ယာဂု (၂)
Vol. 4 Ch. 61
“ဟေး၊ ဘယ်မိသားစုကများ မနက်ခင်းစောစောစီးစီး ဒီလောက်အရသာရှိတဲ့ ဟင်းတွေချက်နေတာလဲ။”
ထောင်ယွမ်ရွာသည် စိုက်ပျိုးရေးရွာတစ်ရွာဖြစ်တာကြောင့် ရွာသားအတော်များများသည် အာရုံမတက်မီကတည်းကထကာ လယ်ကွင်းများဆီသို့ အလုပ်ဆင်းကြလေသည်။
မတ်လနှင့် ဧပြီလသည် မျိုးကြဲသည့်ရာသီဖြစ်သည်။ လတစ်ဝက်လောက်နေလျှင်တော့ ပျိုးပင်များပေါက်လာကြပေမည်။ ထို့ကြောင့် ပျိုးပင်များ ပြန်လည်စိုက်ပျိုးရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် လုံလောက်သော ရေအရင်းအမြစ်ရှိရန် လိုအပ်ပေသည်။ ဒါကြောင့်ပဲ လယ်ကွင်းများထဲတွင် မြောင်းဖော်ရန်ရောက်ရှိနေသည့် လယ်သမားများစွာ ရှိနေပြီဖြစ်သည်။ တချိန်တည်းမှာပဲ သူတို့က ပေါင်းပင်များကိုရိတ်ကာ ဓာတ်မြေဩဇာတ်များထည့်ကြသည်။
“ငါတို့ ဒီလောက်မြေဆွေးတွေကိုင်နေရတာတောင် ဒီဟင်းချက်နေတဲ့အနံ့မွှေးမွှေးက ရနေတုန်းပင်။ တော်တော်လေးအံ့ဩဖို့ကောင်းတယ်။” ရှောင်ပမ်းကျီ၏ဇနီး လျှိုလျှို့ရှီးက ပြောလိုက်သည်။ ထိုအနံ့နှစ်ခုပေါင်းစပ်သွားသည်က ဖော်ပြရန်ပင်ခက်လှသည်။
“ဒါက ဟင်းချက်တဲ့အနံ့ဖြစ်ပါ့မလား။” နောက်လယ်တစ်ကွက်တွင် အလုပ်လုပ်နေသည့် လန်ယွီရှီးက နားမလည်စွာဖြင့်မေးလိုက်သည်။ “ပန်းအနံ့ပဲဖြစ်မှာပါ။” ဘယ်ပုံမှန်ဟင်းမျိုးကမှ ဒီလောက်ဝေးဝေးအထိ အနံ့ပျံ့နိုင်မှာမှမဟုတ်ဘဲ။
“မဟုတ်ဘူး၊ ဒါ ယာဂုချက်တဲ့အနံ့ပဲ။” ကျန်းကျောင်းယင်းကပြောလိုက်သည်။ “ဟုတ်တယ်၊ ယာဂုပဲဖြစ်ရမယ်။”
ရှောင်မိသားစုအိမ်နားဖြတ်သွားသည့် လူကြီးလူငယ်မရွေး ချက်ချင်းပင် ရပ်သွားကာ နှာခေါင်းများရှုံ့လို့ အနံ့ခံမိကြလေသည်။ ‘ဒုတိယဦးလေးရဲ့မိသားစုက ဘာတွေများချက်နေလို့ ဒီလောက်အနံ့တွေ မွှေးနေရတာလဲ။’
“ယာဂုအနံ့နဲ့တူပေမယ့် ပုံမှန်ဆို ယာဂုအနံ့က ဒီလောက်တောင် မွှေးလို့လား။ ယာဂုဆိုတာ အရသာကိုမရှိတာကြီးမဟုတ်ဘူးလား။ ငါဆို ယာဂုစားရမှာ အမုန်းဆုံးပဲ။”
“ငါ ကြက်ဥပန်ကိတ်အနံ့လည်းရသေးတယ်။ ဒီအနံ့ကလည်း အရမ်းအံ့ဩဖို့ကောင်းအောင် မွှေးတာပဲ။”
ကလေးတစ်ယောက်က တံတွေးများမျိုချရင်း ပြောလခဲ့သည်။ “ဘာအနံ့ပါလိမ့်။ စားချင်လိုက်တာ။”
