ပြီးပြည့်စုံသည့်ရေအချိုး
Vol. 4 Ch. 62
စူးစမ်းလိုသည့် အရွယ်ရောက်လူကြီးများကတော့ ကလေးများကဲ့သို့ အရေမထူနိုင်ပေ။ ဘာပဲဖြစ်ဖြစ် မေမေရှောင်က သူတို့မိသားစု စားလောက်ဖို့ပဲ ချက်ပြုတ်ထားသည်ဟု ရှောင်လင်းယဲ့ ပြောပြီးနေပြီမဟုတ်လား။
ရှောင်ရှောင်းဟွေ့၏အသံကိုကြားသည်နှင့် မေမေရှောင်က ပြောလိုက်သည်။ “လာလေ၊ တခါတည်း ဝင်စားသွားလိုက်။ ဒေါ်လေးတို့မှာ နည်းနည်းပိုသေးတယ်။” မေမေရှောင်က နောက်ထပ် ပန်းကန်ခွက်ယောက် လေးစုံကို ပြင်ပေးလိုက်သည်။ တော်သေး၍ သူမ ပိုချက်ထားမိလို့ပင်။
အစားအသောက်များမှာ အရသာရှိသော်လည်း သူတို့သာ စားမကုန်ပါက အလဟဿဖြစ်သွားမည်ပင်။ ရှောင်မိသားစုသည် ဗိုက်ပြည့်နေကြပြီဖြစ်တာကြောင့် မေမေရှောင်က ကျန်သည့် ယာဂုနှင့် ပန်ကိတ်များကို ကလေးများအားပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။
ရှောင်လင်းယဲ့က ချက်ချင်းပင် ကန့်ကွက်လာခဲ့သည်။ “အမေ သား ဒီနေ့ ကျောင်းသွားရမှာလေ။ သားက ပန်ကိတ်တွေကို ယူသွားဖို့ တွေးနေတာကို။”
မေမေရှောင်က သူမသားကို တစ်ချက်မျက်စောင်းထိုးကြည့်လိုက်သည်။ “ကပ်စီးနဲမနေနဲ့။ မင်းအတွက် ထပ်လုပ်ပေးမယ်။”
သူမကလေးများက ခနနေကျလျှင် မြို့သို့တက်ကြတော့မည်ဖြစ်သည်။ ယွီအာက ဈေးသွားမည်ဖြစ်ကာ ယဲ့အာသည်တော့ ကျောင်းသွားရမည်။ မြို့သည် ထောင်ယွမ်ရွာနှင့် အတန်ငယ်လှမ်းသောကြောင့် စောစောထွက်မှဖြစ်ပေမည်။ သူမအတွက် ယာဂုကြိုဖို့အထိ အချိန်မလုံလောက်သော်လည်း ကြက်ဥပန်ကိတ်တော့ ထပ်လုပ်ပေးလိုက်နိုင်သေးသည်။
ရှောင်လင်းယဲ့က ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး၊ “ကျေးဇူးပဲ အမေ။”
ရှောင်ရှောင်းဟွေ့သည်တော့ မေမေရှောင်က ကြက်ဥပန်ကိတ်ထပ်လုပ်ဦးမည်ဆိုသည့် စကားကိုကြားသည်နှင့် မျက်လုံးများလက်လာကာ မျှော်လင့်ခြင်းများစွာဖြင့် မေးလိုက်သည်။ “ဒုတိယဒေါ်လေး၊ ပန်ကိတ်ကို နည်းနည်းလေးများ ပိုထပ်မလုပ်ချင်ဘူးလား။ သားလဲ ခနနေ နွားသွားကျောင်းရမှာ။ ဗိုက်ဆာရင် အစာပြေစားချင်လို့ပါ။” တခြားကလေးများကလည်း မျှော်တလင့်လင့်ဖြင့် မေမေရှောင်ကို ဝိုင်းကြည့်လာကြသည်။
