အသီးအရွက်ခြောက်များပြုလုပ်ခြင်း
Vol. 4 Ch. 57
သူမခြံထဲတွင် ဘာကြောင့် ညတွင်းချင်း ကြီးမားသည့် ဟင်းသီးဟင်းရွက်များ ပေါ်လာရလဲဆိုသည်ကို မေမေရှောင်မသိပေ။ ဒါကြောင့် အိမ်နီးနားချင်းများကို ပေးဝေလိုက်ဖို့မပြောနှင့် အသိပင် မပေးရဲချေ။
သို့သော်လည်း ဒီလောက်ကြီးတဲ့အသီးအရွက်အများကြီးကို ရှောင်မိသားစုကလည်း ကုန်အောင် မစားနိုင်ပြန်ပေ။
အဆုံးမှာတော့ ရှောင်မိသားစုသည် သူတို့စားနိုင်သလောက်ကိုစားကာ ကျန်တာကို သိမ်းထားဖို့ရန် ဆုံးဖြတ်လိုက်သည်။ သိမ်းထားလို့မရသည်များကိုတော့ ဝက်များ၊ကြက်များကို ကြွေးလိုက်မည်။ ကံကောင်းစွာဖြင့် သူမတို့မိသားစုသည် နွား၊ ဝက်၊ ကြက်နှင့် ဘဲ အနည်းငယ်ကို မွေးမြူထားလေသည်။
ရှောင်မိသားစု၏ မနက်စာဝိုင်းမှာ ကြီးကြီးမားမားဖြစ်ခဲ့ပြန်သည်။ မနက်စာစားပြီးနောက် ရှောင်လင်းယဲ့က ပါးစပ်သုတ်လိုက်ပြီး ကျေနပ်အားရစွာဖြင့် လေချဉ်ပင်တက်လိုက်သေးသည်။ “ကျွန်တော် စားဖူးသမျှအသီးအရွက်တွေထဲမှာ အရသာအကောင်းဆုံးပဲ။ ဘာလို့ ဂေါ်ဖီထုပ်က ဒီလောက်တောင် အရသာရှိနေရတာလဲ။” သူ့လို လူငယ်တစ်ယောက်ဆီက အသီးအရွက်များကို စားကောင်းသည်ဟု ကြားရခြင်းမှာ အလွန်ကို ရှားလှသည်။ သို့သော်လည်း သူတို့ရိတ်သိမ်းလိုက်သည့် ကြီးမားလှသော အသီးအရွက်များမှာ အလွန်ကို အရသာရှိလှကာ အသားထက်ပင် ပို၍ကောင်းနေသေးသည်။
ကျန်မိသားစုဝင်များကလည်း ရှောင်လင်းယဲ့၏စကားကို သဘောတူကြလေသည်။
“အဖေလည်း ဒီလောက်အရသာရှိတဲ့ အသီးအရွက်မျိုး တခါမှမစားဖူးဘူး။” ဖေဖေရှောင်ကလည်း သဘောတူလေသည်။
ရှောင်လင်းယဲ့က စနောက်လာခဲ့သည်။ “အမေ၊ သားတို့ခြံနောက်ကို မသေမျိုးနတ်ဘုရားတွေ ဖြတ်သွားရင်း မှော်စွမ်းအင်ရေတွေ လောင်းချသွားလို့များ သားတို့စိုက်ခင်းကအသီးအရွက်တွေက ဒီလောက်ကြီးပြီး အရသာရှိကုန်တာများလား။”
“ဖူး..” ရှောင်လင်းယွီမှာ ထိုစကားကိုကြားပြီး ပါးစပ်ထဲမှ ရေများကို မှုတ်ထုတ်မိသွားသည်။ ထို့နောက် ရေက နှာခေါင်းထဲသို့ ဝင်သွား၍ ချောင်းပါဆိုးကုန်တော့သည်။
ရှောင်လင်းယဲ့က ချက်ချင်းပင် စိုးရိမ်တကြီး မေးမြန်းလာသည်။ “အစ်မ အဆင်ပြေရဲ့လား။”
ရှောင်လင်းယွီက သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး၊ “ပြေတယ်၊ ပြေတယ်။”
‘ကောင်စုတ်လေးက အဖြေမှန်ကို ပြောသွားခါနီးပဲ’
အသီးအရွက်များကို နတ်ဘုရားက ရေလာလောင်းသွားခြင်းမဟုတ်သော်လည်း တကယ်ကို မှော်စွမ်းအင်ရေဖြင့်ရရှိသွားခြင်းတော့ ဖြစ်ပေသည်။ ဒီတော့ ရှောင်လင်းယွီက နတ်ဘုရား ဖြစ်မသွားဘူးလား။
