အသုံးအဖြုန်းကြီးတယ်
Vol. 5 Ch. 71
လျိုသာ့ထိုသည် သူ့အလုပ်ကြောင့် ရွာပေါင်းများစွာကို လှည့်ပတ်သွားနေရသူဖြစ်ကာ ရှင်းအန်းမြို့နယ်ရှိ ရွာပေါင်း ၁၈ရွာလုံးက လူတိုင်း သူ့ကို သိကြလေသည်။
လျိုသာ့ထိုသည် စီးပွားရေးလုပ်ရာတွင် စိတ်ထားကောင်းရှိတာကြောင့် သူနှင့် ဆက်ဆံဖူးသည့်ဖောက်သည်တိုင်းကလည်း သူ့ကို မှတ်မိကြပေသည်။
လျိုသာ့ထိုသည် ရှောင်ကျန်းယန်တို့ဇနီးမောင်နှံနှင့်လည်း ရင်းနှီးသူဖြစ်သည်။ ရှောင်မိသားစုသည် ဝက်အနည်းငယ်မွေးထားသည်ကြောင့် နှစ်တိုင်း လျိုသာ့ထိုထံတွင် ထိုဝက်များကို ရောင်းချကြရလေသည်။
လျိုသာ့ထိုကိုမြင်သည်နှင့် ရှောင်ကျန်းယန်က ပြုံးရယ်ကာ နှုတ်ဆက်လိုက်သည်။ “သာ့ထို၊ နောက်တောင်ကျနေပြီ။ မင်း အခုထိ လျှောက်သွားနေတုန်းလား။”
လျိုသာ့ထိုက ပြုံးလိုက်သည်။ “မဟုတ်ပါဘူးဗျာ၊ ကျုပ် ပစ္စည်းလိုက်ပို့ပေးတာပါ။”
ဖေဖေရှောင်နှင့် မေမေရှောင်တို့ ဇဝေဇဝါဖြစ်သွားကြသည်။ “ဘာကိုပြောတာလဲ။”
လျိုသာ့ထိုက ရှောင်လင်းယွီကို ညွှန်ပြလိုက်ပြီး၊ “အစ်ကိုကြီး၊ အစ်မကြီး၊ ဒါ ခင်ဗျားတို့သမီး မဟုတ်လား။ သူ ဒီနေ့ မြို့ထဲမှာ နွား၂ကောင်ဝယ်လိုက်တယ်လေ၊ ပြီးတော့ သူတို့ကို ဘယ်လိုဘယ်ခေါ်ရမှန်းမသိဘူးဖြစ်နေလို့ ကျုပ်က ဝင်ကူညီပေးတာပါ။” လျိုသာ့ထိုက ပြန်ဖြေလိုက်သည်။
ဖေဖေရှောင်ရော မေမေရှောင်ပါ အံ့ဩသွားကြတော့သည်။ “နွားနှစ်ကောင်လား။” သူတို့မှာ ထွန်စက်တစ်လုံးရှိနေပြီလေ။ ဘာလို့ ယွီအာက နွားနှစ်ကောင်ဝယ်ရပြန်တာလဲ။ နောက်မှပဲ ယွီအာကို မေးကြည့်ရတော့မယ်။
သူတို့ ထရက်ကားဆီသို့ အတူလိုက်သွားကြည့်လိုက်ကြချိန်တွင် နွားအိုတစ်ကောင်နှင့် နွားပေါက်တစ်ကောင်ကိုတွေ့လိုက်ရတာကြောင့် သူတို့မျက်ခုံးများက ပို၍ပင် တွန့်ချိုးလာတော့သည်။ သို့သော်လည်း ထရက်ကားပေါ်ကနေပြီး နွားနှစ်ကောင်ကို ကူချပေးနေကြတုန်းပင်။
နွားပေါက်လေးသည် သွက်လက်ကာ သေးငယ်တာကြောင့် လှုပ်ရှားမှုမှာလည်း လျင်မြန်လှသည်။ ကားနောက်ဖုံးမှဘားများကိုဖွင့်လိုက်သည်နှင့် ချက်ချင်းပင် ခုန်ထွက်လာခဲ့သည်။ ထို့နောက် သူ့အမေကို စိုးရိမ်ပူပန်သည့်အလား နောက်ပြန်လှည့်ကာ ကြည့်လာခဲ့သည်။ နွားအိုကြီးသည်တော့ နှေးကွေးလှကာ လှုပ်ရှားမှုများမှာ တောင့်တင်းနေသည်။
