← Chapters

နွားပေါက်လေးက ငိုနေတာလား။

Vol. 4 Ch. 69

နွားပေါက်လေးက ငိုနေတာလား။

Vol. 4 Ch. 69

ကျန်းထောင်သည် ချက်ချင်းပင် ရှောင်လင်းယွီ အရိပ်အမြွက်ပြသည်ကို ရိပ်မိလိုက်တာကြောင့် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ “ဌာနမန်နေဂျာမော့၊ ပစ္စည်းတွေကို အထက်ကချပေးထားတဲ့ ဈေးနှုန်းအတိုင်းပဲ ရောင်းမှဖြစ်မယ်လေ။ ဘာပဲဖြစ်ဖြစ် ဒီမျိုးစေ့အရောင်းဌာနဆိုတာ အစိုးရရဲ့ပိုင်ဆိုင်မှုပဲမဟုတ်လား။” ဒါက ပြည်သူပိုင်ပစ္စည်းကို ကိုယ့်ရဲ့လာဘ်ထိုးပစ္စည်းလိုမျိုး သဘောမထားဖို့ရန် မော့သဲ့လီကို သတိပေးလိုက်ခြင်းဖြစ်သည်။

မော့သဲ့လီမှာ စိတ်အနှောက်အယှက်ဖြစ်သွားလေသည်။ သူက စိတ်ထဲကနေပြီး ရှောင်လင်းယွီကို ကျိန်ဆဲလိုက်သည်။ “အရူးမ၊ ငါက မင်းအပေါ် ကောင်းပေးနေတာကို ကျေးဇူးတင်ပြီး လက်ခံလိုက်ပေးရကောင်းမှန်းတောင် မသိဘူး။”

ရှောင်လင်းယွီက သူ့လမ်းတွင် ကန့်လန့်ကန့်လန့်ဖြစ်နေခဲ့တာကြောင့် သူမကို မကျေမနပ်ဖြစ်နေခဲ့သည်။ ဤသည်မှာ ကျန်းထောင် သူ့ကို မျက်နှာသာပေးလာရန် မော့သဲ့လီအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါသော်လည်း ရှောင်လင်းယွီက ကြားထဲကနေ ဝင်ဖြတ်လိုက်ပြန်သည်။ သို့သော်လည်း ရှောင်လင်းယွီနှင့် ကျန်းထောင်ကြားက ဆက်ဆံရေးအကြောင်း သူလည်း ရှင်းရှင်းလင်းလင်း မသိတာကြောင့် မော့သဲ့လီသည် သူ၏စိတ်မချမ်းသာမှုကို ထုတ်မပြောခဲ့ပေ။

ကျန်းထောင်၏စကားကိုကြားပြီးနောက် သူ့အမူအရာက အေးခဲသွားသော်လည်း အလျင်အမြန်ပင် မျက်နှာထားကိုပြင်ကာ ပြုံးလိုက်သည်။ “ဒါရိုက်တာကျန်းကတော့ ကျွန်တော့်ကို ခြောက်လှန့်နေပြန်ပါပြီ။ ကျွန်တော်က ကိုယ့်အလုပ်ကိုယ် လုပ်နေရုံပါ။” ထို့နောက် မော့သဲ့လီက ရှောင်လင်းယွီကို ကြည့်လိုက်ကာ၊ “မစ္စရှောင်၊ စတော်ဘယ်ရီစေ့တွေက ဈေးကြတယ်ဆိုပေမယ့် သူတို့ကို မရောင်းရတာ အတော်ကြာနေပြီ။ ဒီလကုန်ဆို ဒီအစေ့တွေကို ဌာနချုပ်ဆီ ပြန်ပို့ရတော့မှာ။ နောက်ဆို ဘယ်စတော်ဘယ်ရီစေ့ကိုမှ တင်ထားမှာမဟုတ်တော့ဘူး။ ဒါကြောင့် မင်းသာ တစ်နည်းနည်းနဲ့ ဒီစတော်ဘယ်ရီစေ့တွေကို စိုက်ပျိုးနိုင်မယ်ဆိုရင် ဒါကလည်း ရှင်းယင်ခရိုင်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ချဲ့ထွက်ပေးရာမှာ ကူညီလိုက်နိုင်တာပဲလေ။”

ရှောင်လင်းယွီက ဘာမှမပြန်မပြောလာတာကြောင့် မော့သဲ့လီ နေရခက်သွားလေသည်။ သူက ချောင်းနှစ်ခါ ဟန့်လိုက်ပြီးနောက် ဆက်ပြောခဲ့သည်။ “ဒီလိုဆိုရင်ရော မစ္စရှောင်။ ဒီစတော်ဘယ်ရီစေ့တွေက သူ့ရဲ့မူရင်းဈေးအတိုင်းပဲရောင်းပေးလိုက်မယ်လေ။ အားလုံး ယွမ်၃၀၀ ပါ။”

