← Chapters

နွားကျောင်းသားလေး - ရှောင်ရှောင်းဟွေ့

Vol. 5 Ch. 73

နွားကျောင်းသားလေး - ရှောင်ရှောင်းဟွေ့

Vol. 5 Ch. 73

မနက်၇နာရီခွဲတွင်တော့ မနက်စာစားပြီးသွားကြသည်။ ရှောင်ရှောင်းဟွေ့သည်လည်း အိမ်မှာပဲ ရှီနေလောက်ပေဦးမည်။ ရှောင်ရှောင်းဟွေ့သည် အသက်၁၃နှစ်ရှိပြီဖြစ်သည်။ သူ အသက်၇နှစ်တုန်းက ရှောင်လင်းယွီ၏ စတုတ္ထဦးလေးသည် သူ့ကို ကျောင်းပို့ရန် ကြိုးစားခဲ့ဖူးသော်လည်း ရှောင်းဟွေ့သည် အတင်းအကန် ငြင်းဆန်ကာ နှလုံးကွဲမတတ် အော်ဟစ်ငိုယိုခဲ့လေသည်။

ဘွားဘွားရှောင်သည် သူမ၏တတိယမြေးလေးကို အလွန်သနားသွားကာ ရှောင်ရှောင်းဟွေ့ကို ပွေ့ဖက်ရင်း စတုတ္ထဦးလေးကို ပြစ်တင်ဝေဖန်တော့သည်။ “ကလေးက ငယ်သေးတာပဲ။ သူမသွားချင်ရင် မသွားခိုင်းနဲ့ပေါ့၊ တစ်နှစ်လောက်နောက်ကျသွားတာများ ဘာမှဖြစ်နိုင်မှာမို့လို့လဲ။” ရှောင်ရှောင်းဟွေ့သည် အဘွား၏ကျောထောက်နောက်ခံဖြင့် ၂နှစ်လောက် ကျောင်းတက်ရမည့်အရေးမှ လွတ်မြောက်သွားခဲ့သည်။

“ရှောင်ရှောင်းဟွေ့။” ရှောင်လင်းယွီသည် ခြံထဲမဝင်ခင်ကတည်းက လှမ်းအော်လိုက်သည်။

ရှောင်ရှောင်းဟွေ့က ပြေးထွက်လာကာ ရှောင်လင်းယွီအား မြင်သည်နှင့် ဝမ်းသာအားရ ပြန်ခေါ်လိုက်သည်။ “ဝမ်းကွဲအစ်မ” ရှောင်ရှောင်းဟွေ့သည် ချက်ချင်းပင် ရှောင်လင်းယွီ လက်ထဲက ပန်ကိတ်ပန်းကန်ကို ဆွဲယူလိုက်ပြီး သူ့ပါးစပ်ထဲသို့ ကောက်ထည့်လိုက်လေသည်။ “ဝမ်းကွဲအစ်မကတော့ အကောင်းဆုံးပဲ။” သို့သော်လည်း ပါးစပ်ထဲတွင် ပန်ကိတ်အပြည့်ကိုက်ထားတာကြောင့် သူ့စကားများမှာ မရှင်းမလင်းဖြစ်နေခဲ့သည်။

ရှောင်လင်းယွီက သူ့ခေါင်းကို ပုတ်လိုက်ကာ၊ “မင်းမိဘတွေအတွက်လည်း နည်းနည်းချန်ဦး။ ငါ နွားစာသွားကျွေးလိုက်ဦးမယ်။ ပြီးရင် မင်းမိဘတွေနဲ့လည်း ဆွေးနွေးစရာကိစ္စနည်းနည်းရှိတယ်။”

“ဟုတ်ကဲ့။” ရှောင်ရှောင်းဟွေ့ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက ပန်ကိတ်ပန်းကန်ကိုသယ်ကာ အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

