မျိုးစေ့များဝယ်ယူခြင်း
Vol. 4 Ch. 66
ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့ ဘက်စ်ကားပေါ်ကဆင်းပြီးနောက် ထောင်ယွမ်ရွာသားများနှင့် လမ်းခွဲကာ ရှင်းအန်းမြို့ရှိ အထည်ဆိုင်တချို့သို့ သွားခဲ့သည်။
ခင်းကျင်းပြသထားသည့်အထည်များကို ရှောင်လင်းယွီ မြင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်လေသည်။ ထိုအဝတ်အထည်များသည် ဈေးကြီးလှကာ အရည်အသွေးကတော့ နိမ့်လေသည်။ လမ်းဘေးဆိုင်က အဝတ်အစားများလို့ပင် ထင်ရသည်။ သို့သော်လည်း တကယ်လည်း ထိုအဝတ်အစားများသည် လမ်းဘေးဆိုင်များနှင့် တူညီသည့်စက်ရုံကသာ ထွက်လာခြင်းဖြစ်မည်ကို ရှောင်လင်းယွီ နားလည်ပေသည်။ ဆိုင်တွေပေါ်တင်ပြီး ချိတ်ဆွဲထားလိုက်သည်နှင့် ထိုအဝတ်အထည်များသည် ပို၍ကြည့်ကောင်းကာ ဈေးတင်လို့ပါ ကောင်းသွားခြင်းဖြစ်သည်။
ရှောင်လင်းယွီတစ်ယောက် ဆိုင်အနည်းငယ်ကို ပတ်ကြည့်ပြီးသည်အထိ သူမအာရုံကို ဆွဲဆောင်နိုင်လောက်သည့် အထည်မျိုးကိုမတွေ့သေးပေ။ ဒါကြောင့် ရှောင်လင်းယဲ့ကို ရှင်းယင်ခရိုင်မြို့ဆီသို့ခေါ်သွားကာ ဝယ်ပေးဖို့ရန် ဆုံးဖြတ်လိုက်တော့သည်။ ရှောင်လင်းယဲ့ကတော့ မသွားချင်ပေ။ “အစ်မ၊ ခရိုင်မြို့က အဝတ်အစားတွေကလည်း ဈေးကြီးမှာပဲလေ။ ဒီအတိုင်း လမ်းဘေးမှာချရောင်းတဲ့ တစ်ထည်လောက်ပဲ ရွေးလိုက်ရအောင်လား။ ခရိုင်မြို့အထိတက်ပြီး အဝတ်အစားဝယ်ဖို့ မလိုပါဘူး။”
ရှောင်လင်းယဲ့သည် ခရိုင်မြို့တွင် စာသင်နေခြင်းဖြစ်တာကြောင့် ထိုနေရာရှိ အရာရာတိုင်းက ဈေးကြီးမှန်းသိနေသည်။ အဝတ်စလေး သေးသေးလေးတစ်ပိုင်းလောက်ကိုပင် ယွမ်၁၀၀လောက် အသာလေးဈေးခေါ်ကြသည်။
ရှောင်လင်းယွီက သဘောမတူဘဲ၊ “ဘာလို့ လမ်းဘေးဈေးဆိုင်တွေမှာ အချိန်သွားဖြုန်းနေမှာလဲ။ သူတို့ရဲ့ အရည်အသွေးကဘယ်လိုလဲ မင်းသိသင့်တယ်။ ဟုတ်တယ်၊ သူတို့ကဈေးတော့သက်သာတယ်။ ဒါပေမယ့် တစ်ချက်လောက်ဆွဲလိုက်ရုံနဲ့ ပြဲသွားမယ့်အသားမျိုးတွေချည်းပဲ။ နင် ဘက်စကတ်ဘောကစားရတာ ကြိုက်တယ်မဟုတ်ဘူးလား။ တကယ်လို့ နင်ကွင်းထဲမှာကစားနေတုန်း နင့်အင်္ကျီပြဲသွားရင်ဘယ်လိုလုပ်မလဲ နင်မရှက်ဘူးလား။”
