မျိုးစေ့အရောင်းဌာနမှ အငြင်းပွားမှု
Vol. 4 Ch. 67
ရှောင်လင်းယွီက မျိုးစေ့အချို့ကို ရွေးလိုက်ပြီးနောက် ကောင်တာကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။ “ဒါအားလုံးပေါင်း ဘယ်လောက်ကျလဲ။” ဝန်ထမ်းသည် သူမဖုန်းသို့သာ ပြန်အာရုံမစိုက်ခင် စားပွဲပေါ်မှ မျိုးစေ့များကို တစ်ချက်သာ လှမ်းကြည့်လိုက်လေသည်။ “၂၀၁ယွမ်”
ရှောင်လင်းယွီက ငွေချေတော့မည့်အချိန်မှာပဲ ဘီရိုထောင့်နားမှ အနက်ရောင်မျိုးစေ့ထုပ်ငယ်လေးတစ်ထုပ်ကို တွေ့သွားကာ ၎င်းကို ညွှန်ပြပြီး မေးလိုက်လေသည်။ “အဲ့ဒါက ဘာမျိုးစေ့တွေလဲ။”
ဝန်ထမ်းက စိတ်မရှည်စွာဖြင့် သူမနောက်ကို လှည့်ကြည့်လိုက်ပြီး၊ “စတော်ဘယ်ရီစေ့။”
ရှောင်လင်းယွီ အံ့ဩသွားလေသည်။ “စတော်ဘယ်ရီစေ့လား။” သူမတွေးကြည့်လိုက်ပြီးနောက် ထိုစတော်ဘယ်ရီမျိုးစေ့များကိုယူလိုက်ကာ ထပ်မေးလိုက်ပြန်သည်။ “ဒါပါ,ပါရင်ဘယ်လောက်ကျသွားလဲ။”
ဝန်ထမ်းက ကောင်တာပေါ်တင်လိုက်သည့် စတော်ဘယ်ရီမျိုးစေ့ထုပ်ကိုပါ မြင်ပြီးနောက် အထင်သေးသည့်အမူအရာမျိုး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူမက ထေ့ငေါ့ဟန်ဖြင့်ပြောလိုက်သည်။ “ဘာလဲ။ ဒီစတော်ဘယ်ရီတွေကို စိုက်မလို့လား။ ရှင်က ငတုံးလား။ ပတ်ဝန်းကျင်အနေအထားလေး ဘာလေးလဲ ပြန်ကြည့်ဦး။ ဒီလိုနေရာမှာ စတော်ဘယ်ရီစိုက်လို့ ဖြစ်မှာတဲ့လား။ စိုက်ပျိုးရေးခြံကြီးတွေတောင် ဒီမှာ စတော်ဘယ်ရီပင် စိုက်ကြပေမယ့် နောက်ဆုံး မဖြစ်လာကြဘူး။ ရှင်ကရော စိုက်နိုင်မှာတဲ့လား။”
ရှောင်လင်းယွီ၏မျက်နှာမှာ မည်းမှောင်သွားတော့သည်။ “ကျွန်မက ဒီမှာ မျိုးစေ့လာဝယ်တာ ကျွန်မလုပ်နိုင်တာ မလုပ်နိုင်တာတွေ ရှင်းပြဖို့လာတာမဟုတ်ဘူး။ ကျွန်မဘာသာ ဘယ်မျိုးစေ့စိုက်စိုက် ရှင်နဲ့ ဘာမှမဆိုင်ဘူး။ ငွေရှင်းဖို့သာ တွက်ပေးပါ။”
ဝန်ထမ်းက စူပုတ်ပုတ်ဖြင့် ပြန်ဖြေလာခဲ့သည်။ “ကောင်းပြီလေ၊ အားလုံး ၁၂၀၁ယွမ်ကျတယ်။”
“ဘာ။” ရှောင်လင်းယွီ အံ့ဩသွားလေသည်။ “ဒီစတော်ဘယ်ရီမျိုးစေ့က ယွမ်၁ထောင်တောင် ကျတာတလား။ အဲ့လောက်တောင်မှ ဈေးကြီးလား။”