ရှောင်လင်းယွီသည်တော့ သူမစတုတ္ထဦးလေး၏ နွားတင်းကုတ်သို့သွားခဲ့သည်။ နွားပေါက်လေးသည် ရှောင်လင်းယွီကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် သူ့ခေါင်းကို လှုပ်ခါနေတော့သည်။ ရှောင်လင်းယွီက သူ့ခေါင်းကို အသာထိကာ ပြုံး၍ပြောလိုက်လေသည်။ “မင်းက တကယ်ကိုဉာဏ်ကောင်းတာပဲ။ လာ ဒါသောက်လိုက်။” ရှောင်လင်းယွီက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် ရေပုံးထဲသို့ စမ်းရေများကို ထည့်လိုက်သည်။

နွားပေါက်လေးသည် ချက်ချင်းပင် ထိုရေ၏ဆွဲဆောင်ခံလိုက်ရလေသည်။ သူက သူ့မိခင်ဆီပြန်မသွားခင် ခဏမျှတုံ့ဆိုင်းနေပြီးနောက် အော်သံတစ်ချက်ပေးကာ သူ့မိခင်ဆီ ပြန်သွားလေသည်။

နွားပေါက်လေး၏အော်ဟစ်အသိပေးသံကို မငြင်းဆန်နိုင်သည့် နွားမကြီးသည် ခေါင်းကိုငုံ့ကာ ရေပုံးထဲမှရေကို သောက်လိုက်တော့သည်။ နွားပေါက်လေးသည်တော့ သူ့မိခင်အနားတွင် ပျော်ရွှင်စွာ ခုန်ပေါက်နေလေသည်။

နွားမကြီးသောက်ပြီးနောက်မှာတော့ နွားပေါက်လေးကတစ်လှည့် ရေသောက်ရန်အတွက် ရေပုံးထဲသို့ ခေါင်းတိုးသွားလေသည်။

ရှောင်လင်းယွီသည်တော့ နွားပေါက်လေး၏ ဉာဏ်ကောင်းမှုကြောင့် အလွန်အထင်ကြီးကာ သဘောကျသွားခဲ့သည်။ သူမက နွားပေါက်လေး၏ခေါင်းကို ထိလိုက်ပြီး၊ “မင်းတို့ နောက်နှစ်ရက်လောက်အထိတော့ စတုတ္ထဦးလေးဆီမှာပဲ နေရဦးမယ်။ ငါ့အဖေနဲ့အမေ နွားတင်းကုတ်အသစ်ဆောက်ပြီးသွားရင် ငါမင်းတို့ကို ငါ့အိမ်ဆီပြန်ခေါ်သွားပေးမယ်။” နွားပေါက်လေးက အသံတစ်ချက်ပြုကာ သူမစကားကို လက်ခံလာလေသည်။

ရှောင်လင်းယွီသည်လည်း သူမ၏စတုတ္ထဦးလေးအိမ်ဆီသို့ ပြန်လှည့်သွားခဲ့သည်။ စတုတ္ထဦးလေးတို့ မိသားစုသုံးယောက်သား ကြက်ဥပန်ကိတ်များကို လုနေကြသည်အား မြင်လိုက်ရကာ သူမ အတော်လေး ဆွံ့အသွားမိသည်။ ‘ပန်းကန်ကိတ်တွေက စတုတ္ထဦးလေးနဲ့ ဒေါ်လေးကို သူတို့ကလေးကိုတောင် အလျှော့မပေးဘဲ ရန်ဖြစ်လောက်အထိ အရသာရှိနေတာလား။’

ထိုပန်ကိတ်များသည် သူမ၏စတုတ္ထဦးလေးတို့မိသားစု စားဖူးသမျှတွင် အရသာအရဆုံး အစားအစာဖြစ်နေမှန်း ရှောင်လင်းယွီ မသိခဲ့ပေ။

