ဝယ်မယ်
Vol. 4 Ch. 70
လူအုပ်ကြီးသည် ရပ်သွားပြီး ရှောင်လင်းယွီကို စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်ကြသည်။
နွားပေါက်လေးကို ဦးဆောင်ဆွဲခေါ်နေသည့် ဝမ်သာ့ရှန်းဟုခေါ်သော အမျိုးသားက မေးလာခဲ့သည်။ “ကောင်မလေး၊ ဘာဖြစ်လို့လဲ။”
ရှောင်လင်းယွီက ပြုံးကာ မေးလိုက်သည်။ “အခု ဦးလေးတို့ဘာတွေလုပ်နေကြတာလဲ ကျွန်မ သိချင်လို့ပါ။” နွားပေါက်လေးသည် ငိုနေရင်း ရှောင်လင်းယွီကို အကူအညီတောင်းနေခဲ့သည်။ နွားပေါက်လေးက ဘယ်လိုလုပ်ပြီးများ အကူအညီတောင်းနိုင်ပါ့မလဲဆိုပြီး နားမလည်နိုင်ဖြစ်နေခဲ့လျှင်တောင်မှ ရှောင်လင်းယွီ လျစ်လျူမရှုနိုင်ပေ။
ဝမ်သာ့ရှန်းသည် စိတ်ထားကောင်းသည့်လူတစ်ယောက်ဖြစ်ပုံပင်။ သူက ပြန်ဖြေလာခဲ့သည်။ “ဦးလေးအိမ်မှာ နွားတစ်ကောင်ရှိတယ်လေ။ ဒီနွားပေါက်လေးရဲ့ အမေပေါ့။ ဒီနေ့ ဦးလေးက သူ့ကို နွားသတ်ရုံသွားပို့မလို့လေ။ ဒီနွားပေါက်လေးက မနက်ကတည်းက သောင်းကျန်းနေတော့တာပဲ။ သူက တိုင်ကိုကန်ပြီး ထွက်ပြေးသွားတာ။ ဦးလေးလဲ တခြားလူတွေ ထိခိုက်ကုန်မှာစိုးလို့ ရွာသွားတွေကိုပါ ဦးလေးကို ကူညီပြီး ထွက်ဖမ်းခိုင်းနေတာ။”
ရှောင်လင်းယွီ အံ့ဩသွားတော့သည်။ ဒီနွားပေါက်လေး ငိုနေတာ အံ့ဩစရာမရှိတော့ပါဘူး။ သူ့အမေက နွားသတ်ရုံကို အပို့ခံရတော့မှာကြောင့်ကို။
ရှောင်လင်းယွီက ယဉ်ယဉ်ကျေးကျေးမေးလိုက်သည်။ “ဦးလေး၊ ဘာလို့ နွားကို နွားသတ်ရုံပို့တာလဲ သိလို့ရမလား။” ပုံမှန်ဆိုလျှင် နွားတစ်ကောင်သည် မိသားစုအတွက် နွားနို့ရော လုပ်အားပါထောက်ပံ့နိုင်တာကြောင့် နွားသတ်ရုံကို ပို့လေ့မရှိကြပေ။ “အခုဆို လယ်ထွန်ရာသီနား နီးနေပြီလေ။”
ဝမ်သာ့ရှန်းက သက်ပြင်းအသာချလိုက်ကာ သူ့အမူအရာမှာ တစ်ခုခုကြောင့် ကူကယ်ရာမဲ့နေပုံပေါ်သည်။ ထို့နောက် သူက ရှင်းပြလာခဲ့သည်။ “နွားက သေခါနီးနေပြီလေ။ သူက စားလည်းမစား သောက်လည်း မသောက်တော့ဘူး။ တိရိစ္ဆာန်ဆရာဝန်တွေတောင်မှ ဘာမှမလုပ်နိုင်တော့ဘူး။ ဒါကြောင့် သူ့ကို