← Chapters

ဟင်းသီးဟင်းရွက်ရောင်းသူ

Vol. 5 Ch. 72

ဟင်းသီးဟင်းရွက်ရောင်းသူ

Vol. 5 Ch. 72

နွားပေါက်လေးသည် လူသားအများစုထက်ပင် မိဘအပေါ် သတိတတ်သေးသည်။ မေမေရှောင် သက်ပြင်းသာချလိုက်လေသည်။ “ထားလိုက်ပါတော့။ နွားပေါက်လေးကိုတော့ ခေါ်ထားလို့ရပေမယ့် နွားမကြီးကတော့…” သူမ ဘာဆက်ပြောရမှန်း မသိတော့ပေ။

ရှောင်လင်းယွီက ပြုံးလိုက်သည်။ “အမေ၊ သမီးကိုယုံလိုက်။ ဒီနွားအိုကြီးက အဲ့လောက်မြန်မြန်ကြီး သေဦးမှာမဟုတ်ဘူး။”

မေမေရှောင်တစ်ယောက် ကူကယ်ရာမဲ့စွာ ခေါင်းကိုသာ ယမ်းရင်းပြောလိုက်တော့သည်။ “ကောင်းပြီ၊ ကောင်းပြီ။ ဝယ်လဲဝယ်လာပြီးပြီဆိုမှတော့ ကိုယ့်ဘာသာပဲ ကြည့်စီစဉ်လိုက်တော့။”

“ကျေးဇူးပါ အမေ။” ရှောင်လင်းယွီ ပျော်ရွှင်စွာဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

သူမမိဘများနှင့် စကားပြောပြီးနောက် ရှောင်လင်းယွီ သူမအခန်းသို့ ပြန်ခဲ့သည်။ သူမအခန်းထဲသို့ဝင်သွားသည်နှင့် သူမအမေက သက်ပြင်းချလိုက်သည်ကိုတော့ ရှောင်လင်းယွီ မသိခဲ့ပေ။ မေမေရှောင်က သူမခင်ပွန်းကိုကြည့်လိုက်ကာ၊ “ယောက်ျားရေ၊ ရှင့်သမီး အရမ်းပြောင်းလဲသွားတယ်လို့ မထင်ဘူးလား။”

သူတို့သမီးသည် ပုံမှန်ဆိုလျှင် နာခံတတ်ကာ ဉာဏ်ထက်သူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း အခုတွင်တော့ သူမသည် ပို၍ အထိန်းအချုပ်ကင်းမဲ့လာကာ ခေါင်းလဲမာလှသည်။ ဒီလိုမိန်းကလေးတစ်ယောက်က ဇနီးကောင်းတစ်ယောက်ဖြစ်မလာနိုင်ပေ။ သူမ၏အနာဂါတ်ယောက္ခမလောင်းသည်တော့ သေချာပေါက် ခေါင်းကိုက်ရတော့မည်။ မေမေရှောင်၏စိုးရိမ်ပူပန်စိတ်များ ကြီးထွားလာလေသည်။

သို့သော်လည်း ဖေဖေရှောင်ကတော့ ထိုသို့မဟုတ်ပေ။ “ကိုယ်တို့ကလေးတွေ ဒီလိုလွတ်လွတ်လပ်လပ်တွေးခေါ်ကြတာက ကောင်းတဲ့ကိစ္စပဲမဟုတ်ဘူးလား။ ဒီလိုဆို တခြားလူတွေက သူတို့ကို အနိုင်ကျင့်လို့မရနိုင်တော့ဘူး။ ကိုယ်တို့ကလည်း သူတို့တစ်ဘဝလုံး အတူရှိပေးနိုင်မှာမဟုတ်ဘူးလေ။ နောက်တောင်ကျနေပြီ။ ကိုယ်တို့လည်း အနားယူကြရအောင်။” ဖေဖေရှောင်ထရပ်ကာ သူ့အခန်းဆီသို့ပြန်သွားလေသည်။ မေမေရှောင်လည်း ပြန်တွေးကြည့်နေရင်းဖြင့်ပင် သူ့ခင်ပွန်းနောက်သို့ လိုက်သွားခဲ့သည်။

