ထိုနှစ်တုန်းက
Vol. 4 Ch. 64
ရှောင်လင်းယွီသည် Sပြည်နယ်ရှိ နာမည်ကြီးတက္ကသိုလ်တစ်ခုတွင် ထိပ်တန်းပညာတော်သင်ကျောင်းသူအဖြစ် ဝင်ခွင့်ရရှိခဲ့ချိန်က နိုင်ငံပိုင်ရုပ်သံလိုင်းကနေတောင် မေမေရှောင်နှင့် ဖေဖေရှောင်ကို အင်တာဗျူးလာလုပ်ခဲ့သေးသည်။
ဒေသန္တရအစိုးရနှင့် ကုမ္ပဏီကြီးများကလည်း ငွေသားနှင့်ပစ္စည်းများစွာကို လက်ဆောင်အဖြစ်ပေးပို့ကြပြန်သည်။ ထိုအချင်းအရာက တခြားရွာသားများကို အလွန် မနာလိုဖြစ်စေခဲ့သည်ပင်။
သို့သော်လည်း မေမေရှောင်နှင့် ဖေဖေရှောင်တို့က အင်တာဗျူးနှင့်လက်ဆောင်အားလုံးကို ငြင်းဆိုခဲ့ကြသည်။ ဖေဖေရျောင်က ကင်မရာကိုကြည့်ကာ ပြောခဲ့သည်။ “တာဝန်ရှိသူများအားလုံးရဲ့ စေတနာတွေအတွက် ကျေးဇူးတင်ပါတယ်။”
“ကျွန်တော့်သမီးက တက္ကသိုလ်ဝင်ခွင့်ရပြီး သူ့ဘဝရဲ့စာမျက်နှာအသစ်ကို စတင်ခဲ့ပါပြီ။ သူမမှာ ရှေ့ဆက်လျှောက်လှမ်းရမယ့် ခရီးလမ်းအရှည်ကြီးရှိနေပါသေးတယ်။ အနာဂါတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမပြောနိုင်တာကြောင့် အခုချိန်မှာ ဂုဏ်ပြုနေဖို့က စောလွန်းနေပါသေးတယ်။ ဒါကြောင့် ဒီငွေတွေကို ကျွန်တော် လက်မခံနိုင်ပါဘူး။ ကျွန်တော်သာ လက်ခံလိုက်ရင် ကျွန်တော်က ငွေရဖို့အတွက်နဲ့ သူတို့ကို စာလေ့လာခိုင်းတယ်လို့ ကျွန်တော့်ကလေးတွေ ထင်သွားနိုင်ပါတယ်။ ကျွန်တော်က ကျွန်တော့်သမီးကို ငွေအတွက်မဟုတ်ဘဲ သူမဘဝပိုကောင်းလာဖို့အတွက် ပညာသင်ခိုင်းခဲ့တာပါ။ သူမအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေအကြောင်း သင်ယူစေချင်လို့ပါ။”
ဖေဖေရှောင်က တုံးအကာ မာနကြီးလွန်းသည်ဟု ရွာသားများက ထင်ခဲ့ကြလေသည်။
ထိုဒေသန္တရာအစိုးရနှင့် ကုမ္ပဏီကြီးများအတွက်မူ ထိုငွေပမာဏမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာဖြစ်ပေသည်။ သို့သော်လည်း သူတို့လို သာမာန်လယ်သမားမိသားစုများအတွက်တော့ အလွန်ကိုမှများပြားသည့် ပမာဏဖြစ်ပေသည်။ ဖေဖေရှောင်က ဒါကို ဘယ်လိုများ ငြင်းနိုင်ရတာလဲ။
ရှောင်လင်းယွီအနေနဲ့ တက္ကသိုလ်တက်ပြီဆိုလျှင် ကျူရှင်ခတွေ ပေးရတော့မည်။ ရှောင်မိသားစုက သူမအတွက် ငွေကိုခြစ်ကုတ်စုပြီး ထောက်ပံ့ပေးမှာလား။ ဒါ ကိုယ့်ဘာသာ ဒုက္ခရှာနေတာပဲ။