၁၂၀၀နှင့် ၃၀၀၏ ကွာခြားချက်မှာ အလွန်ကိုမှ ကြီးလှသည်။ သို့သော်လည်း ရှောင်လင်းယွီ နဂိုခန့်မှန်းထားသည့်အတိုင်းဆိုလျှင် အစောက မိန်းကလေးသည် တမင်ကို ဈေးပင်တင်ကာ အပိုငွေများကို သူမအိတ်ထဲသို့ထည့်လိုခြင်းဖြစ်လောက်သည်။

ထိုသို့သော လုပ်ရပ်မျိုး အရင်ကလည်း ခမ်းရှောင်ရွှယ် အကြိမ်ပေါင်းမနည်း လုပ်ခဲ့ပြီးလောက်ပေပြီ။ ရှောင်လင်းယွီသည် အခြားနစ်နာသူများကိုယ်စား ဒေါသထွက်သွားခဲ့သည်။ ဒီမိန်းကလေးက ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်နေခဲ့ခြင်းပင်။

ရှောင်လင်းယွီက ပြုံးလိုက်သည်။ “ဌာနမန်နေဂျာမော့၊ ရှင်က အရမ်းရက်ရောတာပဲ။ အစောက မစ္စခမ်းဆို ကျွန်မကို စတော်ဘယ်ရီစေ့တွေက ယွမ်၁၀၀၀ဆိုပြီး ရောင်းနေတာ။”

“ယွမ်၁၀၀၀” မော့သဲ့လီ မှင်သက်သွားခဲ့သည်။ သူ့စိတ်ထဲကနေပြီး ခမ်းရှောင်ရွှယ်ကို ကြိမ်းမောင်းနေခဲ့လေသည်။ ဒီကောင်မလေး တော်တော်တုံးတာပဲ။ ရိုးအတဲ့လယ်သမားတွေဆီက ငွေလိမ်ချင်တယ်ဆိုလည်း ဈေးကို ဒီလောက်အကွာကြီးတော့ မထားသင့်ဘူး။

ရှောင်လင်းယွီ၏အပြုံးတစ်ဝက်နှင့်မျက်နှာထားက မော့သဲ့လီကို အေးခဲသွားစေကာ အမြန်ပင် လှည့်ထွက်သွားတော့သည်။ သူထပ်ပြီး ရှင်းပြနေလေ သူ့ကိုယ်သူသာ ပိုပြီး ဖော်ထုတ်မိလေဖြစ်မည်မှန်း သိနေတာကြောင့် ငွေရှင်းဖို့ကိစ္စကိုသာ အမြန်ဆုံးလုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။ “မစ္စရှောင်၊ စုစုပေါင်း ယွမ်၃၀၀ကျပါတယ်။ ဝယ်ယူမှုအတွက် ကျေးဇူးတင်ပါတယ်။”

ဤတစ်ခေါက်မှာတော့ ရှောင်လင်းယွီ ဘာမှမပြောတော့ဘဲ မော့သဲ့လီကို ငွေပေးလိုက်သည်။ အရောင်းအဝယ်မှာ ပွင့်လင်းမျှတကာ ဘယ်သူကမှ မျက်နှာလုပ်၍မရသလို ဘယ်သူကမှလည်း အကြွေးမတင်တော့ပေ။

မော့သဲ့လီက မျိုးစေ့များကိုထုပ်ပိုးလိုက်သည်။ ရှောင်လင်းယွီက ၎င်းတို့ကို ယူလိုက်ပြီးနောက် ကျန်းထောင်ကို ပြောလိုက်လေသည်။ “ဒါဆို ဒါရိုက်တာကျန်း၊ ကျွန်မ ရှင့်အချိန်တွေကို မယူတော့ပါဘူး။ အရင်သွားလိုက်ပါဦးမယ်။”

အကြောင်းအရင်းတချို့ကြောင့် ကျန်းထောင်သည် မေးလာခဲ့သည်။ “လင်းယွီ၊ ဒါပြီးရင်း မင်းဘယ်သွားမှာလဲ။ ကျွန်တော် လိုက်ပို့ပေးရင်ရော။” ကျန်းထောင်က လမ်းတစ်ဖက်ခြမ်းမှ အနက်ရောင်ကားတစ်စီးကို ညွှန်ပြလိုက်သည်။