ရှောင်လင်းယွီသည်တော့ သူမအခန်းထဲသို့ပြန်ရောက်သည်နှင့် ချက်ချင်းပင် တံခါးကိုလော့ချလိုက်သည်။ ထို့နောက် စိုက်ပျိုးရေးနေရာလွတ်ထဲသို့ ဝင်ခဲ့လေသည်။ သူမဝင်လိုက်သည်နှင့် အံ့ဖွယ်ကိစ္စကြီးတစ်ခုက သူမကိုစောင့်ကြိုနေခဲ့သည်။ ဤနေရာလွတ်သည်ကို သူမကို အံ့ဩမှုများအစဉ်မပြတ် ပေးစွမ်းနေခဲ့သည်ပင်။

မနေ့က ကျဲထားခဲ့သည့် မျိုးစေ့တချို့သည် ပန်းများပင် ပွင့်နေပြီဖြစ်သည်။ ကြီးထွားမှုနှုန်းသည် မယုံနိုင်စရာကောင်းလောက်အောင်ပင်။ ပုံမှန်ခရမ်းသီးပင်တစ်ပင်သည် ကြီးထွားရန်နှင့် ရင့်မှည့်ဖို့ရန် အနည်းဆုံး အချိန်၂လယူရပေသည်။ သို့သော်လည်း ဤနေရာလွတ်ထဲတွင်တော့ ၂ရက်သာ အချိန်ယူလိုက်သည်။ ရှောင်လင်းယွီသည် အပင်များကို လေ့လာကြည့်ပြီးနောက် ထိုခရမ်းသီးများသည် မနက်ဖြန်ဆိုလျှင် ရိတ်သိမ်းနိုင်ပြီဖြစ်ကြောင်း တွေးမိသည်။

ပုံမှန်ဆိုလျှင် ခရမ်းချင်သီးတစ်ပင်သည် ကြီးထွားပြီး အသီးသီးနိုင်ရန်အတွက် အချိန်၄လ ပေးရသော်လည်း ရှောင်လင်းယွီ၏ ခရမ်းချဉ်ပင်များသည်တော့ ပန်းများပင် ပွင့်နေလေပြီ။

တခြားအပင်များသည်လည်း အလားတူအခြေအနေမျိုးတွင် ရှိနေကြသည်။

“ကြည့်ရတာ မနက်ဖြန်တော့ ရိတ်သိမ်းစရာတွေ များမယ်ထင်တယ်။”

‘နေပါဦး။ ရိတ်သိမ်းတော့မယ်လား’ ရှောင်လင်းယွီသည် ယခင်ကမတွေးမိသည့် အကြောင်းအရာတစ်ခုကို တွေးမိသွားပြန်ကာ ထိတ်လန့်သွားခဲ့သည်။ “ငါ ဒီအသီးအရွက်တွေကို မနက်ဖြန် ရိတ်သိမ်းပြီးရင် ဒါတွေကို အပြင်ဘယ်လို ထုတ်ကြမလဲ။ အမြဲတမ်းတော့ ဒီထဲမှာပဲ ထားလို့မဖြစ်ဘူးလေ။”

သူက ရေသွင်းမြောင်းပေါ်တွင် အပြန်ပြန်အလှန်လှန်လျှောက်နေရင်း ရောင်းဖို့အကြောင်း တွေးမိသော်လည်း ၎င်းတို့၏လာရင်း, အရင်းအမြစ်ကို ရှင်းပြဖို့ရန်က လိုပေဦးမည်။ ဒါတွေကို မှော်နေရာလွတ်ထဲကနေ ရလာတာပါ ဆိုပြီးတော့မှ လူတွေကို ရောင်းလို့မရဘဲ။ ဒါ့အပြင် ဘယ်နေရာမှာ သွားရောင်းရမလဲဆိုတာက နောက်ထပ်ပြဿနာတစ်ရပ်ပင်။

ရှောင်လင်းယွီတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုသာ တဗျင်းဗျင်းကုတ်မိတော့သည်။ ဒါတွေကို ရှင်းအန်းမြို့ပေါ်မှာတော့ မရောင်းနိုင်တာ သေချာပေသည်။ မြို့ပေါ်တွင် သူမကို သိသည့်လူက အတော်လေးများလှသည်။ ထို့ကြောင့် အပင်များဘယ်ကပေါက်လာသလဲဆိုသည်ကို သူမရှင်းပြဖို့ မဖြစ်နိုင်ပေ။

