ဖေဖေရှောင်၏ထွန်စက်
Vol. 4 Ch. 59
ပြီးခဲ့သည့်ရာသီတုန်းက ဖေဖေရှောင်သည် စိုက်ပျိုးရေးလုပ်ငန်းသုံး လယ်ထွန်စက်တစ်ခုတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ ထိုထွန်စက်သည် တစ်နေ့လည် လယ် ၁၀မူ မှ ၂၀မူအထိ ထွန်နိုင်သည်။ နွားများကိုသုံးကာ လယ်ထွန်ခြင်းထက် ပို၍ ခရီးရောက်ပေသည်။ ဘာပဲဖြစ်ဖြစ် နွားများဖြင့်ထွန်လျှင်က တစ်နေ့လုံးကိုမှ လယ် ၁မူ ၂မူလောက်သာ ထွန်နိုင်သည်မဟုတ်လား။
ထို့အပြင် ထွန်စက်ကိုအသုံးပြုလိုက်ခြင်းသည် လယ်သမားများအတွက် အကောက်ခွန်လည်း လျော့နည်းသွားသည်။
ရှောင်မိသားစုသည် သူတို့ကိုယ်ပိုင်မြေပေါ်တွင် ထွန်လို့ပြီးပါက ထွန်စက်ကိုငှားသည့် ဝန်ဆောင်မှုကိုပါ ပြုလုပ်လေသည်။ ဖေဖေရှောင်သည် မြေတစ်မူထွန်ပေးလျှင် ယွမ်၈၀ ရရှိသည်။ ပုံမှန်လယ်သမားများအတွက် ယွမ်၈၀သည် အတော်လေး ဈေးကြီးသည့်အထဲပါနေသေးသည်။ သို့သော်လည်း နွားမရှိသည့် လယ်သမားမိသားစုများ သို့မဟုတ် သက်သောင့်သက်သာပြီးသွားချင်သည့် လယ်သမားမိသားစုများကတော့ ရှောင်ကျန်းယန်ကို ငှားနေကြတုန်းပင်။ ဘာပဲဖြစ်ဖြစ် နွားမရှိသည့် လယ်သမားများအတွက် နောက်ထပ်ရွေးချယ်မှုမှာ သူတို့လက်ဖြင့် မြေလှန်ဖို့သာ ရှိကြသည်မဟုတ်လား။
အဆုံးမှာတော့ ဖေဖေရှောင်ကိုငှားလိုက်သည်က ကုန်ကျစရိတ်ကို ပိုသက်သာသွားစေသည်။ ဖေဖေရှောင်၏ဝန်ဆောင်မှုကို လိုချင်ကြသူများမှာ ထောင်ယွမ်ရွာသာမက အနီးနားရှိရွာနီးချင်းများလည်း ပါပေသည်။
တခြားရွာသားများတွင်လည်း ထွန်စက်များရှိကြပေမယ့် ဖေဖေရှောင်သည် ငှားရမ်းခကို အနည်းဆုံးထားပေးကာ တာဝန်ယူမှုအပြည့်အရှိဆုံးသူလည်းဖြစ်သည်။ တခြားလူများက မြေတစ်မူအတွက် ယွမ်၁၀၀ယူကာ သူတို့လုပ်သည်က တခါတလေဆိုလျှင် ဖေဖေရှောင်လုပ်သလောက်ပင် မကောင်းကြပေ။ အတိုချုပ်ရလျှင်ဖြင့် ဖေဖေရှောင်၏စီးပွားရေးမှာ အတော်လေးကောင်းနေခဲ့သည်။
ဖေဖေရှောင်သည် သူ့ဝန်ဆောင်မှုကို ငှားထားသည့်အပေါ်မူတည်၍ တစ်နေ့တစ်နေ့ မတူညီသည့် လယ်ကွင်းများစီသို့ သွားရသည်။ ပုံမှန်အားဖြင့် သူ့ကို ငှားထားသည့်လူမှာ ရင်းနှီးသူမဟုတ်ပါက ဖေဖေရှောင်သည် အိမ်ပြန်ပြီးသာ ထမင်းစားတတ်ပြီး ရင်းနှီးပါက ထိုလူများနှင့်သာ နေ့လည်စာကို တခါတည်းစားလိုက်တတ်သည်။
ဖေဖေရှောင်ကို ရှောင်လင်းယွီသွားရှာသည့်အချိန်တွင် ဖေဖေရှောင်သည် တခြားလယ်သမားမိသားစုတစ်ခုအတွက် အငှားလယ်ထွန်ပေးနေခြင်းဖြစ်သည်။