ရှောင်လင်းယဲ့၏မျက်နှာက နီရဲသွားလေသည်။ တကယ်တော့ ထိုအဖြစ်မျိုး အရင်က ဖြစ်ခဲ့ဖူးပြီးဖြစ်သည်။ အင်္ကျီပြဲသည့်အသံကြားသည်နှင့် သူက ချက်ချင်းပင် သူ့ရှပ်အင်္ကျီကို ဆွဲချွတ်လိုက်ရသည်။ တခြားလူများကတော့ သူပူလို့ချွတ်သည်ထင်တာကြောင့် ဘာမှမမေးခဲ့ပေ။ ကံကောင်းစွာဖြင့် ထိုအချိန်ကပြဲသွားသည်မှာ သူ့ဘောင်းဘီတိုဟုတ်မနေ၍ပင်။
ရှောင်လင်းယဲ့လည်း အသိဝင်သွားကာ နာနာခံခံဖြင့် သူ့အစ်မဆွဲခေါ်ရာ ခရိုင်မြို့သို့သွားမည့် ဘက်စ်ကားပေါ်သို့ တက်လိုက်တော့သည်။
ဘက်စ်ကားဖြင့် ထောင်ယွမ်ရွာနှင့် ရှင်းအန်းမြို့သို့သွားရန် မိနစ်၂၀အချိန်ယူရကာ ရှင်းအန်းမြို့မှ ရှင်းယင်ခရိုင်မြို့သို့သွားရန်ကိုဖြင့် နောက်ထပ် မိနစ်၃၀ အချိန်ယူရပေသည်။ နောက်ဆုံး ဘက်စ်ကားသည် ညနေ၆နာရီခွဲတွင် ပြေးဆွဲသောကြောင့် သူတို့အနေနှင့် ကားလွတ်မည်ကို စိုးရိမ်နေဖို့မလိုပေ။
ရှင်းယင်မြို့သို့ရောက်သည်နှင့် ရှောင်လင်းယွီက ရှောင်လင်းယဲ့ကို ဆိုင်တစ်ဆိုင်ဆီသို့ ဆွဲခေါ်သွားလေသည်။ သူမက လှည့်ပတ်ကြည့်ပြီးနောက် ရှောင်လင်းယဲ့အတွက် အဝတ်အစား၂စုံ ဝယ်ပေးလိုက်သည်။ ရှောင်လင်းယဲ့က အဝတ်အစားသစ်များကို စမ်းဝတ်ကြည့်နေချိန်တွင် ရှောင်လင်းယွီသည် သူမမောင်ကို မေးထောက်ကာ စေ့စေ့စပ်စပ်လိုက်ကြည့်ပြီးနောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “မဆိုးဘူးပဲ၊ ငါ့မောင်က ပိုတောင်ချောလာသေးတယ်။ နင် သေချာပေါက် ကောင်မလေးတွေအများကြီးကို ဆွဲဆောင်နိုင်မှာပဲ။”
အနီနှင့်အဖြူစင်းရှပ်အင်္ကျီက ရှောင်လင်းယဲ့၏အသားအရေကို ပိုလို့ဖြူသွားစေကာ ခန့်ညာသွားစေသည်။ အဝတ်အသစ်များက သူ့ကိုပိုတောင်မှ သန့်ပြန့်သွားပုံပေါ်စေခဲ့သည်။
ရှောင်လင်းယဲ့က သူ့အစ်မ၏ချီးကျူးစကားကြောင့် ရှက်ရွံ့သွားပြီး မတတ်သာစွာ ခေါ်လိုက်လေသည်။ “အစ်မကလဲ။” ထိုအချိန်မှာပဲ ဆိုင်အပြင်ဘက်မှ မိန်းကလေးနှစ်ယောက်က ဆိုင်ထဲကို လှမ်းကြည့်လာကာ၊ “ဟေ့၊ အဲ့ဒါ အတန်းဖော်ရှောင် မဟုတ်လား။”