နွားသတ်ရုံကိုရောင်းလိုက်ဖို့ကလွဲပြီး ဦးလေးတို့မှာလည်း ရွေးစရာမရှိတော့ဘူးလေ…” နွားက သေသွားခဲ့လျှင် သူ့အသားတွေက မလတ်ဆတ်တော့တာကြောင့် ဈေးပိုလျော့သွားနိုင်သည်။ ဝမ်သာ့ရှန်းမှာ သားသတ်ရုံသို့ မပို့ချင်ပါသော်လည်း ထိုမှတပါးရွေးချယ်စရာမရှိခဲ့ပေ။ သူ့မိသားစုကို ထောက်ပံ့မပေးနိုင်တော့သည့် နွားတစ်ကောင်ကို သူ မခေါ်ထားနိုင်ပေ။ ဤသည်မှာ ကျေးလက်ဒေသမှလယ်သမားတစ်ဦး၏ ဒုက္ခဖြစ်ပေသည်။
ဝမ်သာ့ရှန်း ထိုသေခါနီးနွားအကြောင်းပြောချိန်တွင် သူ့မျက်လုံးများထဲ၌ ဝမ်းနည်းစိတ်မကောင်းသည့် အရိပ်အယောင်များပြည့်နှက်နေသည်ကို ရှောင်လင်းယွီ သတိထားမိခဲ့သည်။ ဒီလူကြီးက ထိုနွားကို တကယ်ဂရုစိုက်တာပဲ။
ဒါကြောင့် ရှောင်လင်းယွီ မမေးကြည့်ဘဲ မနေနိုင်တော့ပေ။ “ဦးလေး၊ အဲ့ဒီနွားကို ဘယ်လောက်နဲ့ရောင်းမှာလဲ။”
ဝမ်သာ့ရှန်းက ဘာကြောင့်မေးမှန်း နားမလည်နိုင်ဖြစ်သွားသော်လည်း ရိုးရိုးသားသား ပြန်ဖြေခဲ့ပေသည်။ “ယွမ် ၁၂၀၀” နွားတစ်ကောင်သည် အကောင်းဆုံးအနေအထားဖြင့်ရှိနေချိန်ဆိုလျှင် ယွမ်၃၀၀၀အထိ ရပေသည်။
“ဒါဆို ကျွန်မက ဒီနွားအတွက် ယွမ် ၁၂၀၀ ပေးမယ်။” ရှောင်လင်းယွီက ပြောလိုက်သည်။
တခြားလူများက ရှောင်လင်းယွီကို ရူးနေသလိုမျိုး ကြည့်လာကြသည်။ ဘာလို့ သေတော့မယ့် နွားတစ်ကောင်ကို ဝယ်ချင်နေတာလဲ။ သူမဘာသာ နွားသတ်ရုံကို ခေါ်သွားမယ်ဆိုရင်တောင် ယွမ်၁၂၀၀ထက် ပိုရနိုင်မှာမှမဟုတ်တာ။
ဝမ်သာ့ရှန်းသည်လည်း အံ့ဩသွားခဲ့သည်။ “ကောင်မလေး၊ မင်း ဘာလို့ ငါ့နွားကိုဝယ်ချင်တာလဲ မေးလို့ရမလား။ သူ့ကို သတ်မလို့လား၊ ဒါမှမဟုတ် ဆက်ပြီး မွေးမလို့လား။”
“ကျွန်မ သူ့ကို မသတ်ပါဘူး။” ရှောင်လင်းယွီက အာမခံလိုက်သည်။
“ဒါပေမယ့် ဦးလေး၊ ကျွန်မ တောင်းဆိုမယ့် နောက်တစ်ချက်ကိုပါ သဘောတူပေးဖို့ မျှော်လင့်ပါတယ်။”
“ဘာများလဲ။” ဝမ်သာ့ရှန်းက မေးလိုက်သည်။
“ကျွန်မကို ဒီနွားပေါက်လေးပါ ရောင်းပေးလို့ရမလား။ ဈေးသာပြောလိုက်ပါ။” ရှောင်လင်းယွီက နွားပေါက်လေးကိုပါ ညွှန်ပြကာ ပြောလိုက်သည်။
