နတ်သမီးလေး
Vol. 5 Ch. 90
ရှောင်လင်းယဲ့သည် သူ့သူငယ်ချင်းများကို တစ်ယောက်ချင်းညွှန်ပြကာ မိတ်ဆက်ပေးလာခဲ့သည်။ “အမေ၊ ဒါ သားရဲ့အခန်းဖော်တွေလေ။ နဉ်ဝေ့ယီ၊ ယန်ပေါင်လင်းနဲ့ ခမ်းလဲ့တဲ့။”
“မင်္ဂလာပါ၊ ဒေါ်လေး။” လူငယ်သုံးယောက်က ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လာခဲ့သည်။
မေမေရှောင်ကလည်း ပြုံးကာ ပြောလာသည်။ “လာ ဝင်ကြ။ ယဲ့အာ၊ သားသူငယ်ချင်းတွေကို အထဲကို ခေါ်ဦးလေ။”
“ဟုတ်ကဲ့။” ရှောင်လင်းယဲ့ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မေးလာလေသည်။ “အမေ၊ အဖေနဲ့ အစ်မရော။”
“သားအဖေက လယ်ထဲမှာ လယ်သွားထွန်နေတယ်။ အိမ်ပြန်မရောက်သေးဘူး။ သားအစ်မကတော့ ခေါင်းလျှော်နေလေရဲ့။ ယဲ့အာ၊ သားသူငယ်ချင်းတွေကို ဧည့်ခံလိုက်ဦးနော်။ အမေ စားဖို့သွားလုပ်လိုက်ဦးမယ်။”
“ဒေါ်လေး၊ ကျွန်တော်တို့က ယဲ့ရဲ့ သူငယ်ချင်းကောင်းတွေပါ။ ကျွန်တော်တို့အတွက် အများကြီးပြင်ဆင်နေဖို့ မလိုပါဘူး။” ကောင်လေးသုံးယောက်က ရှက်ရွံ့စွာ ပြောလာခဲ့သည်။
မေမေရှောင်က ရယ်မောလိုက်လေသည်။ “ဘာပဲဖြစ်ဖြစ် မင်းတို့က ဧည့်သည်တွေပဲ။ ဒီတော့ ဒေါ်လေးလည်း အကောင်းဆုံးဧည့်ဝတ်ကျေရမှာပေါ့။” ထို့နောက် သူမက ထွက်သွားတော့သည်။
မေမေရှောင်ထွက်သွားသည်နှင့် ကောင်လေးသုံးယောက်က ရှောင်လင်းယဲ့ကို မေးလာခဲ့သည်။ “ယဲ့, ငါတို့အစ်မက အိမ်မှာရှိနတာပေါ့။ ငါတို့တော့ အရမ်းတွေ့ချင်လှပြီ။”
“သူက ငါ့အစ်မ၊ မင်းတို့အစ်မမဟုတ်ပါဘူးဆို။” ရှောင်လင်းယဲ့ အော်လိုက်တော့သည်။
“မောင်လေး ပြန်ရောက်နေတာလား။” ကြားလိုက်ရသည့်အသံကြောင့် ကောင်လေးသုံးယောက်လုံး လှည့်ကြည့်လာကြသည်။ အသံပိုင်ရှင်ကို မြင်လိုက်ပြီးနောက် သူတို့သုံးယောက်လုံး မှင်သက်သွားကြတော့သည်။
ရှောင်လင်းယွီသည် အခုတင်ပဲ ခေါင်းလျှော်လာခဲ့ခြင်းဖြစ်သည်။ သူမဆံနွယ်များက လေထဲတွင် ဝဲပျံနေလေသည်။ သူမ၏ မှန်ထူမျက်မှန်ကြီးလည်း မပါတာကြောင့် သူမ၏ဖြူဖွေးသောအသားအရေနှင့် လှပသည့် မျက်နှာသွင်ပြင်က ရှင်းလင်းစွာ ပေါ်ထွက်နေလေသည်။ သူမ၏စွဲမက်ဖွယ်မျက်ဝန်းများက လူသားများ၏စိတ်ဝိညာဉ်ကို ဖမ်းစားနေသလိုပင်။ ရှောင်လင်းယွီသည် စိုက်ပျိုးရေးနေရာလွတ်ထဲတွင် ရေချိုးကတည်းက သူမ၏အသားအရေမှာ ကြွေထည်တစ်ခုနှယ် ချောမွေ့ဖြူစင်လာခဲ့သည်။