နောက်ကောင်မလေးတစ်ယောက်ကပါ ခေါင်းထောင်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ဟုတ်သားပဲ။”
“လာ သူ့ကိုသွားနှုတ်ဆက်ကြရအောင်။”
ရှောင်လင်းယဲ့သည် ချောမောကာ စာတော်သူဖြစ်သည်။ သူသည် ကျောင်းမှာ အချစ်ခံတစ်ယောက်ဖြစ်ကာ သူ့ကို သဘောကျနှစ်သက်သည့် မိန်းကလေးတော်တော်များများလည်း ရှိသေးသည်။ ရှောင်လင်းယဲ့ကတော့ သူစာလေ့လာရမည်ကို အကြောင်းပြကာ အားလုံးကို ငြင်းခဲ့လေသည်။
“အတန်းဖော်ရှောင်”
“အတန်းဖော်ရှောင်”
အဝတ်အစားလဲတော့မည်ပြင်နေသည့် ရှောင်လင်းယဲ့က မိန်းကလေးနှစ်ယောက်၏ခေါ်သံကြောင့် ရပ်သွားကာ နွေးနွေးထွေးထွေးပင် ပြန်ပြုံးပြလိုက်သည်။ “အတန်းဖော်ကျန်း၊ အတန်းဖော်လိုင်။”
“တိုက်ဆိုင်လိုက်တာနော်။” မိန်းကလေးနှစ်ယောက်က ရှောင်လင်းယဲ့ အဝတ်အစားအသစ်များ ဝတ်ထားသည်ကိုမြင်ပြီး မျက်လုံးများအရောင်တောက်သွားလေသည်။ ထို့နောက် သူတို့က ချီးမွမ်းလိုက်ကြသည်။ “ရှင် အရမ်းချောတာပဲ။”
ရှောင်လင်းယွီတစ်ယောက် ထိုမိန်းကလေးနှစ်ယောက်သည် ချစ်ဖို့ကောင်းကာ ရယ်စရာလည်းကောင်းသည်ဟု တွေးလိုက်မိသည်။ ထို့နောက် သူမက ပြုံးကာ မေးလိုက်လေသည်။ “မင်းတို့က ယဲ့အာရဲ့ အတန်းဖော်တွေလား။”
ကောင်မလေးနှစ်ယောက်က လန့်သွားကာ သူတို့လှည့်ကြည့်လိုက်ချိန် မျက်မှန်နှင့် အမျိုးသမီးငယ်တစ်ယောက်ကိုတွေ့လိုက်ရတာကြောင့် ပဟေဠိဖြစ်သွားကြသည်။
အတန်းဖော်ကျန်းဆိုသူက ခေါင်းညိတ်လိုက်ပြီး၊ “ဟုတ်ပါတယ်၊ ရှင်က…”
‘သူက ရှောင်လင်းယဲ့နဲ့အတူ အဝတ်အစားလာဝယ်တာလား။ သူက ရှောင်လင်းယဲ့ရဲ့ ချစ်သူများလား။’ အတန်းဖော်ကျန်းမှာ ရှောင်လင်းယဲ့ကို ကြိုက်နေသူဖြစ်တာကြောင့် စိတ်ထဲ အနည်းငယ်ချဉ်တူးသွားသည်။
ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “အိုး ဟုတ်သားပဲ။ အစ်မက ရှောင်လင်းယဲ့ရဲ့အစ်မပါ။ မင်းတို့ တစ်ခုခုစားပြီးကြပြီလား။ အစ်မလိုက်ကျွေးမယ်လေ။”
“အစ်မ?!” ကောင်မလေးနှစ်ယောက်မှာ ထပ်ပြီးအံ့ဩသွားကြပြန်သည်။ သူတို့က ချက်ချင်းပင် သူတို့၏ရိုင်းပြမှုအတွက် တောင်းပန်လိုက်ကြသည်။ “ညီမတို့ တောင်းပန်ပါတယ်။”