မေမေရှောင်က အခန်းထောင့်တွင် စုပုံထားသော အသီးအရွက်အကြီးကြီးများကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ “ဒီလောက်ကောင်းတဲ့ အသီးအရွက်တွေကို တိရိစ္ဆာန်တွေ ကျွေးပစ်ရမှာက နည်းနည်းတော့ နှမျောစရာပဲ။”
ဘာပဲဖြစ်ဖြစ် ဒါမျိုးက တစ်ခေါက်လောက်သာဖြစ်သည့် ဆန်းကြယ်မှုမျိုးဖြစ်သည်။ နောက်တစ်ကြိမ် အခုလိုဆန်းကြယ်သည့်အဖြစ်မျိုး ထပ်မံကြုံတွေဖို့က မသေချာတော့ပေ။
မေမေရှောင်၏စကားကိုကြားပြီး ဖေဖေရှောင်နှင့် ရှောင်လင်းယဲ့လည်း မျက်မှောင်ကြုတ်သွားကြသည်။ ဒီလောက်အံ့ဩဖို့ကောင်းတဲ့အသီးအရွက်တွေကို တိရိစ္ဆာန်အစာလုပ်ပစ်ရမှာ တကယ်ကို ဖြုန်းတီးရာကျတာပဲ။
သို့သော်လည်း သူတို့မှ ထိုအသီးအရွက်တွေကို ကုန်အောင် မစားနိုင်ဘဲ။ သူတို့သာ ဒီအတိုင်းထားလိုက်ပါက ပုပ်သွားကြရုံသာရှိပေမည်။
ထိုအချိန်မှာပဲ ရှောင်လင်းယဲ့က အကြံပေးလာခဲ့သည်။
“အမေ၊ သားတို့ ဒီအသီးအရွက်တွေကို အခြောက်ခံထားကြရင်ရော။ ဒါတွေသာ ခြောက်သွားတာတောင် နဂိုအရသာကို ထိန်းထားနိုင်မယ်ဆိုရင် သား ပေါက်စီလွတ်နဲ့ အသီးအရွက်ချဉ်ပဲဆိုရင်တောင် နေ့တိုင်း စားနိုင်တယ်။”
ဒီအကြံက ဖြစ်ပါ့မလား။
မေမေရှောင်က ခေါင်းညိတ်လိုက်ကာ၊ “ဟုတ်ပြီ၊ လုပ်ကြတာပေါ့။”
ရှောင်လင်းယွီက သူမအမေကို တားလိုက်ချင်သော်လည်း နောက်ဆုံးမှာတော့ သူမကိုယ်သူမ ပြန်ထိန်းလိုက်သည်။ ဤရိတ်သိမ်းမှုမျိုးသည် အမှန်ကို တစ်ခေါက်သာ ကြုံတွေ့ရမည်ပင်။ အနာဂါတ်တွင် သူမက ရေပူစမ်းရေကို အချိုးမျိုးမျိုးထားကာ ရေနှင့်ရော၍ စမ်းသပ်သွားမည်ဖြစ်သည်။ ဒါကြောင့် အနာဂါတ်ရိတ်သိမ်းမှုများသည် ယခုလောက် အရသာရှိဖို့ မသေချာတော့ပေ။
မဟုတ်ရင်လည်း ဒီအသီးအရွက်တွေကို သူမနေရာလွတ်ထဲမှာ သီးသန့်စိုက်ထားနိုင်တာပဲ…
ထိုအခိုက် ရှောင်လင်းယွီ စိတ်ထဲ စိတ်ကူးကောင်းများဖြတ်ပြေးသွားခဲ့သည်။ ဟုတ်သားပဲ သူမမှာ စိုက်ပျိုးရန်လယ်ကွက်များရှိသည့် နေရာလွတ်တစ်ခုရှိနေတာပဲ။
ထိုနေရာမှာ အသီးအရွက်တွေ စမ်းစိုက်ကြည့်သင့်တယ်။ ရှောင်လင်းယွီက ချက်ချင်းပင် သူမအမေကို မေးလိုက်သည်။ “အမေ သမီးတို့မှာ ဟင်းသီးဟင်းရွက်မျိုးစေ့တွေ ကျန်သေးလား။”
မေမေရှောင်က သံသယများဖြင့် ပြန်မေးလာသည်။ “ရှိတော့ရှိတာပေါ့။ ယွီအာ သမီး စိုက်ကြည့်ချင်လို့လား။”
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။ “ဟုတ် စိုက်ကြည့်ချင်တယ် အမေ။” သူမ၏နေရာလွတ်ထဲတွင် မျိုးစေ့များကို ကိုယ်တိုင်စိုက်ကြည့်ကာ ဘာတွေဖြစ်လာမလဲဆိုသည်ကို ကြည့်ချင်လေသည်။
