အိမ်တစ်လုံးရှာခြင်း
Vol. 5 Ch. 74
လက်ကားဈေးအနီးတစ်ဝိုက်တွင် ဂိုဒေါင်များစွာ ငှားရန်ရှိနေလေသည်။ သို့သော်လည်း ရှောင်လင်းယွီသည် တိတ်ဆိတ်ကာ အနည်းငယ်လူသွားလူလာပါးပြီး ထင်သာမြင်သာမရှိသည့် ဂိုဒေါင်မျိုးကို ငှားလိုခြင်းဖြစ်သည်။ ပြောရလျှင်တော့ လက်ကားဈေးနှင့် ဝေးသည့်နေရာမျိုးတွင် ရှိရပေမည်။
သို့သော်လည်း ရှောင်လင်းယွီသည် ဂိုဒေါင်ပိုင်ရှင်များက အငှားစာစောင်များကို လက်ကားဈေးတွင် ကပ်ထားလောက်တာကြောင့် ဈေးသို့ လာခဲ့ရခြင်းဖြစ်သည်။ ရှောင်လင်းယွီသည် ဈေးတစ်ဝိုက်သို့ လှည့်ပတ်ရင်း အငှားစာစောင်များကို အာရုံစိုက်ကြည့်ကာ ဖုန်းနံပါတ်နှင့် လိပ်စာများကို ချရေးမှတ်ထားခဲ့သည်။
သူမ နေ့တစ်ဝက်ခန့်ရှာဖွေပြီးနောက်တွင်တော့ ဘယ်ဟာကမှ သင့်တော်မနေကြောင်း သိရှိသွားတော့သည်။ ၎င်းတို့မှာ ကျဉ်းလျှင်ကျဉ်း မဟုတ်လျှင်လည်း ဈေးအလွန်ကြီးကြသည်။ တစ်ရက်ကိုပင် ယွမ်ရာနှင့်ချီပေးရပေသည်။ တချို့နေရာများကျ အလွန်ဝေးလံပြီး တသီးတသန့်ဖြစ်သော်လည်း သူမလိုချင်သည့်ပုံစံထက်ကို ပို၍ခေါင်လွန်းသည်။ ရှောင်လင်းယွီ လိုချင်သည့်ပုံစံနှင့် ကိုက်ညီသည့်နေရာတချို့ ရှိသော်လည်း ထိုဂိုဒေါင်များသည် အလုပ်သမားများကို ငှားရမ်းထားလေသည်။
ရှောင်လင်းယွီ ပင်ပငန်းလာ၍ ပန်းခြံငယ်လေးတစ်ခုတွင် ဝင်ထိုင်လိုက်လေသည်။ သူမက ရေသန့်တစ်ဘူးကိုထုတ်ကာ သောက်မည့်အချိန်မှာပဲ စကားသံတချို့ကို ကြားလိုက်ရသည်။ “အဘိုးကြီး၊ ကျွန်မတို့ ဒီအိမ်ကို အငှားထားလိုက်ကြရအောင်။” အဘွားကြီးတစ်ယောက် အဘိုးကြီးတစ်ယောက်ကို ပြောနေခြင်းဖြစ်သည်။ “ကျွန်မတို့ ဒီနေရာမှာ ကျွန်မတို့ရဲ့သက်တမ်းတစ်ဝက်လောက် နေလာကြတာ။ ရောင်းပစ်ဖို့ကျ မလုပ်ချင်ဘူး။ ငှားပဲငှားလိုက်မယ်ဆိုရင်တော့ ဒီနေရာက အနည်းဆုံးတော့ ကျွန်မတို့အပိုင်ပဲ ဆက်ဖြစ်နေဦးမှာလေ။”
အဘိုးကြီးကလည်း သဘောတူလေသည်။ “ငါလည်း အဲ့လိုပဲတွေးနေတာ။” သို့သော်လည်း သူက မရေရာသည့်အတွေးများရှိနေသေးသည်။ “ဒါပေမယ့် ငါတို့အိမ်က အရမ်းချောင်ကျတယ်။ ငှားထွက်ဖို့က လွယ်မှာမဟုတ်ဘူး။ ပြီးတော့ ငှားတာကလည်း သူပြဿနာနဲ့သူတော့ရှိတာပဲ။ မကောင်းတဲ့အိမ်ငှားနဲ့ ကြုံခဲ့ရင်ရော။ ငါတို့အိမ်ကို ဖျက်ဆီးပစ်ကြလိမ့်မယ်။”