“ရပါတယ်၊ ယဲ့အာ အထုပ်တွေသယ်ခဲ့။ ငါ မင်းနဲ့ မင်းသူငယ်ချင်းလေးနှစ်ယောက်ကို တစ်ခုခုလိုက်ကျွေးမယ်။”
ရှောင်လင်းယဲ့သည် ထိုမိန်းကလေးနှစ်ယောက်နှင့် အတူတူမစားချင်သော်လည်း သူ့အစ်မက ဖိတ်ထားပြီးပြီဖြစ်တာကြောင့် သူလည်း ဘာမှမတတ်နိုင်တော့ပေ။ ဒါကြောင့် အဝတ်အစားသစ်အိတ်များကိုဆွဲကာ တိတ်တဆိတ်ဖြင့်သာ သူ့အစ်မနောက် လိုက်ခဲ့တော့သည်။
ရှောင်လင်းယွီသည် ခရိုင်အမှတ်၁ကျောင်းတွင် ပညာသင်ခဲ့တာကြောင့် ခရိုင်မြို့နှင့် အလွန်ကိုမှ ရင်းနှီးပေသည်။ ခရိုင်မြို့သည် တစ်နှစ်ထက်တစ်နှစ် တိုးတက်ဖွံ့ဖြိုးလာသော်လည်း သူမ မမှတ်မိနိုင်လောက်သည့်အခြေအနေအထိတော့ မရောက်သေးပေ။
ရှောင်လင်းယွီ အထက်တန်းတက်နေစဉ်တုန်းက သူမသည် အလွန်ချွေတာတတ်သူဖြစ်သည်။ မကြာခဏအပြင်ထွက်စားတတ်သည့် အလေ့အကျင့်မျိုးမရှိဘဲ ကျောင်းကန်တင်းမှအစားအသောက်များကိုသာ စားလေသည်။ ကန်တင်းမှအစားအသောက်များသည် ဈေးသက်သာကာ တစ်ယောက်စာကိုမှ ၃၀ဆင့်သာ ကျပေသည်။ သို့သော်လည်း အပြင်ဘက်စားသောက်ဆိုင်များသည်တော့ တစ်ခါစားလျှင် ၁၀ယွမ်လောက်က အသာလေးကုန်ပေသည်။ ရှောင်လင်းယွီက ထိုသို့ မဖြုန်းတီးနိုင်ပေ။
သို့သော်လည်း သူမပြန်လည်မွေးဖွားပြီးနောက်တွင်တော့ ရှောင်လင်းယွီသည် အချိန်ရှိခိုက် ပျော်ပျော်ရွှင်ရွှင်နေဖို့က အရေးပါကြောင်း နားလည်သွားခဲ့သည်။
လမ်းကြားတစ်ခုထဲရှိ စားသောက်ဆိုင်တစ်ခုတွင် ကောင်မလေးနှစ်ယောက်က ဝင်ထိုင်လိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေခဲ့သည်။ “ဒီမှာ စားသောက်ဆိုင်ရှိမှန်း အစ်မရှောင် ဘယ်လိုလုပ်သိတာလဲ။ ညီမတို့တောင် ဒီနေရာကို မသိဘူး။”
ရှောင်လင်းယဲ့က ရှင်းပြလာခဲ့သည်။ “ငါ့အစ်မက ဒီမှာ သုံးနှစ် ကျောင်းတက်ခဲ့တာလေ။ ဒီမြို့က ဘယ်နားချိုင့်ခွက်ရှိတယ်ဆိုတာကအစ သူသိတယ်။”
ကောင်မလေးနှစ်ယောက်က ချက်ချင်းပင် စပ်စုချင်သွားကြကာ၊ “အစ်မရှောင်က ခရိုင်မြို့မှာ ကျောင်းတက်ခဲ့တာလား။ ဘယ်အထက်တန်းကျောင်းမှာ တက်တာလဲ။”
ရှင်းယင်မြို့တွင် အထက်တန်းကျောင်း ၅ကျောင်းရှိကာ အမှတ်၁ကတော့ အကောင်းဆုံးဖြစ်ပြီး သူ့နောက်မှ အမှတ်၂၊ အမှတ် ၃ စသည်ဖြင့် အစဉ်လိုက်,လိုက်ပေသည်။