မေမေရှောင်က ခေါင်းညိတ်လိုက်ပြီး၊ “ကောင်းပြီလေ၊ ဘယ်လိုအစေ့မျိုးလိုချင်လဲ။ အမေရှာပေးမယ်။”
“ရှိသမျှမျိုးတွေအစုံကို နည်းနည်းစီလိုချင်တယ်။”
“ကောင်းပြီ။” မေမေရှောင်က သဘောတူလိုကသ်ည်။
ထို့နောက် မေမေရှောင်ထွက်သွားသည်နှင့် ရှောင်လင်းယဲ့က ခပ်တိုးတိုးပြောလာခဲ့သည်။ “အစ်မ၊ နင်တကယ်ကြီး လယ်သမားတစ်ယောက်လို စိုက်ပျိုးရေးလုပ်ချင်နေတာလား။”
“ဟုတ်တယ်လေ။”
ရှောင်လင်းယဲ့က နောင်တဖြင့် သက်ပြင်းချလိုက်သည်။ “ငါက နင်စနေတာလို့ ထင်နေတာ။”
ရှောင်လင်းယွီက သူမမောင်၏ခေါင်းကို အသာပုတ်လိုက်သည်။ “ဘာလို့အဲ့လိုတွေးတာလဲ။ ငါက ဒီလိုကိစ္စမျိုးကို နောက်ပြောင်မယ်များထင်နေလား။”
“ထင်တာပေါ့။” ရှောင်လင်းယဲ့က ခေါင်းညိတ်လိုက်လေသည်။
ရှောင်လင်းယွီ၊ “…..”
ရှောင်လင်းယွီတစ်ယောက် မျက်လုံးသာလှန်လိုက်ပြီး သူမမောင်ကို ဘာမှဆက်ပြောမနေတော့ပေ။ မကြာလိုက်ပါဘဲ မေမေရှောင်က သူမရှာတွေ့သမျှ မျိုးစေ့အားလုံးကိုယူကာ ပြန်ရောက်လာခဲ့သည်။ သူမက မျိုးစေ့များကို ရှောင်လင်းယွီရှေ့တွင် ချပေးလိုက်ပြီး၊ “ဒါ အမေတို့မှာရှိသမျှ မျိုးစေ့တွေအကုန်ပဲ။ သမီး တခြားဘာလိုသေးလဲ။”
ရှောင်လင်းယွီက အစေ့များကို လေ့လာကြည့်လိုက်သည်။ ဟင်းနုနွယ်ရွက်၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးနှင့် ဂေါ်ဖီထုပ်စေ့များပါက အားလုံး ရာသီပေါ်သီးနှံများဖြစ်ကြသည်။
“ဒီလောက်ဆိုရပြီ အမေ။”
ထို့နောက် ရှောင်လင်းယွီက စားပွဲကို ရှင်းကူလိုက်သည်။ မေမေရှောင်ကတော့ ဓားတစ်ချောင်းယူကာ အသီးအရွက်များအခြောက်ခံရန်အတွက် ပြင်ဆင်မှုများလုပ်လေသည်။ တခြားလူတွေသာ ရောက်လာပြီး ဤဟင်းသီးဟင်းရွက်ပင်အကြီးကြီးများကို တွေ့သွားမည်ဆိုလျှင် ရှင်းပြရလက်လှတာကြောင့် မေမေရှောင်က အမြန်လုပ်နေသည်။
ဖေဖေရှောင်ကတော့ လယ်ထဲ ဆင်းသွားခဲ့ပေပြီ။ ရှောင်လင်းယဲ့သည်လည်း သူ့အခန်းသို့ပြန်ကာ စာကြည့်နေခဲ့သည်။ သူက အခုဆို အထက်တန်းတတိယနှစ်ဖြစ်နေပြီ ဖြစ်တာကြောင့် အရေးအကြီးဆုံးနှစ်ပင်။
ရှောင်လင်းယွီတစ်ယောက် ပန်းကန်များဆေးကြောပြီးနောက် အစေ့များကိုယူကာ နောက်ဖက်ခြံထဲသို့သွားခဲ့သည်။ မျိုးစေ့အချို့ကို ကြဲလိုက်ပြီးနောက် အစောကတည်းက သူမ ပြင်ဆင်ထားသည့် ရောစပ်ထားသည့် ရေပူစမ်းရေကိုထုတ်ကာ အပင်တချို့ကိုရွေးပြီး လောင်းလိုက်သည်။
ထို့နောက် နောက်ထပ်ရေတစ်ဗူးပြင်ထားရန် နေရာလွတ်ထဲသို့ ပြန်သွားခဲ့သည်။ နောက်ထပ် အချိုးအစားမတူသည့် ရေတစ်ဗူးစပ်ကာ နောက်ထပ်အပင်တချို့ကိုရွေးပြီး လောင်းလိုက်ပြန်သည်။