ထိုလူအိုစုံတွဲမှာ အသက်၈၀ခန့်ရှိပြီဖြစ်သည်။ သူတို့ပုံစံမှာ အလွန်ကြင်နာတတ်ပုံရသည်။ ရှောင်လင်းယွီ အကြံတစ်ခုရလာကာ ချက်ချင်းထရပ်လိုက်ပြီးနောက် လူအိုစုံတွဲထံသို့ လျှောက်သွားခဲ့သည်။ သူမက ပြုံးပြလိုက်ကာ၊ “အဘိုးနဲ့ အဘွား၊ ကျွန်မ အစောက အဘိုးတို့ပြောနေတာကို ကြားလိုက်မိလို့။ အိမ်ငှားဖို့ရှိတာလား။ ကျွန်မတစ်ချက်လောက် လိုက်ကြည့်လို့ရမလား။”
လူအိုကြီးနှစ်ယောက်က ရုတ်တရက်ပေါ်လာသည့် မိန်းကလေးကြောင့် ထိတ်လန့်ကာ မှင်သက်သွားကြလေသည်။
ထို့နောက် မိန်းကလေး၏ဂုဏ်သိက္ခာရှိရှိပုံစံကြောင့် အဘွားအိုကအရင် ပြန်ပြုံးပြလာခဲ့သည်။ “မိန်းကလေး၊ မင်း အိမ်ငှားဖို့ ရှာနေတာလား။”
“ဟုတ်ပါတယ်။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ကျွန်မ ရှာနေတာ တော်တော်ကြာနေပြီ၊ အခုထိ သင့်တော်တာ တစ်ခုမှမတွေ့သေးဘူး။ အဲ့ဒါနဲ့ နားနေတုန်းမှာပဲ အဘွားတို့ပြောနေတာကို ကြားလိုက်လို့ လာမေးတာပါ။ အဆင်ပြေရဲ့လား အဘိုးနဲ့အဘွား။”
လူကြီးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် အဘိုးအိုက မျက်လုံးများကိုကျဉ်းမြောင်းလိုက်ကာ မေးလာခဲ့သည်။ “မိန်းကလေး၊ မင်း ဘာအတွက် အိမ်လိုတာလဲ။”
ရှောင်လင်းယွီ ပြုံးလိုက်လေသည်။ “အဘိုး၊ ကျွန်မအမှန်အတိုင်းပဲပြောပါ့မယ်။ ကျွန်မ အခု ဒီခရိုင်မြို့ပေါ်မှာ လုပ်ငန်းအသေးစားလေးတစ်ခု လုပ်ဖို့ စီစဉ်နေတာ။ ဒါကြောင့် နေဖို့ နေရာတစ်ခု လိုလို့ပါ။”
အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။ “မိန်းကလေး၊ ငါ့အိမ်က တော်တော်လေးချောင်ကျပြီး သွားရေးလာရေးက မလွယ်ကူဘူး။ ပြီးတော့ အိမ်နီးနားချင်းရယ်လို့လဲ မရှိဘူး။ မင်းအဆင်ပြေပါ့မလား။ မင်းတစ်ယောက်တည်း နေမှာလား။”