‘ခရိုင်မြို့ပေါ်မှာသွားရောင်းမယ်ဆိုရင်ရော။’ ရှောင်လင်းယွီ၏မျက်လုံးများ အရောင်တောက်သွားတော့သည်။ ‘ဟုတ်သားပဲ။ ငါ ခရိုင်မြို့ကို သွားလို့ရတာပဲ။ အဲ့ဒီမှာ ဂိုဒေါင်တစ်လုံးငှားလို့ရတယ်။ ဂိုဒေါင်ထဲမှာပဲ ရိတ်သိမ်းလို့ရတာတွေကို လျှို့ဝှက်ပြီးထားလို့ရတယ်။ မေးလာခဲ့ရင်လည်း ငါ့သူငယ်ချင်းတစ်ယောက် ပေးတာလို့ ပြောလိုက်ရုံပဲ။’

သို့သော်လည်း ရှောင်လင်းယွီ မျက်မှောင်ကြုတ်သွားပြန်သည်။ သူမ မြို့ပေါ်သို့တက်မည်ဆိုလျှင် မေမေရှောင်ကို အကြောင်းပြချက်ပေးရမည်ပင်။ ထိုသို့သာမဟုတ်လျှင် မေမေရှောင်က သူမကို တားပေလိမ့်မည်။ သူမသည် တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်သည်။ ဒါကြောင့် သူမ ခရိုင်မြို့သို့သွားပြီး ဟင်းသီးဟင်းရွက်သွားရောင်းမည်ဆိုလျှင် မေမေရှောင်က ခွင့်မပြုမည်မှာ တွေးကြည့်နေစရာပင် မလိုပေ။

မဟုတ်ရင်လည်း…

သူမ လယ်ယာစိုက်ပျိုးရေးဘက်ကို အလွန်အလေးအနက်ထားကြောင်း သူမအမေကို သက်သေပြနိုင်သည်။ သူမရိတ်သိမ်းထားသည့် အသီးအနှံများကို သူမအမေအား အရသာခံစေပြီး မေမေရှောင်ကို စိတ်ပြောင်းအောင် လုပ်နိုင်ပေသည်။ ထိုနည်းဖြင့်ဆိုလျှင် အလုပ်ဖြစ်နိုင်လောက်သည်ဟု ရှောင်လင်းယွီ ယုံကြည်သွားသည်။ အနည်းဆုံး ကြိုးတော့ ကြိုးစားကြည့်ရမှာပေါ့။

ဟင်းသီးဟင်းရွက်အများစုကို မနက်ဖြန်ပဲ ခူးဆွတ်နိုင်မည်ဖြစ်တာကြောင့် ရှောင်လင်းယွီသည် မျိုးစေ့အသစ်အများကြီး ကြဲရန် အစီအစဉ်မရှိတော့ဘဲ စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

ရှောင်လင်းယွီတစ်ယောက် စတော်ဘယ်ရီစေ့များ မတွေ့ခင်အထိ သူမ၏ မျိုးစေ့အိတ်ထဲကို မွှေနှောက်ရှာနေခဲ့သည်။ ထို့နောက် သူမက မျိုးစေ့များကိုထုတ်ကာ၊ “ကြဲမယ်။” ဟု ရေရွတ်လိုက်သည်။

သူမလက်ထဲရှိ မျိုးစေ့များမှာ ပျောက်ကွယ်သွားပြီး နဂိုလွတ်နေသည့် မြေဖုလေးများ တွင်းငယ်လေးများပေါ်လာခဲ့သည်။ ထိုနေရာများမှာ စတော်ဘယ်ရီမျိုးစေ့များ စိုက်ပြီးသွားခြင်းပင်။

ရှောင်လင်းယွီလည်း ကျေနပ်စွာဖြင့် သူမလက်များကို ခါလိုက်ပြီးနောက် ပြောလိုက်လေသည်။ “ပြီးသွားပြီ။ နောက်ဆုံးတော့ အိပ်လို့ရပြီ။” သူမ ပျောက်ကွယ်သွားပြီးနောက် သူမအခန်းထဲတွင် ပြန်ပေါ်လာခဲ့သည်။ ထို့နောက် အပျင်းကြောဆန့်ကာ သက်ပြင်းချလိုက်ပြီး၊

‘အိပ်ချိန်ရောက်ပြီ။’

…..