“ရှောင်ပေါင်းဇီ၊ မင်းမနက်စာ မစားရသေးဘူးလား။” သူ့ဘေးနားရှိ ဆယ်နှစ်အရွယ်ကလေးက အထင်သေးစွာဖြင့် ပြောလိုက်သည်။ “မင်းခန္ဓာကိုယ်က အခုတောင် ဝပြီး လုံးနေပြီ။ ဆက်ပြီးသာ စားနေလို့ကတော့ ဝက်ဖြစ်သွားလိမ့်မယ်။” ရှောင်ပေါင်းဇီ၏နာမည်အရင်းမှာ ရှောင်ကျင်းဖြစ်သော်လည်း သူက ဖြူဖြူဝဝကလေးတစ်ယောက်ဖြစ်တာကြောင့် လူတိုင်းက သူ့ကို ပေါက်စီလေး(ရှောင်ပေါင်းဇီ) ဟု ခေါ်ကြခြင်းဖြစ်သည်။
“ရှောင်မုထန့်၊ မင်းပဲ ဝက်ဖြစ်မှာ။” ရှောင်ကျင်းက ဒေါသတကြီး ပြန်ပြောလိုက်သည်။ “ဝက်မဲကြီး။”
ရှောင်မုထန့်ဆိုသည့် ကောင်လေး၏နာမည်အရင်းမှာ ရှောင်လီမင်ဖြစ်သော်လည်း သူက ပုံမှန်ထက် အသားမဲသူဖြစ်တာကြောင့် လူတိုင်းက သူ့ကို မီးသွေးတုံး(ရှောင်မုထန့်)ဟု ခေါ်နေကြခြင်းပင်။
ရှောင်လီမင်က ပြန်ခံပြောပြောတော့မည့်အချိန်မှာပဲ တခြားကလေးတစ်ယောက် ပြောလိုက်လေသည်။ “ရှောင်နီချိုး ရောက်လာပြီဟေ့။” ရှောင်နီချိုးဆိုသူကတော့ ရှောင်ရှောင်းဟွေ့ပင်။ ရှောင်ရှောင်းဟွေ့သည် ရေနှင့်ဗွက်ထဲတွင် ဆော့ရသည်ကိုကြိုက်တာကြောင့် လူကြီးများက ရေချိုငါးလေး(ရှောင်နီချိုး)ဟု ခေါ်ကြသည်။ တခြားကလေးများကလည်း လူကြီးများခေါ်သည့်အတိုင်း လိုက်ခေါ်ကြခြင်းပင်။ ရှောင်ရှောင်းဟွေ့ကို မြင်လိုက်သည်နှင့် တခြားကလေးများ၏မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် အရောင်များတောက်လာကြလေသည်။
“ရှောင်နီချိုး။” ကလေးများက ရှောင်ရှောင်းဟွေ့ဟုခေါ်ကာ သူ့အနားတွင် ပတ်ပြေးနေကြသည်။ “ရှောင်နီချိုး၊ မင်း မင်းဒုတိယအဒေါ်အိမ်မှာ မနက်စာသွားစားမလို့လား။”
“ရှောင်နီချိုး၊ မင်းရဲ့ဒုတိယအဒေါ် ဘာတွေချက်နေလို့ ဒီလောက်မွှေးနေတာလဲ သိလား။”
“ရှောင်နီချိုး…”
ရှောင်ရှောင်းဟွေ့က သူ့ရင်ဘက်သူပုတ်ကာ သူ့ခေါင်းကိုမော့လိုက်ပြီး ဝံ့ကြွားစွာဖြင့်ပြောလိုက်သည်။ “ငါ ငါ့ဒုတိယအဒေါ်အိမ်ကို သွားသွား မသွားသွား ဘာကိစ္စမင်းတို့ကို ပြောပြရမှာလဲ။ တကယ်လို့ ငါသွားရင်တောင် မင်းတို့ထဲက ဘယ်သူ့ကိုမှ ခေါ်မသွားဘူး။ မင်းတို့ကိုယ်မင်းတို့လည်း ကြည့်ကြပါဦး၊ ဆာလောင်နေတဲ့သရဲတွေကျနေတာပဲ။ ဘယ်လောက်ရှက်ဖို့ကောင်းလဲ။” ရှောင်ရှောင်းဟွေ့က ပြောပြီးသည်နှင့် ရှောင်မိသားစု၏ခြံဝန်းတံခါးကို ခေါက်လိုက်သည်။
မနက်စာကို ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြသည့် ရှောင်မိသားစုသည်တော့ သူတို့၏မနက်စာအနံ့က အပြင်ဘက်တွင် လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့သည်ကို မသိကြပေ။