ဒီနွား သေခါနီးနေတာ အသိသာကြီးပဲ။ ‘ဘာလို့ ယွီအာက ဝယ်လာတာလဲ။ နွားသတ်မလို့လား။ ဒီလိုသာဆိုလဲ အိမ်ကိုပြန်ခေါ်မလာဘဲ နွားသတ်ရုံကို တန်းပို့လိုက်ရမှာပေါ့။’ အားလုံး၏စုပေါင်းအားထုတ်မှုဖြင့် နောက်ဆုံးမှာတော့ နွားအိုကြီးကို ထရက်ကားပေါ်မှ ချလိုက်နိုင်ကြသည်။
ရှောင်လင်းယွီက လျိုသာ့ထိုကို ပြုံးပြကာ ကျေးဇူးတင်စကားပြောလိုက်သည်။ “ဦးလေးလျို ကျေးဇူးတင်ပါတယ်။ ဒါက ပို့ဆောင်ခပါ။” ရှောင်လင်းယွီက ယွမ်၈၀ထုတ်ကာ လျို့သာ့ထိုအား ကမ်းပေးလိုက်သည်။
လျိုသာ့ထိုသည် ရှောင်လင်းယွီကိုကြည့်ကာ အံ့ဩသွားလေသည်။ “ကောင်မလေး၊ မင်းက အစ်ကိုရှောင်ရဲ့သမီးဆိုတော့ မင်းဆီက အခကြေးငွေမယူတော့ပါဘူး။ ပို့ဆောင်ခက အခမဲ့ပဲ၊ ပေးစရာမလိုဘူး။” ထို့နောက် သူက တစ်ခုခုကိုပြန်တွေးမိသွားပုံဖြင့်၊ “နေပါဦး၊ မင်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ငါတို့မြို့နယ်ရဲ့ ထိပ်တန်းကျောင်းသူလား။”
နှစ်တိုင်း အမှတ်အကောင်းဆုံး ကျောင်းသားများ ပေါ်ထွက်နေပါသော်လည်း အများစုမှာ အခြားမြို့နယ်၊ အခြားခရိုင်များမှဖြစ်ကြလေသည်။ ဤနှစ်များအတွင်း ရှောင်လင်းယွီတစ်ယောက်သာ ရှင်းအန်းမြို့နယ်မှထွက်သည့် အမှတ်အမြင့်ဆုံးကျောင်းသူဖြစ်သည်။
ရှောင်လင်းယွီက ပြုံးလိုက်လေသည်။ “အဲ့ဒီကိစ္စက နှစ်တွေလည်းအများကြီးကြာခဲ့ပါပြီ၊ ဦးလေးလျိုရယ်။”
မေမေရှောင်ကတော့ နွားနှစ်ကောင်ကို သေချာကြည့်ရင်းကြည့်ရင်း ဒေါသထွက်လာလေသည်။ “ယောက်ျား၊ ကျွန်မတို့ ဒါကို ဘယ်နားထားကြမလဲ။” ရှောင်မိသားစုမှာ ဝက်ခြံရှိသော်လည်း နွားတင်းကုတ်တော့မရှိပေ။
ရှောင်လင်းယွီ၊ “…”
လျိုသာ့ထို၊ “….” နွားတင်ကုတ်မရှိတာများ ဘာလို့ နွားက ဝယ်နေရသေးတာလဲ။
ထို့နောက် ဝမ်သာ့ရှန်းပြောခဲ့သည့်စကားများကို လျိုသာ့ထို သတိရသွားလေသည်။ အစ နွားအိုကြီးသည် အသတ်ခံရတော့မည့်နွားတစ်ကောင်ဖြစ်သည်။ သူ၏နွားသားပေါက်လေးက သောင်းကျန်းပြီးနောက် လမ်းပေါ်ရှိ မစ္စရှောင်ထံသို့ ပြေးဝင်သွားခြင်းဖြစ်သည်။ မစ္စရှောင်ကလည်း နွားပေါက်လေးနှင့် နွားမအိုကြီးကို ဘယ်ဈေးနဲ့ဖြစ်ဖြစ် ဝယ်ဖို့ရန် ဆုံးဖြတ်ခဲ့သည်။ ဝမ်သာ့ရှန်းသည် ရိုးသားသူဖြစ်တာကြောင့် ရှောင်လင်းယွီထံမှ ဈေးအမြင့်ကြီးမတောင်းခဲ့ပေ။ တကယ်တော့ ကာလပေါက်ဈေးထက်ပင် နှိမ့်ကာ ရောင်းခဲ့ခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင်တော့ ဤသည်မှာ မစ္စရှောင်ကိုယ်တိုင် လိုလိုလားလားနှင့် ဝယ်ယူခဲ့ခြင်းသာဖြစ်ပေသည်။
လျို့သာထိုတစ်ယောက် ဘာပြောလို့ပြောရမှန်းပင် မသိတော့ပေ။ နွားဝယ်ခြင်းသည် လယ်သမားများကြုံတွေ့ရသည့် ပြဿနာကြီးတစ်ရပ်ဖြစ်သည်။ ရှောင်လင်းယွီကတော့ဖြင့် သူမရွေးတာ မှန်လားမှားလားဆိုတာကိုပင် သူမမိသားစုနှင့် တိုင်ပင်ဆွေးနွေးခဲ့ခြင်းမရှိပေ။
ရှောင်ကျန်းယန်က ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် ပြန်ပြောလာခဲ့သည်။ “စတုတ္ထညီဆီမှာ နွားတင်းကုတ်တစ်ခုရှိတယ်။ ငါ ထားလို့ရမလားသွားမေးကြည့်လိုက်ဦးမယ်။” ထို့နောက် ရှောင်ကျန်းယန်သည် လျို့သာ့ထိုကို ပြောလိုက်သည်။ “သာ့ထို၊ ငါတို့အိမ်မှာပဲ ညစာစားသွားလိုက်တော့။ အိမ်ထဲဝင်နှင့်ဦး။ ငါ စတုတ္ထညီရဲ့အိမ်ကို ခဏသွားလိုက်ဦးမယ်။”
“ကောင်းပြီ။” လျိုသာ့ထိုက ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။ ယခုက ညစာစားချိန်လည်းရောက်နေပေပြီ။ သူအခုချိန်ပြန်သွားလျှင်လည်း အိမ်ပြန်ရောက်လျှင် အလွန်နောက်ကျနေပေလိမ့်မည်။ ထို့အပြင် သူ့တွင် ဆက်နေစရာအကြောင်းအရင်းလည်း ရှိပေသေးသည်။ ရှောင်ကျန်းယန်၏ကလေးနှစ်ယောက်လုံးသည် လူရည်ချွန်များဖြစ်ကြကာ တက္ကသိုလ်ဝင်ခွင့်ကို အလွယ်တကူရရှိခဲ့ကြသည်။ မြို့နယ်၏ထိပ်တန်းကျောင်းသူမှာ ဤမိသားစုမှပင် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဒါကြောင့် သူတို့ဆီက လမ်းညွှန်ချက်အချို့ကိုရယူနိုင်ပါက အိမ်ပြန်ရောက်သည်နှင့် သူ့ကလေးနှစ်ယောက်ကိုပါ ပြန်လည်မျှဝေနိုင်ပေလိမ့်မည်။
ဖေဖေရှောင်သည် နွားနှစ်ကောင်ကိုဆွဲကာ သူ၏စတုတ္ထညီ, ရှောင်မင်ယန်း၏အိမ်သို့ ထွက်သွားခဲ့သည်။ ထို့နောက် မေမေရှောင်က လျိုသာ့ထိုအား၊ “သာ့ထို၊ နင့်ကားကို သော့ခတ်ခဲ့ဦးနော်၊ ပြီးရင် ညစာစားကြမယ်။ ယွီအာ၊ သမီး တစ်နေ့လုံးခရီးသွားထားရတာဆိုတော့ အရင်ဆုံး ခြေလက်သွားဆေးလိုက်ဦး၊ ပြီးမှ ထမင်းလာစား။ အမေ နွားနှစ်ကောင်ကိုကျွေးဖို့ တစ်ခုခုလုပ်လိုက်ဦးမယ်။”