ကလေးငယ်လေးများ၏အကြည့်ကြောင့် မေမေရှောင်မှာ ရယ်သာရယ်လိုက်နိုင်တော့သည်။ “ကောင်းပြီ၊ ကောင်းပြီ၊ ဒေါ်လေးလုပ်ပေးမယ်၊ စောင့်နေကြနော်။”
“ဟေး….” ကလေးများအားလုံး ပျော်ရွှင်သွားကြတော့သည်။
ရှောင်လင်းယွီသည်တော့ သူမဝေစုဖြစ်သည့် ယာဂုနှင့်ပန်ကိတ်များကို တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အပြီးသတ်နေရင်း အတွေးနက်နေခဲ့သည်။ ‘ဒီလိုဆို မဖြစ်သေးဘူး။ မနက်စာလေးတစ်ခုနဲ့တင် လူတွေအများကြီးရဲ့ အာရုံကို ဆွဲဆောင်နေမိပြီ။ ဒီလိုသာ ဆက်ဖြစ်နေရင် သံသယဝင်လာကြတော့မယ်။’ ရှောင်လင်းယွီ တွေးကြည့်လိုက်ပြီးနောက် ရေစည်ထဲမှရေကို ရိုးရိုးရေထပ်ရောရန် ဆုံးဖြတ်လိုကသ်ည်။ ဒီလိုဆို သက်ရောက်မှုက ပိုလျော့နည်းသွားလိမ့်မည်။
သူမမိသားစုဝင်များအတွက်ကိုတော့ ရေပူစမ်းရေထည့်ကာ တစ်ခွက်ချင်းပဲ တိုက်ရိုက်တိုက်လိုက်ဖို့ရန် ဆုံးဖြတ်လိုက်သည်။ မေမေရှောင်သာ ရေပူစမ်းရေဖြင့် မချက်ပြုတ်ပါက ရွာသားများ၏အာရုံကို ဆွဲဆောင်မိတော့မည်မဟုတ်ပေ။
မေမေရှောင်သည် ပန်ကိတ်တချို့ကြော်ရန်ထွက်သွားခဲ့သည်။ ကလေး ၄ယောက်ကတော့ အတော်လေး ကျေနပ်နေကြလေသည်။ သူတို့ဗိုက်တွေပြည့်သွားတာတောင်မှ ထုပ်သွားလို့ရမလားမေးနေကြသည်။ ထိုပုံစံလေးများက မေမေရှောင်နှင့်လူကြီးများကို အတော်လေးရယ်မောမိသွားစေလေသည်။ ကလေးများက သူမချက်သည့် အစားအသောက်များကို အရမ်းကြိုက်နေတာကြောင့် မေမေရှောင်လည်း သူတို့အတွက် ပိုပြီး လုပ်ပေးလိုက်သည်။
ရှောင်လင်းယဲ့ကလည်း ထိုအချင်းအရာကိုမြင်ပြီး သူလည်း ကျောင်းသို့ ယာဂုနှင့်ကြက်ဥပန်ကိတ်များ ယူသွားချင်ကြောင်း ပြောလာခဲ့သည်။
မေမေရှောင်ကတော့ ပြောစရာစကားမဲ့သွားရလေသည်။ “မင်း ကြက်ဥပန်ကိတ်ယူသွားလို့ရပေမယ့် ယာဂုယူသွားဖို့တော့ မေ့သာထားလိုက်။ ငါအဲ့ဒါတွေကို ဘယ်လိုထုပ်ပေးရမှာလဲ။”
အဆုံးမှာတော့ ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့ ခရီးမစခင် ပန်ကိတ်အနည်းငယ်သာ ထည့်ပေးလိုက်လေသည်။
