အရှက်ရစရာဇာတ်လမ်းများ
Vol. 4 Ch. 65
မေမေရှောင်ရော ဖေဖေရှောင်ပါ အတင်းအဖျင်းအားလုံးကို လျစ်လျူရှုထားခဲ့ကြသည်။
သူတို့ဒေါသထွက်ကာ ရှောင်လင်းယဲ့ကို ကလေးတွေအား စာပြန်သင်ပေးရန် ခွင့်ပြုလာမည်အား စောင့်မျှော်နေကြသည့် ရွာသားများမှာ သူတို့ဖြစ်စေချင်သလို မဖြစ်လာခဲ့ကြပေ။ နောက်ဆုံးမှာတော့ ရွာသားများသာ ပင်ပန်းသွားပြီး ထိုအတင်းအဖျင်းများလည်း ဆက်မပြောနိုင်ကြတော့ပေ။
သို့သော်လည်း ထိုအဖြစ်အပျက်က ရှောင်လင်းယွီအပေါ်ထားသည့် ရွာသားများ၏ သဘောထားကိုတော့ မထိခိုက်စေခဲ့ပေ။ သူမသည် နာခံကာ ဉာဏ်ကောင်းပြီး ကြင်နာတတ်သည့်မိန်းကလေးဖြစ်သည်။ သူမအသက်မပြည့်သေးခင် ခေါင်းမာကာ ချန်းယန်နှင့် တွဲခဲ့ပြီး တစ်ရွာလုံး၏စကားကို ခေါင်းထဲမထည့်ခဲ့သည့်အချိန်ကလွဲ၍ ရွာသားများသည် သူမကို သူတို့သမီးအရင်းလေးသာ ဖြစ်စေချင်ခဲ့ကြသည်။
ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့နှင့်အတူ ကားအတူစီးကာ ခရီးသွားအချိန်မှာတော့ ရွာသားများသည် သေချာပေါက်ပင် သူတို့ထံမှ စာလေ့လာခြင်းဆိုင်ရာ နည်းလမ်းများကို ထပ်မံမေးမြန်းလာတော့သည်။
အမျိုးသမီးတစ်ယောက်က မေးလာခဲ့သည်။ “လင်းယွီ၊ သမီးဘယ်တော့ မြို့ကိုပြန်မှာလဲ။”
ရှောင်လင်းယွီက သာမာန်ကာလျှံကာသာ ပြန်ဖြေလေသည်။ “အဲ့ဒါက ပြောရတော့ခက်သေးတယ် ဒေါ်လေးလျို။” ထို့နောက် သူမက စကားကို မဆက်ခဲ့ပေ။
ဒေါ်လေးလျိုဆိုသူသည် သူတို့၏ဆွေမျိုးတစ်ဦးပင်။ သူမသည် ရှောင်လင်းယွီတို့ အဖိုး၏အငယ်ဆုံးချွေးမဖြစ်သည်။ သူမသည် ရှောင်လင်းယွီကို တက္ကသိုလ်ပို့နိုင်ရေးအတွက် ဖေဖေရှောင်တစ်ယောက် သူ့မိသားစုဆီသို့ပြန်ပြီး ငွေသွားချေးချိန်တွင် ဖေဖေရှောင်ကို လှောင်ပြောင်ခဲ့သည့် ဆွေမျိုးများထဲမှ တစ်ဦးလည်းဖြစ်သည်။ ထိုအချိန်ကတည်းက ရှောင်မိသားစုသည် သူမကို လျစ်လျူရှု၍သာ နေကြလေသည်။
လျိုချန်းကျောင်းကတော့ ထိုသို့ တစ်ဖက်က သူ့ကိုအေးစက်စက်ဆက်ဆံသည်ကို သတိထားမိသည့်ပုံမပေါ်ဘဲ သူမပြောချင်သည်များကိုသာ အရှက်မရှိဆက်ပြောနေလေသည်။ “လင်းယွီ၊ ငါကြားတာတော့ မြို့ကြီးပြကြီးက လူတွေအကုန်လုံးက ချမ်းသာပြီး သူတို့ကိုယ်သူတို့ ဘယ်လိုပျော်အောင်နေရမလဲဆိုတာ အရမ်းသိကြတယ်တဲ့။ ဒါပေမယ့် ငါတို့လိုလူတွေမှာတော့ အဲ့လိုကံတရားမျိုးမရှိပါဘူး။ ငါတို့ကတော့ ငါတို့ကလေးတွေ အလုပ်ကြိုးစားပြီး ငါတို့လို လူအိုကြီးတွေကို ဒီလိုနယ်စွန်နယ်ဖျားလေးကနေ ခေါ်ထုတ်ပေးသွားနိုင်ဖို့ပဲ မျှော်လင့်နိုင်တယ်။”
