ဖားနေပြန်ပြီ
Vol. 4 Ch. 68
မော့သဲ့လီ၏ ချိုရဲလွန်းနေသည့်အပြုအမူမှာ အန်ချင်စရာပင်ကောင်းလှသည်။
ရှောင်လင်းယွီ ဘာမှမပြောရသေးခင်မှာပင် ကျန်းထောင်က မေးလာခဲ့သည်။ “လင်းယွီ၊ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ။”
ရှောင်လင်းယွီသည် လူများမကောင်းကြောင်း မပြောတတ်သူဖြစ်သည်။ သို့သော်လည်း ထိုမိန်းကလေးက သူမကံကိုအားကိုးကာ ရှောင်လင်းယွီကို နာမည်တပ်ပြီး စွပ်စွဲလာခဲ့သည်။ ရှောင်လင်းယွီဘက်က ဘာမှမှားထားတာမရှိတာကြောင့် သူမက ပြောလိုက်သည်။ “ကျွန်မက စတော်ဘယ်ရီမျိုးစေ့တစ်ထုပ် ဝယ်ချင်တာ။ ဒီမိန်းကလေးက ယွမ်၁၀၀၀ကျတယ်လို့ပြောတယ်။ ကျွန်မလည်း အရမ်းဈေးကြီးတော့ အံ့ဩသွားတာပေါ့။ အဲ့ဒါနဲ့ပဲ သူက ကျွန်မကို ဆင်းရဲတဲ့မိန်းမဆိုပြီး နှင်ထုတ်ဖို့လုပ်တော့တာပဲ။ ဒီလိုနဲ့ ကျွန်မလည်း သူ့ရဲ့အထက်လူကြီးကို တိုင်မယ်ဆိုပြီးပြောလိုက်တာ။ အဲ့ဒီအချိန် ရှင်တို့ရောက်လာတာပဲ။”
ကျန်းထောင်က ခမ်းရှောင်ရွှယ်ကို ကြည့်လိုက်ကာ၊ “သူပြောတာ အမှန်ပဲလား။” ဟုမေးလိုက်သည်။ ကျန်းထောင်နှင့် ရှောင်လင်းယွီသည် အရမ်းကြီးမရင်းနှီးသေးဘူးဆိုလျှင်တောင်မှ သူမ၏ရဲစွမ်းသတ္တိနှင့် လျင်မြန်သည့်ဖြတ်ထိုးဉာဏ်ဖြင့် လူကုန်ကူးအဖွဲ့ကို ဖြိုခွင်းရာတွင် ရဲများကိုကူညီပေးခဲ့သူဖြစ်သည်။ ဒါကပဲ ရှောင်လင်းယွီ၏အကျင့်စရိုက်ကို သက်သေပြပြီးဖြစ်သည်။ သူမသည် တခြားလူများကို ချောက်ချတတ်သည့်လူမျိုး မဟုတ်ပေ။
ထို့ကြောင့် ကျန်းထောင်သည် ရှောင်လင်းယွီပြောသည်ကို ယုံလေသည်။
ကျန်းထောင်က တင်းမာသည့်မျက်နှာထားဖြင့် သူမကိုကြည့်လာတာကြောင့် ခမ်းရှောင်ရွှယ်၏မျက်နှာမှာ ဖြူဖျော့သွားသော်လည်း သူမက ဝန်မခံခဲ့ဘဲ ဆက်ငြင်းလေသည်။ “မမှန်ဘူး။ သူ..သူ ကျွန်မကို ချောက်ချနေတာ။” သူမက ရှောင်လင်းယွီကို ဒေါသတကြီး လက်ညှိုးထိုးကာ ပြောလိုက်သည်။
ကျန်းထောင်က ပြန်မေးလိုက်လေသည်။ “အိုး.. ဒါဆို သူက မင်းကို ဘယ်လိုများချောက်ချတာလဲ၊ ပြောပြပါဦး။”