ဒါကြောင့်ပဲ သူတို့အနေနှင့် ရှောင်ရှောင်းဟွေ့တစ်ယောက်တည်း ပန်ကိတ်အားလုံးကို စားပစ်မည်အား လက်မခံနိုင်ကြခြင်းဖြစ်သည်။ လျိုချွမ်းဟွာသည် ပန်ကိတ်တစ်ပိုင်းကို ဆွဲယူလိုက်ပြီးနောက် ရှောင်လင်းယွီကို မေးလာခဲ့သည်။ “လင်းယွီ၊ မင်းရဲ့ပန်ကိတ်တွေက အရမ်းအရသာရှိတာပဲ။ ငါဒီလောက် အရသာရှိတာမျိုး တစ်ခါမှ မစားဖူးဘူး။ ရှောင်းဟွေ့ မနေ့က ဒီအကြောင်းပြောတုန်းက ငါ ယုံတောင် မယုံခဲ့ဘူး။ တကယ်ကို မှန်မှန်း အခုမှပဲသိတော့တယ်။” သူမသည် ပန်ကိတ်ကို အလုတ်ကြီးကြီးတစ်ကိုက်,ကိုက်ကာ ဝါးနေရင်းဆက်ပြောလေသည်။ “ဒါတွေ ဘယ်သူလုပ်တာလဲ။”

ရှောင်လင်းယွီက ပြန်ဖြေခဲ့သည်။ “သမီး လုပ်တာပါ။”

ရှောင်လင်းယွီ ထိုသို့ဖြေလိုက်သည်နှင့် ရှောင်ရှောင်းဟွေ့က မော့ကြည့်လာခဲ့သည်။ “ဒါကြောင့် မနေ့ကလောက် အရသာမရှိတာကိုး။ ဝမ်းကွဲအစ်မရဲ့ ဟင်းချက်စကေးက ဒုတိယဒေါ်လေးလောက် မကောင်းဘူး။”

ရှောင်လင်းယွီ “…” သူမ စိတ်တိုသွားသော်လည်း ပန်ကိတ်များသည် မနေ့ကလောက် အရသာမရှိသည်ကိုတော့ သူမလက်ခံပေသည်။ မနေ့က ပန်ကိတ်တွေမှာက စမ်းရေပါဝင်မှုပိုများတယ်မဟုတ်လား။ ဒီနေ့တော့ သူမက နည်းနည်းလောက်လေးသာ ထည့်သုံးခဲ့ခြင်းဖြစ်သည်။

“ကောင်စုတ်လေး၊ ဘာတွေလျှောက်ပြောနေတာလဲ။” ရှောင်မင်ယန်းက ရှောင်ရှောင်းဟွေ့ နောက်စေ့ကို ဖြတ်ရိုက်လိုက်လေသည်။ “စားရတာကို ကျေးဇူးတင်ဦး။”

“ဒါပေမယ့် သားက အမှန်ကိုပြောနေတာလေ။” ရှောင်ရှောင်းဟွေ့က သူ့အဖေကို ပြန်ခံပြောလေသည်။

“ဒါဆိုလည်း မင်းမစားနဲ့တော့ ငါပဲအကုန်စားပစ်မယ်။” ထို့နောက် ရှောင်မင်ယန်းက သူ့သားလက်ထဲက ပန်ကိတ်ကိုပါ ဆွဲယူဖို့လုပ်လေသည်။

ရှောင်လင်းယွီ၊ “….”

“မရဘူး။ သားဗိုက်မပြည့်သေးဘူးလို့။” ရှောင်ရှောင်းဟွေ့က သူ့ဝေစုကို ကာကွယ်လိုက်သည်။ “ပြီးတော့ သားက ကျောင်းကိုယူသွားဖို့ပါ စိတ်ကူးထားတာ။ ကျောင်းနားချိန်ကျရင် စားမလို့ပါဆို။”

ရှောင်ရှောင်းဟွေ့ လူပျိုပေါက်လေးတစ်ယောက်ဖြစ်တာကြောင့် မနက်စာကို ဗိုက်ပြည့်နေအောင် စားသွားလျှင်တောင်မှ နေ့လည်မရောက်ခင်မှာပဲ သူ့ဗိုက်ထဲက အသံတွေ ပြန်မြည်လာပြီဖြစ်သည်။