ရှောင်လင်းယွီတွင် ထင်ရှားပြည့်စုံလှသည့် မျက်နှာသွင်ပြင်မရှိသော်လည်း သူမတွင် ကြီးမားတောက်ပသည့် မျက်ဝန်းတစ်စုံရှိလေသည်။ သူမသည် ကောင်းကင်ဘုံမှ နတ်သက်ကြွေလာသည့် နတ်မိမယ်လေးတစ်ပါးလိုပင်။ သူမက ပုံမှန် ရှပ်အင်္ကျီအဖြူနှင့် ဂျင်းဘောင်းဘီအပြာကိုသာ တွဲဖက်ဝတ်ဆင်ထားသော်လည်း သူမ၏လှပမှုက မပျောက်ကွယ်သွားပေ။
နဉ်ဝေ့ယီက ရှောင်လင်းယဲ့၏ပုခုံးကို ဖက်လိုက်ကာ အံ့ဩတကြီးပြောလာခဲ့သည်။ “ယဲ့၊ ငါ အခုတော့ မင်းကိုယုံသွားပြီ။ ငါတို့အစ်မက တကယ်ကို လှတာပဲ။” အနည်းဆုံးတော့ သူမက သူမြင်ဖူးသမျှမိန်းကလေးများထဲတွင် အလှဆုံးဖြစ်ပေသည်။
အမှတ်တစ်ကျောင်း၏ အလှဆုံးမိန်းကလေးတောင်မှ အစ်မရှောင်လောက် မလှပေ။
“ယဲ့၊ ငါတို့အစ်မက တကယ်ကို ချစ်စရာကောင်းတာပဲ။” ကျန်တဲ့နှစ်ယောက်ကလည်း ချီးကျူးလာခဲ့သည်။
ရှောင်လင်းယဲ့ကတော့ သူ့အစ်မ၏ရုတ်တရက်ထွက်ပေါ်လာသည့် လှပမှုကြောင့် မှင်သက်နေခဲ့သည်။ သို့သော်လည်း သူ့အခန်းဖော်များကို မကျေနပ်စွာဖြင့် နှာခေါင်းကိုရှုံ့မဲ့ကာ ပြောမိတုန်းပင်။ “သူက ငါ့အစ်မ၊ မင်းတို့အစ်မဟုတ်ဘူး။”
နဉ်ဝေ့ယီသည် ရှောင်လင်းယဲ့၏ကလေးဆန်ပုံကို ကြည့်ပြီး မျက်လုံးသာ လှန်မိတော့သည်။ ထို့နောက် သူက၊ “ရှောင်လင်းယဲ့၊ ငါတို့က ညီအစ်ကိုတွေမဟုတ်ဘူးလား။ ဒီတော့ မင်းအစ်မလည်း ငါတို့အစ်မပဲပေါ့။”
သို့ပေမယ့် သူ့စိတ်ထဲမှာတော့ ဤသို့တွေးနေလေသည်။ ‘ငါ့မှာလည်း ဒီလိုလှတဲ့အစ်မမျိုးရှိရင် သေချာပေါက် တခြားကောင်တွေကို အကပ်ခံမှာမဟုတ်ဘူး။’
ရှောင်လင်းယဲ့ ထပ်ပြီးရန်တွေ့တော့မည့်အချိန်မှာပဲ ရှောင်လင်းယွီက သူတို့ကို ကြည့်ကာ ပြုံးလျက် မေးလာခဲ့သည်။ “မောင်လေး၊ ဒါ မင်းရဲ့သူငယ်ချင်းတွေလား။”
ရှောင်လင်းယဲ့ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ အစ်မ။ သူတို့က တော်တော်လေးအရေထူတယ်။ ကိုယ့်အိမ်ကိုယ်ပြန်ရမယ့်အစား ကျွန်တော့်ကို ကော်လိုကပ်နေပြီး ဒီကိုပါလာကြတယ်လေ။” ထို့နောက် သူကထပ်ပြောလိုက်ပြန်သည်။ “အစ်မ၊ နင့်မျက်မှန်က ဘယ်ရောက်သွားတာလဲ။”
အရေထူသည့်ကောင်လေးသုံးယောက်၊ “….” သူတို့ ရှောင်လင်းယဲ့အိမ်ကို အတင်းကပ်လိုက်လာတယ်ဆိုတာက မှန်တော့မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ညီအစ်ကိုတွေကို ဒီလိုကြီး ဖော်ပြလိုက်မှဖြစ်မှာလား။