ထိုမိသားစုက ရှောင်လင်းယွီကိုမြင်သည်နှင့် စပ်စပ်စုစုဖြင့် မေးလာခဲ့ကြသည်။ “ကျန်းယန်၊ မင်းတို့ ယွီအာက ချန်းမိသားစုကကောင်လေးနဲ့ လမ်းခွဲလိုက်ပြီလား။”
ဖေဖေရှောင်သည် ချန်းမိသားစုအကြောင်း ကြားလိုက်သည်နှင့် စိတ်အနှောက်အယှက်ဖြစ်သွားလေသည်။ “အဟုတ်ပဲ။ ငါ့ယွီအာက သူတို့နဲ့ထိုက်တန်လောက်တဲ့အထိ မကောင်းပါဘူး။”
ရှောင်ပမ်းမင်က ပြုံးလိုက်သည်။ “ကျန်းယန်၊ မင်းကတော့ နောက်ပြီကွာ။ ယွီအာက ထူးချွန်တယ်၊ နာခံမှုကလည်း အပြည့်ပဲ၊ ပြီးတော့ တွေးလည်းတွေးခေါ်တတ်တယ်။ တက္ကသိုလ်ကောင်းတစ်ခုက ဘွဲ့ရကျောင်းသူလည်းဖြစ်သေးတယ်။ မြို့ပေါ်မှာလည်း အလုပ်လုပ်တယ်။ ဒါတောင် မကောင်းသေးဘူးလား။” ရှောင်ပမ်းမင်က သူ့မျက်နှာကိုပွတ်ရင်း ထပ်ပြောလာခဲ့သည်။ “ငါကြားတာတော့ ချန်းမိသားစုက ယွီအာရဲ့ချစ်သူကောင်လေးက…”
ရှောင်ကျန်းယန်က ချက်ချင်းပင် ဖြတ်ပြောလိုက်သည်။ “ယွီအာက သူနဲ့လမ်းခွဲလိုက်ပြီ။ သူ့ချစ်သူကောင်လေးမဟုတ်တော့ဘူး။”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ယွီအာရဲ့ကောင်လေးမဟုတ်တော့ပါဘူး။” ရှောင်ပမ်းမင်က အမှန်ပြန်ပြင်လိုက်သည်။ “ဒီတော့ အဲ့ဒီချန်းမိသားစုက ကောင်လေး ဓားထိုးခံရတယ်လို့ ငါကြားတယ်။ အခုထိ ဆေးရုံတင်ထားရတုန်းပဲတဲ့။”
“ချန်းတဟွာနဲ့ သူ့ဇနီးလည်း ဆေးရုံစရိတ်တွေ မပေးနိုင်ဘူးလို့ကြားသေးတယ်။ သူတို့က ငွေလိုက်ချေးကြပေမယ့် ဘယ်သူကမှ သူတို့ကို မချေးကြဘူးလေ။ သူတို့မောင်နှမတွေတောင် ဝေးဝေးရှောင်နေကြတာ။ ချန်းတဟွာနဲ့သူ့ဇနီးက ဒီလောက်တောင် အမုန်းခံနေရတာလား။”
ရှောင်ကျန်းယန်သည် ပုံမှန်ဆိုလျှင် ဖြောင့်မတ်သူတစ်ယောက်ဖြစ်ကာ လူများနောက်ကွယ်တွင် သူတို့အကြောင်း ပြောလေ့မရှိပေ။ ချန်းမိသားစုဖြစ်နေလျှင်တောင်မှပေါ့။
ရှောင်ကျန်းယန်က ခေါင်းကိုသာ ခါလိုက်သည်။ “ငါမသိဘူး။ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ ငါတို့မိသားစု ဘာမှဆိုင်တော့တာမှမဟုတ်တာ။”
ရှောင်ကျန်းယန်က နီးလာပြီဖြစ်သည့် ရှောင်လင်းယွီကို ကြည့်လိုက်ကာ၊ “ပမ်းမင်၊ ငါ အိမ်ပြန် ထမင်းစားလိုက်ဦးမယ်။”
ရှောင်ပမ်းမင်က မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့်ပြောလာသည်။ “ဟေ့ ကျန်းယန်၊ မင်း ဒီနေ့ ငါ့အိမ်မှာ နေ့လည်စာစားမယ်လို့ ပြောထားတယ်လေ။ ငါ့မိန်းမကိုတော့ ဟင်းတွေပြင်ထားဖို့ ပြောထားပြီးပြီကွ။”