“ဟုတ်ကဲ့ အမေ။” ထို့နောက် ရှောင်လင်းယွီက တစ်ခုခုကို သတိရသွားကာ သူမအမေကို လှမ်းပြောလိုက်သည်။ “အမေ၊ သူတို့အတွက် ရေနည်းနည်းလောက်ယူသွားပေးဖို့ မမေ့နဲ့ဦးနော်။”
“ဟုတ်ပါပြီ။”
မေမေရှောင်သည် ခြံထဲသို့သွားကာ ကြက်နှင့်ဝက်များကို ကျွေးသည့်အစာများကိုယူလိုက်ပြီး နွားများအား ကျွေးလိုက်လေသည်။
ရှောင်လင်းယွီကတော့ လျိုသာ့ထိုအား ရေတွင်းဆီသို့ ခေါ်သွားခဲ့သည်။ သူတို့နှစ်ဦး လက်များဆေးကြေးပြီးနောက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့ကြသည်။ တစ်နေ့တာလုံး လျှောက်ပတ်သွားပြီးနောက် ရှောင်လင်းယွီလည်း ဗိုက်ဆာကာ ရေလည်းငတ်နေပြီဖြစ်သည်။
ရှောင်လင်းယွီတစ်ယောက် အစားအသောက်များကို အငမ်းမရမြိုချနေသည်အားမြင်လိုက်ရသည့် လျိုသာ့ထိုသည်တော့ ဆွံ့အလို့နေခဲ့သည်။ ‘ဒီကောင်မလေး တကယ်ရော ထိပ်တန်းကျောင်းသူဟုတ်ရဲ့လား။ သူ့ကြည့်ရတာ ငတ်ပြတ်နေတဲ့သရဲနဲ့တောင် ပိုတူသေးတယ်။’
သို့သော်လည်း သူသိချင်လှသည့်အရာများကိုတော့ မေးကြည့်နေတုန်းပင်။ “ကောင်မလေး၊ မင်းမှာ တကယ်ပဲ နွားအိုတစ်ကောင်ရဲ့အသက်ကို ဆွဲဆန့်နိုင်မယ့် နည်းလမ်းရှိတာလား။ ဘာလို့ အရင်က မင်းအဖေ ဒီအကြောင်းပြောတာ တစ်ခါမှမကြားဖူးရတာလဲ။” ဖေဖေရှောင်သာ ထိုသို့လုပ်နိုင်လျှင် တစ်မြို့လုံးသိပြီးလောက်ပြီဖြစ်သည်။ အဆုံးမှာတော့ သေခါနီးနွားတစ်ကောင်နှင့် နှစ်အနည်းငယ်ထပ်ပြီး အသက်ရှင်နိုင်သေးသည့်နွားတစ်ကောင်၏ ဈေးနှုန်းကွာဟချက်မှာ အလွန်ကြီးမားလေသည်။
ရှောင်လင်းယွီက သူမဘာသာပြုံးလိုက်လေသည်။ ‘ဘာလို့ဆို အဲ့စကားက ငါ့ဘာသာပြောလိုက်တာမိုလို့လေ။’ ရှောင်လင်းယွီက ခေါင်းယမ်းလိုက်လေသည်။ “အဲ့လိုကိစ္စမျိုး မရှိပါဘူး။”
“…” လျိုသာ့ထို ထပ်ပြီး ဆွံ့အသွားရပြန်သည်။ သူက နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။ “မင်းပဲ ဝမ်သာ့ရှန်းကို လုပ်နိုင်တယ်ဆိုပြီး ပြောခဲ့တာမဟုတ်ဘူးလား။”
“ကျွန်မသူ့ကို လိမ်လိုက်တာလေ။” ရှောင်လင်းယွီ ဝန်ခံလိုက်လေသည်။
“ဘာလို့လဲ။”