မော့သဲ့လီ ကြောင်အသွားလေသည်။ သူက ရှောင်လင်းယွီကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ ဤမိန်းကလေးသည် သန့်သန့်ရှင်းရှင်းနှင့် ဖြူဖြူဝင်းဝင်းလေးဖြစ်သော်လည်း မလှပေ။ ခမ်းရှောင်ရွှယ်၏တဝက်လောက်ပင် မလှပပေ။ သူမ၏မျက်နှာတစ်ဝက်လောက်ကို မျက်မှန်အကြီးကြီးတစ်လက်က ဖုံးကွယ်ထားကာ အဝတ်အစားများမှာလည်း အလွန်သာမာန်ဆန်လှသည်။

သို့သော်လည်း ဒီလိုသာမာန်ဆန်လွန်းသည့်မိန်းကလေးကပဲ ရှင်းရင်ခရိုင်၏ ငယ်ရွယ်ကာကျော်ကြားလှသည့်ရဲမှူးတစ်ယောက်ကို ဆွဲဆောင်ထားနိုင်သည့်ပုံပင်။

မော့သဲ့လီကို ပို၍ အံ့အားသင့်သွားစေသည့်အချက်ကတော့ ဒါရိုက်တာကျန်းကို ထိုမိန်းကလေးက ငြင်းလိုက်ခြင်းဖြစ်သည်။ ဒါ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မော့သဲ့လီ မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ရှောင်လင်းယွီက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ ဒါရိုက်တာကျန်း။ ဒါပေမယ့် မလိုတော့ပါဘူး။ ကျွန်မ အိမ်ကို ဘက်စ်ကားစီးပြီးပဲ ပြန်လိုက်ပါ့မယ်။”

ကျန်းထောင်သာ ရှောင်လင်းယွီကို အိမ်ပြန်လိုက်ပို့ခဲ့လျှင် ထောင်ယွမ်ရွာမှာ ဘယ်လိုပြဿနာလှိုင်းတွေ ထပ်ပေါ်လာမလဲဆိုတာ ဘယ်သူများသိနိုင်မှာလဲ။

ရှောင်လင်းယွီက ချက်ချင်းပင် ငြင်းလိုက်တာကြောင့် ကျန်းထောင် အံ့ဩသွားလေသည်။ သို့သော်လည်း သူက လူကြီးလူကောင်းတစ်ယောက်ဖြစ်တာကြောင့် အတင်းအကျပ်တွန်းအားမပေးဘဲ ခေါင်းသာ ညိတ်လိုက်သည်။ “ဒါဆိုလည်း ကောင်းပါပြီ။ လမ်းခရီးဂရုစိုက်ပါ။”

“ကျေးဇူးတင်ပါတယ်။ ဒါရိုက်တာကျန်း။” ထို့နောက် ရှောင်လင်းယွီ ထွက်သွားခဲ့သည်။

ရှောင်လင်းယွီ ထွက်သွားသည်ကိုကြည့်ပြီး ကျန်းထောင် ဘာမှမပြောခဲ့သော်လည်း သူ့မျက်လုံးများကိုတော့ မှေးကျဉ်းထားခဲ့သည်။

မော့သဲ့လီက သူ့အနားသို့လျှောက်လာကာ မေးလိုက်သည်။ “ဒါရိုက်တာကျန်း၊ ကျွန်တော်တို့ လက်ဖက်ရည်သောက်ကြတော့မလား။”

ကျန်းထောင်၏အမူအရာမှာ မဲမှောင်သွားလေသည်။ “မလိုတော့ဘူး။ ကျွန်တော် ဌာနကို ပြန်ရဦးမယ်။” ရှေ့သို့ နှစ်လှမ်းမျှလှမ်းလိုက်ပြီးနောက် ကျန်းထောင်က ပြန်လှည့်လာကာ၊ “အို.. ဒါနဲ့၊ ကျွန်တော် ခင်ဗျားခယ်မရဲ့ အလုပ်မှတ်တမ်းနဲ့ တိုက်တန်းချက်တွေကို ကြည့်လိုက်ပါမယ်။” တစ်နည်းပြောရလျှင်တော့ မော့သဲ့လီကိုပါ စစ်ဆေးသွားမည်ဟု ပြောလိုက်ခြင်းပင်။

မော့သဲ့လီ ထိတ်လန့်ကာ နောက်သို့ယိမ်းယိုင်သွားတော့သည်။ သူ့စိတ်ထဲမှာ အော်ဟစ်ကာ မဲမှောင်သွားတော့သည်။ သူ ရှင်းပြဖို့ရန်ကြိုးစားလိုက်သော်လည်း ကျန်းထောင်က ထွက်သွားခဲ့ပေပြီ။

