← Chapters

ယာဂု

Vol. 4 Ch. 60

ယာဂု

Vol. 4 Ch. 60

ထိုနေ့ ညစာစားချိန်၌ ရှောင်လင်းယွီက သူမမိဘများကို ပြောလာသည်။ “အမေ၊ သမီး မနက်ဖြန် မောင်လေးကို ကျောင်းလိုက်ပို့ချင်တယ်။”

ရှောင်လင်းယဲ့က အံ့ဩသွားကာ ချက်ချင်းပင် ပြန်ပြောလာသည်။ “အစ်မ ငါ့ကိုလိုက်ပို့ဖို့မလိုပါဘူး။ ငါအရွယ်ရောက်နပြီ။ တစ်ယောက်ယောက် နင် ကျောင်းလိုက်ပို့မှန်းတွေ့သွားရင် ငါ့ကို လှောင်နေကြလိမ့်မယ်။ တစ်ယောက်တည်းပဲ သွားမယ်။”

ရှောင်လင်းယွီက “နင့်ကိုလိုက်ပို့ချင်လွန်းလို့မဟုတ်ပါဘူးနော်၊ ငါ့ဘာသာ မြို့တက်ချင်လို့သွားမှာ။ မနက်ဖြန် ဈေးနေ့ရှိတယ်လေ၊ အဲ့ကိုသွားကြည့်ချင်လို့။”

ရှောင်လင်းယဲ့တစ်ယောက် နှုတ်ခမ်းစူလိုက်လေသည်။ “ကောင်းပြီ။” တကယ်တော့ သူ့အစ်မက သူ့ကိုအရမ်းဂရုစိုက်တာပဲ ဟု တွေးမိသွားခဲ့ခြင်းပင်။

မေမေရှောင်ကတော့ ရှောင်လင်းယွီ၏စကားကိုကြားပြီး စိုးရိမ်သွားခဲ့သည်။ “ယွီအာ၊ သမီးသွားဖို့ သိပ်မသင့်တောဘူးလို့ အမေထင်တယ်။ သမီးတစ်ခုခုဝယ်ချင်ရင် အဖေ့ကိုဖြစ်ဖြစ် အမေ့ကိုဖြစ်ဖြစ် ပြောလိုက်လေ။ အမေတို့ သွားဝယ်ပေးမှာပေါ့။ အမေက သမီးကို ဟို လန်မိသားစုတွေ ချန်းမိသားစုတွေနဲ့ တိုးမှာစိုးလို့ပါ…” ထိုလူများနှင့်သာ တိုးပါက ဖြေရှင်းရမလွယ်လှပေ။

ရှောင်လင်းယွီက ခေါင်းယမ်းလိုက်ပြီး၊ “ဘာမှဖြစ်လာမှမဟုတ်ပါဘူး အမေရဲ့။ သူတို့ ဘာမှမလုပ်ရဲပါဘူး။”

မေမေရှောင်ကတော့ စိုးရိမ်နေတုန်းပင်။ “အမေကတော့ မထင်ဘူး။ လန်ဟုန်ရှင်းက လူမိုက်လေ။ သူနဲ့သာ တိုးရင်ဘယ်လိုလုပ်မလဲ။”

ရှောင်လင်းယွီက သူမအမေကို နှစ်သိမ့်ပေးလိုက်သည်။ “အမေ အဲ့လောက်ကြီးမစိုးရိမ်ပါနဲ့။ မြို့ကရဲစခန်းမှာ သမီးမိတ်ဆွေတွေရှိတယ်။ လန်ဟုန်ရှင်း သမီးကို ဘာမှလုပ်ရဲမှာမဟုတ်ပါဘူး။”

ထို့နောက် ရှောင်လင်းယဲ့ကပါ။ “အမေ သား အစ်ကိုကာကွယ်လိုက်မယ်။ ဘာမှစိတ်မပူနဲ့။”

မေမေရှောင်လည်း သက်ပြင်းအသာချကာ မတားနိုင်တော့ပေ။ “ကောင်းပြီလေ၊ သေချာတော့ ဂရုစိုက်သွားကြနော်။”

