြေကွက်တွင်တော့ ဂေါ်ဖီထုပ်များရှိကာ မြေကွက်ဘောင်များတွင်တော့ ငရုတ်ပင်များ တန်းစီစိုက်ပျိုးထားသည်။
ထိုမြေကွက်များကို နေ့တိုင်း မေမေရှောင်က ကြည့်ရှုစစ်ဆေးခဲ့တာကြောင့် မြက်ပင်ဟူ၍ ရှိမနေဘဲ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးနေကြသည်။
ရှောင်လင်းယွီက ခနမျှ စဉ်းစားကြည့်ပြီးနောက် အသီးအရွက်တစ်မျိုးချင်းဆီပေါ်တွင် ရေပူစမ်းရေများ လောင်းထည့်ကြည့်ရင်း မကြာမီပင် ကုန်သွားခဲ့သည်။ ထို့နောက် ရှောင်လင်းယွီလည်း ပုလင်းကို သိမ်းကာ ပြန်ခဲ့လေသည်။
……
နောက်တစ်နေ့မနက်စောစောတွင်တော့ မေမေရှောင်၏အော်ဟစ်သံကို ရှောင်လင်းယွီ ကြားလိုက်ရသည်။
“ယောက်ျားရေ၊ ယောက်ျား။”
ဖေဖေရှောင်မှာ အလွန်ကိုမှ စိုးရိမ်သွားကာ အင်္ကျကိုပင် သပ်သပ်ရပ်ရပ်မဝတ်နိုင်ဘဲ အမြန်ပြေးထွက်လာခဲ့သည်။ ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့သည်လည်း သူတို့အမေ၏အော်သံကြောင့် စိုးရိမ်သွားကြကာ အင်္ကျီများအမြန်ကောက်စွပ်၍ ခြံနောက်ထဲသို့ အပြေးရောက်လာကြလေသည်။
သူတို့ ခြံနောက်သို့ရောက်သည်နှင့် အားလုံး ကြောင်အသွားကြတော့သည်။
ဘယ်လိုတောင် ကြီးလိုက်တဲ့ အပင်လဲ။
မဟုတ်သေးဘူး၊ နေပါဦး။ အပင်ကြီးတွေ အများကြီးပဲဟ။
နံနံပင်များက တရုတ်နံနံများထက်ပင် ထွားနေကြသလို၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူပင်များကတော့ ကျူပင်များနှင့်ပင် တူနေပြီး၊ တရုတ်နံနံပင်များသည်တော့ ကြံပင်ကြီးများနှယ်ပင်။ နောက်ဆုံး ဂေါ်ဖီထုပ်တွေဆို ရေစည်ကြီးလောက်ကို ဖြစ်နေလေသည်။
ဒါကပဲ မေမေရှောင်ကို အော်ကြီးဟစ်ကျယ် ဖြစ်သွားစေခဲ့ခြင်းဖြစ်သည်။
“အမေ.. ဘာတွေဖြစ်ကုန်တာလဲ။” ရှောင်လင်းယဲ့က ပါးစပ်အဟောင်းသားဖြင့် မေးလိုက်သည်။ “ဒီအပင်တွေ သန္ဓေပြောင်းကုန်တာလား။” ဒါပေမယ့် တကယ်ပဲ သန္ဓေပြောင်းကုန်တယ်ဆိုလည်း ဒီလို တစ်ပင်နှစ်ပင်စီမဟုတ်ဘဲ အကုန်လုံးပြောင်းသင့်တယ် မဟုတ်ဘူးလား။
မမေရှောင်က ခေါင်းကိုသာယမ်းကာ အံ့ဩနေစဲအသံဖြင့် ပြောလာသည်။ “အမေလည်း မသိဘူး။ အိပ်ရာကနိုးတော့ ခေါက်ဆွဲလုပ်မယ်ဆိုပြီး စိတ်ကူးမိတာနဲ့ နံနံပင်နဲ့ ငရုတ်သီး နည်းနည်းလောက် လာခူးတာ။ ရောက်လည်းရောက်ရော ဒီဧရာမအသီးအရွက်တွေကို မြင်လိုက်ရတာပဲ။” မေမေရှောင်က စိတ်ရှုပ်ထွေးစွာဖြင့် ထပ်ပေါင်းပြောလာပြန်သည်။ “မနေ့,နေ့လည်တုန်းက အမေ စိုက်ခင်းလာကြည့်တုန်းကတောင် အားလုံးအဆင်ပြေနေပါသေးတယ်။ ဘာလို့ ရုတ်တရက် အကြီးကြီးတွေ ဖြစ်ကုန်တာလဲ။ ဒါတွေ.. စား..စားလို့တော့ ရပါတယ်နော်။”