ရှောင်လင်းယွီသည် ပုံမှန်ဆိုလျှင် သူမအလှကိုဖုံးကွယ်ရန် မှန်ထူထူမျက်မှန်ကြီးတစ်လက်ကို တပ်ထားတတ်သည်။ ပုံမှန်ဆို လူအုပ်ကြားထဲ ပစ်ချလိုက်လျှင်တောင်မှ သူမက ထူးခြားနေသူမဟုတ်ပေ။ သို့သော်လည်း သူမမျက်မှန်ကို ညွှတ်လိုက်သည်နှင့် သူမ၏အလှက ထင်ရှားပေါ်လွင်လာသည်။
မဟုတ်ပါက ချန်းယန်က ရှောင်လင်းယွီကို ဆယ်နှစ်လောက်အထိ ကြိုက်နေခဲ့မည်မဟုတ်ပေ။ သူ့စိတ်နှလုံးသားထဲတွင် ဘယ်မိန်းမကမှ ရှောင်လင်းယွီ ရုပ်မဖျက်ထားသည့်ပုံစံကို ယှဉ်လို့မရမှန်း သိနေလေသည်။
ကံမကောင်းစွာဖြင့် ချန်းယန်သည် အချစ်အစား မိုးပေါ်ကကျလာသည့် ပေါင်မုန့်ကို ရွေးချယ်ခဲ့သည်။ ပြဿနာတွေကို ပိုဆိုးသွားစေသည်က ရှောင်လင်းယွီကို စွန့်ပစ်ပြီးနောက် ဒီအတိုင်းမထားဘဲ ဖျက်ဆီးပစ်ချင်ခဲ့ခြင်းပင်။
ဒါပေမယ့် အခုချိန်မှာတော့… ကံကြမ္မာက တစ်ပတ်ပြန်လည်ကာ သူကို ဖျက်ဆီးသွားပေပြီ။
ရှောင်လင်းယွီက ပြောလိုက်လေသည်။ “ငါ့အခန်းထဲမှာ ထားခဲ့တာပေါ့။”
သူမအမြင်အာရုံက မကောင်းတာမဟုတ်၍ ရေချိုးချိန်မှာတော့ သူမမျက်မှန်တွေကို ချွတ်ထားပေသည်။
ရှောင်လင်းယဲ့သည် သူ့သူငယ်ချင်းများကို ဘေးသို့တွန်းထုတ်ကာ ပြေးသွားခဲ့သည်။ ခဏကြာပြီးနောက်မှာတော့ မှန်ထူမျက်မှန်ကြီးတစ်လက်ကိုယူကာ ပြန်ရောက်လာလေသည်။ “အစ်မ၊ ပြန်ဝတ်ထားလိုက်။ မဟုတ်ရင် ဒီကောင်တွေ မျက်လုံးကြီးကျွတ်ကျလာတော့မယ်။”
အရေထူကောင်လေးသုံးယောက်၊ “…..”
ရှောင်လင်းယွီ၊ “…..”
ရှောင်လင်းယွီလည်း မျက်မှန်ကို ပြန်တပ်ထားလိုက်တော့သည်။ သူမ မျက်မှန်တပ်လိုက်သည်နှင့် မျက်လှည့်တစ်ခုလိုပင် လှပသည့်နတ်မိမယ်လေးမှ သာမာန်မိန်းမတစ်ယောက်အဖြစ် ပြောင်းလဲဿွားတော့သည်။ ခမ်းလဲ့က တံတွေးမြိုချလိုက်ကာ၊ “အစ်မက မျက်လှည့်တတ်တာလား။” ထိုပြောင်းလဲမှာမှာ အလွန်ကို ထိတ်လန့်ဖွယ်ကောင်းလှသည်။
ရှောင်လင်းယွီက ပြုံးလိုက်မိသည်။ “ဘယ်ဟုတ်လိမ့်မလဲ။” သူမ ချန်းယန်နှင့်တွဲကတည်းက ချန်းယန်သည် သူမကို အချိန်ပြည့် မျက်မှန်တပ်ထားစေခဲ့သည်။ ထိုအချိန်က သူမအသက် ၁၅နှစ်သာရှိသေးပေသည်။
ယန်ပေါင်လင်းကလည်း ပြုံးလိုက်ကာ၊ “အစ်မက မျက်မှန်မပါရင် တကယ်ကိုလှတာပဲ။”