တကယ်တော့ ဖေဖေရှောင်နှင့် မေမေရှောင်တို့ ထိုငွေနှင့်လက်ဆောင်များကို ငြင်းပယ်လိုက်ရသည့် အကြောင်းအရင်းမှာ ရှောင်လင်းယွီကို ထိုဒေသန္တရအစိုးရနှင့် ကုမ္ပဏီကြီးများအပေါ် အကြွေးမတင်စေချင်ခြင်းကြောင့်သာဖြစ်သည်။ ကမ္ဘာပေါ်တွင် အလကားစားရသည့် နေ့လည်စာဟူ၍မရှိပေ။ ရှောင်လင်းယွီသာ ထိုငွေများကို လက်ခံလိုက်သည်နှင့် ထိုလူများအပေါ် သေချာပေါက် အကြွေးတင်သွားပေပြီ။ ရှောင်လင်းယွီကို သူမဘဝတလျှောက်လုံး ထိုဝန်ထုပ်ဝန်ပိုးကြီးကိုသယ်ကာ မလျှောက်လှမ်းစေလိုပေ။ ထို့ကြောင့် ဘယ်လောက်ပဲ ခက်ခဲပါစေ သူတို့ကိုယ်တိုင် ကြိုးစားရှာဖွေကာ သူတို့သမီးကို တက္ကသိုလ်သို့ပို့ပေးခဲ့ကြသည်။
ရှောင်မိသားစုအတွက် ရှောင်လင်းယွီ၏ကျူရှင်စရိတ်ကို ထောက်ပံ့ပေးရသည်က အမှန်ကို ခက်ခဲလှပေသည်။ အထူးသဖြင့် ကျူရှင်ခအမြင့်ဆုံးဖြစ်သည့် ပထမနှစ်အတန်းတွင်ဖြစ်သည်။ သူတို့ရှောင်မိသားစုတွင်ရှိသမျှကို ရောင်းချခဲ့တာတောင်မှ လိုအပ်သည့်ငွေကို လုံလောက်အောင် မရခဲ့ပေ။ ထို့ကြောင့် သူတို့၏ဆွေမျိုးများ မိတ်ဆွေများထံမှ ငွေချေးခဲ့ကြရသည်။
တချို့လူများ၏လှောင်ပြောင် ထေ့ငေါ့ခြင်းကိုလည်း ခံခဲ့ကြရသည်။ ဖေဖေရှောင်နှင့် မေမေရှောင်သာ မာနခံမနေဘဲ ငွေကိုလက်ခံခဲ့လျှင် သူတို့ အခုလိုမျိုး တခြားလူတွေဆီကနေ ခယတောင်းဆိုနေဖို့ မလိုအပ်ပေ။ တချို့ကဆိုလျှင် ပြောပင်ပြောလာသေးသည်။ “ငါတို့မှာ ယွမ်သောင်းကျော်ချေးပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့ဘဝတွေကလည်း လွယ်ကူတာမဟုတ်ဘူး။ ငါတို့မှာ စောင့်ရှောက်ရမယ့် လူကြီးတွေရှိသေးသလို ပညာသင်နေတဲ့ ကလေးတွေလည်း ရှိသေးတယ်။ ဒါကြောင့် ငါတို့မှာ အပိုငွေမရှိဘူး။ ဒါပေမယ့် မင်းတို့ကို ၁၀ယွမ် ၂၀ယွမ်လောက်တော့ ချေးပေးနိုင်ပါတယ်။ နောက်ကျ ယွီအာအောင်မြင်သွားတဲ့အချိန် ဒီကျေးဇူးကို ပြန်ဆက်ဖို့ မမေ့ကြနဲ့ပေါ့။”