ထိုညတွင် ရှောင်လင်းယွီသည် စိုက်ပျိုးရေးနေရာလွတ်အတွင်းသို့ ဝင်ခဲ့ပြန်သည်။ သူမအထဲသို့ ရောက်သွားသည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မှင်သက်သွားခဲ့ရသည်။ မျိုးစေ့များသည် သူမခြေသလုံးရောက်သည်အထိပင် ကြီးထွားနေကြလေပြီ။

“ဒီလောက်တောင် အကြီးမြန်တာလား။” ရှောင်လင်းယွီ တံတွေးမြိုချလိုက်မိသည်။ “အခုမှ နေ့တစ်ပိုင်းပဲရှိသေးတာလေ။” အသီးအရွက်များမှာ ညရောက်သည်နှင့် အကြီးကြီးတွေဖြစ်ကုန်ကြသည်။ “ဟမ်းး.. ကြည့်ရတာ ရေပူစမ်းရေက မသန့်စင်မှုတွေကို ဖယ်ရှားပေးပြီး ကြီးထွားမှုကိုပါ တိုးစေနိုင်တဲ့ပုံပဲ။ အညစ်အကြေးတွေသန့်စင်လိုက်တော့ အရသာကလည်း ထူးခြားသွားတယ်။ ဒါ ဖြစ်နိုင်တယ်။” ရှောင်လင်းယွီ ခန့်မှန်းကြည့်ရင်း စိတ်လှုပ်ရှားလာခဲ့သည်။ “ဒါဆို ငါ့မိသားစုကိုလည်း သန့်စင်တဲ့ရေပူစမ်းရေနည်းနည်းလောက် သောက်ခိုင်းကြည့်ရမယ်။”

ရှောင်လင်းယွီသည် နေရာလွတ်ထဲမှ ထွက်ကာ မီးဖိုချောင်ထဲသို့ အပြေးသွားခဲ့သည်။ ထိုအချိန်တွင် လူတိုင်းအိပ်နေကြပြီဖြစ်တာကြောင့် ရှောင်လင်းယွီ မီးဖိုချောင်ထဲ ခိုးဝင်သွားသည်ကို မည်သူမှ မတွေ့ခဲ့ကြပေ။

ရှောင်လင်းယွီက ရေစည်ကိုဖွင့်လိုက်ကာ သူမ၏စိတ်ကို ရေသွယ်တန်းသည့်ပုံဖော်လိုက်သည်နှင့် နောက်ထပ်အံ့ဖွယ်တစ်ရပ် ထွက်ပေါ်လာခဲ့ပြန်သည်။

ရေပူစမ်းရေများက သူမလက်ချောင်းများမှတဆင့် စီးဆင်းလာကာ ရေစည်ထဲသို့ ကျလာခဲ့သည်။ ရေကျသံက တိတ်ဆိတ်လှသည့် ညအချိန်တွင် ကျယ်လောင်နေသော်လည်း ကံကောင်းစွာဖြင့် ဘယ်သူမှ မနိုးသွားခဲ့ပေ။ ရေစည်တစ်ဝက်ခန့်ကိုရေဖြည့်ပြီးနောက် ရှောင်လင်းယွီလည်း သူမအခန်းသို့ ြန်သွားခဲ့သည်။

ရှောင်လင်းယွီတစ်ယောက် ပင်ပန်းနေလေပြီ။ နောက်နေ့ ဝယ်ဖို့လိုအပ်သည့်ပစ္စည်းများကိုတွေးရင်းဖြင့်ပင် သူမ အိပ်မောကျသွားခဲ့တော့သည်။