သူမက ထိုစကားကိုပြောရင်း ရှောင်လင်းယွီကို အသာစောင်းကြည့်နေလေသည်။ ရှောင်လင်းယွီက ဘာမှပြန်မဖြေလာတာကြောင့် လျိုချန်းကျောင်း၏အမူအရာမှာ အရုပ်ဆိုးလာတော့သည်။ သို့သော်လည်း ဆက်ပြီး ဖိအားပေးလာခဲ့သည်။ “လင်းယွီ၊ မင်းက ငါတို့ရွာရဲ့ ပထမဆုံးသော တက္ကသိုလ်ကျောင်းသူကြီးလေ။ မင်းက ထောင်ယွမ်ရွာမှာ အထူးချွန်ဆုံးကျောင်းသူဆိုလည်း ဟုတ်တယ်။ ငါတို့ကို မကူညီနိုင်ဘူးလား။ ငါတို့ကလေးတွေကို တက္ကသိုလ်ကောင်းကောင်းဝင်ပြီး မြို့ကြီးတွေမှာ ငွေများများသွားရှာနိုင်အောင် သူတို့ကို စာပြပေးပါလား။”
ရှောင်လင်းယွီက အပြုံးတစ်ခုကို ဖော်ထုတ်လိုက်ကာ၊ “ဒေါ်လေးလျိုကတော့ ကျွန်မကို အရမ်းတွေအမြင့်ကြီးတွေးနေပြန်ပါပြီ။ ကလေးတွေသာ သေချာကြိုးစားရင် တက္ကသိုလ်တက်နိုင်ဖို့ရော မြို့ကြီးတွေမှာ အလုပ်လုပ်နိုင်ဖို့ရော အခွင့်အရေးတွေရလာမှာပါ။” ရှောင်လင်းယွီ၏စိတ်ထဲတွင် ဤသို့ပြောမိလေသည်။ ‘ဒါပေမယ့် ရှင့်သားနှစ်ယောက်ကတော့ သေချာပေါက်မပါဘူး။’
ရှောင်လင်းယွီက သူမ၏တောင်းဆိုချက်ကို လမ်းချော်အောင်ပြောသွားသည့်အတွက် လျိုချန်းကျောင်းတစ်ယောက် အလွန်မပျော်မရွှင်ဖြစ်သွားခဲ့သည်။ သို့သော်လည်း ထိုမကြည်သာမှုကို သူမမျက်နှာပေါ်တွင် မထင်ဟပ်စေဘဲ ပြုံး၍သာ ဆက်ပြောလာလေသည်။ “လင်းယွီ၊ မင်းပြောတာမှန်တယ်။ ငါတို့ကလေးတွေသာ ကြိုးစားချင်သ၍ သေချာပေါက် တက္ကသိုလ်ကောင်းတစ်ခုကို ဝင်နိုင်မှာပဲ။” သူမကပြုံးရင်း ဘေးနားရှိလူများကိုပါ တစ်ချက်လှည့်ကြည့်လိုက်သည်။ ဘေးကလူများကပါ သူမစကားကို ခေါင်းညိတ်သဘောတူနေကြကြောင်းမြင်လိုက်သည်နှင့် ပွဲသိမ်းတိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်တော့သည်။ “ဒါပေမယ့် လင်းယွီရယ်၊ ကလေးတိုင်းက မင်းတို့မောင်နှမလိုတော့ ဉာဏ်မကောင်းကြဘူးလေ။ သူတို့ဘယ်လောက်ပဲ စာကိုကြိုးစားနေပါစေ မတိုးတက်လာနိုင်ဘူး။ ငါ့ရဲ့ဖက်တီးလေးကိုပဲဥပမာကြည့်ဦး။ ဆရာတွေက သူ့ကိုဘယ်လောက်ပဲ ကြိုးစားသင်ပေးပေး သူ့ရလဒ်တွေကတော့ မတိုးတက်လာဘူးလေ။ လင်းယွီ၊ မင်းနဲ့မင်းမောင်ကတော့ အခုလို ရလဒ်ကောင်းတွေရအောင်လုပ်နိုင်ဖို့ သေချာပေါက် လျှို့ဝှက်ချက်လေးတွေရှိမှာပဲ။ ဒေါ်လေးတို့ကို နည်းနည်းလောက် မမျှဝေပေးချင်ဘူးလား။”