“ရတာပေါ့။” ဝမ်သာ့ရှန်း အလွန်ပျော်ရွှင်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူသည် ထိုနွားမကို ၁၀နှစ်ကျော်ကြာအောင် မွေးမြူခဲ့ခြင်းဖြစ်တာကြောင့် သံယောဇဉ်တွယ်မိပေသည်။ ထိုနွားမ အသတ်မခံရတော့တာကြောင့် သူပျော်ရွှင်မိသည်။
“ဒါပေမယ့် နွားက သေတော့မှာနော်။ ကောင်မလေး၊ ဒါက မင်းအတွက် အရှုံးပေါ်လိမ့်မယ်။” ဝမ်သာ့ရှန်းက သတိပေးလိုက်သည်။ သူက အလွန်ကောင်းသည့်လူပင်။ မိန်းမငယ်လေးတစ်ယောက်ကို လှည့်စားလိုစိတ်မရှိပေ။
“ဦးလေး စိတ်မပူပါနဲ့။ ကျွန်မမှာ နွားအိုတစ်ကောင်ကို ဆက်ပြီးမွေးဖို့ နည်းလမ်းရှိပါတယ်။”
ဦးလေးဝမ်၏မျက်လုံးများ တောက်ပသွားကာ ခေါင်းညိတ်လိုက်လေသည်။ “ကောင်မလေး၊ မင်းတကယ်ပြောတာလား။ ဒါဆိုလည်း ကောင်းပြီ။ မင်းကို ၁၅၀၀ မတောင်းတော့ဘူး။ နွားမအတွက် ၁၀၀၀နဲ့ နွားပေါက်လေးအတွက် ၅၀၀ပဲပေး။” နွားပေါက်တစ်ကောင်၏ပေါက်ဈေးမှာ ယွမ် ၇၀၀ ခန့်ရှိပေသည်။ “နှစ်ကောင်လုံးမှ ၁၅၀၀ပဲ။”
ထိုအချိန်မှာပဲ လူငယ်တစ်ယောက်က လှမ်းအော်လာခဲ့သည်။ “အဖေ၊ နွားအိုကြီးကို နွားသတ်ရုံ ပို့လိုက်ပြီနော်။” ထိုလူငယ်လေးမှာ ဝမ်ယွင်ဖူဖြစ်သည်။
ဝမ်သာ့ရှန်း ထိတ်လန့်သွားကာ ချက်ချင်းပင် ဝမ်ယွင်ဖူအား ပြောလိုက်သည်။ “အခုချက်ချင်း နွားသတ်ရုံကိုသွားပြီး။ နွားကို မသတ်စေနဲ့။”
ဝမ်ယွင်ဖူက ချက်ချင်းပင် နွားသတ်ရုံဆီသို့ ပြေးသွားတော့သည်။ ကံကောင်းစွာဖြင့် နွားသတ်ရုံမှာ ထိုနေရာနှင့်မဝေးပေ။ ၁၀မိနစ်လောက်ဖြင့် အရောက်သွားနိုင်ပေသည်။
ဝမ်သာ့ရှန်းက ရှောင်လင်းယွီကို ပြောလိုက်သည်။ “ဦးလေးတောင်းပန်ပါတယ်။ ဦးလေး မိသားစုက ဒီလောက်လက်မြန်နေမယ်လို့ မထင်ထားဘူး။ ဒီမှာ ခဏလေးစောင့်ပေးနော်။”
ရှောင်လင်းယွီက ခေါင်းအသာယမ်းကာ ပြုံးလိုက်သည်။
“ရပါတယ်၊ ဦးလေးရဲ့။”
သူ့တို့စောင့်နေစဉ်အတွင်း ရှောင်လင်းယွီသည် ဝမ်သာ့ရှန်းနှင့် စကားပြောဖြစ်ကာ ဦးလေးဝမ်၏မိသားစုအကြောင်း သိလာခဲ့သည်။