ရှောင်လင်းယွီ၏မျက်လုံးများ အရောင်တောက်သွားတော့သည်။ ‘လုံးဝကွက်တိပဲ။ ကြားရုံနဲ့ တော်တော်ကောင်းနေပြီ။ နေရာအနေအထား အဆင်ပြေမပြေသိရအောင်တော့ ငါသွားကြည့်မှဖြစ်မယ်။’ ရှောင်လင်းယွီ ပြုံးလိုက်လေသည်။ “နောက်ကျရင် ကျွန်မမိသားစုတွေလည်း အတူပြောင်းလာနေမှာပါ။”
အဘိုးကြီးက တွေးကြည့်လိုက်ပြီးနောက် ပြန်ပြောလာခဲ့သည်။ “ကောင်းပြီလေ၊ ဒါဆိုလည်း မင်း အိမ်နေရာကြည့်လို့ရအောင် ခေါ်သွားပေးမယ်။” သူ့တွင် အမြင်ကောင်းကောင်းရှိကာ ဒီကောင်မလေး လိမ်နေတာမဟုတ်ကြောင်း သူပြောနိုင်လေသည်။
“ကျေးဇူးတင်ပါတယ်။ အဘိုးနဲ့ အဘွား။” ရှောင်လင်းယွီ ပြောလိုက်သည်။
အဘွားအိုသည်လည်း အလွန်ပျော်ရွှင်နေလေသည်။ “မိန်းကလေး၊ မင်းက အရမ်းယဉ်ကျေးတာပဲ။ ငါတို့ကို ကျေးဇူးတင်ဖို့မလိုသေးပါဘူး။ မင်း အိမ်ကိုတောင် မြင်သေးတာမှမဟုတ်တာ။”
ထို့နောက် လူကြီးနှစ်ယောက်က ဦးဆောင်ကာ ရှောင်လင်းယွီကို ယန်ကွမ်းခရိုင်သို့ ခေါ်သွားခဲ့သည်။ သူတို့က လမ်းကျဉ်းလေးတစ်ခုထဲသို့ဝင်လိုက်ကာ ထောင့်တစ်ခုကို ချိုးပြီးနောက် အနီရောင်သံတံခါးဖြင့် အိမ်တစ်လုံးဆီသို့ ရောက်ရှိသွားလေသည်။ သူမ မဝင်ရသေးတာတောင်မှ ဤနေရာနှင့်ပတ်သတ်ပြီး ရှောင်လင်းယွီ အလွန်ကျေနပ်နေပြီဖြစ်သည်။ တည်နေရာသည် ဆိတ်ငြိမ်ကာ ခြေလျင်လမ်းအနည်းငယ်သာ ရှိပေသည်။ သံတံခါးကြီးကတော့ ကိုယ်ပိုင်လုံခြုံရေးအတွက် အပိုအကာအရံတစ်ခုလို ထောက်ပံ့နေသည်။
အဘွားအိုက သူမသော့ကို ထုတ်လိုက်ပြီး သံတံခါးကို ဖွင့်လိုက်လေသည်။ အိမ်သည် အနီရောင်တိုင်ကိုမှ အဖြူရောင်နံရံဖြင့် နှစ်ထပ်အိမ်ဖြစ်သည်။ ခြံဝန်းထဲတွင် သစ်ပင်ကြီးများရှိကာ မြေပြင်ပေါ်သို့ သစ်ရွက်များ ကြွေကျနေလေသည်။ သို့သော်လည်း နေရာတစ်ခုလုံးကို ခြုံကြည့်လိုက်လျှင်တော့ သန့်ရှင်းသပ်ရပ်သည်ဟု ပြော၍ရသည်။
အဘွားအိုက ရှောင်လင်းယွီကို အိမ်တစ်ပတ် လိုက်ပြပေးခဲ့သည်။ “မိန်းကလေး၊ ဒါကတော့ မီးဖိုချောင်၊ ဒါကတော့ ထင်းတဲ၊ ဒါက အိပ်ခန်း၊ ဒါကတော့ ဂိုဒေါင်။ ဘယ်လိုလဲ အဆင်ပြေလား။”
ရှောင်လင်းယွီ တောက်ပစွာ ပြုံးပြလိုက်လေသည်။ “အဘွား၊ ဒီနေရာက အရမ်းကောင်းတာပဲ။ အဘွားဒါကို ဘယ်လောက်နဲ့ ငှားမှာလဲ။”