ဖေဖေရှောင်၏မျက်နှာမှာ မဲမှောင်သွားကာ လှည့်ထွက်ခဲ့တော့သည်။ လူတွေက ငွေနှစ်ပဲတစ်ပြားလောက်ချေးကာ ယွီအာထံမှ ကျေးဇူးဆပ်တာကို ခံချင်နေကြသည်။ ဖေဖေရှောင်သည် မတုံးအပေ။ ဒါကြောင့် ထိုဆွေမျိုးများနှင့် အဆက်အသွယ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ဖေဖေရှောင်သည် လူရိုးတစ်ယောက်ဖြစ်သော်လည်း ဘယ်ဟာမှန်သည် ဘယ်ဟာမှားသည်ကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်သူဖြစ်သည်။
သူတို့ကို ကူညီပေးခဲ့ကြသူများအားလုံးကို သေချာမှတ်သားထားခဲ့သည်။ အနာဂါတ်ကျလျှင် ထိုမောင်နှမများ၏ကျေးဇူးကို ပြန်ဆပ်ပေမည်။
ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့သည် ငယ်စဉ်ကတည်းက ဖေဖေရှောင်ထံမှ လွှမ်းမိုးခံခဲ့ရသည်။
ပထမနှစ်ပြီးသည့်နောက် ရှောင်လင်းယွီသည် စာသင်ရင်းဖြင့် အချိန်ပိုင်းအလုပ် စလုပ်ခဲံသည်။ သူမက အချိန်ပိုင်းကျူတာ၊ သန့်ရှင်းရေးနှင့် သူမလုပ်နိုင်သမျှကို လုပ်ခဲ့ကာ သူမမိသားစုထံမှ ငွေထပ်တောင်းခြင်း မပြုတော့ပေ။
ရှောင်လင်းယွီ ဘွဲ့ရပြီးနောက်မှာတော့ ကုမ္ပဏီကြီးတစ်ခုတွင် ဝင်ခွင့်ရခဲ့သည်။ သူမလစာသည် ယွမ်၂ထောင်ဖြင့် စခဲ့ကာ သူမအလုပ်ထွက်လာချိန်တွင်တော့ ယွမ်၆ထောင် ဖြစ်နေပေပြီ။ ရှောင်လင်းယွီသည် သူမ၏လစာငွေအများစုကို အိမ်သို့ပြန်ပို့ပေးခဲ့ပြီး နေထိုင်စားသောက်စရိတ်နှင့် စုငွေအတွက် အနည်းငယ်သာ ချန်ထားခဲ့သည်။
၂နှစ်ကုန်လွန်ပြီးနောက် ရှောင်မိသားစုသည် ရှောင်လင်းယွီပို့ပေးသမျှငွေများဖြင့် အကြွေးပြန်ဆပ်နိုင်ခဲ့သည်။ သူတို့မှာ အကြွေးကိစ္စရှင်းသွားသည်နှင့် ဘဝနေထိုင်ရေးက ပို၍ ကောင်းမွန်လာခဲ့သည်။ ပြီးခဲ့သည့် ရာသီကဆိုလျှင် ဖေဖေရှောင်သည် ထွန်စက်တစ်ခုဝယ်ရန် ယွမ်၅ထောင်ကိုပင် သုံးခဲ့သည်။ ထိုသို့ဖြင့် သူ့စီးပွားရေးကလည်း ကျယ်ပြန့်လာခဲ့သည်။ မြေတစ်မူကို ယွမ်၈၀ရကာ တစ်နေ့လျှင် မြေ ၂၀မှ ၃၀မူလောက်အထိ ထွန်နိုင်ပေသည်။ ဒါကြောင့် တစ်နည်းဆိုရလျှင် သူက တစ်နေ့ကို ယွမ်၁ထောင်-၂ထောင် လောက်အထိကို ဝင်ငွေရှိနေပေသည်။ ဒါကြောင့် ရွာသားအများစုမှာ သူ့ကို မနာလိုဖြစ်မိကြတော့သည်။
ပြီးခဲ့သည့်နှစ်ကပဲ ထွန်စက်အတွက်မြှုပ်နှံ့ခဲ့သည့်ငွေအားလုံးကို ပြန်လည်ရရှိသွားပြီဖြစ်ကာ ယခုနှစ်တွင်တော့ ရှောင်မိသားစုသည် အကျိုးအမြတ်များကို ပျော်ရွှင်စွာ ခံစားနိုင်နေပြီဖြစ်သည်။ စိုက်ပျိုးသည့်ရာသီချိန်များဆိုလျှင် ဖေဖေရှောင်သည် ယွမ်၅ထောင်မှ ၆ထောင်လောက်အထိကို ရှာနိုင်ပေသည်။