ဝမ်သာ့ရှန်းသည် ဝမ်မျိုးနွယ်ကျေးရွာမှဖြစ်သည်။ သူတို့သည် ထောင်ယွမ်ရွာမှ ရွာသားများထက် ချမ်းသာကြသည်။ ဆင်းရဲသည့်မိသားစုအနည်းငယ်မှလွဲ၍ မိသားစုတိုင်း နွားရှိကြသည်။ ဒါကြောင့်ပဲ ဝမ်မျိုးနွယ်ကျေးရွာကို နွားမွေးမြူရေးရွာဟုလည်း ခေါ်ကြသေးသည်။
ရှောင်လင်းယွီနှင့် ဝမ်သာ့ရှန်းတို့ စကားပြောနေစဉ်မှာပဲ ဝမ်ယွင်ဖူက နွားအိုတစ်ကောင်ကိုဆွဲကာ ပြန်ရောက်လာခဲ့သည်။ သူတို့နောက်တွင်တော့ နွားသတ်ရုံမှဖြစ်ဟန်တူသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ပါလာခဲ့သည်။
ဝမ်သာ့ရှန်း ကိုင်ထိန်းထားသည့် နွားပေါက်လေးသည် ချက်ချင်းပင် မငြိမ်မသက်ဖြစ်လာကာ ရုန်းကန်ပြီး သူ့အမေဆီသွားဖို့ရန် ကြိုးစားနေခဲ့သည်။
ဝမ်သာ့ရှန်းလည်း လွှတ်ပေးခဲ့လေသည်။
၎င်းက အဝါရောင်နွားအိုကြီးဘေးသို့ ပြေးသွားကာ နွားအိုကြီး၏ခြေထောက်ကို ပွတ်သပ်နေတော့သည်။ နွားအိုကြီးသည်လည်း နွားပေါက်လေး၏ခေါင်းကို နှစ်သိမ့်ပေးသလိုမျိုး ပြန်လည်ပွတ်သပ်ပေးနေခဲ့သည်။ ထို့နောက် သူက နွားပေါက်လေး၏မျက်နှာမှ မျက်ရည်စများကို လျှာဖြင့် ယက်ကာ သန့်ရှင်းပေးလိုက်သည်။
ဝမ်ယွင်ဖူသည်တော့ သူ့နဖူးထက်မှ ချွေးများကို သုတ်လိုက်သည်။ “အဖေ၊ ကံကောင်းလို့ ကျွန်တော် အပြေးမြန်တာ၊ မဟုတ်ရင် ဒီနွား အသတ်ခံနေရလောက်ပြီ။” ဝမ်ယွင်ဖူ နွားသတ်ရုံသို့ရောက်သွားချိန်တွင် နွားအိုကြီးကို နွားသတ်ရုံမှလူများက စက်ပေါ်သို့တင်နေကြပြီဖြစ်ကာ ဓာတ်လိုက်ပြီးသတ်ဖို့ သင့်ဖြစ်နေကြပေပြီ။
ဝမ်သာ့ရှန်းသည် သူ့သားစကားကိုကြားပြီး တုန်လှုပ်သွားခဲ့သည်။ “မင်းအချိန်မီရောက်သွားလို့ တော်သေးတာပေါ့” ဝမ်ယွင်ဖူက သူ့နောက်မှလူကို လှည့်ကြည့်လိုက်သည်။ “အဖေ၊ သားတို့ ဦးလေးလျိုကို ငွေပြန်ပေးရဦးမယ်။”
ဝမ်သာ့ရှန်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တာပေါ့။”
ဝမ်သာ့ရှန်းသည် သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ယွမ်၁၂၀၀ကိုထုတ်ကာ ထိုအမျိုးသားကို ပေးလိုက်သည်။ “သာ့ထို၊ မင်းကို အလုပ်ရှုပ်စေမိပြီ။”