ရှောင်ရှောင်းဟွေ့သည် သူ့ပန်ကိတ်ကို သူ့အဖေ တကယ်ကြီး လုသွားမည်စိုးသည့်အလား တင်းတင်းကြပ်ကြပ်ကိုင်ထားခဲ့သည်။ သူက နောက်ထပ် ခပ်ကြီးကြီးတစ်ကိုက်,ကိုက်လိုက်ရင်း ပြောလာခဲ့သည်။ “အဖေ၊ သားက ကလေးလေ။ သားဆီက လုစားလို့ဖြစ်မလား။”

ရှောင်မင်ယန်းကတော့ အော်ရယ်လေတော့သည်။

ထို့နောက် သူက တစ်ခုခုကိုတွေးမိသွားကာ ရှောင်လင်းယွီဘက်သို့ ပြန်လှည့်သွားခဲ့သည်။ “လင်းယွီ၊ ရှောင်းဟွေ့ပြောတာတော့ မင်း ဦးလေးတို့နဲ့ တစ်ခုခုဆွေးနွေးစရာရှိလို့ဆို။ ဘာကိစ္စလဲ။”

ရှောင်လင်းယွီက ပြောလာခဲ့သည်။ “စတုတ္ထဦးလေး၊ သမီး မနေ့က နွားနှစ်ကောင် ဝယ်ထားတလေ။ အဲ့ဒါ သမီး ရှောင်းဟွေ့ကို သမီးအတွက် နွားကူကျောင်းပေးစေချင်လို့။ တစ်ရက်ကို ၂ယွမ်ပေးပါ့မယ်။ ရှောင်းဟွေ့၊ မင်းကော လုပ်ချင်ရဲ့လား။”

“လုပ်ချင်တာပေါ့၊ လုပ်ချင်တာပေါ့။” လုပ်အားခပေးမည်မှန်း ကြားလိုက်သည်နှင့် ရှောင်ရှောင်းဟွေ့သည် ချက်ချင်းပင် သဘောတူလာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူကျောင်းကပြန်ရောက်ပြီး နေ့လည်ပိုင်းတွင် သူ့တွင် ဘာမှလုပ်စရာမရှိဘူးလေ။ သူ့ဝမ်းကွဲကိုလည်း ကူညီနိုင်တယ်၊ ပိုက်ဆံလည်း ရှာနိုင်တယ်။ ဒါကို ဘာလို့မလုပ်ရမှာလဲ။

လျိုချွမ်းဟွာက ပြောလိုက်လေသည်။ “လင်းယွီ၊ ရှောင်းဟွေ့ကို ဘာမှပေးနေဖို့မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် သူနေ့လည်ဆိုအားနေပြီး ဟိုဟိုဒီဒီ ပြဿနာပတ်ရှာနေတာပဲ။ သူ မင်းကို အလကားကူညီပေးလိမ့်မယ်။”

“မရဘူး။ သား ယူမှာ။” ရှောင်ရှောင်းဟွေ့က ဝင်အော်လိုက်သည်။ “သား..သားကို မုန့်ဖိုးမပေးရင် မကူညီပေးနိုင်ဘူး။”

ရိုးရိုးသားသားပြောရလျှင် ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ရှောင်းဟွေ့က ကူညီပေးမှာဖြစ်သည်။ ထောင်ယွမ်ရွာတွင် သူ၏အကြီးဆုံးဝမ်းကွဲအစ်မကို သူအလေးစားဆုံးဖြစ်သည်။ သူမသည် တက္ကသိုလ်ကောင်းတစ်ခုကိုတက်ကာ မြို့ကြီးပြကြီးတွင် အလုပ်လုပ်သူဖြစ်သည်။

သူ့ဝမ်းကွဲအစ်မကြီးသာ ခိုင်းလာလျှင် ဘာဖြစ်ဖြစ်လုပ်ပေးမည်ဖြစ်သည်။ ဒါပေမယ့်လို့ သူ့ကို မုန့်ပေးပြီးခိုင်းရင်တော့ အကောင်းဆုံးပေါ့။ သူဝယ်ချင်တဲ့ပစ္စည်းတွေ အများကြီး ရှိသော်လည်း အခုချိန်မှာတော့ သူ့အနေနှင့် ငေးကြည့်ရုံသာ တတ်နိုင်နေသည်မဟုတ်လား။