ခမ်းရှောင်ရွှယ်က ခေါင်းမာမာနှင့် ဆက်ပြောခဲ့သည်။ “ကျွန်မ..ကျွန်မ သူ့ကို ဆင်းရဲတယ်လို့လဲမပြောခဲ့ဘူး။ မောင်းလဲ မထုတ်ခဲ့ဘူး။ သူကသာ ဒီကပစ္စည်းတွေက အရမ်းဈေးကြီးတယ်ဆိုပြီး သူ့ဘာသာထွက်သွားဖို့လုပ်နေတာ။ သူက ကျွန်မကိုတော့မှ တိုင်ချင်နေသေးတယ်။”
ကျန်းထောင်ရော မော့သဲ့လီရော မျက်နှာများ မဲမှောင်နေကြသည်။ ခမ်းရှောင်ရွှယ်က ဆက်ပြောလေသည်။ “ကျွန်မပြောတယ်လေ။ သူကသာ ကျွန်မကို ချောက်ချတာပါ…” မော့သဲ့လီက လေသံမာမာနှင့် သူမစကားကို ဖြတ်ပြောလိုက်သည်။ “ပါးစပ်ပိတ်စမ်း။”
မော့သဲ့လီနှင့် ကျန်းထောင်တို့သည် တရားမျှတစေရန်အတွက် ရှောင်လင်းယွီနှင့် ခမ်းရှောင်ရွှယ်တို့ နှစ်ဦးစလုံးထံမှ စကားများကို နားထောင်ပေးနေခဲ့ခြင်းဖြစ်သည်။ သူ့ခယ်မက အာဏာရှိတဲ့လူတစ်ယောက်ရှေ့မှာတောင် ဒီလို မိုက်မိုက်မဲမဲနှင့် မဟုတ်တာတွေ လျှောက်ပြောနေလိမ့်မည်ဟု မော့သဲ့လီမထင်ထားခဲ့ပေ။ ခမ်းရှောင်ရွှယ်၏ သနားစဖွယ်ဝမ်းနည်းညှိုးငယ်နေသော မျက်နှာနှင့် ရှောင်လင်းယွီ၏ အေးဆေးတည်ငြိမ်နေသောအမူအရာကိုကြည့်ပါက ဘေးလူများသည် ရှောင်လင်းယွီကသာ အနိုင်ကျင့်သူဟု ထင်မှတ်ကြလိမ့်မည်။
ခမ်းရှောင်ရွှယ်သည် အအော်ခံလိုက်ရတာကြောင့် ပိုလို့တောင်မှ ငိုယိုပြလာခဲ့သည်။ “ခဲအို ကျွန်မညာနေတာမဟုတ်ဘူးလေ။ ဘာလို့ ကျွန်မကိုအော်ရတာလဲ။”
“ငါတို့ ဝင်မလာခင်ကတည်းက ကိစ္စအားလုံးကို ကြားခဲ့ပြီးပြီ။ ဒါကိုတောင် မင်းက မညာပါဘူးလို့ ပြောနိုင်သေးတယ်ပေါ့။” ကျန်းထောင်က မော့သဲ့လီပြောသည်ကိုပင်မစောင့်ဘဲ ခက်ထန်စွာပြောလိုက်သည်။ “မင်းက တကယ်ကိုကြောက်စရာကောင်းတဲ့လူပဲ။”
ခမ်းရှောင်ရွှယ်သည် ရှက်သွားရာမှ ဒေါသသို့ပြောင်းလဲသွားတာကြောင့် သူမမျက်နှာသည် နီရာမှ ဖြူလာခဲ့သည်။ ဒီယောက်ျားနှစ်ယောက်က အားလုံးကြားထားကြပြီးသားဖြစ်နေမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမကသူမ၏အလိမ်အညာများ ဖော်ထုတ်ခံလိုက်ရတာကြောင့် ကြောက်ရွံ့လာခဲ့သည်။ သူမ ကျန်းထောင်ကို မသိသော်လည်း သူမခဲအိုက ခေါ်လာခဲ့ခြင်းဖြစ်တာကြောင့် သေချာပေါက် အရေးပါသည့်တစ်စုံတစ်ယောက်ဖြစ်လောက်မည်မှန်း သိပေသည်။ ဒါကြောင့် သူမက အားနည်းဖျော့တော့စွာဖြင့် ပြောလိုက်သည်။ “ကျွန်မ… ကျွန်မ…”