“ဈေးကြီးတာပေါ့။” ဝန်ထမ်းက ပြန်ဖြေလိုက်သည်။ “ဒါတွေက လျောင်နဉ်စီရင်စုကလာတဲ့ မျိုးတွေလေ။ အကောင်းဆုံးမျိုးစိတ်တွေပဲ ဒီတော့ သေချာပေါက် ဈေးလည်းကြီးတာပေါ့။” သူမက ရှောင်လင်းယွီကို မထီမဲ့မြင်အကြည့်မျိုးဖြင့် ကြည့်လိုက်ကာ၊ “မင်းမတတ်နိုင်ရင်လည်း မဝယ်နဲ့လေ။” ဝန်ထမ်းသည် ပုံသေလစာတစ်မျိုးသာရပြီး ရောင်းအားရာခိုင်နှုန်းဟူ၍မရတာကြောင့် မျိုးစေ့တွေ ရောင်းထွက်ဖို့အရေး အားထုတ်ခြင်းမရှိပေ။
ရှောင်လင်းယွီက ဝန်ထမ်းကို စူးစိုက်ကြည့်လိုက်ကာ ပြန်ပြောလေသည်။ “ကျွန်မက ဒီကို မျိုးစေ့ဝယ်ဖို့လာတယ်၊ ရှင် လှောင်တာခံဖို့မဟုတ်ဘူး။ ရှင့်ရဲ့မန်နေဂျာကရော ရှင်ဒီလိုပြုမူနေတာကို သိရဲ့လား။”
ဝန်ထမ်းမှာ စော်ကားခံရတာကြောင့် ဒေါသထွက်သွားတော့သည်။ “ထွက်သွား။ မင်းလို ဆင်းရဲသားကို ငါတို့ဆီက ဘာထုတ်ကုန်မှ မရောင်းနိုင်ဘူး။”
ရှောင်လင်းယွီ သူမ၏ဒေါသကို ကြိုးစားထိန်းချုပ်ရင်း ပြန်ပြောလိုက်သည်။ “မိန်းကလေး၊ ဒါက မျိုးစေ့အရောင်းဌာနဆိုတာ မမေ့နဲ့နော်။ ဒီဆိုင်က အစိုးရကပိုင်တာ။ ကျွန်မတို့အစိုးရက စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဒီလိုမျိုးစေ့အရောင်းဌာနတွေကို ဖွင့်လှစ်ပေးထားတာ။ ဒါ ရှင့်ကိုယ်ပိုင်ဆိုင်မဟုတ်ဘူး။ ရှင့်စိတ်တိုင်းကျ ကျွန်မကို ရောင်းမယ် မရောင်းဘူးဆုံးဖြတ်လို့ရတဲ့နေရာ မဟုတ်ဘူး။”
ဝန်ထမ်းကလည်း ပြန်ခံအော်လေသည်။ “ဒီမျိုးစေ့ဌာနက ငါ့မိသားစုပိုင်တာပဲ။ ဒီတော့ ငါ နင့်ကိုမရောင်းနိုင်ဘူးဆို မရောင်းနိုင်ဘူးပဲ။” အတိအကျပြောရလျှင် ဤမျိုးစေ့အရောင်းဌာနသည် ထိုဝန်ထမ်း၏ခဲအိုက စီမံခန့်ခွဲနေခြင်းဖြစ်သည်။
“ရှင်…” ရှောင်လင်းယွီသည် ထိုကဲ့သို့အပေါက်ဆိုးသည့်မိန်းကလေးနှင့် ထိပ်တိုက်တွေ့လိုက်ရတာကြောင့် အလွန်ဒေါသထွက်သွားတော့သည်။ “ကျွန်မ ရှင့်ကို တိုင်မယ်။”
“မင်း.. ရှောင်လင်းယွီလား။” ရှောင်လင်းယွီ ပွဲကြမ်းတော့မည့်အချိန်မှာပဲ သူမနာမည်ခေါ်သံကို ကြားလိုက်ရသည်။
ဝန်ထမ်းက နောက်ထပ်ရောက်လာသည့် လူကိုမြင်သည်နှင့် ဝမ်းသာသွားတော့သည်။ “ခဲအို။” ထို့နောက် သူမ သူမ၏ခဲအိုဆိုသူကို အပြေးဖက်လိုက်ကာ ညုတုတုလေသံဖြင့် ပြောလိုက်သည်။ “ခဲအို၊ သူ ကျွန်မကို အနိုင်ကျင့်နေတယ်။ ကျွန်မအစား လက်စားချေပေးရမယ်နော်။”