“အမေ၊ ယာဂုထဲ ဘာတွေထည့်ထားတာလဲ။ အရမ်းအရသာရှိတာပဲ။ ကြက်ဥပန်ကိတ်ရောပဲ အရမ်းစားလို့ကောင်းတယ်။” ရှောင်လင်းယဲ့က စားနေရင်းပင် မေးလိုက်သည်။
မေမေရှောင်ကတော့ မျက်မှောင်ကြုတ်လိုက်လေသည်။ “အမေ ပုံမှန်အတိုင်းပဲ ပြင်ဆင်ထားတာပါ။ ဒါပေမယ့် သားပြောတာတော့ဟုတ်တယ်။ ယာဂုရဲ့အရသာက ထူးထူးခြားခြားလတ်ဆတ်နေတာပဲ။” သူမလည်း တစ်ဇွန်းသောက်လိုက်သည်။
ထိုအချိန်မှာပဲ တံခါးခေါက်သံတစ်သံကို ကြားလိုက်ရလေသည်။
မေမေရှောင်က “ဒီလောက်မနက်ခင်း စောစောစီးစီး ဘယ်သူလာတာပါလိမ့်။ ယဲ့အာ၊ တံခါး သွားဖွင့်ပေးလိုက်ဦး။” ရှောင်လင်းယဲ့က နာနာခံခံဖြင့် တံခါးသွားဖွင့်ပေးလိုက်ချိန်တွင်တော့ အံ့ဩကာ စိတ်ရှုပ်သွားရသည်။ ဘာလို့ လူတွေအများကြီး သူတို့ခြံရှေ့မှာ ရပ်နေကြတာလဲ။
ကလေးအုပ်စုအပြင် ခေါင်းတညိတ်ညိတ်နှင့် လှည့်ပတ်ကြည့်နေကြသော လူကြီးအနည်းငယ်လည်း ပါနေသေးသည်။
ရှောင်လင်းယဲ့က လူကြီးများကို မေးလိုက်သည်။ “ဦးလေးတို့ ဒေါ်လေးတို့ ဘာများကူညီပေးရမလဲ။”
“ဘာမှမဟုတ်ပါဘူး။” ရွာသားတစ်ယောက် မေးလိုက်သည်။ “ယဲ့အာ၊ မင်းအမေ ဘာတွေချက်နေတာလဲ။ အနံ့က မိုင်တွေအဝေးကြီးအထိပါ ပျံ့နေရောပဲ။ ငါတို့တောင် သွားရည်ကျတယ်။”
ဒီတော့မှ ထိုလူအုပ်ကြီးသည် မနက်စာ၏အနံ့မွှေးမွှေးကြောင့် စုပြုံလာမှန်း ရှောင်လင်းယွီ သိသွားတော့သည်။
သို့သော်လည်း ဒါက အရမ်းချဲ့ကားလွန်းသည်ဟု သူခံစားမိနေတုန်းပင်။ သူ့အမေ ဒီနေ့ချက်တဲ့ မနက်စာက တော်တော်လေးမွှေးတယ်ဆိုပေမယ့် သူ့အိမ်နားကို လူတွေဝိုင်းလောက်တဲ့အထိတော့ မဖြစ်သင့်ဘူးမဟုတ်လား။
ရှောင်လင်းက တစ်ခုခုပြောတော့မည့်အချိန်မှာပဲ ရှောင်ရှောင်းဟွေ့က စိုးရိမ်တကြီး ဝင်ပြောလာသည်။ “ယဲ့ကော၊ အစ်ကိုတို့ဆီမှာ မနက်စာပိုသေးလား။ သား အခုထိ မနက်စာမစားရသေးလို့။”
‘ကြည့်ရတာ ဒီကောင်လေး မနက်စာ အလကားလာစားတာပဲ။ ရယ်ရတယ်။’
ရှောင်လင်းယဲ့ ခပ်ဟဟရယ်လိုက်ပြီး၊ “ငါ့အမေက ငါတို့မိသားစု စားလောက်ဖို့အတွက်ပဲ လုပ်ထားတာ။ အပိုမရှိဘူး။”
ရှောင်ရှောင်းဟွေ့ကတော့ သူ့စကားကိုလျစ်လျူရှုကာ အိမ်ထဲသို့ အော်ဟစ်ရင်း ပြေးဝင်သွားလေသည်။ “ဒုတိယဒေါ်လေး၊ မနက်စာ ဘာတွေချက်ထားတာလဲဗျ။ အရမ်းမွှေးတာပဲ။”
ရှောင်ရှောင်းဟွေ့ပြေးဝင်သွားသည်နှင့် သူ့နောက်သို့ တခြားကလေးသုံးယောက်ကပါ လိုက်သွားလေသည်။
***