မော့သဲ့လီ စိတ်ထဲကနေပြီး ကျိန်ဆဲလိုက်သည်။ ‘ဒီပြဿနာမကတော့..။’ ထို့နောက် သူက ကိစ္စများပြေလည်အောင် ကြားဝင်ညှိနှိုင်းလာခဲ့သည်။ “ဒါရိုက်တာကျန်း၊ စိတ်မဆိုးပါနဲ့။ ကျွန်တော့် ခယ်မလေးက ငယ်သေးလို့ပါ။ သူ့ရဲ့မသိတတ်မှုကို ခွင့်လွှတ်ပေးပါနော်။”
ကျန်းထောင်က တိုက်ရိုက်ပင် မေးလိုက်လေသည်။ “ငယ်သေးတယ်လား။ သူ့အသက် ဘယ်လောက်ရှိပြီလဲ သိလို့ရမလား။”
မော့သဲ့လီ၏အမူအရာ အေးခဲသွားတော့သည်။
“ကျွန်တော်ကြည့်ရတာ သူက အသက်၂၀တော့ ကျော်နေလောက်ပါပြီ။” မော့သဲ့လီ မဖြေရသေးခင်မှာပင် ကျန်းထောင်ကပြောလိုက်သည်။ “သူ့အသက်အရွယ်နဲ့တောင် ငယ်လေးလို့ မသိနားမလည်သေးလို့ ခွင့်လွှတ်ပေးရဦးမယ်ဆိုရင် သူ့ကို ဘယ်အသက်အရွယ်ရောက်မှများ ကျွန်တော်တို့က သူ့လုပ်ရပ်အတွက် သူကိုယ်တိုင်တာဝန်ယူခိုင်းလို့ရမှာလဲ။”
မော့သဲ့လီ၏အမူအရာမှာ တောင့်တင်းသွားလေသည်။ သူက ခေါင်းကိုငုံ့ ခါးကိုကိုင်းကာ တောင်းတောင်းပန်ပန်အပြုံးဖြင့် ပြောလိုကသ်ည်။ “ဒါရိုက်တာကျန်း၊ ဒေါသမထွက်ပါနဲ့တော့။ ကျွန်တော် အခုချက်ချင်း မစ္စရှောင်ကိုတောင်းပန်ဖို့ ရှောင်ရွှယ်ကို ပြောလိုက်ပါ့မယ်။”
ထို့နောက် သူက ရှောင်ရွှယ်ကို ကြည့်လိုက်ကာ ခပ်တင်းတင်းအော်လိုက်လေသည်။ “ဒီကိုလာပြီး မစ္စရှောင်ကို တောင်းပန်လိုက်။”
ခမ်းရှောင်ရွှယ်တစ်ယောက် မျက်ရည်များ ဒလဟောစီးကျလာတော့သည်။ သူမပုံစံက မှားယွင်းခံရကာ အပြစ်ကင်းစင်သည့် မိန်းမငယ်လေးတစ်ယောက်လိုပင်။ သို့သော်လည်း သူမ ခဲအိုကိုတော့ အလျှော့ပေးခဲ့ရူသည်။ သူမက ရှေ့ကိုတိုးလာကာ ရှောင်လင်းယွီကို လောင်ကျွမ်းစေတော့မလို မနာလိုနေသည့် အကြည့်စူးစူးများဖြင့် ကြည့်လိုက်ကာ ခပ်ဆတ်ဆတ်ပင်ပြောလိုက်သည်။ “ငါတောင်းပန်တယ်။ ငါ..” သူမက အဆုံးထိပင်မပြောဘဲ ငိုယိုရင်းပြေးထွက်သွားကာ ရှက်ရွံ့ကာ ဒေါသထွက်နေသည့် မော့သဲ့လီကို ချန်ထားခဲ့တော့သည်။