နောက်တစ်နေ့ မနက်စောစောတွင် မေမေရှောင်က သူမမိသားစုအတွက် မနက်စာပြင်ဆင်ရန် အရင်ဆုံးနိုးလာခဲ့သည်။ ရေစည်ထဲက ရေပမာဏက မနေ့ကထက်ပိုများနေကြောင်း သူမသတိပြုမိခဲ့လေသည်။ “ထူးဆန်းလိုက်တာ၊ မနေ့ညက ရေစည်တစ်ဝက်တောင် ရေမကျန်တော့ပါဘူး။ ဘာဖြစ်သွားတာပါလိမ့်။” မေမေရှောင် စိတ်ရှုပ်ထွေးသွားရသည်။ “မနေ့ညက ယဲ့အာ ရေပြန်ဖြည့်ထားတာများလား။”

ရှောင်မိသားစု၏ခြံဝန်းရှေ့တွင် ရေတွင်းတစ်တွင်းရှိပေသည်။ ရေတွင်းသည် စက်မပါဘဲ ကိုယ်တိုင်ကြိုးဖြင့်ဆွဲရသည့်စနစ်သာဖြစ်ပေသည်။ အိမ်ရှိရေစည်များ ရေကုန်နေပါက မိသားစုထဲက တစ်ယောက်ယောက်က တွင်းရေခပ်ကာ ဖြည့်ပေးပေလိမ့်မည်။

မေမေရှောင်က သူမသား ဒါမှမဟုတ် ခင်ပွန်းက ရေဖြည့်ပေးထားခြင်းဖြစ်မည်ဟုသာ တွေးလိုက်တာကြောင့် အများကြီးဆက်တွေးမနေခဲ့ပေ။ သူမက ယာဂုပြုလုပ်ရန် ရေနွေးတစ်အိုး စတည်လိုက်သည်။ ယာဂုအိုး၏အနံ့မှာ မွှေးပျံ့လွန်းနေကာ အိပ်ခန်းထဲရှိလူများကို ထွက်အောင် ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့သည်။

ရှောင်လင်းယဲ့က အိပ်ယာထလာသည်နှင့် ပြောလိုက်သည်။ “အနံ့က ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ။” သူက အင်္ကျီအမြန်ကောက်စွပ်ကာ သွားပင်မတိုက်ဘဲ အနံ့လားရာအတိုင်း မီးဖိုချောင်ထဲသို့ ဝင်ခဲ့လေသည်။

“အမေ၊ ဘာတွေချက်နေတာလဲ။ အရမ်းမွှေးတာပဲ။” ရှောင်လင်းယဲ့ပြောနေတုန်းမှာပင် ကျန်နှစ်ယောက်လည်း ရောက်လာခဲ့သည်။

ဖေဖေရှောင်က မီးဖိုထဲသို့တစ်ချက်ကြည့်ကာ သိချင်စွာဖြင့် မေးလိုက်သည်။ “မိန်းမ၊ ဘာတွေချက်နေတာလဲ။ အနံ့ကအရမ်းမွှေးတယ်။”

မေမေရှောင် စိတ်ရှုပ်သွားလေသည်။ ထို့နောက် သူမက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ “ရှင်တို့နှစ်ယောက် တော်တော်လေးဗိုက်ဆာနေကြပုံပဲ။ ကျွန်မက ပုံမှန် ယာဂုလေးပဲချက်နေတာပါ။ အတူတွဲစားဖို့ ကြက်ဥပန်ကိတ်လေးပါ‌ ကြော်လိုက်ဦးမယ်။”

သားအဖနှစ်ယောက်မှာ အံ့ဩသွားကြတော့သည်။ “ဒါ ပုံမှန်ယာဂုပဲလား။” ပုံမှန်ချက်နေကြ ယာဂုက ဒီလောက်တောင်မွှေးနိုင်လို့လား။

“အဲ့မှာ ရပ်မနေကြနဲ့တော့။ သွားတိုက်မျက်နှာသစ်ကြ။ ကျွန်မ ကြက်ဥပန်ကိတ်ကြော်ပြီးတာနဲ့ မနက်စာစားလို့ရပြီ။” မေမေရှောင်က သားအဖနှစ်ယောက်ကို မီးဖိုချောင်ထဲမှ နှင်ထုတ်လိုက်တော့သည်။

***

All Chapters