နောက်တစ်နေ့မနက်စောစောတွင်တော့ ရှောင်လင်းယွီတစ်ယောက် ထုရိုက်သံများကြောင့် နိုးလာခဲ့ရသည်။

ရှောင်လင်းယွီလည်း အပေါ်ထပ်ကိုဝတ်ကာ အပြင်ဘက်သို့ ဦးတည်လိုက်လေသည်။ မေမေရှောင်နှင့် ဖေဖေရှောင်တို့သည် နွားတင်းကုတ်ဆောက်နေကြခြင်းပင်။ ရှောင်လင်းယွီက နွားများကို မွေးမြူဖို့ စီစဉ်ထားမှတော့ဖြင့် သူတို့တွင် နွားတင်းကုတ်တစ်ခု ရှိမှဖြစ်ပေမည်။

ရှောင်လင်းယွီ၏ စတုတ္ထဦးလေးတွင် နွားတင်းကုတ်တစ်ခုရှိသော်လည်း သူတို့ဆီမှာပဲ နွားကို တစ်သက်လုံးထား၍တော့ မဖြစ်ပေ။

ရှောင်လင်းယွီက သူမမိဘများကို နှုတ်ဆက်လိုက်သည်။ “ကောင်းသောနံနံခင်းပါ မေမေ၊ ဖေဖေ။”

မေမေရှောင်သည် သူမခင်ပွန်းအတွက် တိုင်တစ်လုံးကို ကူကိုင်ပေးနေရင်း ရှောင်လင်းယွီကို မော့ကြည့်ကာ ပြောလိုက်လေသည်။ “ဘာလို့ အစောကြီးထလာတာလဲ။ အမေတို့ကြောင့် နိုးသွားတာလား။”

ရှောင်လင်းယွီက သူမလက်ကို ယမ်းပြလိုက်ကာ၊ “မဟုတ်ပါဘူး။ သမီးအစကတည်းက နိုးနေတာပါ။” ရှောင်လင်းယွီလည်း သွားတိုက်မျက်နှာသစ်ကာ မနက်စာပြင်ဆင်ရန် ထွက်သွားခဲ့သည်။

ရေစည်ထဲမှ ရေများကို ရိုးရိုးရေထပ်ရောထားတာတောင်မှ အစားအသောက်များမှာ အရသာရှိနေစဲဖြစ်သော်လည်း အလွန်အကျွံ့တော့ မဖြစ်တော့ပေ။ ရှောင်လင်းယွီလည်း တွေးကြည့်ပြီးနောက် ရေညှိစွပ်ပြုပ်နှင့် ကြက်ဥပန်ကိတ်ကြော်ရန် ဆုံးဖြတ်လိုက်သည်။

မနက်စာစားပြီးရင်တော့ သူမ၏ စတုတ္ထဦးလေးထံသို့သွားကာ ရှောင်ရှောင်းဟွေ့ကို သူမ၏ နွားကျောင်းသူအဖြစ်ခေါ်မည့်ကိစ္စကို ဆွေးနွေးရမည်ဖြစ်သည်။

ရှောင်လင်းယွီ ဂျုံမှုန့်များကိုတွေ့သည်နှင့် ကြက်ဥထည့်ကာ နယ်လိုက်သည်။ ထို့နောက် ဘေးကို လှည့်ပတ်ရှာကြည့်ရင်း အရင်နေ့ကကျန်နေသေးသည့် ကြီးမားသည့် ကြက်သွန်မြိတ်ကြီးများကို တွေ့သွားခဲ့သည်။ သူမက ကြက်သွန်မြိတ်များကို ပါးပါးလှီးကာ ဂျုံထဲသို့ ရောထည့်လိုက်သည်။ ထို့နောက် ရေအနည်းငယ်ထည့်ကာ မွှေလိုက်ပြန်ပြီး ဘေးတွင် ဖယ်ထားလိုက်သည်။

ထို့နောက်တွင်တော့ အိုးတစ်လုံးကိုယူကာ ရေဖြင့် ဆေးကြောလိုက်ပြီး ကြက်ဥပန်ကိတ် စကြော်လေသည်။ ရှောင်လင်းယွီသည် လုပ်နေကျဖြစ်တာကြောင့် ကျွမ်းကျင်မှုရှိရှိ မြန်မြန်ဆန်ဆန်ပဲ လုပ်ကိုင်သွားခဲ့သည်။