မော့သဲ့လီသည် နေရခက်စွာဖြင့် ချောင်းဟန့်လိုက်ရင်း၊ “မစ္စရှောင်၊ ရှောင်ရွှယ်က သူ့အစ်မ အရမ်းအလိုလိုက်တာခံထားရလို့ပါ။ သူက မကောင်းတဲ့လူတော့မဟုတ်ပါဘူး။ သူလည်းတောင်းပန်နေပြီဆိုတော့ မင်းသူ့ကို ခွင့်လွှတ်ပေးလိုက်ပါတော့လား။”
‘ဒီခွေးမတော့၊ ငါ့ရှောင်ရွှယ်က မင်းကိုတောင်းပန်လိုက်တာ မင်း ကျေးဇူးတောင်တင်နေသင့်တယ်။ ဒါရိုက်တာကျန်းကြောင့်သာမဟုတ်ရင် မင်းကိုရိုက်နှက်ပြီးကို နှင်ထုတ်ပစ်မှာ။’ ထိုစကားများကိုတော့ သူအသံကျယ်ကျယ် ထုတ်မပြောခဲ့ပါပေ။
ရှောင်လင်းယွီ သက်ပြင်းသာချလိုက်လေသည်။ “မန်နေဂျာ၊ ကျွန်မ သူတောင်းပန်တာကို လက်ခံပါတယ်။ သူ့ဘာသာ ကောင်းတဲ့လူဖြစ်ဖြစ် မကောင်းတဲ့လူဖြစ်ဖြစ် ကျွန်မဂရုမစိုက်ပါဘူး။ ဒါပေမယ့်…” ရှောင်လင်းယွီက ကောင်တာဆီပြန်သွားလိုက်သည်။ “မန်နေဂျာကပဲ ကျွန်မအတွက် ငွေရှင်းဖို့ လုပ်ပေးလို့ရမလား။ နောက်ကျနေပြီဆိုတော့ ကျွန်မလည်း အိမ်အမြန်ပြရဦးမယ်။”
ရှောင်လင်းယွီသည် သူစိမ်းတစ်ယောက်နှင့် ပြဿနာလုပ်မနေချင်ပေ။
မော့သဲ့လီက ကြောင်အသွားသော်လည်း အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။ “ရတာပေါ့။” သူက မျိုးစေ့များကို စစ်ကြည့်လိုက်ပြီးနောက် စတော်ဘယ်ရီစေ့များကို မြင်ချိန်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။ “မစ္စရှောင်၊ မင်းဒီစတော်ဘယ်ရီစေ့တွေ ယူချင်သေးလား။”
ရှောင်လင်းယီ ခေါင်းညိတ်လိုက်သည်။ “ယူမှာပါ။”
မော့သဲ့လီက သတိပေးလာခဲ့သည်။ “မစ္စရှောင်၊ မင်းမသိလောက်ပေမယ့် ဒီရှင်းယင်ခရိုင်ရဲ့ မြေအနေအထားက စတော်ဘယ်ရီစိုက်ဖို့ မသင့်တော်ဘူး။ အရင်ကလည်း စမ်းစိုက်ကြတဲ့လူတွေရှိဖူးတယ်။ စတော်ဘယ်ရီတွေက အရမ်းသေးနေတာ မဟုတ်ရင်လည်း အရသာမကောင်းတတ်ကြဘူး။” သူက ရှောင်လင်းယွီကို သူမအချိန်တွေဖြုန်းမနေဖို့ ပြောလိုခြင်းဖြစ်သည်။