ရှောင်လင်းယဲ့ အော်ဟစ်လာပြန်သည်။ “ငါမင်းတို့ကို ဘယ်နှခေါက်တောင်ပြောရမှာလဲ။ သူက ငါ့အစ်မ၊ မင်းတို့အစ်မမဟုတ်ဘူးလို့။”
သူတို့သုံးယောက်ကတော့ ရှောင်လင်းယဲ့ကို လျစ်လျူရှုကာ ရှောင်လင်းယွီအနားတွင် ဝန်းရံလိုက်ကြသည်။
နဉ်ဝေ့ယီက၊ “အစ်မက ဘယ်လောက်လှတာဆိုပြီး ယဲ့က အမြဲတမ်းပြောတယ်၊ ကျွန်တော်တို့ကလည်း သူအရမ်း ချဲ့ကားပြောနေတယ်ပဲ ထင်ခဲ့တာ။ ဒါပေမယ့် လူကိုယ်တိုင်တွေ့လိုက်တော့မှပဲ သူပြောတာထက်တောင် အစ်မက ပိုလှသေးမှန်း သိတော့တယ်။ ရှောင်လင်းယဲ့ ကျောင်းမှာ အစ်မအကြောင်း ခဏခဏပြောတာ မထူးဆန်းတော့ပါဘူး။”
ရှောင်လင်းယွီက ရယ်မိသွားသည်။ “ဒီကလေးတွေကတော့ အရမ်းချဲ့ကားနေပြန်ပါပြီ။ ငါက သာမာန်ထက် နည်းနည်းလောက် ပိုအသားဖြူနေရုံပါ။ ထားပါတော့၊ ငါတို့ ခြံထဲမှာပဲ ရပ်မနေဘဲ အထဲဝင်ပြီး နားကြရအောင်။”
“အစ်မကလည်း ကျွန်တော်တို့က ကလေးတွေမဟုတ်တော့ပါဘူး။” ယန်ပေါင်လင်းက ပြောလိုက်သည်။ “ကျွန်တော်တို့ ၁၈နှစ်ပြည့်ပြီးနေပြီ။ လူကြီးတွေဖြစ်နေပါပြီ။” သူက ရှောင်လင်းယဲ့၏အစ်မရှေ့တွင် ကလေးတစ်ယောက်လို မဖြစ်နေချင်ပေ။ ကျန်နှစ်ယောက်ကလည်း သဘောတူလေသည်။ “ဟုတ်တယ်၊ ဟုတ်တယ်။”
သူတို့ထက် ၆နှစ်၇နှစ်လောက်ကြီးသည့် ရှောင်လင်းယွီတစ်ယောက် ဆွံ့အသွားတော့သည်။ သူမက ခေါင်းသာ ညိတ်လိုက်ကာ၊ “ဟုတ်ပါပြီ။ ဒါဆိုလည်း ကျွန်မတို့ရဲ့ ဧည့်သည်တော် လူကြီးလေးတွေ အထဲဝင်ပြီး အနားယူကြပါဦး။”
လူကြီးလေးသုံးယောက်၊ “….”
ထိုအချိန်မှာပဲ မေမေရှောင်ကလည်း အသီးအနှံချို့နှင့်အတူ ပြန်ထွက်လာခဲ့သည်။ သူက ကလေးတွေ အခုထိ ခြံဝန်းထဲမှာပဲ ရှိနေသေးသည်ကိုမြင်လိုက်တာကြောင့်၊ “ဘာလို့ အခုထိ အပြင်မှာရပ်နေကြသေးတာလဲ။ အထင်ဝင်ကြ။”
အားလုံး နာနာခံခံပင် ဝင်လာကြသည်။
ကျောင်းသားသုံးယောက်က အိမ်ကိုပတ်ကြည့်နေကြလေသည်။ အိမ်သည် သန့်ရှင်းကာ သက်သောင့်သက်သာရှိလှသည်။ နဉ်ဝေ့ယီက ချီးကျူးလာခဲ့သည်။ “ယဲ့၊ ဒီတော့ ဒါ မင်းအိမ်ပေါ့။ အရမ်းသက်သောင့်သက်သာရှိတာပဲ။”
ရှောင်လင်းယဲ့က ဂုဏ်ယူစွာဖြင့် ပြောလာလေသည်။ “ဒါပေါ့၊ ငါ့အမေက နေ့တိုင်း သန့်ရှင်းရေးလုပ်တယ်လေ။ သူက အရမ်းဝီရိယရှိတာ။”
သူ့သူငယ်ချင်းများက ခေါင်းတွေတဆတ်ဆတ်ညိတ်လာကြသည်။
***
စာစဉ် ၅ ပြီးပါပြီ။