အဘွားအိုက သူမကို သတိထပ်ပေးလေသည်။ “မိန်းကလေး၊ ဝင်လာတုန်းက မင်းလည်း မြင်မှာပဲ။ မင်း လမ်းကြားငယ်လေးတွေအများကြီးကို ဖြတ်ရမယ်။ လမ်းတွေက ကျဉ်းလည်းကျဉ်းတယ်။ ကားဝင်လို့မရဘူး။ ဒါပေမယ့် မင်းက စီးပွားရေးလုပ်မယ့်လူလေ။ ဒီအချက်တွေကို မင်းသေချာ ထည့်စဉ်းစားမှရမယ်။”
ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “အဘွား၊ ကျွန်မက အခုထိ ကားဝယ်နိုင်သေးတာမဟုတ်ဘူး။ တကယ်လို့ ဝယ်နိုင်ခဲ့မယ်ဆိုရင်လည်း သုံးဘီးဆိုင်ကယ်လောက်ပဲဖြစ်မှာ။ ဒီလမ်းကြားက သုံးဘီးဆိုင်ကယ်တစ်စီးဖြတ်နိုင်လောက်တဲ့အထိတော့ ကျယ်ပါသေးတယ်။”
အဘွားအိုက ခေါင်းညိတ်လိုက်သည်။ သူမက ခဏတွေးကြည့်လိုက်ပြီးနောက် မေးလာခဲ့သည်။ “မိန်းကလေး၊ စိတ်မရှိဘူးဆိုရင် မင်းဘာစီးပွားရေးလုပ်ဖို့ စိတ်ကူးထားလဲ ပြောပြလို့ရမလား။”
“အိုး.. ကျွန်မ ဟင်းသီးဟင်းရွက်တချို့ရောင်းဖို့ စိတ်ကူးထားပါတယ်။” ရှောင်လင်းယွီသည် ဘာကိုမှ မဖုံးကွယ်နေခဲ့ပေ။ “အဘိုးနဲ့အဘွား။ ကျွန်မရဲ့ အသီးအရွက်တွေက အရမ်းအရာသာရှိတာနော်။ နောက်ရက်ကျမှ အဘွားတို့အတွက် နည်းနည်းယူလာခဲ့ပေးဦးမယ်။”
လူကြီးများမှာ ကောင်မလေးတစ်ယောက်က ဟင်းသီးဟင်းရွက်သည်လုပ်မည်ဆိုတာကြောင့် အံ့ဩသွားကြလေသည်။ ကုန်စိမ်းသည်များသည် မနက်စောစောထကာ ညနောက်ကျမှ အိမ်ပြန်ကြရလေသည်။ ထို့အပြင် ဆောင်းတွင်းဆိုလျှင် အရိုးထဲအထိအေးစိမ့်မှုကိုလည်း ခံစားရသည်။ လွယ်ကူသည့်အလုပ်တစ်ခု မဟုတ်ပေ။ လူကြီးနှစ်ယောက်၏ ရှောင်လင်းယွီအပေါ် အမြင်မှာ ပို၍ပင် ကောင်းလာတော့သည်။ အခုလို ကုန်စိမ်းသည်လုပ်ဖို့ရွေးချယ်သည့် လူငယ်ဆို၍ မများလှချေ။ ဒီလိုရွေးချယ်လိုက်တဲ့လူတွေက အရမ်းအလုပ်ကြိုးစားချင်ကြတဲ့လူတွေပဲ။
အဘွားအိုက ရှောင်လင်းယွီ၏လက်ကို ကိုင်ကာ ပြောလိုက်လေသည်။ “အလုပ်ကြိုးစားတဲ့ကလေးပဲ။” ထို့နောက် ရှောင်လင်းယွီ၏နုနယ်ချောမွေ့သည့်အသားအရည်ကို သူမ သတိထားမိသွားခဲ့သည်။ ကုန်စိမ်းသည်တစ်ယောက်လုပ်ဖို့ ရှောင်လင်းယွီ တွေးမိသည့်အပေါ်ကိုလည်း သူမအံ့ဩသွားမိသည်။