ရှောင်လင်းယွီက ပြုံးလိုက်သည်။ “ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်မ စမ်းကြည့်ချင်သေးတယ်။” သူမစိတ်ထဲတွင်တော့၊ ‘ဘာပဲဖြစ်ဖြစ် ငါ့မှာ စိုက်ပျိုးရေးနေရာလွတ်ကြီးတစ်ခုလုံး ရှိနေတာပဲကို။’
ရှောင်လင်းယွီက သူအကြံပေးတာကို နားမထောင်သည့်အတွက် မော့သဲ့လီလည်း ပုခုံးသာတွန့်လိုက်တော့သည်။
သူက၊ “ဒီလိုဆိုရင်ရော ကျွန်တော် ဒီစတော်ဘယ်ရီစေ့တွေကို အလကားပေးလိုက်ပါ့မယ်။ ကျန်တဲ့မျိုးစေ့တွေကိုလည်း မူရင်းဈေးနဲ့ပဲ ထားပေးလိုက်မယ်။ အားလုံးပေါင်း ယွမ်၅၀ ကျပါတယ်။”
မော့သဲ့လီသည် မျိုးစေ့အရောင်းဌာန၏မန်နေဂျာဖြစ်သော်လည်း အရောင်းဌာနသည် စိုက်ပျိုးရေးဌာနမှ ပိုင်ခြင်းဖြစ်သည်။ ရောင်းချသမျှကို မှတ်တမ်းမှတ်ထားရမည်ဖြစ်သည်။ သို့သော်လည်း ဒါရိုက်တာကျန်းကို မျက်နှာသာပေးသည့်အနေဖြင့် မော့သဲ့လီသည် ယွမ်ရာဂဏန်းလောက်ကိုတော့ သူ့အိတ်ကပ်ထဲမှ စိုက်ထုတ်ရန် လိုလားပေသည်။
အလွန်နိမ့်သည့်ဈေးနှုန်းကြောင့် ရှောင်လင်းယွီ အံ့အားသင့်သွားခဲ့သည်။ သူမဘေးရှိ ကျန်းထောင်ကိုကြည့်လိုက်ပြီးနောက် ဘာကြောင့်မှန်း နားလည်သွားခဲ့သည်။ မော့သဲ့လီသည် သူမကနေတဆင့် ကျန်းထောင်ကို မျက်နှာလုပ်လိုခြင်းဖြစ်သည်။ သို့သော်လည်း ရှောင်လင်းယွီသည် ကျန်းထောင်နှင့် ဘာမှ မပတ်သတ်ပေ။ သူတို့က အသိအကျွမ်းမျှသာဖြစ်သည်။ ဒါကြောင့် သူ့အပေါ်ကို အခွင့်ကောင်းမယူနိုင်ပေ။ ထို့အပြင် သူမကြောင့်လည်း ကျန်းထောင်ကို မော့သဲ့လီအပေါ် ကျေးဇူးကြွေးအတင်မခံစေချင်ပေ။
ဒါကြောင့် ရှောင်လင်းယွီက အလေးအနက်ထားကာ ပြောလိုကသ်ည်။ “မန်နေဂျာကြီး၊ ဒါက အရမ်းဈေးနိမ့်လွန်းသွားပြီ။ အစောက မိန်းကလေး ကျွန်မကိုပြောခဲ့တာတော့ ဒီမျိုးစေ့တွေအားလုံး ယွမ်၁၂၀၀ဝန်းကျင်လောက်ကျတယ်။ မန်နေဂျာကြီး ကျေးဇူးပြုပြီး ကျွန်မကို ပုံမှန်ဈေးနဲ့ပဲ တွက်ပေးပါ။ ကျွန်မကို လျှော့ပေးဖို့မလိုပါဘူး။”
ရှောင်လင်းယွီက ကျန်းထောင်ဘက်လှည့်ကာ အကြည့်တစ်ချက်ပေးလိုက်သည်။
***