← Chapters

စမ်းသပ်စိုက်ပျိုးခြင်း

Vol. 4 Ch. 58

စမ်းသပ်စိုက်ပျိုးခြင်း

Vol. 4 Ch. 58

မေမေရှောင်ကို အသီးအရွက်များ ပြင်ဆင်ကူပြီးသည့်နောက် မျိုးစေ့များကို နေရာလွတ်ထဲတွင် စိုက်ပျိုးရန် ရှောင်လင်းယွီ စိတ်အားထက်သန်နေတော့သည်။

သို့သော်လည်း သူမနေရာလွတ်ထဲသို့ရောက်သည်နှင့် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ လယ်ကွက်များထဲတွင် ပြည့်နေသည့် ပေါင်းပင်များကို နှုတ်ဖို့ သူမ မေ့သွားခဲ့တာပင်။

“ငါ ဂေါ်ပြားနဲ့ပေါက်တူး ယူလာလိုက်ရင်ကောင်းမလား။” ရှောင်လင်းယွီ သူမဘာသာ ရေရွတ်လိုက်လေသည်။ “ဒါပေမယ့် ဂေါ်ပြားရော ပေါက်တူးပါယူပြီး ငါပျောက်သွားရင် အရမ်းသိသာလွန်းသွားမှာပေါ့။”

လောလောဆယ်တွင်တော့ သူမတွင် စိုက်ပျိုးရေးနေရာလွတ်တစ်ခုရှိနေသည့် လျှို့ဝှက်ချက်ကို သူမ၏မိသားစုအား မဝေမျှရဲသေးပေ။ ဤနေရာလွတ်က အန္တရာယ်ကင်းကြောင်း မသေချာခင်အထိ သူမမိသားစုကိုပါ ဆွဲမသွင်းလိုပေ။

ထိုသို့ကိစ္စများကို ချန်လှပ်ထားရခြင်းက သူမကို ခက်ခဲစေသည်။

“အား..” ရှောင်လင်းယွီ အော်ဟစ်လိုက်သည်။ “အနည်းဆုံး ပေါက်ပြားတစ်လက်လောက်တော့ လိုတယ်လို့။”

ကမ္ဘာအစစ်တွင်… ရှောင်လင်းယွီသည် သူမအမေမသိအောင် ပေါက်ပြားတစ်လက်ကို သူမအခန်းထဲသို့ ခိုးသွင်းလိုက်ပြီးနောက် မိသားစုဝင်များ ဝင်မလာနိုင်စေရန်အတွက် အခန်းတံခါးကို သော့ခတ်ထားလိုက်သည်။

ရှောင်လင်းယွီသည် ပေါက်ပြားကို နေရာလွတ်ထဲသို့ ယူလာခဲ့သည်။ ထို့နောက် မြေကွက်လွတ် ၁၈ကွက်ကိုကြည့်ကာ မျက်မှောင်ကြုတ်မိပြန်သည်။ “ပေါင်းပင်တွေက အများကြီးပဲ။ လယ်ယာသုံးစက်ပစ္စည်းတွေကို သတိရလိုက်တာ။ ဒီလောက်ပေါင်းပင်တွေအများကြီးကို ငါ့ဘာသာ ဘယ်လိုများရှင်းရမလဲ။ သူ့ဘာသာ ပျောက်ကွယ်သွားရင် ဘယ်လောကတောင်များကောင်းလိုက်မလဲ။”

သူမပြောလိုက်သည်နှင့် ဆန်းကြယ်သည့်ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့သည်။ ပေါင်းပင်တွေအားလုံး ပျောက်ကွယ်သွားခြင်းပင်။ ရှောင်လင်းယွီ မျက်လုံးပြူးသွားကာ သူမမြင်နေရသည့်မြင်ကွင်းအပေါ် မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

“ဘာဖြစ်သွားတာလဲ။” ရှောင်လင်းယွီ နားမလည်နိုင်ဖြစ်သွားာခဲ့သည်။ “ဟမ်… ဒါက ဒီနေရာလွတ်ကို ငါ့စိတ်နဲ့ထိန်းချုပ်လို့ရနိုင်တာများလား။”