သက်လတ်ပိုင်းအမျိုးသားသည် ဝဝပုပုနှင့်လူဖြစ်ကာ ဘီယာဗိုက်နှင့် ကတုံးတစ်ယောက်ဖြစ်သည်။ သူကတော့ ဤမျိုးစေ့အရောင်းဌာန၏မန်နေဂျာ မော့သဲ့လီဖြစ်သည်။ သူ့ဘေးနားတွင်ရပ်နေသည့် ခပ်ချောချောအမျိုးသားသည်က ရှောင်လင်းယွီ၏နာမည်ကို ခေါ်လိုက်သည့်လူပင်။
ပုံမှန်အားဖြင့် သူ့ခယ်မလေးကိုသာ တစ်ယောက်ယောက် အနိုင်ကျင့်နေသည်ဟု ကြားပါက မော့သဲ့လီသည် ချက်ချင်းမဆိုင်း သူမအတွက် ပြန်လက်စားချေပေးမည်ဖြစ်သည်။ သို့သော်လည်း သူ့ဘေးနားက အမျိုးသားက သူ့ခယ်မလေးကို အနိုင်ကျင့်သည့်အမျိုးသမီးအား သိနေသည်ကို မော့သဲ့လီ သတိထားလိုက်မိသည်နှင့် သူ သတိထားသင့်မှန်း နားလည်လိုက်သည်။
သူက သူ့ခယ်မလေးကို လျစ်လျူရှုက သူ့ဘေးနားရှိအမျိုးသားကိုသာ ပြုံး၍ မေးလိုက်လေသည်။ “ဒါရိုက်တာကျန်း၊ ဒီမိန်းကလေးကို သိတာလား။”
ထိုအမျိုးသားသည် ရှင်းယင်ခရိုင်မြို့ရဲစခန်း၏ ဒါရိုက်တာ(ညွှန်ကြားရေးမှူးချုပ်) ကျန်းထောင်ပင်။
ကျန်းထောင်က ခေါင်းညိတ်လိုက်သည်။
ရှောင်လင်းယွီလည်း ကျန်းထောင်ကိုမြင်သည်နှင့် ပြုံးကာ နှုတ်ဆက်လိုက်လေသည်။ “ဒါရိုက်တာကျန်း။”
ကျန်းထောင်က ရှေ့သို့ အနည်းငယ်ဆက်လှမ်းကာ ပြုံးလိုက်လေသည်။ “တကယ်ကို မင်းဖြစ်နေတာပဲ။” ထို့နောက် သူက ကောင်တာကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။ “မစ္စရှောင် ဒီကို မျိုးစေ့လာဝယ်တာလား။”
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။ ဒါနဲ့ ဒါရိုက်တာကျန်း ကျွန်မကို လင်းယွီလို့ပဲခေါ်ပါ။ မစ္စရှောင်လို့ကြားရတာ နည်းနည်းထူးဆန်းသလို ခံစားရလို့။”
ကျန်းထောင်က ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပါပြီ။ လင်းယွီ၊ အခုဘာတွေဖြစ်နေတာလဲ။”
ရှောင်လင်းယွီ ဘာမှမပြောနိုင်ခင်မှာပဲ အစောကဝန်ထမ်းဖြစ်သည့် ခမ်းရှောင်ရွှယ်က ဖြတ်ပြောလိုက်သည်။ “ဒီဆင်းရဲတဲ့မိန်းမက ကျွန်မတို့ဆီက မျိုးစေ့တွေကို ဝယ်ဖို့မတတ်နိုင်တာနဲ့ပဲ ကျွန်မကို အရှက်ခွဲနေတာ။”
အင်း.. စိတ်ဝင်စားဖို့ကောင်းသားပဲ။