ဘယ်သူမှ ထိုအရာကို မပြောနိုင်ပေ။
ရှောင်လင်းယဲ့က မရေမရာဖြင့် ပြန်ဖြေလာသည်။ “ထင်..ထင်ရတာပဲ။”
နံနံပင်သည် နံနံပင်နှင့်တူနေသေးသလို ကြက်သွန်မြိတ်သည်လည်း ကြက်သွန်မြိတ်နှင့်တူနေတုန်းပင်။ ပြောင်းလဲသွားသည်က နဂိုအရွယ်အစားထက် အဆများစွာ ပိုကြီးလာခြင်းသာဖြစ်သည်။
ရှောင်လင်းယွီက ဝင်ပြောလာခဲ့သည်။ “စားလို့ရမှာပါ။” ရေပူစမ်းရေကို သူမသောက်ခဲ့ကာ၊ ထိုရေက သူမခန္ဓာကိုယ်ကို သန့်စင်သွားစေတာကြောင့် အသီးအရွက်များကလည်း စားလို့ရလောက်ပေသည်။ ရှောင်လင်းယွီအတွက်တော့ ရေပူစမ်းရေက အသီးအရွက်များကို အရွယ်အစားကို တိုးလာစေခြင်းသည် ရူးလောက်စရာမြင်ကွင်းမျိုးဟုတ်မနေပေ။
သို့သော်လည်း ကြောက်စရာကောင်းလောက်အောင် ကြီးမားလှသည့် အသီးအရွက်များကို ကြည့်ရင်း သူမစိတ်ထဲမှာတော့ ထိတ်လန့်နေမိသည်။ အကျိုးသက်ရောက်မှုရှိသွားသည့် အပင်များမှာ သူမကိုယ်တိုင် ရေပူစမ်းရေဖြင့် လောင်းခဲ့သည့် အပင်များသာဖြစ်ပေသည်။
သူမထိတ်လန့်နေရင်းဖြင့်ပင် ဝမ်းလည်း ဝမ်းသာနေမိသည်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် သူမမိသားစု၏ နောက်ဖေးခြံဝန်းမှာပဲ စမ်းသပ်မိပေလို့ပေါ့။ အပြင်မှာသာ လုပ်ခဲ့မိပါက ဘာပြောလို့ပြောရမှန်းတောင် သိမှာမဟုတ်ဘူး။
ရှောင်လင်းယွီလည်း အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ပြီးနောက် ပုံမှန်မဟုတ်သည့် အရွယ်အစားမျိုးအဖြစ် ကြီးထွားလာရခြင်းမှာ ရေပူစမ်းထည့်တာ အလွန်များသွားခြင်းကြောင့် ဖြစ်မည်ဟု ယုံကြည်သွားသည်။ နောက်တစ်ခေါက်ကျရင် ရေနဲ့စပ်ပြီးတော့ စမ်းကြည့်ရမယ်။
ပြီးပြည့်စုံသည့် အချိုးအစပ်ဖြစ်သည်အထိ သူမဆက်ပြီး စမ်းသပ်သွားရပေမည်။
သူမကလေးတွေက စားလို့ရသည်ဟု ပြောလာတာကြောင့် မေမေရှောင်၏သံသယမှာ လျော့နည်းသွားလေသည်။ သို့သော်လည်း နောက်ထပ် ပြဿနာတစ်ရပ်ရှိသေးသည်။
“ဒါပေမယ့်၊ ဒီလောက် ကြီးတဲ့အသီးအရွက်တွေကို ငါတို့ ဘယ်လိုလုပ်ပြီး ကုန်အောင် စားကြမလဲ။ ဒီလောက်အများကြီး မပြောနဲ့ တစ်ခုကိုတောင် စားလို့ကုန်ပါ့မလား..” မေမေရှောင်က မေးလိုက်သည်။
***