လျိုသာ့ထိုသည် နွားကိုသတ်ရခြင်းကြောင့် ငွေအနည်းငယ်ဆုံးရှုံးရသော်လည်း တစ်ဖက်က မရောင်းချင်တော့ဘူးဆိုမှတော့ သူလည်း တွန်းအားမပေးတော့ပေ။ သို့သော်လည်း သူက ခေါင်းအသာယမ်းကာ မေးလိုက်သေးသည်။ “အစ်ကိုဝမ်၊ ဒီနွားက သေခါနီးနေပြီလေ။ ဘာလို့ ရုတ်တရက်ကြီး မရောင်းချင်တော့တာလဲ။”
ဝမ်သာ့ရှန်းက ရှောင်လင်းယွီကို ညွှန်ပြကာ ပြန်ဖြေလိုက်သည်။ “ဒီမိန်းမငယ်လေးက နွားအိုတစ်ကောင်ရဲ့အသက် ဆွဲဆန့်နိုင်တဲ့နည်းလမ်းသိတယ်လို့ပြောတယ်၊ ဒါကြောင့် နွားကို သူ့ဆီ ရောင်းလိုက်တာ။”
လျိုသာ့ထိုသည် ရှောင်လင်းယွီကို ကြည့်လိုက်ကာ မျက်လုံးများမှေးကျဉ်းသွားပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ “အို၊ နွားတစ်ကောင်ရဲ့အသက်ကို ရှည်စေနိုင်တဲ့နည်းလမ်းတဲ့လား။ ငါ နွားသတ်တဲ့လုပ်ငန်းလုပ်လတာ အနှစ်၂၀ကျော်ပြီ၊ ဒီလိုနည်းလမ်းမျိုးရှိတယ်လို့ တခါမှ မကြားဖူးပါဘူး။ မိန်းကလေး၊ မင်းက ဘယ်ရွာကလဲ။”
ရှောင်လင်းယွီက ပြန်ဖြေလိုက်သည်။ “ကျွန်မက ထောင်ယွမ်ရွာကပါ။”
“သူက ရှောင်မျိုးရိုးလေ။” ဝမ်သာ့ရှန်းက ရှင်းပြလိုက်သည်။ “ထောင်ယွမ်ရွာဆိုတာ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းက ငါတို့မြို့နယ်ရဲ့ ထိပ်တန်းကျောင်းသား ထွက်ခဲ့တဲ့ရွာပဲ။”
ရှောင်လင်းယွီသည် ဘာမှမပြောဘဲ ပြုံးသာပြုံးနေခဲ့သည်။ ထိုထိပ်တန်းကျောင်းသားမှာ သူမဖြစ်ကြောင်းကို မထုတ်ဖော်ခဲ့ပေ။ သူမက ယွမ် ၁၅၀၀ကိုသာ ထုတ်ကာ ဝမ်သာ့ရှန်းအားပေးလိုက်သည်။ “ဦးလေးဝမ်၊ ဒီမှာ ၁၅၀၀ပါ ရေကြည့်လိုက်ပါဦး။”
ဝမ်သာ့ရှန်းသည် ငွေကို ယူကာ ရေတွက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကွက်တိပဲ။” သူက အဝါရောင်နွားမကြီးနှင့် နွားပေါက်ကလေးကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ “အခု သူတို့နှစ်ယောက်က မင်းအပိုင်ဖြစ်သွားပြီ။”
သို့သော်လည်း နောက်ထပ်ပြဿနာတစ်ခု ရှိလာပြန်သည်။