တခြားသူများမှာ လျိုချန်းကျောင်းတစ်ယောက် သူမလိုချင်သည့်အဖြေကို မရရအောင် အတင်းလှည့်ပတ်မေးနေသည့်အပေါ် အထင်သေးနေကြေသော်လည်း သူတို့၏နားရွက်များကိုတော့ အဆုံးစွန်ထောင်ထားကြလေသည်။ သူတို့လည်း ရှောင်လင်းယွီနှင့်ရှောင်လင်းယဲ့တို့၏ သင်ကြားရေးလျှို့ဝှက်ချက်များကို သိချင်လှသည်။ သူတို့မှာသာ ထိုလျှို့ဝှက်ချက်ရှိနေရင် ကိုယ့်ရွာသားတွေကို မျှဝေပေးသင့်တာပေါ့။
ရှောင်လင်းယွီက ပြုံးလိုက်လေသည်။ “ဒေါ်လေးလျိုက ကျွန်မကို မြှောက်နေတာပဲ။ စာလေ့လာတဲ့နေရာမှာ ဘာလျှို့ဝှက်ချက်များရှိမှာတဲ့လဲ။ စာကြိုးစားဖို့တစ်ခုပဲ လိုအပ်တာလေ။ ဒေါ်လေးလျိုကတော့ မသိလောက်ပေမယ့် ကျွန်မရဲ့ အထက်တန်းသုံးနှစ်လုံး ညသန်းခေါင် မီးစာမကုန်မချင်း စာလေ့လာတာကို ရပ်ခဲ့တယ်ရယ်လို့မရှိခဲ့ဖူးဘူး။”
ရှောင်လင်းယွီ ထိုစကားကိုပြောလိုက်သည်နှင့် သူမ၏တတိယအဖိုးလေးက ချီးကျူးလာခဲ့သည်။ “အဲ့ဒါတော့ အမှန်ပဲ။ ယွီအာ ဘယ်လောက်တောင် စာကိုကြိုးကြိုးစားစားလုပ်ခဲ့လဲ ငါအခုထိ မှတ်မိနေသေးတယ်။ သူက ဘယ်နေရာသွားသွား စာအုပ်တစ်အုပ်ကို အမြဲသယ်သွားတာ။ စားသောက်နေတဲ့အချိန်မှာတောင် စာဖတ်မပျက်ဘူး။ တခါတလေဆို မနက်မိုးလင်းပေါက်အထိတောင် စာကြည့်တတ်သေးတာ။” တတိယအဖိုးလေးက သက်ပြင်းချလိုက်သည်။ “ဒီလောက်ကြိုးစားတဲ့ကလေးမျိုးသာ တက္ကသိုလ်ကောင်းတစ်ခုကို မဝင်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်အဓိပ္ပါယ်ရှိမှာလဲ။”
တတိယဦးလေး၏စကားများက လျိုချန်းကျောင်းကို ပါးဖြတ်ရိုက်လိုက်သလိုပင်။ လျိုချန်းကျောင်း၏ ၁၃နှစ်နှင့် ၁၄နှစ်အရွယ်သားများသည် ဆိုးသွမ်းသည့်ကလေးများဖြစ်ကြသည်။ သူတို့သည် ကျောင်းသွားရမည်ဆိုသည်ကို ကြားသည်နှင့် အိမ်ထဲတွင် လှည့်ပုန်းနေကြသူများပင်။ စာကြည့်ဖို့ စာကြည့်စားပွဲမှာတောင် မထိုင်နိုင်ကြတဲ့ ဒီလိုကလေးတွေကိုများ ဘယ်လိုလုပ်များ တက္ကသိုလ်ဝင်ခွင့်ရဖို့ မျှော်လင့်နိုင်နေရတာလဲ။
တတိယအဖိုးလေးစလိုက်သည့် စကားကနေပြီး လူတိုင်းကပါ သူတို့၏မှတ်ဉာဏ်များကို ထုတ်ဖော်ပြောဆိုလာခဲ့ကြသည်။