ရှောင်ကျန်းယန်က တောင်းပန်ပြုံးဖြင့် ပြုံးလိုက်ကာ၊ “အိုး၊ ငါ့မေ့သွားတယ်။ ငါ့အမှားပါကွာ။ ခယ်မလေးကို ငါတောင်းပန်ပါတယ်လို့ ပြောပေးပါဦး။ ငါ ဒီနေ့ အိမ်ပြန်မှဖြစ်မယ်။ အိမ်မှာ ယွီအာရော ယဲ့အာရောရှိနေတာလေ။ ငါတို့မိသားစု အတူထမင်းလက်စုံစားဖို့ဆိုတာ ခပ်ရှားရှားရယ်။”
သို့သော်လည်း ရှောင်ကျန်းယန်၏စိတ်ထဲမှာတော့ တိုးတိုးတိတ်တိတ် ရေရွတ်နေခဲ့လေသည်။ ရှောင်ပမ်းမင်၏ဇနီးသည် အလွန်ကပ်စေးနည်းသူဖြစ်သည်။ သူမမှာ ဟင်းစားအပိုတွေ ဝယ်ထားခဲ့လျှင်တောင်မှ ရှောင်ကျန်းယန်ကို ချကျွေးမည့်ပုံတော့မပေါ်ပေ။ ရှောင်ကျန်းယန် သွားစားတိုင်းလည်း ရှောင်ပမ်းမင်၏ဇနီးက သူ့ကို သူတောင်းစားတစ်ယောက်ကိုကြည့်သလို အကြည့်မျိုးဖြင့် ကြည့်နေတတ်သေးသည်။ ဒါက သူ့ကို အတော်လေး မသက်မသာဖြစ်စေတာကြောင့် ကိုယ့်အိမ်ပြန်၍သာ စားချင်တော့သည်။
ရှောင်ပမ်းမင်သည်လည်း သူ့ဇနီး၏အကျင့်စရိုက်ကိုသိကာ ကူကယ်ရာမဲ့ရသည်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် ရှောင်ကျန်းယန်က သူ့ကို မျက်နှာသာပေးကာ ကိုယ်တိုင် အကြောင်းပြချက်တစ်ခုပေးလာခဲ့သည်။
ရှောင်ပမ်းမင်လည်း ခေါင်းညိတ်လိုက်ပြီး၊ “ဒါဆိုလည်း ကောင်းပြီလေ။ နောက်တစ်ခေါက်ကျရင်တော့ ငါ့အိမ်မှာ လာစားရမယ်နော်။”
“ဒါပေါ့။” ရှောင်ကျန်းယန်က ယဉ်ယဉ်ကျေးကျေးပင် လက်ခံလိုက်သည်။
ထို့နောက် ရှောင်လင်းယွီလည်း ရောက်ရှိလာခဲ့သည်။ ရှောင်ပမ်းမင်ကိုမြင်သည်နှင့် သူမက ပြုံးကာ နှုတ်ဆက်လိုက်လေသည်။ “ဦးလေး၇”
ရှောင်ပမ်းမင်နှင့် ရှောင်ကျန်းယန်သည် မျိုးနွယ်တစ်ခုတည်းမှဖြစ်ကာ မျိုးဆက်တစ်ခုတည်းမှလည်း ဖြစ်ပေသည်။ ရှောင်ပမ်းမင်သည် သူတို့မျိုးဆက်တွင် ၇ယောက်မြောက်နေရာ၌ရှိတာကြောင့် လူငယ်များက သူ့ကို ဦးလေး၇ ဟု ခေါ်ကြသည်။
ရှောင်လင်းယွီက နှုတ်ဆက်ပြီးသည်နှင့် ရှောင်ကျန်းယန်ကို ပြောလိုက်သည်။
“အဖေ၊ နေ့လည်စာအဆင်သင့်ပြီနေပြီနော်။”
ရှောင်လင်းယွီ၏လိမ္မာယဉ်ကျေးပုံကိုမြင်ပြီး ရှောင်ပမ်းမင်တွင် အကြံတစ်ခုရလာခဲ့သည်။ သူက စနောက်သလိုဖြင့်၊ “ယွီအာ၊ သမီး ဟိုချန်းမိသားစုက ကောင်လေးနဲ့ လမ်းခွဲလိုက်ပြီဆို။ ငါတို့ ဟွားအာကို မစဉ်းစားကြည့်ချင်ဘူးလား။”
ရှောင်လင်းယွီက ပြုံးလိုက်ကာ၊ “ဦးလေး၇ကတော့ နောက်နေပြန်ပါပြီ။”
ရှောင်ကျန်းယန်က ချက်ချင်းပင် သူ့သမီးကိုကယ်ဖို့အရေး စကားဝိုင်းထဲ အမြန်ခုန်ဝင်လာလေသည်။ သူက ရှောင်ပမ်းမင်ကို ပြောလိုက်သည်။ “မင်းကလေးက ဒီလောက်ရိုင်းတာကို ငါ့ယွီအာက ထိန်းနိုင်မှာမဟုတ်ဘူး။ တခြားတစ်ယောက်ကိုသာ ရှာလိုက်။”
***