ဤအချိန်မှာတော့ ရှောင်မိသားစုအနေနှင့် ရှောင်လင်းယဲ့ကို တက္ကသိုလ်ပို့နိုင်ရေးအတွက် ဘယ်သူ့ကိုမှ တောင်းပန်ခယနေဖို့ မလိုတော့ပေ။ ဒါတွေအားလုံး တက္ကသိုလ်ကောင်းတစ်ခုကို ဝင်ကာ မြို့ကြီးပြကြီးတွင် အလုပ်တစ်ခုရှာနိုင်ခဲ့သည့် ရှောင်လင်းယွီ၏ကျေးဇူးကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့် ထောင်ယွမ်ရွာမှလူများသည် သူတို့ကလေးများ၏ပညာရေးအပေါ် ပို၍ အာရုံစိုက်လာခဲ့ကြသည်။ သူတို့ကလေးများကိုလည်း ရှောင်လင်းယွီလိုမျိုး ဖြစ်စေချင်ကြသည်။ ဒီလိုသာဆို့ သူတို့သည်လည်း ရှောင်မိသားစုလိုမျိုး ကောင်းမွန်သည့်ဘဝမျိုး ပိုင်ဆိုင်လာနိုင်မည်ပင်။
ရှောင်လင်းယဲ့သည်လည်း ကျောင်းသားကောင်းတစ်ယောက်ပင်။ သူ၏အမှတ်များက ကောင်းတာကြောင့် ရွာသားများက သူတို့ကလေးများကို ကျူရှင်သင်ပေးရန် ရှောင်လင်းယဲ့ထံသို့ ပို့လာကြသည်။ လူကြီးများကတော့ ဖေဖေရှောင်နှင့် မေမေရှောင်ထံမှ အကြံဉာဏ်များ တောင်းကြလေသည်။
ဒါကပဲ ရှောင်မိသားစုကို အတော်လေးဒုက္ခများစေခဲ့သည်။ အထူးဖြင့် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရတော့မည့် ရှောင်လင်းယဲ့အတွက်ပေါ့။ သူကိုယ်တိုင် စာကြည့်ဖို့လိုသော်လည်း အချိန်တိုင်း သူ့စာကြည့်ချိန်ကို ဝင်နှောက်ယှက်သည့်လူများက ပေါ်လာတတ်သည်။
ရှောင်လင်းယဲ့ကို တိတ်ဆိတ်ငြိမ်သက်သည့် ပတ်ဝန်းကျင်မျိုးပေးနိုင်ရန်အတွက် သူတို့အိမ်တွင် လူများစုပြုံမနေကြရန် ဖေဖေရှောင်နှင့် မေမေရှောင်က တားမြစ်ကြတာကြောင့် ရွာသားအများစုက ဒေါသထွက်ကြလေသည်။
ကံမကောင်းစွာဘဲ အနည်းငယ်သော လူလက်တစ်ဆုပ်စာလောက်ကသာ မေမေရှောင်နှင့် ဖေဖေရှောင်၏အခက်အခဲကို နားလည်ကြသည်။ ရှောင်လင်းယဲ့လည်း သူ့စာသူ လုပ်ရမည်ကို သူတို့နားလည်ကြသည်။ ဒါ့အပြင် သူတို့ကလေးတွေကို ရှောင်လင်းယဲ့သင်ပေးနေတာတောင်မှ ရလဒ်တွေက တိုးတက်လာခြင်းမရှိပေ။ ဒီရှောင်လင်းယဲ့ သူတို့ကလေးတွေကို တကယ်ရော အလေးအနက်ထားပြီး သင်ပေးနေရဲ့လား။ ထိုစကားကို ပြောထွက်လောက်သည်အထိတော့ မျက်နှာအရေထူလွန်းသည်လူဟူ၍ မရှိပေ။ ဖြစ်နိုင်ချေအရှိဆုံးအဖြေကတော့ သူတို့ကလေးတွေကိုယ်တိုင်ကိုက စာမလေ့လာချင်ခြင်းသာဖြစ်သည်။ ရှောင်လင်းယဲ့လည်း လုပ်နိုင်သမျှ လုပ်ပေးခဲ့ပြီးပြီပင်။