“ဟားဟား၊ အဲ့ဒါပြောမှပဲ တစ်ခါတုန်းက လင်းယွီ စာအုပ်တစ်အုပ်နဲ့ လမ်းလျှောက်နေတာကို ငါမြင်ခဲ့သေးတယ်။ သူက ဘေးပတ်ဝန်းကျင်ကို နည်းနည်းလေးမှအာရုံမရဘဲ နောက်ဆုံး ရေမြောင်းထဲတည့်တည့်ကြီး လျှောက်ဝင်သွားတာလေ။” ကြင်နာတတ်ပုံရသည့် ဒေါ်လေးတစ်ယောက်က ရယ်ကာမောကာဖြင့်ပြောလာခဲ့သည်။ “သူ့တစ်ကိုယ်လုံး ညစ်ပတ်သွားတာတောင် နည်းနည်းလေးမှ စိတ်ထဲမရှိဘူး။ အဲ့ဒီအစား သူ့စာအုပ်ကိုပဲ စိုးရိမ်တကြီးဖြစ်နေတာလေ။ နောက်ဆုံး စာအုပ်က လုံးဝညစ်ပတ်သွားတာလဲတွေ့ရော စပြီးအော်ငိုတော့တာပဲ။”
“ဟဟ၊ ငါမှာက အဲ့ထက်ပိုရယ်ရတဲ့အဖြစ်တစ်ခုတောင် ရှိသေးတယ်။ တစ်ခါတုန်းက ငါ ချိုးယင်းဆီက တံစဉ်သွားငှားတာလေ။ အဲ့တုန်းက ချိုးယင်းက အဝတ်လျှော်နေတုန်းကြီး၊ သူ့မှာ ချေးချွတ်ဆေးကုန်သွားတာနဲ့ လင်းယွီကို သူ့အတွက် ချေးချွတ်ဆေးယူခဲ့ပေးဖို့ လှမ်းခေါ်လိုက်တာ။ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်ကြ။ အဲ့ကလေးမက မှန်တစ်ချပ် စာအုပ်တစ်အုပ်ကိုင်ပြီး ထွက်လာတယ်လေ။ သူက မှန်နဲ့ ချေးချွတ်ဆေးဘူးကိုတောင် မခွဲခြားနိုင်ဘူး။ ”
“ဟားဟား၊ တကယ်ကိုရယ်ရတာပဲ။”
“တစ်ခါတုန်းကဆိုရင်..” အကြောင်းအရင်းတချို့ကြောင့် ကားတစ်ခုလုံး ရှောင်လင်းယွီ၏ အရှက်ရဖွယ် ရှေးဟောင်းနှောင်းဖြစ်ပုံပြင်များကို စတင်ပြောဆိုလာခဲ့ကြသည်။
ရှောင်လင်းယဲ့သည်တော့ ကြောင်အနေခဲ့ကာ သူ့အစ်မကို လှည့်ကြည့်ပြီး မေးလာခဲ့သည်။ “အစ်မ၊ ဒါတွေအားလုံး တကယ်ဖြစ်ခဲ့တာတွေလား။”
ရှက်ရွံ့နေသည့် ရှောင်လင်းယွီက သူမမောင်ကို မျက်စောင်းထိုးကာ မပျော်မရွှင်ဖြင့် ပြန်ပြောလာလေသည်။ “သေချာပေါက် မဟုတ်ဘူးပေါ့။” ရှောင်လင်းယဲ့ကတော့ သူမစကားကို မယုံပေ။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဦးလေးတွေ ဒေါ်လေးတွေက ဒီလိုဗရုတ်သုတ်ခမြင်ကွင်းမျိုးတွေကို တညီတညွတ်တည်း မျှဝေနိုင်မည်တဲ့လဲ။
ရွာသားများက ရှောင်လင်းယွီ၏ စာလေ့လာခဲ့သည့်အချိန်က ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောကြရင်း ထိုအဖြစ်များကပင် ရှောင်လင်းယွီ ဘယ်လောက်အထိ ကြိုးစားခဲ့သည်မှာ ပေါ်လွင်နေကြောင်း သူတို့သတိထားမိလာကြသည်။ တကယ်ကို ဘာသင်ကြားရေးလျှို့ဝှက်ချက်မှ ရှိမနေဘူးပဲ။ ဒီရှောင်မောင်နှမက သူတို့ဘာသာ စာကို ကျားကုတ်ကျားခဲကြိုးစားခဲ့ကြရုံပဲ။