ဝမ်ယွင်ဖူက ဘေးကိုပတ်ကြည့်ရင်း မေးလိုက်သည်။ “ထောင်ယွမ်ရွာက ဒီကနေဆို နည်းနည်းဝေးသေးတယ်လေ။ မင်း ဒီနွားနှစ်ကောင်ကို ဘယ်လို ပြန်ခေါ်သွားမှာလဲ။”
ထောင်ယွမ်ရွာသည် ထိုနေရာနှင့် ၁၀မိုင်ခန့်ကွာဝေးသည်။ မိန်းကလေးငယ်တစ်ယောက်အတွက် သူမဘာသာ ထိုနွားနှစ်ကောင်ကို ပြန်ခေါ်သွားဖို့ရန်က အတန်ငယ်ခက်ခဲပေလိမ့်မည်။ အဆုံးမှာတော့ နွားသတ်ရုံက လျိုသာ့ထိုကပဲ သူ့ထရက်ကားကိုမောင်းကာ ရှောင်လင်းယွီအား ထောင်ယွမ်ရွာသို့ လိုက်ပို့ပေးခဲ့သည်။ ထိုထရက်ကားသည် သူတို့နွားသတ်ရုံက အသားများနှင့် အသက်ရှိနေသေးသောနွားများကို သယ်ပို့ရာတွင် အသုံးပြုကြခြင်းဖြစ်သည်။
“ဟမ်၊ အဲ့ဒါ လင်းယွီမဟုတ်ဘူးလား။ ဘာလို့ လျိုသာ့ထိုရဲ့ကားနဲ့လိုက်လာတာလဲ။” လမ်းတွင် လူတစ်ယောက်က သူမတို့ကိုတွေ့သွားကာ စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
“တကယ်ကို လျိုသာ့ထိုကွ၊”
“ဘာလို့ လင်းယွီက သူနဲ့အတူ ပြန်လာတာလဲ။”
“မသိဘူးလေ၊ ဒါပေမယ့် ကားပေါ်မှာ နွား၂ကောင်တော့ပါလာတယ်။ လင်းယွီဝယ်လာတာများလား။ တကယ်သာဆို တော်တော်လေးမိုက်မဲတာပဲ။”
လျိုသာ့ထိုက ရှောင်လင်းယွီ၏အိမ်ရောက်သည်အထိ ကားဖြင့်လိုက်မောင်းပို့ခဲ့ကာ ကားသွားရာလမ်းတစ်လျှောက်နောက်ကနေ ကလေးတစ်အုပ်ကပါ ကပ်လာခဲ့သည်။
ကားသံကြားလိုက်ရသည့် မေမေရှောင်နှင့် ဖေဖေရှောင်လည်း ချက်ချင်းပင် အိမ်ထဲမှ ထွက်ကြည့်ခဲ့ကြသည်။ ကားပေါ်မှ ခုန်ဆင်းလာသည့် ရှောင်လင်းယွီကို မြင်သည်နှင့် မေမေရှောင်က ချက်ချင်းပင် မေးလိုက်လေသည်။ “ကောင်မလေး၊ မြို့တက်ပြီး မျိုးစေ့သွားဝယ်တာမဟုတ်ဘူးလား။ ဘာလို့ ဒီလောက် နောက်ကျနေတာလဲ။ အမေရော သမီးအဖေရော ဘယ်လောက်တောင် စိုးရိမ်နေကြလဲ သိရဲ့လား။”
အခုဆို ည၇နာရီတောင် ထိုးခါနီးနေပြီဖြစ်သည်။
ထို့နောက် မေမေရှောင်က ကားမောင်းသူထိုင်ခုံဘက်မှဆင်းလာသည့် လျိုသာ့ထိုင်ကို တွေ့လိုက်ကာ နားမလည်နိုင်ဖြစ်သွားခဲ့သည်။ “လျိုသာ့ထိုလား။”
လျိုသာ့ထိုက မေမေရှောင်ကိုကြည့်ကာ ပြုံးပြလိုက်သည်။ “ဟုတ်တယ်၊ အစ်မကြီး။ ကျုပ်ပါ။”
***
စာစဉ် ၄ ပြီးပါပြီ။