“ခရိုင်အမှတ်၁အထက်တန်းကျောင်းမှာလေ။” ရှောင်လင်းယဲ့က ဂုဏ်ယူစွာ ပြောလိုက်သည်။ “အဲ့ဒီတုန်းကဆို ငါ့အစ်မက စာပေအနုပညာမှာ ထိပ်တန်းကျောင်းသူပဲ။” သူ့အစ်မသည် သူ၏စံပြပုဂ္ဂိုလ်ပင်ဖြစ်သည်။
ကောင်မလေးနှစ်ယောက်၏မျက်လုံးထဲတွင် ကြယ်ရောင်များတောက်လာကြတော့သည်။ “ဝိုး၊ အစ်မရှောင်က အရမ်းတော်တာပဲ။” သူတို့ဆိုလျှင် ဒုတိယအဆင့်တက္ကသိုလ်များကိုသာမှန်းနိုင်ပြီး ထိပ်တန်းအဆင့်တက္ကသိုလ်များကိုတော့ အိပ်မက်ပင် မမက်နိုင်ကြပေ။
“မင်းတို့လည်း တော်ကြပါတယ်။” ရှောင်လင်းယွီက ပြုံး၍ပြောလိုက်သည်။ “တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက သိပ်မကြာခင်ရောက်တော့မှာ။ မင်းတို့အားလုံး အကောင်းဆုံး ကြိုးစားဖို့ မမေ့ကြနဲ့နော်။”
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအကြောင်း ကြားသည်နှင့် ကောင်မလေး၂ယောက်၏မျက်နှာမှာ ညှိုးကျသွားတော့သည်။ သူတို့က သက်ပြင်းချလိုက်ကြပြီး၊ “ညီမတို့သာ အတန်းဖော်ရှောင်လို ဉာဏ်ကောင်းနေရင်တော့ စိတ်ပူစရာကိုမလိုဘူး။”
ရှောင်လင်းယွီက ဘာမှပြန်မပြောခဲ့ပေ။ ကောင်မလေးနှစ်ယောက် စာမေးပွဲအတွက် ဘယ်လောက် စိတ်ပူနေသည့်အကြောင်း၊ သူတို့မိသားစုများက သူတို့ကို စာလုပ်ဖို့ ဘယ်လိုဖိအားပေးလဲဆိုသည့် အကြောင်း၊ စသဖြင့် ပြောသည်များကို နားထောင်ပေးနေခဲ့သည်။ ရှောင်လင်းယွီသည် တစ်ဖက်ကပြောသမျှကို ကောင်းကောင်းနားထောင်ပေးတတ်သူဖြစ်ကာ တချို့နေရာများတွင် အကြံဉာဏ်တချို့လည်း ဝင်ပေးတတ်သေးသည်။
နေ့လည်စာစားပြီးနောက် ရှောင်လင်းယဲ့က သူ၏အဝတ်အစားအသစ်များကိုသယ်ကာ အတန်းဖော်နှစ်ယောက်နှင့်အတူ ကျောင်းသို့ ပြန်သွားသွားခဲ့သည်။
ရှောင်လင်းယွီသည်တော့ မျိုးစေ့အရောင်းဌာနသို့သွားရန် ဆုံးဖြတ်လိုက်သည်။ သူမရောက်သွားချိန်တွင် ဝန်ထမ်းတစ်ယောက်က စားပွဲကိုမှီကာ ဖုန်းကစားနေခဲ့သည်။
တစ်ယောက်ယောက်ဝင်လာသည်ကို ကြားလိုက်သော် သူမက မျက်လုံးကို အသာလှန်၍သာကြည့်လိုက်ပြီး ထို့နောက်မှာတော့ သူမဖုန်းဆီသို့သာ အာရုံပြန်ရောက်သွားခဲ့သည်။
***