“ကျွန်မ နွားပေါက်လေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတာနဲ့ နွားမကြီးကို ရောင်းပေးဖို့ တွန်းအားပေးလိုက်တာ။”
လျို့သာ့ထိုတစ်ယောက် ပြောစရာစကားမဲ့သွားရသည်။ ‘ဒီကောင်မလေးက အသုံးအဖြုန်းကြီးတာပဲ။’
သူတို့သမီးက နွားနှစ်ကောင်အား ဘာကြောင့်နွားနှစ်ကောင်အားဝယ်လိုက်သည်ကို အိမ်ထဲပြန်ဝင်လာသည့် ဖေဖေရှောင်နှင့် မေမေရှောင်တို့ ကြားလိုက်ရရာ သူတို့သည်လည်း လျိုသာ့ထိုကဲ့သို့ ဆွံ့အသွားကြတော့သည်။ စိတ်ထဲမှာတော့ ကြိမ်းမောင်းနေခဲ့ကြသည်။ ‘ဒါဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ ငွေဖြုန်းနည်းလဲ။ ဒါဘယ်သူ့သမီးလဲ။ တစ်ယောက်ယောက် သူ့ကို ခေါ်သွားကြစမ်းပါ။’
လျိုသာ့ထိုပြန်သွားပြီးနောက် မိသားစုဆွေးနွေးပွဲကြီး စတင်ခဲ့လေသည်။
“ကောင်မစုတ်လေး၊ နင် ကြီးကြီးမားမားတစ်ခုခုမဝယ်ခင် နင့်အဖေနဲ့တိုင်ပင်သင့်တယ်လေ။” မေမေရှောင်တစ်ယောက် သွေးပင်အန်မိတော့မတတ်ပင်။ “နွားအိုတစ်ကောင်နဲ့ နွားပေါက်တစ်ကောင်ကို ယွမ် ၁၅၀၀ပေးပြီးဝယ်လာတယ်ပေါ့။ သူတို့ကို သတ်ဖို့စီစဉ်ထားလား၊ ဒါမှမဟုတ် မွေးမှာလား။ သူတို့ကိုမွေးမယ်ဆိုရင် ဘယ်သူက ကြည့်မှာလဲ။ ဘယ်သူ့မှာ သူတို့ကိုကြည့်ဖို့ အချိန်ရှိလို့လဲ။ ဒါတွေကို စဉ်းစားကြည့်ခဲ့ရဲ့လား။”
နွားများသည် သူတို့ဘာသာ ရှင်သန်နိုင်သော်လည်း နွားကျောင်းပေးမည့်သူတော့ ရှိရသေးသည်။ တကယ်လို့ တခြားမိသားစုကစိုက်ထားတဲ့ အပင်တွေကို သွားစားပစ်ရင်ဘယ်လိုလုပ်မလဲ။
အမှန်အတိုင်းပြောရလျှင် ထိုပြဿနာများကို အခုမှသာ ရှောင်လင်းယွီ တွေးမိသွားခြင်းဖြစ်ပေသည်။ သို့သော်လည်း နွားများကို ဝယ်လာပြီးမှတော့ဖြင့် ပြန်သွားသွင်း၍မရတော့ပေ။ တကယ်လို့ သူမပြန်သွားသွင်းခဲ့ရင်တောင် နွားအိုကြီးသည် ထပ်ပြီး နွားသတ်ရုံဆီသို့သာ ဆွဲခေါ်ခံသွားရမည်ဖြစ်သည်။ ရှောင်လင်းယွီသည် ထိုနွားနှစ်ကောင်ကို သေချာစောင့်ရှောက်ပါမည်ဟု ဝမ်သာ့ရှန်းတို့သားအဖကို ကတိပေးခဲ့ပြီးဖြစ်တာကြောင့် သူတို့ကို စိတ်ပျက်စေလို့ မဖြစ်ပေ။ ဝမ်သာ့ရျန်းကလည်း ရှောင်လင်းယွီက နွားနှစ်ကောင်ကို သေချာဂရုစိုက်ပေးမည်ဟူသည့် စကားကိုကြား၍သာ အခုလို ဈေးနိမ့်နိမ့်ဖြင့် ရောင်းပေးလိုက်ခြင်းဖြစ်သည်။