ရှောင်လင်းယွီ၏အသားအရေသည် နဂိုကတည်းက အခုလို ချောမွေ့နူးညံ့နေခြင်းမဟုတ်မှန်းကိုတော့ အဘွားအိုမသိခဲ့ပေ။ သူမသည် လယ်သမားတစ်ဦး၏သမီးဖြစ်သည်မဟုတ်လား။ အခုလို သူမအသားအရေနူးညံ့လာခြင်းမှာ မှော်စမ်းရေ၏ကျေးဇူးကြောင့်သာ ဖြစ်ပေသည်။
ရှောင်လင်းယွီသည်လည်း ကြင်နာတတ်သည့်အဘွားအပေါ် အမြင်ကောင်းရှိခဲ့သည်။ သူမက ပြုံးလိုက်ကာ၊ “အဘွား၊ ဒီကမ္ဘာမှာ ကြိုးစားနေမှပဲ ရှင်သန်နိုင်မှာလေ။” ထို့နောက် ရှောင်လင်းယွီက အိမ်ကိုတစ်ချက်ကြည့်ကာ မေးလိုက်လေသည်။ “အဘိုးနဲ့အဘွား၊ ဒီအိမ်အတွက် တစ်လကို ငှားရမ်းခဘယ်လောက်ပေးရမလဲ။”
အဘွားအိုသည် ရှောင်လင်းယွီကို အလွန်သဘောကျနေမိတာကြောင့် တွေးပင်မတွေးဘဲ ပြောလိုက်လေသည်။ “တစ်လကို ယွမ်၃၀၀ပဲ ပေး။” လူကြီးများအတွက် ငွေကြေးအခက်အခဲမရှိကြသလို အခုလို အိမ်ငှားကောင်းတစ်ယောက် ရှာတွေ့ဖို့ကလည်း မလွယ်ကူပေ။
ရှောင်လင်းယွီ အံ့ဩသွားမိလေသည်။ သူမတစ်နေ့လုံး ဂိုဒေါင်များကို လိုက်ရှာနေခဲ့တာကြောင့် ငှားရမ်းခဈေးနှုန်းများအကြောင်း နားလည်နေပြီဖြစ်သည်။
ဤအိမ်သည် မြို့လယ်နှင့်ဝေးသော်လည်း ပတ်ဝန်းကျင်ကောင်းလှသည်။ အိမ်ရော ခြံရောက ကျယ်ဝန်းလှတာကြောင့် အနည်းဆုံး ယွမ်၆၀၀လောက် အလွယ်လေးဈေးခေါ်နိုင်ပေသည်။
ရှောင်လင်းယွီ တုံ့ဆိုင်းနေခဲ့သည်။ အဘွားအိုကတော့ ဈေးအလွန်ကြီးသည်ဟု ရှောင်လင်းယွီတွေးနေခြင်းဖြစ်မည်ဟု ထင်နေခဲ့သည်။ သူမက ဈေးထပ်လျှော့ပေးဖို့ ပြင်လိုက်ချိန်မှာပဲ ရှောင်လင်းယွီကအရင် ပြောလာခဲ့လေသည်။ “အဘွား၊ ဒါက ဈေးအရမ်းနည်းလွန်းနေတယ်။ ကျွန်မ တခြားအိမ်တွေလည်း လိုက်ကြည့်ခဲ့ပြီးပြီ။ ဒီလိုအကျယ်အဝန်းနဲ့နေရာမျိုးကို ငှားဖို့ဆို သေချာပေါက် ဒီဈေးထက် အများကြီးပေးရတယ်။”
လူကြီးများမှာ အံ့ဩသွားကြကာ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး ပြုံးလိုက်မိကြလေသည်။ ဒီမိန်းကလေး တကယ်ကို ရိုးသားတာပဲ။ တခြားလူတွေဆိုလျှင် ဈေးကြီးသည်ဟုသာ အထွန့်တက်ကြကာ အခုလိုမျိုး ဈေးနည်းလွန်း၍ ပြောလာသည့်လူမျိုးကိုတော့ သူတို့ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။