မေမေရှောင်တစ်ယောက် ကလေးများနှင့် အလုပ်ရှုပ်နေချိန်မှာပဲ ရှောင်လင်းယွီက ယာဂုပန်းကန်ကိုဆွဲကာ မီးဖိုထဲမှ လစ်ထွက်လာခဲ့လေသည်။ သူမက ယာဂုကို ရေစည်ထဲသို့ ထည့်လိုက်ပြီးနောက် ရေစည်ထဲမှရေများကို ပုံးနှစ်ပုံးထဲ ဖြည့်လိုက်သည်။ ပုံးများရေပြည့်သွားသည်နှင့် တုတ်တစ်ချောင်းဖြင့် လျှိုကာ သူမပုခုံးပေါ်တွင် ဟန်ချက်ညီအောင်တင်ပြီး ထမ်းလိုက်သည်။ ထို့နောက် ခြံဝန်းအနောက်ဘက်ဆီသို့ ထွက်လာခဲ့လေသည်။
မေမေရှောင်က သူမသမီးက မီးဖိုထဲကထွက်သွားပြီး ရေပုံးများသယ်နေကြောင်းတွေ့လိုက်ရတာကြောင့် လှမ်းမေးလိုက်သည်။ “ယွီအာ၊ ရေသယ်ပြီး ဘယ်သွားမလို့လဲ။”
ရှောင်လင်းယွီက ပြန်ဖြေလာခဲ့သည်။ “အမေ၊ သမီး ရေစည်ထဲ ယာဂုပန်းကန် မတော်တဆပြုတ်ကျသွားတာနဲ့ ရေစည်တစ်ခုလုံး အလကားမဖြစ်အောင် နောက်ဖေးခြံကွက်ထဲက အသီးအရွက်ပင်တွေကို ရေလောင်းလိုက်မလို့ပါ။”
မေမေရှောင်က ဘာကိုမှသံသယမဖြစ်သွားဘဲ လှမ်းသာတားလိုက်သည်။ “ကောင်မလေး၊ ရေပုံးတွေက အရမ်းလေးတယ်။ သမီး ဘယ်လိုလုပ်သယ်နိုင်မှလဲ။ ထားလိုက်၊ အမေလုပ်မယ်။”
ရှောင်လင်းယွီက ခေါင်းယမ်းလိုက်သည်။ “ရတယ်အမေ သမီးလုပ်နိုင်တယ်။ အရင်ကလည်း သမီး အိမ်မှာ အမေ့ကိုကူနေကျပဲကို မေ့သွားပြီလား။”
မေမေရှောင်က၊ “အဲ့ဒါက အရင်တုန်းကလေ။ သမီး မြို့မှာသွားနေကတည်းက လေးလေးပင်ပင်တွေမှ မ,မတော့တာ။ ဒဏ်ရာတွေဘာတွေ ရကုန်ပါဦးမယ်။ အမေလုပ်ပါ့မယ်။”
“အမေကလည်း ရပါတယ်ဆို။ သမီးဒီမှာပဲနေဖို့ ဆုံးဖြတ်ထားမှတော့ ဒါတွေလုပ်ရမှာပဲလေ။”
မေမေရှောင်က ဆက်မပြောနိုင်တော့တာကြောင့် လိုက်၍သာ ကြည့်နေမိသည်။
ရှောင်လင်းယွီတစ်ယောက် ရေနှစ်ပုံးနှင့် သူမခရီးကို ဆက်ခဲ့သည်။ ခြံနောက်ဝန်းထဲသို့ရောက်သည်နှင့် ပုံးနှစ်လုံးကို ချလိုက်ကာ ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် တစ်ချက်လောက်တွေးလိုက်သည်နှင့် ရေနှစ်ပုံးက ပျောက်သွားလေသည်။
ရှောင်လင်းယွီသည် ထိုရေများကို အသီးအရွက်ပင်များအား မလောင်းခဲ့ပေ။ မဟုတ်ပါက နောက်ထပ် ကြီးမားလှသည့် အသီးအရွက်ပင်များကို ထပ်ပြီး ရိတ်သိမ်းနေရပေလိမ့်မည်။