သူတို့လည်း ရှောင်လင်းယဲ့၏အချိန်များကို မောင်ပိုင်မစီးကြတော့ပေ။ ရှောင်လင်းယဲ့၏ကိုယ်ပိုင်စာလေ့လာချိန်များကို သူတို့ကလေးများအတွက် စာသင်ပေးရန် မတောင်းဆိုနိုင်ပေ။ ဘယ်သူက ထိုမျှအထိ တစ်ကိုယ်ကောင်းဆန်နိုင်ပါ့မလဲ။ ရှောင်လင်းယဲ့သာ သူတို့သားဆိုလျှင် သူတို့လည်း ထိုသို့ အနှောက်ယှက်ခံနိုင်မည်မဟုတ်ပေ။ ဒါကြောင့် ဖေဖေရှောင်နှင့် မေမေရှောင်တို့၏အခက်အခဲများကို နားလည်ပေးနိုင်ကြသည်။
သို့သော်လည်း ရွာသားအများစုကတော့ တစ်ကိုယ်ကောင်းဆန်ကာ ခေါင်းမာကြပေ။
တခါတလေဆိုလျှင် တချို့က ကလေးဆွဲကာ ရှောင်မိသားစုအိမ်တံခါးသို့ရောက်လာကြလျှင် မေမေရှောင်က သူတို့ကို တိုက်ရိုက်ငြင်းဆိုရသည်။ “ငါ့ယဲ့အာ စာလုပ်နေတယ်။ နင့်ကလေးကို စာသင်ပေးဖို့ အချိန်မရှိဘူး။”
တချို့ဆိုလျှင် ရန်ငြိုးထားကာ မေမေရှောင်ကို တွန့်တိုသည်ဟု အော်ဟစ်ပြောဆိုခဲ့ကြသည်။ မေမေရှောင်ကလည်း ငြိမ်ခံမနေပေ။ “ငါ့ယဲ့အာ နင့်သားကို စာသင်ပေးတာ တစ်ကြိမ် နှစ်ကြိမ်မကတော့ဘူး။ ငါ့ယဲ့အာ နင့်သားရဲ့သီးသန့်ဆရာမို့လို့လား။ သီးသန့်ဆရာဆိုရင်တောင် နာရီနဲ့အလိုက် အခကြေးငွေပေးရတယ်။ နင်က ဆရာလိုချင်တယ်ပေါ့၊ ရတယ်လေ။ ဒါဆိုလည်း ငါတို့ကို တစ်နာရီကို ၅ယွမ်ပေးရမယ်။ ဒီလောက်ဆို မြို့ထဲက သီးသန့်ဆရာတွေသွားရှာတာထက် အများကြီး သက်သာပါတယ်။ ဘယ်လိုလဲ။”
မိဘအများစုမှာ ထိတ်လန့်သွားကြလေသည်။ သူတို့ထဲကအများစုသည် တစ်နေ့ကိုမှ ၁၀ယွမ်တောင် မရှာနိုင်ကြပေ။
မေမေရှောင်က ရှောင်လင်းယဲ့ကို စာသင်ပေးခိုင်းစေချင်လျှင် အခကြေးငွေကောက်မည်ဖြစ်ကြောင်း ပြောသည်ကို ရွာသားများကြားသွားသည်နှင့် လိုလိုလားလား ပေးချင်ကြသော မိသားစုအနည်းငယ်မှအပ ကျန်မိသားစုများကတော့ ဝေးဝေးရှောင်သွားကြတော့သည်။
ဒါ့အပြင် သူတို့က မေမေရှောင်နှင့် ဖေဖေရှောင်၏အနောက်ကွယ်တွင် အတင်းစကားများပင် ပြောကြသေးသည်။ သူတို့ကို အလွန်တွန့်တိုသည်ဟုပြောကြသော်လည်း မေမေရှောင်နှင့် ဖေဖေရှောင်ကတော့ လျစ်လျူရှု၍သာ နေလေသည်။
***