အဘွားအိုက ကြင်ကြင်နာနာပြုံးလိုက်ကာ၊ “ကောင်မလေး၊ မင်းကတော့ တကယ်ကို ရတနာလေးပဲ။ တခြားလူတွေဆို ငှားခက ဘယ်လောက်ဈေးကြီးတယ်ဆိုပြီး ညည်းညူပြနေကြမှာ။ ဒီလိုပြောတာ မင်းက ပထမဆုံးပဲ။”
“ဒါပေမယ့် အဘွား၊ ဒီငှားခက တကယ်ကို ဈေးနည်းလွန်းနေတာပါ။” ရှောင်လင်းယွီ ထပ်ပြောလိုက်သည်။ လူအိုကြီးနှစ်ယောက်သည် သူမအပေါ် ကောင်းကောင်းဆက်ဆံတာကြောင့် သူမအနေနှင့်လည်း သူတို့အပေါ် အခွင့်အရေးမယူလိုပေ။ ဒါကြောင့် ရှောင်လင်းယွီက စကာ ကမ်းလှမ်းလိုက်သည်။ “အဘွား၊ ဒီနေရာတွက် တစ်လကို ယွမ်၅၀၀ နဲ့ငှားပါ့မယ်။ အခုဆုံး နှစ်ဝက်စာအတွက် ငွေချေထားပါ့မယ်, အဆင်ပြေမလား။”
ရှောင်လင်းယွီသည် ဤနေရာနှင့်ပတ်သတ်၍ အလွန်စိတ်ကျေနပ်နေတာကြောင့် အမြန်ဆုံး အခြေကျလိုခဲ့သည်။ ဒီညဆိုလျှင် သူမ၏ဟင်းသီးဟင်းရွက်များက ရိတ်သိမ်းဖို့ အဆင်သင့်ဖြစ်နေပေပြီ။ မနက်ဖြန်ဆိုလျှင်တော့ ၎င်းတို့ကို သယ်သွားကာ ရောင်းချမည်ဖြစ်သည်။ အဘိုးအဘွားတို့က ဤနေရာတွင် မနေကြောင်း ရှောင်လင်းယွီ ပြောနိုင်ပေသည်။ ဒါကြောင့် သူမသာ ငှားလိုက်ပါက ချက်ချင်းပင် တက်နေ၍ရပြီဖြစ်သည်။
လူကြီးများမှာ ရှောင်လင်းယွီတစ်ယောက် ထိုမျှရိုးသားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ သူတို့ သူမကို ပို၍ ပို၍ သဘောကျလာတော့သည်။
အဘွားအိုက တစ်ချက်တွေးကြည့်ပြီးနောက် ရှောင်လင်းယွီ၏လက်ကို ပုတ်ကာ ခပ်ဖွဖွရယ်မောလိုက်သည်။ “ကောင်မလေး၊ မင်း ငါတို့အပေါ် အခွင့်ကောင်းမယူချင်မှန်းသိပါတယ်။ အမှန်အတိုင်းပြောရရင် အဘွားတို့ကလည်း အိမ်ငှားခမလိုအပ်ပါဘူး။ ဒီအိမ်က လွတ်နေတာ နှစ်ဝက်လောက်ရှိပြီ။ ဒီလိုလုပ် အဘွားတို့ ယွမ်၃၅၀ပဲ သတ်မှတ်လိုက်မယ်။ မင်း ဒါကိုမှ နည်းနေသေးတယ်လို့ ထင်ရင်လည်း မင်းမှာ ဟင်းသီးဟင်းရွက်အကျန်တွေရှိရင် အဘွားတို့ကိုပေးပေါ့။
ရိုးသားသည့်လူများနှင့် အပေးအယူလုပ်ရသည်မှာ အလွန်ပင် လွယ်ကူလှသည်။
ရှောင်လင်းယွီလည်း အဘိုးအဘွားများကို ကျေးဇူးတင်ကာ လက်ခံလိုက်တော့သည်။
***