လျိုချွမ်းဟွာ၏မျက်နှာသည် မည်းမှောင်သွားကာ သူမသား၏နားရွက်ကို လိမ်ဆွဲလိုက်လေသည်။ “ကောင်စုတ်လေး၊ နွားလေး တစ်ကောင်နှစ်ကောင်လောက် သွားကျောင်းရုံပဲကို ပိုက်ဆံတောင်းရဲတယ်ပေါ့။ နင့်ဒုတိယအဒေါ်အိမ်မှာ တချိန်လုံးသွားပြီး စားထားသောက်ထားတုန်းကကော နင် ပိုက်ဆံပေးခဲ့လို့လား။”

ရှောင်ရှောင်းဟွေ့တစ်ယောက်ရှက်သွားကာ ခေါင်းငုံ့သွားတော့သည်။ “ဟုတ်ပါတယ်၊ သားမပေးခဲ့ဘူး။” သူ့အမေလည်း သူ့နားရွက်ကို လွှတ်ပေးလိုက်တော့သည်။

ရှောင်လင်းယွီကတော့ ရယ်မောလိုက်ကာ ရှောင်ရှောင်းဟွေ့၏နီရဲသွားသော နားရွက်ကို ကြည့်လိုက်ရင်း ခေါင်းအသာယမ်းလိုက်သည်။ “စတုတ္ထဦးလေး၊ စတုတ္ထဒေါ်လေး၊ သမီးက ရှောင်းဟွေ့ကို အချိန်အတော်ကြာတဲ့အထိ နွားတွေကျောင်းပေးစေချင်တာ။ တစ်ရက် နှစ်ရက်အလုပ် မဟုတ်ဘူး။ ရှောင်းဟွေ့သာ အလကားလုပ်ပေးနေရင် သမီး ဘယ်စိတ်ကောင်းပါ့မလဲ။ သူလည်း တချိန်လုံး အလကားလုပ်ပေးနေရရင် ကျေနပ်မှာမဟုတ်ဘူးလေ။ ဟုတ်တယ်မလား ရှောင်းဟွေ့။”

ရှောင်မင်ယန်းက ခပ်တင်းတင်းပင် ပြန်ပြောလာခဲ့သည်။ “သူ မလုပ်ရဲပါဘူး။” သူက တွေးကြည့်လိုက်ပြီးနောက်။ “လင်းယွီ၊ ဒီလိုဆိုရင်ရော။ သမီး သူ့ကိုပိုက်ဆံပေးချင်တယ်ဆိုလည်း အများကြီးတော့ မပေးနဲ့။ တစ်ရက်ကို ပြား၅၀ လောက်ပဲပေး။ ဒီလောက်ဆို သူ သကြားလုံးဝယ်စားဖို့လောက်နေပြီ။”

ရှောင်းလင်းယွီ ဆွံ့အသွားရသည်။ ရှောင်ရှောင်းဟွေ့ကတော့ သကြားလုံးထက် ပိုပြီး ဈေးကြီးတဲ့ပစ္စည်းမျိုးတွေ ဝယ်ချင်နေလောက်မှာ သူမသေချာသိပေသည်။

ရှောင်ရှောင်းဟွေ့အတွက်ကတော့ သူ့မှာသာငွေရှိနေသ၍ ဘယ်လောက်ပမာဏရသည်ဆိုသည်က အကြောင်းမဟုတ်ပေ။ သူ စုထားသ၍ သူလိုချင်သည့်အရာများကို ဝယ်နိုင်သွားပေလိမ့်မည်။ ဒါပေါ့ သကြားလုံးကတော့ လုံးဝမဝယ်ဘူး။ အဲ့ဒါတွေက သူ့သွားကိုပဲကပ်စေးစေးဖြစ်စေလိမ့်မယ်။