လူကြီးတချို့ကတော့ သူတို့အိမ်ပြန်ရောက်သည်နှင့် သူတို့ကလေးများကို စာလေ့လာချိန်ပိုတိုးရန် တွန်းအားပေးခဲ့ကြသည်။ အနာဂါတ်မှာ သူတို့ထောင်ယွမ်ရွာမှ ထွက်သည့် ဘွဲ့ရပညာတတ်များ ပိုများလာပေလိမ့်မည်။ ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့လို နာမည်ကြီးတက္ကသိုလ်တစ်ခုကို မတက်နိုင်ကြသော်လည်း တခြားတက္ကသိုလ်များကိုတော့ ရောက်နိုင်ခဲ့သည်။ သို့သော်လည်း ဒါတွေအား အနာဂါတ်မှာ ဖြစ်လာမည့်ကိစ္စများပင်။
လမ်းတစ်လျှောက် ရွာသားများက စကားစမြည်ပြောနေခဲ့ကြကာ မကြာလိုက်ပါဘဲ ရှင်းအန်းမြို့သို့ ရောက်ရှိလာခဲ့ကြသည်။
ရှောင်လင်းယဲ့သည် သူကျောင်းမသွားခင် သူ့အစ်မကို အဖော်ပြုပေးမည်ဟု စီစဉ်ထားခဲ့သည်။ ရှောင်လင်းယွီကလည်း ရှောင်လင်းယဲ့အတွက် ရှပ်အင်္ကျီအသစ်နှစ်ထည်လောက်ဝယ်ပေးရန် စိတ်ကူးထားလေသည်။ နွေဦးရာသီဖြစ်၍ ပူလည်းမပူ အေးလည်းမအေးတော့တာကြောင့် သူတို့အနေနှင့် ရာသီအပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်ထားရပေမည်။
ရှင်းအန်းမြို့သည် သူတို့ခရိုင်တွင် အကြီးဆုံးမြို့ဖြစ်ကာ လူဦးရေ ၄သောင်းမက ရှိပေသည်။
ဒါကြောင့် လူများ ကားများဖြင့် ပြည့်ကျပ်နေပြီး အတော်လေး သက်ဝင်လှုပ်ရှားသည့် ပတ်ဝန်းကျင်မျိုးပင်။
ရှင်းအန်းမြို့ကို နောက်၆နှစ်နေလျှင် ပြန်လည် ပြုပြင်မွမ်းမံမည်ဖြစ်သော်လည်း အခုချိန်မှာတော့ လမ်းများမှာ ကျင်းများချိုင့်များ၊ ရွှံ့များဖြင့် ပြည့်နေခဲ့သည်။
နေသာသည့်နေများတွင်တော့ အဆင်ပြေသော်လည်း မိုးရွာလိုက်လျှင်တော့ဖြင့် တစ်မြို့လုံး ရွှံ့ပြင်ကြီးလိုဖြစ်နေတော့သည်။ ထိုသို့သော နေ့များတွင် သေချာဂရုစိုက်ရမည်ဖြစ်ပြီး တစ်ချက်လေးဂရုမစိုက်လိုက်သည်နှင့် ချော်လဲကာ ကြယ်လတွေမြင်သွားနိုင်ပေသည်။ ဒါ့အပြင် ဘေးကနေပြီး ယာဉ်တွေဖြတ်သွားလျှင်လဲ ရွှံ့မစင်အောင် ဂရုစိုက်ရပေမဦးမည်။
သို့သော်လည်း ကျေးလက်မှ လယ်သမားများကတော့ ရှင်းအန်းမြို့သို့ မကြာခဏလာရောက် လည်ပတ်ကြတုန်းဖြစ်သည်။
ရှင်းအန်းမြို့သည် ကူးသန်းရောင်းဝယ်ရေးအချက်အချာမြို့တစ်မြို့ ဖြစ်သောကြောင့်ပင်။ လူအများက သူတို့လိုချင်သည်များကို ဝယ်နိုင်သလို ရောင်းလိုသည့်ပစ္စည်းများကိုလည်း ရောင်းချနိုင်သည်။ ဤမြို့တွင် ဟင်းသီးဟင်းရွက်များ၊ ပဲပိစပ်၊ ငရုတ်သီးနှင့် တခြားသောစိုက်ပျိုးရေးထွက်ကုန်များစွာကိုလည်း ရောင်းချကြသည်။
***