မော့သဲ့လီ အလွန်ဒေါသထွက်သွားပြီး အံကြိတ်ကာ “ခမ်းရှောင်ရွှယ်” ဟုပြောလိုက်ပြီးနောက် သူ့ခယ်မကို ရှာရန် ထွက်သွားတော့သည်။

နောက်တစ်နေ့မှာတော့ မော့သဲ့လီသည် ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုများပါသည့် အစီရင်ခံစာတစ်စောင် ထွက်လာခဲ့ကာ ခမ်းရှောင်ရွှယ်သည်လည်း သူ၏ကြံရာပါအဖြစ် ဖမ်းဆီးခံခဲ့ရသည်။

သို့သော်လည်း ရှောင်လင်းယွီကတော့ ထိုအကြောင်းများကို မသိခဲ့ပေ။ အကယ်၍ သူမသိခဲ့မည်ဆိုလျှင်တောင် ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

………

ရှောင်လင်းယွီတစ်ယောက် ဘက်စ်စကားစီး၍ ရှင်းအန်းမြို့သို့ ပြန်လာခဲ့သည်။ ထိုနေရာတွင်လည်း သူမအကြာကြီးမနေခဲ့ဘဲ အိတ်များဆွဲကာ ဘက်စ်ကားဂိတ်သို့ ဦးတည်လိုက်သည်။

လမ်းဆုံတစ်ခုကို သူမဖြတ်သွားချိန်မှာတော့ လူတစ်စုက စုစုရုံးရုံးဖြင့် တစ်ခုခုကို လိုက်ဖမ်းဖို့ ကြိုးစားနေကြကြောင်း တွေ့လိုက်ရသည်။

ရှောင်လင်းယွီလည်း မနှောက်ယှက်လိုတာကြောင့် သူမလမ်းကိုသာ သူမဆက်လျှောက်လာခဲ့သည်။

ရုတ်တရက် နွားတစ်ကောင်၏အော်ဟစ်သံကို ကြားလိုက်ရကာ လူတစ်ယောက်၏အော်သံကိုလည်း ကြားလိုက်ရသည်။ “ဖမ်းထား၊ သူ့ကို ထွက်မပြေးစေနဲ့။”

သတိပေးခြင်းပင်မရှိဘဲ လူအုပ်ကြီးသည် ရှောင်လင်းယွီဘက်တည့်တည့်သို့ ပြေးလာကြကာ ရှောင်လင်းယွီနားရောက်သွားသည်နှင့် မှင်သက်သွားခဲ့ကြသည်။

နွားပေါက်လေးသည် ထွက်ပြေးပြီးနောက် ကောင်မလေးတစ်ယောက်၏ရှေ့တွင် ရပ်သွားခဲ့သည်။ သူက သံရှည်ဆွဲကာ အော်နေရင်း ရှောင်လင်းယွီ၏ခြေသလုံးကို သူ့ခေါင်းဖြင့် ပွတ်သပ်နေခဲ့သည်။ လူအုပ်ကြီးသည်တော့ နွားပေါက်လေးက ကောင်မလေးကို မတော်တဆ ဒဏ်ရာရအောင် လုပ်မိလိုက်မည်အား စိုးရိမ်နေခဲ့ကြသည်။

ထို့နောက် သန်သန်မာမာလူလတ်ပိုင်းအမျိုးသားတစ်ယောက်ကထွက်လာကာ နွားပေါက်လေး၏လည်ပင်းကို ဆွဲလိုက်သည်။ “မင်း ငါတို့နဲ့ပြန်လိုက်ခဲ့။”

နွားပေါက်လေးက သူ့သွားနှင့် ခွာများကိုသုံးကာ ထိုအမျိုးသားကို တိုက်ခိုက်လေသည်။ ထို့နောက် သူက အရည်လဲ့နေသည့်မျက်လုံးကြီးများဖြင့် ရှောင်လင်းယွီကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် မျက်ရည်များရှိနေခဲ့သည်။

‘နွား..နွားပေါက်လေးက ငိုနေတာလား။’ ရှောင်လင်းယွီ အံ့ဩသွားလေသည်။ ‘ဘာလို့ငိုနေတာလဲ။ ငါ့ကို အကူအညီတောင်းနေတာလား။ ဘာတွေဖြစ်ကုန်တာလဲ။’

နွားပေါက်လေးသည် လူအုပ်ကြီး၏ဆွဲခေါ်သွားခြင်းကို ရုန်းကန်ရင်းနှင့်ပင် တဖြည်းဖြည်းပါသွားနေပြီဖြစ်တာကြောင့် ရှောင်လင်းယွီမှာ ဆက်ပြီးတွေးနေဖို့ရန် အချိန်မရှိတော့ပေ။

“ခနလေးနေပါဦး။”

***

All Chapters