ရှောင်လင်းယွီလည်း ထိုခန့်မှန်းချက်ကို စမ်းသပ်ရန်အတွက် ခရမ်းသီးအစေ့ထုပ်ငယ်ကို ယူလိုက်သည်။ ထို့နောက် အထုပ်ကို ဖွင့်လိုက်ကာ သူမလက်ဖဝါးထဲသို့ အစေ့အနည်းငယ်ကို သွန်ထည့်လိုက်ပြီးနောက် အာရံစူးစိုက်ကာ၊ “ဒီအစေ့တွေကို စိုက်လိုက်။” ဟုပြောလိုက်သည်။

ပြောင်းလဲမှက ချက်ချင်းပင် ပေါ်ပေါက်လာခဲ့လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ခရမ်းသီးအစေ့များက ရှောင်လင်းယွီ၏လက်ထဲမှ ပျောက်ကွယ်သွားကြသည်။

လယ်ကွက်တစ်စိတ်တစ်ပိုင်းသည် လေးမီတာ-တစ်မီတာ ကျယ်သည့် မြေဘောင်တစ်ခုဖြစ်သွားကာ ဘေးပတ်လည်တွင် မြောင်းငယ်လေးများပါ ခြားထားသေးသည်။ အစောက ရှောင်လင်းယွီ လက်ထဲတွင်ရှိနေသည့် ခရမ်းသီးစေ့များကတော့ အားလုံး စိုက်ပြီးသွားပြီပင်။

ရှောင်လင်းယွီ အံ့ဩတကြီးရေရွတ်လိုက်မိသည်။ “အရမ်းအံ့ဩဖို့ကောင်းတာပဲ။” ဒီလိုဆို သူမ လုပ်အားအတွက် စိုးရိမ်နေစရာမလိုတော့ဘူးပေါ့။ အားလုံးကို သူမဘာသာ စိုက်ပျိုးနိုင်ပြီပဲ။ သူမစိတ်နဲ့တင် လယ်ကွက်အားလုံးကို ထိန်းချုပ်နိုင်တာပဲ။

ရှောင်လင်းယွီသည် တခြားမျိုးစေ့များကိုပါ ထုတ်ယူလိုက်သည်။ မကြာလိုက်ပါဘဲ မျိုးစေ့အားလုံး စိုက်ပျိုးပြီးသွားခဲ့သည်။

ထို့နောက် ရှောင်လင်းယွီက မြေဘောင်ပတ်လည်ရှိ မြောင်းလေးများကို လိုက်ကြည့်လိုက်သည်။ သူမမျက်စိမှိတ်ကာ တစ်ချက်တွေးလိုက်သည်နှင့် ထိုမြောင်းလေးများထဲတွင် ရေများပြည့်သွားလေသည်။ သူမလုပ်စရာကုန်သွားပြီဖြစ်တာကြောင့် ရှောင်လင်းယွီလည်း နေရာလွတ်ထဲမှ ထွက်ခဲ့လိုက်လေသည်။

သူမထွက်လာလာချင်းမှာပင်၊ အခန်းအပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။

“အစ်မ။” ရှောင်လင်းယဲ့က တံခါးအပြင်ကနေ လှမ်းအော်လာသည်။

ရှောင်လင်းယွီက တံခါးကိုဖွင့်ကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”

ရှောင်လင်းယဲ့က စာရွက်တစ်ရွက်ကို ကိုင်ထားရင်း၊ “ငါ နားမလည်တဲ့မေးခွန်းတွေရှိလို့။ ငါ့ကို ရှင်းပြပေးလို့ရမလား။” ရှောင်လင်းယဲ့၏အဆင့်များသည် မဆိုးလှသော်လည်း ရှောင်လင်းယွီနှင့်ယှဉ်လျှင်တော့ အလှမ်းဝေးနေသေးသည်။ ရှောင်လင်းယဲ့ တက္ကသိုလ်ဝင်ခွင့်ဖြေဖို့ရန်က သုံးလပင် မလိုတော့ပေ။