ရှောင်လင်းယွီက မနေ့က သူမစမ်းသပ်ထားခဲ့သည့် အပင်များကို လေ့လာရန်သွားလိုက်သည်။ သူမခန့်မှန်းထားသလိုပင် ရေပူစမ်းရေပါဝင်မှုများလေ အသီးအရွက်များက ပိုကြီးလေဖြစ်သည်။
ပုံမှန်ထက်တော်တော်လေး ကြီးနေသည့် အသီးအရွက်ပင်အနည်းငယ်ရှိနေသော်လည်း အရင်နေ့က ရိတ်သိမ်းခဲ့ရသလိုမျိုးတော့ အဆမတန်ကြီးမနေခဲ့ပေ။
ရေပူစမ်းရေအချိုးအနိမ့်ဆုံးထည့်ကာ လောင်းထားသည့် အသီးအရွက်များတောင်မှ မနေ့က အသီးအရွက်များ၏အရွယ်အစားထက် သုံးပုံတစ်ပုံသာ လျော့နည်းလေသည်။ ဤအခင်းကို ပုံမှန်ရေနှင့် ရေပူစမ်းရေ ၁၀ပုံ ၁ပုံအချိုးဖြင့် ရောစပ်ထားခြင်းဖြစ်သည်။
သူမလေ့လာကြည့်ရသလောက် မနေ့က အသီးအရွက်များသည် သူမမိသားစု ရိတ်သိမ်းသည့်အချိန်အထိ အပြည့်အဝမကြီးထားကြသေးပေ။ အချိန်ပေးလျှင်ပေးသလို ထိုထက်မက ပို၍ကြီးထွားလာနိုင်ပေသည်။
၅၀:၁ ဖြင့် ရိုးရိုးရေနှင့် ရေပူစမ်းရေရောစပ်ကာ လောင်းထားသည့် အခင်းသည်မူ မနေ့က ရိတ်သိမ်းခဲ့သည့် အသီးအရွက်များ၏ ၆ပုံ၁ပုံ အရွယ်အစားသာရှိသည်။
အပြီးပြည့်စုံဆုံးအရောအစပ်ကတော့ ရိုးရိုးရေ ၂၀၀ရာခိုင်နှုန်းနှင့် ရေပူစမ်းရေ ၁ရာခိုင်နှုန်းရောစပ်ခြင်းပင်။ ထိုအခင်းသည် ပုံမှန်အသီးအရွက်များ၏အရွယ်အစားထက် တစ်ဝက်လောက်သာ ပိုကြီးကာ ကြည့်ရတာ ချစ်စရာပင်ကောင်းနေသေးသည်။
ရှောင်လင်းယွီအနေဖြင့် အနာဂါတ်တွင် ဤအချိုးအတိုင်းသာ အသုံးပြုပေတော့မည်။ ဒါက ကောင်းကောင်းလည်း ကြီးထားကြမည်ဖြစ်သလို ထူးထူးဆန်းဆန်းအရွယ်အစားမျိုးအထိလည်း ကြီးသွားမည်မဟုတ်ပေ။
ရှောင်လင်းယွီတစ်ယောက် လေ့လာစူးစမ်း၍ပြီးသည်နှင့် အနည်းငယ်ကြီးသည့် အသီးအရွက်များကိုရွေးကာ နှုတ်လိုက်သည်။
“အစ်မ၊ ငါတို့သွားရတော့မယ်။” ရှောင်လင်းယွီ ပြီးသွားသည်နှင့် အိမ်ထဲမှ ရှောင်လင်းယဲ့ လှမ်းအော်လိုက်သည်။
“ဟုတ်ပြီ၊ ငါလာခဲ့မယ်။”
ရှောင်လင်းယွီလည်း သူမနှုတ်လိုက်သည့် အသီးအရွက်များကို ရေပုံးထဲသို့ထည့်ကာ အိမ်ဆီသို့ ပြန်သယ်လာခဲ့သည်။
***