ထိုသို့ဖြင့် အမျိုးမျိုးသော ရေအချိုးများကိုစပ်ကာ သူမ မကျေနပ်မချင်း စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ရှောင်လင်းယွီက မေမေရှောင် အသီးအရွက်များ အခြောက်လှမ်းသည်ကို ကူညီပေးရန် ခြံရှေ့သို့ သွားခဲ့သည်။ မနေ့တုန်းက ရှောင်လင်းယွီသည် အသီးအရွက်တစ်မျိုးကို နှစ်ပင်ဆီရေလောင်းခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဂေါ်ဖီထုပ်ကြီးနှစ်လုံး၊ တရုတ်နံနံပင်ကြီးနှစ်ပင်၊ နံနံပင်ကြီးနှစ်ပင်၊ ကြက်သွန်မြိတ်ကြီး နှစ်ပင်၊ ကြက်သွန်ဖြူကြီး နှစ်ပင်နှင့် ငရုတ်သီးပင်ကြီးနှစ်ပင် ရိတ်သိမ်းခဲ့သည်။
နံနံပင်ကြီးများနှင့် ကြက်သွန်မြိတ်ပင်ကြီးများသည် တခြားအပင်များနှင့်ယှဉ်လျှင် အရမ်းမကြီးတာကြောင့် ရှောင်မိသားစုက ကုန်အောင်စားနိုင်ခဲ့သည်။ တရုတ်နံနံပင်ကြီးများသည်တော့ ကြာရှည်အထားခံသည်။ ကြက်သွန်ဖြူပင်ကြီးများကိုလည်း ဖက်ထုပ်လုပ်ရာတွင် အသုံးပြုနိုင်ပေသည်။
ရှောင်လင်းယွီ ရောက်လာချိန်တွင် မေမေရှောင်က ဂေါ်ဖီထုပ်အရွက်များကို တစ်ရွက်ချင်းခွာထားကာ အခြောက်လှမ်းရန်အတွက် ဝါးလုံးပေါ်တွင် ချိတ်ဆွဲနေလေသည်။ ရေများခြောက်သွားပါက ထိုအသီးအရွက်များကို ဓားဖြင့် ခပ်သေးသေး လှီးဖြတ်လိုက်မည်ဖြစ်သည်။
လှီးဖြတ်ထားသည့် အသီးအရွက်များကို သန့်ရှင်းသည့်မြေပြင်ပေါ် သို့မဟုတ် ဝါးဗန်းများဖြင့်ထည့်ကာ ထပ်ပြီး နေလှမ်းထားမည်ပင်။ လက်ဖြင့် ကိုင်ကြည့်လိုက်လျှင် အသံများထွက်လာသည်အထိ ခြောက်သွေ့သွားပါက သိမ်းဆည်းရန်အတွက် အဆင်သင့်ဖြစ်ပေပြီ။
အသီးအရွက်ခြောက်များသည် ကျေးလက်ဒေသဘက်တွင်တော့ အလွန်အရသာရှိသည့် အစားအစာတစ်မျိုးပင်။ ၎င်းတို့ကို ဝက်သားဖြင့် ရောကြော်ကာ စားသုံးကြသည်။
မေမေရှောင်က ရှောင်လင်းယွီမြင်သည်နှင့် သူမကိုခိုင်းလိုက်သည်။ “ကျန်တဲ့ ဂေါ်ဖီကို သွားခွာလိုက်။ ပြီးရင် ရေဆေးပြီး နေပူထဲထုတ်လှမ်းထား။”
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။ ဂေါ်ဖီထုပ်သည် အတော်ကြီးသော်လည်း အရွက်များမှာ နုတာကြောင့် အလွယ်တကူ ပြဲထွက်သွားနိုင်သည်။
ရှောင်လင်းယွီသည် တက္ကသိုလ်မတက်ခင်တုန်းက လယ်ထဲတွင် ကူညီပေးခဲ့ဖူးတာကြောင့် ကျွမ်းဝင်မှုက အလျင်အမြန်ပင် ပြန်လည်ရောက်ရှိလာခဲ့သည်။
ရှောင်လင်းယွီသည် အသီးအရွက်များကို ဆေးကြောကာ ကောက်ရိုးဖြင့် စည်းလိုက်ပြီးနောက် အခြောက်ခံရန် ဝါးလုံးပေါ်တွင် တင်လိုက်သည်။
***