ခမ်းရှောင်ရွှယ်ကသာ ရှောင်လင်းယွီကို အရှက်ခွဲခဲ့သူဖြစ်သော်လည်း သူမကအရင်ဦးစွာ ဇာတ်ကြောင်းကို ပြောင်းပြန်လှန်ပစ်လေသည်။ ခမ်းရှောင်ရွှယ်သည် ကျန်းထောင်၏ကြည့်ကောင်းသော ရုပ်ရည်အောက်တွင် ဆွဲဆောင်ခံလိုက်ရသည်။ ထိုအမျိုးသားက ရှောင်လင်းယွီနှင့် ရင်းနှီးနေသည်ကို မြင်လိုက်ရသည်နှင့် သူမ မနာလိုဖြစ်သွားကာ ရှောင်လင်းယွီ၏ပုံရိပ်ကို ဖျက်ဆီးချင်စိတ်များ တာဆူနေတော့သည်။
ကျန်းထောင်၏မျက်နှာပေါ်မှာ မှောင်မိုက်သွားသည့်အရိပ်အယောင်ကို မြင်လိုက်သည်နှင့် ခမ်းရှောင်ရွှယ် စိတ်ထဲက ကြိတ်၍ ရွှင်မြူးနေလေသည်။ သူမအကြံ အောင်မြင်သွားပြီဟု တွေးလိုက်မိတာကြောင့် ချက်ချင်းပင် ဆက်ပြောလာခဲ့သည်။ “ဒီမိန်းမက မျိုးစေ့တွေအများကြီးဝယ်ချင်ပေမယ့် ဈေးတွေက မနည်းဘူးလေ။ ဒီတော့ သူက စောဒကတက်ပြီး ကျွန်မကို ဈေးလျှော့ခိုင်းတယ်။ ကျွန်မကလည်း ကျွန်မတို့ဆီက ဈေးတွေက ပုံသေသတ်မှတ်ထားပြီးသားလို့ပြောတာပေါ့။ ဒါကို သူက ကျွန်မကို လောဘကြီးတယ်၊ ကျွန်မခဲအိုနဲ့ တိုင်မယ်ဆိုပြီး ပြောတယ်လေ။ အဲ့ဒါပြောနေတဲ့အချိန်မှာပဲ ရှင်တို့ ရောက်လာကြတာ။”
ကျန်းထောင်၏အမူအရာမှာ ပို၍ပင် အရုပ်ဆိုးပြီးရင်း ဆိုးလာတော့သည်။
ကျန်းထောင်တစ်ယောက် ရှောင်လင်းယွီကို ဒေါသထွက်နေပြီဆို ခမ်းရှောင်ရွှယ်တွေးမိတာကြောင့် အလွန်ဝမ်းသာနေတော့သည်။
သို့သော်လည်း အပေါ်ယံမှာတော့ သူမက မျက်နှာကိုအငယ်ဆုံးထားကာ ရှိုက်သံလေးဖြင့် မော့သဲ့လီကို လက်မောင်းကိုဆွဲကာ မျက်ရည်များကျပြန်လာသည်။ “ခဲအို၊ ကျွန်မအတွက် တရားမျှတမှုရှာပေးရမယ်နော်။ ဒီဆင်းရဲသားကို ပေး…” သင်ခန်းစာပေးရမယ်။
“ပါးစပ်ပိတ်ထား။” မော့သဲ့လီက အော်ငေါက်လိုက်သည်။ သူသည် ခမ်းရှောင်ရွှယ်လို ဦးနှောက်မရှိသူမဟုတ်ပေ။ ကျန်းထောင်က ရှောင်လင်းယွီကိုမဟုတ်ဘဲ ခမ်းရှောင်ရွှယ်ကို ဒေါသထွက်နေခြင်းဖြစ်ကြောင်း သူမြင်နိုင်လေသည်။
ကျန်းထောင်သာ ခမ်းရှောင်ရွှယ်ကြောင့် မပျော်မရွှင်ဖြစ်သွားလျှင် သူ မော့သဲ့လီကိုပါ ထိခိုက်လာနိုင်သည်။ ကျန်းထောင်သည် သူ့အသက်မွေးဝမ်းကြောင်းကို ဆုံးဖြတ်နိုင်သူဖြစ်တာကြောင့် မော့သဲ့လီသည် ကျန်းထောင်ကို အာ,မခံရဲပေ။ မော့သဲ့လီ၏ရည်မှန်းချက်ပန်းတိုင်မှာ စိုက်ပျိုးရေးဌာန၏ဒါရိုက်တာဖြစ်လာရန်ဖြစ်ကာ ထိုရာထူးကို မက်မောနေခဲ့သည်မှာ ကြာလေပြီ။