ရှောင်လင်းယွီ ခနလောက်တွေးကြည့်လိုက်ပြီးနောက် ပြောလာခဲ့သည်။ “အမေ၊ ရှောင်ဟွေ့က အရမ်းဆော့လွန်းတယ်လို့ အမေပြောဖူးတယ်မဟုတ်လား။ သူ့ကိုသာ မုန့်ဖိုးနည်းနည်းလောက်ပေးလိုက်ရင် သမီးတို့ကိုကူပြီး နွားတွေကိုကျွေးဖို့ ကူညီပေးလောက်ပါတယ်။” ရှောင်ရှောင်းဟွေ့သည် စာမသင်ချင်သော်လည်း ပြဿနာရှာရသည်ကိုတော့ ကြိုက်လေသည်။ ရှောင်လင်းယွီ၏စတုတ္ထဦးလေးနှင့်အဒေါ်မှာလည်း ထိုအရှုပ်ထုပ်လေးကြောင့် အလွန်ပင်ခေါင်းခဲနေရသည်။
မေမေရှောင်၊ “….” သူမကတော့ နွားတွေကို ပြန်ရောင်းလိုက်တာက ပိုလွယ်ကူသည်ဟု တွေးနေမိတုန်းပင်။ သူတို့တွင် ထွန်စက်လည်းရှိနေပြီဖြစ်တာကြောင့် နွားမလိုတော့ပေ။ ထို့အပြင် လယ်ထွန်ဖို့ရန်ကလည်း နွားမသည် အလွန်အိုနေပြီဖြစ်ကာ နွားပေါက်လေးသည်တော့ အလွန်ငယ်နေသေးသည်။
မေမေရှောင်က၊ “အဲ့လိုဆိုရင်တော့ ဝယ်တုန်းက နွားမကို သေချာရောကြည့်ခဲ့ရဲ့လား။ သူက မကြာခင် သေတော့မှာ။ သူ့ကိုမြုပ်ပေးဖို့ ဝယ်လာခဲ့တာလား။”
မေမေရှောင် ဒေါသထွက်နေခဲ့သည်။ ဘယ်လိုလုပ် ဒေါသမထွက်ဘဲနေနိုင်မှာတဲ့လဲ။ ရှောင်လင်းယွီက သူတို့ငွေတွေကို ဖြုန်းတီးနေတာလေ။
ရှောင်လင်းယွီတစ်ယောက် သူမအမေကို အကြောင်းပြချက်ကောင်းကောင်းပေးနိုင်ရန် ကြိုးစားပြီး တွေးတောနေရသည်။ ဒါကြောင့် နောက်ဆုံးမှာတော့ သူမအမေ၏စိတ်ကိုလှုပ်ခတ်စေဖို့အရေး အသနားခံသည့်နည်းလမ်းကိုသုံးရန် ဆုံးဖြတ်လိုက်လေသည်။
“အမေ၊ ဒီနွားနှစ်ကောင်ကလေ အပြင်ပန်းမြင်နေရသလိုမျိုးမဟုတ်ဘူး။ နွားပေါက်လေးက အသက်ဘယ်လောက်ရှိပြီလို့ အမေထင်လဲ။ သူက ၃လသားလောက်ပဲရှိဦးမှာ။ ဒါပေမယ့်လေ သူ့အမေကိုကယ်ပေးဖို့အတွက် ဘယ်လိုတောင်းပန်ရမလဲဆိုတာ သိနေပြီ။ အမေ သမီးပြောတာကို မယုံလောက်ပေမယ့်၊ တကယ်ကို နွားပေါက်လေးက သူ့အမေကိုကယ်ဖို့အတွက် သမီးကို ငိုပြီးတောင်းပန်ခဲ့တာ။ ဒါကြောင့်ပဲ သမီးလည်း သူတို့ကိုဝယ်လိုက်တာ။ ဒီလိုဆန်းကြယ်တဲ့ကိစ္စမျိုးကို လျစ်လျူရှုပြီး မမြင်သလို မနေနိုင်ဘူးလေ။”
တကယ်တော့ မေမေရှောင်သည် စိတ်နှလုံးသားနူးညံ့သူဖြစ်သည်။ ရှောင်လင်းယွီ၏ ဝမ်းနည်းဖွယ်ဇာတ်လမ်းကြောင်းရာကို နားထောင်ပြီးနောက် သူမအမှန်ကို ရင်ထဲခံစားသွားခဲ့လေသည်။
***