ထိုသုံးလသည် အလွန်ကိုမှ အရေးကြီးသည့်ကာလပင်။ ရှောင်လင်းယဲ့သည်လည်း စာမေးပွဲအတွက်သာ အပြည့်အဝအာရုံစိုက်ထားခဲ့သည်။ သူသာ ပုံမှန်အချိန်များလို နောက်ဆုံးစာမေးပွဲတွင်ပါ လုပ်နိုင်ခဲ့ပါက နာမည်ကြီးတက္ကသိုလ်တစ်ခုကို ဝင်နိုင်မည်ဟု ယုံကြည်ချက်ရှိပေသည်။

ရှောင်လင်းယွီက စာရွက်ကို လှမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ “ဝင်လာခဲ့။”

သူမက မျက်မှောင်ကြုတ်ကာ ပုစ္ဆာများကို လေ့လာကြည့်နေခဲ့သည်။ ထို့နောက် ဖြေရှင်းချက်ကို ရှာတွေ့သွားကာမှ သူမ၏အမူအရာက ပြေလျော့သွားကာ ရှောင်လင်းယဲ့ကို ပြန်သင်ပေးလေသည်။

ရှောင်လင်းယွီ၏ရှင်းပြလိုက်သည်နှင့် ရှောင်လင်းယဲ့သည် အဖြေတွက်ပုံကို ချက်ချင်းပင် နားလည်သွားခဲ့သည်။ တကယ်ကို အလွန်တော်သည့် ကျောင်းသားတစ်ယောက်ပင်။

ရှောင်လင်းယဲ့က ဘောပင်ကိုကိုင်ထားရင်း ပြုံးကာပြောလိုက်လေသည်။ “အစ်မ၊ နင် ရှင်းယင်မြို့နယ်မှာ ထိပ်တန်းအဆင့်ရတာ အံ့ဩစရာမရှိတော့ပါဘူး။ ငါလည်း နင့်ကိုအမှီလိုက်နိုင်တော့ ပိုကြိုးစားရတော့မယ်။”

ရှောင်လင်းယွီက ပြုံးလိုက်ပြီး “မောင်လေး၊ နင်က အခုလည်း အရမ်းတော်နေပါပြီ။ ငါ့ကိုအမှီလိုက်နိုင်ဖို့ဆိုတာ အချိန်လေးတစ်ခုပဲ လိုတော့တာပါ။”

ရှောင်လင်းယဲ့က ရှက်ရွံ့စွာဖြင့် သူ့ခေါင်းကို အသာကုတ်လိုက်သည်။ ထိုအချိန်မှာပဲ သူ့အစ်မ၏ဘောင်းဘီအနားစများတွင် ရေစိုနေသည်ကို သူသတိထားမိသွားလေသည်။ “အစ်မ၊ ဘာလို့ နင့်ဘောင်းဘီက စိုနေတာလဲ။”

ရှောင်လင်းယွီ ငုံ့ကြည့်လိုက်သည်။ သူမမောင်ပြောသလိုပင် သူမ၏ဘောင်းဘီအနားများက ရေစိုနေခဲ့သည်။ ဒါက သူမ စိုက်ပျိုးရေးနေရာလွတ်ထဲတွင်ရှိနေတုန်းက စိုသွားခြင်းဖြစ်လောက်ပေမည်။

ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “ငါခြံနောက်ကိုသွားပြီး ဟင်းသီးဟင်းရွက်ပင်တွေ ရေသွားလောင်းထားလို့ပါ။ ကြည့်ရတာ ရေဖြန်းတုန်းက စိုသွားတဲ့ပုံပင်။”

ရှောင်လင်းယဲ့က ခေါင်းညိတ်လိုက်သည်။ “အစ်မ ဂရုစိုက်ပြီးလုပ်ဦး။ ရာသီဥတုက အေးနေတာ အအေးမမိစေနဲ့။”

“ငါသိပါတယ်။” ရှောင်လင်းယွီက ပြန်ဖြေလိုက်လေသည်။

ထိုအချိန်မှာပဲ တံခါးအပြင်ဘက်မှ မေမေရှောင်၏အော်သံက ဝင်လာခဲ့သည်။

“ယွီအာ၊ လယ်ထဲသွားပြီး သမီးအဖေကို နေ့လယ်စာစားဖို့ ပြန်လာဖို့ သွားပြောပေးပါလား။”

“ဟုတ်ကဲ့ အမေ။”

***

All Chapters