မော့သဲ့လီသည် ကျန်းထောင်ကို မျိုးစေ့အရောင်းဌာနသို့ပါလာအောင် နည်းလမ်းအမျိုးမျိုးကို သုံးခဲ့ရခြင်းဖြစ်သည်။ ကျန်းထောင်ကို လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ခဲ့သော်လည်း သူ့အဓိကရည်ရွယ်ချက်မှာတော့ သူ့ခယ်မနှင့် မိတ်ဆက်ပေးရန်သာဖြစ်ပေသည်။
ခမ်းရှောင်ရွှယ်သည် ငယ်ရွယ်ကာ လှပသူဖြစ်သည်။ ကျန်းထောင်သည်လည်း လက်မထပ်ရသေးသည့် လူလွတ်တစ်ယောက်ဖြစ်သည်။ ကျန်းထောင်သာ သူမကိုလက်ထပ်လိုက်လျှင် မော့သဲ့လီအနေနှင့် သူ့ရာထူးတိုးရေးအတွက် အကူအညီတစ်ရပ်ရရှိလာပေလိမ့်မည်။
သို့သော်လည်း သူတို့ရောက်လာသည်နှင့် ခမ်းရှောင်ရွှယ်က ဝယ်သူကို အထင်သေးနှိမ့်ချကာ ပြောဆိုမှုဖြင့် ပထမဆုံးတွေ့ဆုံးခြင်းအတွက် ဆိုးရွားသည့်အမြင်မျိုး ချန်ထားခဲ့လေပေပြီ။ ကိစ္စတွေကို ပိုဆိုးရွားသွားစေသည်ကတော့ ထိုဝယ်သူသည် ကျန်းထောင်၏မိတ်ဆွေဖြစ်နေခြင်းပင်။ မော့သဲ့လီတစ်ယောက် ခမ်းရှောင်ရွှယ်၏ပါးစပ်ကို ပိတ်ချုပ်ပစ်ချင်မိတော့သည်။ သို့သော်လည်း အခုက ထိုသို့လုပ်ရမည့်အချိန်မဟုတ်သေးပေ။
မော့သဲ့လီက ရှောင်လင်းယွီထံသို့လျှောက်သွားကာ ပြုံးလိုက်ပြီး၊ “မစ္စရှောင်၊ ကျွန်တော် တောင်းပန်ပါတယ်။ ရှောင်ရွှယ်က ငယ်သေးတော့ မစ္စရှောင်ကို စော်ကားမိတာပါ။ ကျွန်တော် သူ့အစား တောင်းပန်ပါရစေ။”
ခမ်းရှောင်ရွှယ်တစ်ယောက် ကြောင်အသွားခဲ့သည်။
သူမက မယုံကြည်နိုင်စွာဖြင့် မျက်လုံးကြီးပြူးကာ၊ “ခဲအို၊ ရှင်ဘာလို့.. ဘာလို့သူ့ကို တောင်းပန်နေရတာလဲ။”
သူမထပ်ပြီး ဉာဏ်မရှိသည့်စကားများ ထပ်ပြောလာမည်စိုးတာကြောင့် မော့သဲ့လီက ချက်ချင်းပင် သူမကိုပိတ်အော်လိုက်လေသည်။ “ပါးစပ်ပိတ်ထား။”
ခမ်းရှောင်ရွှယ်မှာ သူမခဲအိုက သူမကိုဘယ်တုန်းကမှ ကြမ်းကြမ်းတမ်းတမ်းမပြောဖူးတာကြောင့် စိတ်ထဲ နာကျင်သွားခဲ့သည်။
မော့သဲ့လီအတွက်တော့ ခမ်းရှောင်ရွှယ်၏စိတ်အခြေအနေကို ဂရုစိုက်ရန် အချိန်မရှိသေးပေ။ သူက ရှောင်လင်းယွီကိုသာ မျက်နှာလိုမျက်နှာရတောင်းပန်နေခဲ့သည်။ “မစ္စရှောင် သူ့ကိုခွင့်လွတ်ပေးဖို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။”
***