သူမ စတင်ချက်ပြုတ်လိုက်သည်နှင့် အရသာရှိလှသည့် မွှေးရနံ့က ထွက်ပေါ်လာခဲ့တော့သည်။ ‘နေရာလွတ်ထဲက ရိတ်သိမ်းထားတဲ့ အသီးအရွက်တွေဆို ပိုပြီးတောင် အရသာရှိလောက်တယ်။ ငါရောင်းရင် ဈေးမြင့်မြင့်ခေါ်လို့ရမလားပဲ။’

သို့သော်လည်း ရှောင်လင်းယွီကို စိတ်ရှုပ်မိစေသည့်ကိစ္စတချို့ရှိနေသေးသည်။ သူမ အပြင်ဘက်ရှိ ဟင်းသီးဟင်းရွက်များကို ရိုးရိုးရေနှင့် စမ်းရေရောလောင်းခဲ့ချိန်တွင် သူတို့သည် အဆမတန်ကြီးထွားလာခဲ့ကြသည်။ သို့သော်လည်း နေရာလွတ်ထဲတွင်စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များကို စမ်းရေတစ်မျိုးတည်းသာ တိုက်ရိုက်လောင်းခဲ့သော်လည်း ပုံမှန်အသီးအရွက်များထက် အနည်းငယ်သာ ပိုထွားလေသည်။ ကြည့်ရတာ နေရာလွတ်အကြောင်း သူမပိုပြီး လေ့လာကြည့်ဖို့ လိုနေပြီပဲ။

ရှောင်လင်းယွီ၏ လှုပ်ရှားမှုများမှာ မြန်ဆန်လှကာ ကြက်ဥပန်ကိတ်ကို ကြော်၍ပြီးသွားခဲ့သည်။ ထို့နောက် သူမ စွပ်ပြုပ်စချက်လေသည်။ အားလုံးပြီးစီးသွားသည့်နောက် စွပ်ပြုပ်နှင့် ပန်ကိတ်များကို ဧည့်ခန်းထဲသို့ သယ်လာခဲ့ပြီး လှမ်းအော်လိုက်လေသည်။ “အမေ၊ အဖေ၊ ခဏနားပြီး မနက်စာအရင်စားလိုက်ပါဦးလား။”

ဖေဖေရှောင်နှင့် မေမေရှောင်လည်း လုပ်လက်စများကို ချလိုက်သည်။ အရင်ကဆိုလျှင် မစားခင် သူတို့အလုပ်များကို အရင်ဆုံး လက်စသတ်ကြလိမ့်မည်ဖြစ်သည်။ သို့သော်လည်း အခုတလောမှာတော့ သူတို့အစားအသောက်များမှာ အလွန်အရသာရှိနေတာကြောင့် အစားစားချိန်ကို အလွတ်မခံနိုင်တော့ပေ။

မေမေရှောင်က ပန်ကိတ်ပန်းကန်ကြီးကိုမြင်ပြီး ပြောလာခဲ့သည်။ “ဘာလို့ ကြက်ဥပန်ကိတ်တွေ ဒီလောက်အများကြီး လုပ်ရတာလဲ။”

ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “သမီး ခဏနေကျရင် ရှောင်းဟွေ့ဆီသွားမှာမလို့ သူ့အတွက် ပန်ကိတ်ပိုလုပ်ထားတာ။” ပန်ကိတ်များဖြင့် ကောင်းကောင်း လာဘ်ထိုးနိုင်မည်ဖြစ်တာကြောင့် မေမေရှောင်က ခေါင်းညိတ်လိုက်သည်။

မနက်စာစားနေချိန်အတွင်း ရှောင်လင်းယွီက စကားစလာခဲ့သည်။ “အမေ၊ သမီး ဒီနေ့ ခရိုင်မြို့ကို ထပ်သွားရဦးမယ်။”

မေမေရှောင်က စိတ်ရှုပ်ထွေးသွားခဲ့သည်။ “ဟမ်၊ သမီး မနေ့ကဘဲ သွားခဲ့သေးတာမဟုတ်ဘူးလား။ ဘာလို့ ထပ်သွားပြန်ဦးမှာလဲ။”