ရှောင်လင်းယွီက ခေါင်းယမ်းကာ ပြောလိုက်လေသည်။ “ပြား ၅၀ ကတော့ အရမ်းနည်းလွန်းပါတယ်။ ဒါဆို သမီး သူ့ကို ၁ယွမ်ပေးရင်ရော။ ၁၀ရက်နေတိုင်း တစ်ကြိမ်ထုတ်ပေးမယ်လေ၊ အဆင်ပြေလား။”

ရှောင်ရှောင်းဟွေ့၏မိဘများမှာ သက်ပြင်းသာချပြီး ဘာမှမပြောတော့ပေ။

ရှောင်လင်းယွီက အချိန်ကိုတစ်ချက်ကြည့်ပြီးနောက် ပြောလာခဲ့သည်။ “စတုတ္ထဦးလေး၊ ဒေါ်လေး၊ သမီး ခရိုင်မြို့ကို သွားမလို့။ ဦးလေးတို့အတွက် ဘာဝယ်ခဲ့ပေးရဦးမလဲ။”

“ရတယ်၊ ရတယ်။ ကျေးဇူးပဲ။” သူမအဒေါ်နှင့် ဦးလေးတို့က ခေါင်းယမ်းလိုက်ကြသည်။

ရှောင်ရှောင်းဟွေ့သည်တော့ မျက်လုံးများ တလက်လက်ထသွားကာ ပြောလာခဲ့သည်။ “ဝမ်းကွဲအစ်မ၊ သားအတွက် Transformerအရုပ် ဝယ်ခဲ့ပေးလို့ရမလား။ သားရဲ့အနာဂါတ်လစာငွေထဲက ဖြတ်လိုက်လေ။”

ရှောင်လင်းယွီ “….” ဒီကလေး ဒါမျိုးတွေ ဘယ်ကများ သင်လာတာလဲ။

ရှောင်မင်ယန်း နှင့် လျိုချွမ်းဟွာ၊ “….” သူတို့မျက်နှာကိုသာ အုပ်ထားလိုက်ချင်တော့သည်။ သူတို့သားက စာသင်တဲ့နေရာကလွဲလို့ ကျန်တဲ့နေရာတွေမှာတော့ တော်တော်ထက်မြက်နေတာပဲ။

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီ။”

ရှောင်ရှောင်းဟွေ့တစ်ယောက် ဝမ်းသာအားရဖြင့် ထခုန်တော့သည်။ “ကျေးဇူးတင်ပါတယ်၊ ဝမ်းကွဲအစ်မ။”

ရှောင်မင်ယန်းကတော့ သူ့သားခေါင်းကို ရိုက်လိုက်ပြန်သည်။ “ဒီတော့ နောက်ဆို မင်းဝမ်းကွဲအစ်မရဲ့ နွားတွေကို သေသေချာကျောင်းပေးရမယ်နော်၊ နားလည်လား။”

ရှောင်ရှောင်းဟွေ့ သူ့ခေါင်းကို ပွတ်လိုက်ပြီး၊ “အဖေကလည်း သားသိပါတယ်။”

ရှောင်လင်းယွီလည်း သူမဦးလေးတို့မိသားစုကို နှုတ်ဆက်စကားပြောလိုက်သည်။

ရှောင်ရှောင်းဟွေ့သည် တစ်ဖက်ရွာရှိကျောင်းသို့သွားမည်ဖြစ်ကာ ရှောင်လင်းယွီကတော့ မြို့သို့သွားရန် ဘက်စ်ကားစီးရမည်ဖြစ်သဖြင့် လမ်းက ဆန့်ကျင်ဘက်ပင်။

ဤတစ်ကြိမ်တွင်တော့ ရှင်းအန်းမြို့တွင် ရှောင်လင်းယွီ မရပ်တော့ဘဲ ရှင်းယင်မြို့သို့ သွားရန် ချက်ချင်းပင် နောက်ကားတစ်စီးပေါ်တက်ခဲ့လေသည်။ သူမရှင်းယင်မြို့သို့ရောက်သည်နှင့် တခါတည်း လက်ကားဈေးသို့ ဦးတည်ခဲ့သည်။

***

All Chapters