ရှောင်လင်းယွီက ရှင်းပြလိုက်သည်။ “သမီး မြို့ကနေပြန်မလာခင်တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူ့မှာက စိုက်ပျိုးရေးသုတေသနလုပ်ငန်းတစ်ခုရှိတယ်လေ။ သူ့ဆီက ထွက်ကုန်တွေက အရည်အသွေးကောင်းတာနဲ့ သမီးလည်း သူ့ဆီကနေ လက်ကားပြန်ယူဖို့မှာလိုက်တယ်။ အဲ့ဒါတွေကို သမီး ခရိုင်မြို့မှာသွားရောင်းမလို့။ မနက်ဖြန်ကျရင် သူ ပစ္စည်းတွေ စပို့ပေးမှာဆိုတော့ ဒီနေ့ပဲ ခရိုင်မြို့မှာ ဂိုဒေါင်တစ်လုံး သွားငှားထားမှဖြစ်မယ်။”

မေမေရှောင် အလွန်အံ့ဩသွားလေသည်။ “ဒါဆို သမီးက ဟင်းသီးဟင်းရွက်ရောင်းချင်တာလား။” ထို့နောက် မေမေရှောင်က အလေးအနက်ထားကာ မေးလိုက်သည်။ “ရှောင်လင်းယွီ၊ နင်တကယ်ပဲ ဘာတွေတွေးနေတာလဲ။ နင်က တက္ကသိုလ်ကြီးတစ်ခုကနေ ဘွဲ့ရထားတာလေ။ အလုပ်ကောင်းတွေ အများကြီးရှာလို့ရတယ်။ ဘာလို့ လယ်သမားလုပ်ပြီး ဟင်းသီးဟင်းရွက် ရောင်းချင်နေရတာလဲ။ နင့်ကို လူတွေဝိုင်းရယ်ကြလိမ့်မယ်။”

မေမေရှောင်သည် သူမသီးကို တခြားလူတွေ ဝိုင်းလှောင်ကြမည်အား စိုးရိမ်နေခဲ့သည်။

ရှောင်လင်းယွီက၊ “အမေ၊ ပစ္စည်းတွေက သမီးသူငယ်ချင်းဆီကရတလော။ အမေ သူ့ဆီကထွက်ကုန်တွေကို အမေစားကြည့်ဖူးတာပဲ မဟုတ်လား။ ဒီတော့ အဲ့ဒါတွေ ရောင်းကောင်းမယ်လို့ အမေမထင်ဘူးလား။”

‘အဲ့ဒီသူငယ်ချင်းလား။’ မေမေရှောင်သည် သူမသမီးပြောခဲ့သည်ကို ပြန်မတွေးမိခင် ခဏမျှ နားမလည်နိုင်ဖြစ်သွားခဲ့သည်။ ထိုသူငယ်ချင်းသည် သူမသမီးအား လျှို့ဝှက်ဖော်မြူလာတစ်ခုကို ပေးခဲ့လေသည်။ စိုက်ပျိုးရေးသိပ္ပံဌာနက သူငယ်ချင်းမှာ ကိုယ်တိုင်စိုက်ပျိုးပြီး ထွက်ကုန်တွေကို လက်ကားဖြန့်ဖို့တောင် အချိန်ရှိလား။ မေမေရှောင် သံသယဝင်စရာကောင်းသည့်အချက်ကို ရှာတွေ့သွားခဲ့သည်။

သို့သော်လည်း ထိုထွက်ကုန်များ၏အရသာကို ပြန်တွေးမိသွားသည်နှင့် ထိုအသီးအရွက်များမှာ ကိတ်ပူပူတစ်လုံးလိုမျိုး မြန်မြန်ဆန်ဆန်ပင် ရောင်းထွက်သွားမည်မှန်း ယုံကြည်နေခဲ့သည်။ ထိုနေ့ကရိတ်သိမ်းခဲ့သမျှမှာ အလွန်ပင် အရသာရှိသည်မဟုတ်လား။

မေမေရှောင် သက်ပြင်းအသာချလိုက်တော့သည်။ “သမီးလဲ အရွယ်ရောက်နေပြီပဲ။ ကိုယ်တိုင် ဘာလုပ်နေလဲဆိုတာကို သေချာနားလည်မယ်လို့ အာမခံသ၍ သမီးကို မထိန်းချုပ်တော့ဘူး။”

တစ်နည်းပြောရလျှင်တော့ ခွင့်ပြုချက်ပေးလိုက်ခြင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အမေ။” ရှောင်လင်းယွီ ပျော်ရွှင်စွာ ပြောလိုက်တော့သည်။

***

All Chapters